← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇) အမှတ်တွေက တကယ်ပဲ အဲ့ဒီလောက် အရေးကြီးလို့လား

လီပင်းသည် ဂဏာမငြိမ် ဖြစ်နေခဲ့သည်။ ဤ "အိမ်" သည် အပြင်ပန်းကြည့်ရသလောက် နွေးထွေးပြီး သက်တောင့်သက်သာ မရှိကြောင်း သူမ ခံစားနေရသည်။

ကျွီ...

ထိုအချိန်၌ တံခါး ပွင့်လာလေ၏။ လန့်ဖျပ်သွားသော လီပင်းက နောက်သို့ လှည့်ကြည့်လိုက်သည်။

သူမ၏ မိခင်ဖြစ်သူက သစ်သီးပန်းကန်တစ်ချပ်ကို ကိုင်ဆောင်ကာ ဝင်လာပြီး သူမကို ပြုံးရွှင်စွာ ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

"ပြန်ရောက်ရောက်ချင်းပဲ စာလုပ်နေတာလား... သမီး စာလုပ်နေတာ တစ်လတောင် ရှိနေပြီပဲ... နည်းနည်းလောက် အနားယူသင့်ပြီ..."

"လာ... သစ်သီးလေးစား... ပြီးရင် ရေချိုးပြီး သွားအိပ်တော့... သမီး အပြင်ထွက်မကစားရတာ ကြာပြီပဲ... မနက်ဖြန် သမီးကို ဒစ္စနေးကစားကွင်း ခေါ်သွားဖို့ အဖေနဲ့ အမေ ဆုံးဖြတ်ထားတယ်... ငါတို့ အဲ့ဒီကို မသွားရတာ တော်တော်ကြာပြီလေ..."

မိခင်ဖြစ်သူက သစ်သီးပန်းကန်ကို စားပွဲပေါ်တွင် တင်လိုက်သည်။ သပ်ရပ်စွာ ပြင်ဆင်ထားသော သစ်သီးများကို ကြည့်ရင်း လီပင်းသည် ဆက်လက်၍ ဟန်မဆောင်နိုင်တော့ဘဲ ငိုချလိုက်၏။

"ဘာဖြစ်လို့လဲ..."

ဤသည်ကို မြင်သောအခါ မိခင်ဖြစ်သူသည် အလွန်အံ့အားသင့်သွားပြီး လီပင်းကို အလျင်အမြန် ဖက်ထားလေသည်။

"သမီးလေး... ဘာလို့ ငိုနေတာလဲ..."

"သမီး အရမ်းပင်ပန်းနေပြီ... ဒီလက အရမ်းပင်ပန်းတာပဲ..."

လီပင်းက မိခင်၏ ရင်ခွင်ထဲတွင် မျက်နှာအပ်ကာ သူမ၏ နာကြည်းမှုများကို အော်ဟစ်ငိုကြွေး၍ ဖွင့်ဟလိုက်သည်။

"စာလုပ်ရတာ အရမ်းပင်ပန်းတယ်... အဆုံးသတ်ဆိုတာ မရှိဘူး... မနက်ကနေ ညအထိ... သမီး တကယ်ကို ဆက်မလုပ်နိုင်တော့ဘူး..."

လွန်ခဲ့သော တစ်လလုံးလုံး စာမေးပွဲမေးခွန်းလွှာများနှင့် အိမ်စာများမှလွဲ၍ ဘာမျှမရှိခဲ့ချေ။ ဤအရာများသည် သူမ၏ အာရုံကြောများကို ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်။

"ကလေးရယ်... သမီး ပင်ပန်းခဲ့မှာပေါ့... ဒါပေမဲ့ ဒီတစ်လတာ စာသင်ခဲ့ရတာကနေ သမီး အများကြီး သင်ယူနိုင်ခဲ့တယ် မဟုတ်ဘူးလား... ဆရာမကတောင် သမီးကို ချီးကျူးသေးတယ်လေ... အမေ သမီးကို ယုံတယ်... သမီး သေချာပေါက် အမှတ်ကောင်းကောင်း ရမှာပါ... တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြီးသွားရင် အမေ သမီးကို အပျော်ခရီး လိုက်ပို့ပေးမယ်..."

ဤစကားများသည် အနည်းငယ် ထူးဆန်းနေသော်လည်း ဤအချိန်၌ လီပင်း၏ နှလုံးသားသည် ခံစားချက်များဖြင့်သာ ပြည့်နှက်နေပြီး အခြားမည်သည့်အရာကိုမျှ မတွေးတောနိုင်တော့ချေ။ သူမသည် ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်၏။ "ဟုတ်ကဲ့..."

"ကဲ... သစ်သီးလေး မြန်မြန်စားလိုက်... မနက်ဖြန်ကျရင် သမီးကို ကစားဖို့ အပြင်ခေါ်သွားမယ်... အစားကောင်းကောင်းစားပြီး အနားယူလို့ရပြီ..."

မိခင်ဖြစ်သူသည် လီပင်း၏ ပခုံးကို ပုတ်ပေးလိုက်ပြီး အခန်းထဲမှ အပြုံးနှင့် ထွက်သွားကာ တံခါးကို ပိတ်လိုက်သည်။

"ဟူး... ငါတို့သမီးလေး ဖိအားတွေ အရမ်းများနေတာပဲ..."

"အဲ့ဒါက အမှန်ပဲ မဟုတ်ဘူးလား... အခုက အထက်တန်းနောက်ဆုံးနှစ်လေ... ကျောင်းသားတိုင်း ဖိအားတွေ အများကြီး ရှိကြတာပဲ... ပြီးတော့ ငါတို့သမီးလေးက အရမ်းကြိုးစားတာ... သူ နောက်နှစ်ရက် အတန်းအတွက် ခွန်အားတွေ ရှိနေအောင် ကောင်းကောင်း အနားယူခိုင်းလိုက်ရအောင်..."

"ဟုတ်တယ်... သူ့ကို အနားပေးလိုက်ကြတာပေါ့..."

မိဘများ၏ ဆွေးနွေးသံများ အပြင်ဘက်မှ ပျံ့လွင့်လာသည်။ လီပင်းသည် မျက်ရည်များကို သုတ်လိုက်ပြီး စားပွဲပေါ်ရှိ သစ်သီးများကို ကြည့်ကာ သူမ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားလေ၏။

ဤအိမ်သည် အမှန်တကယ်ပင် အတော်လေး နွေးထွေးပြီး အနည်းဆုံးအနေဖြင့် ကျောင်းထက် များစွာပို၍ကောင်းမွန်သည်။

ဤပျော်ရွှင်ဖွယ်အချိန်လေးများ အနည်းငယ် ပို၍ ကြာရှည်ခံနိုင်ပါစေဟု သူမ အမှန်တကယ် မျှော်လင့်မိသည်။

"လီပင်း..."

ရုတ်တရက် မိခင်ဖြစ်သူ၏ အေးစက်စက် အော်ဟစ်သံသည် တံခါး၏အပြင်ဘက်မှ ထွက်ပေါ်လာလေ၏။ ဤသည်က အလွန်အမင်း ဒေါသထွက်နေပုံရပြီး လီပင်း၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။

ဘန်း...

တံခါးသည် အပြင်းအထန် ကန်ဖွင့်ခံလိုက်ရပြီး နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားသည်။ သူမ၏ မိဘများသည် တံခါးဝတွင် ရပ်နေကြသော်လည်း သူတို့၏ မျက်နှာထားများ ပြောင်းလဲသွားကြလေပြီ။ ယခင်က ကြင်နာပြီး နူးညံ့သော အမူအရာများ ပျောက်ကွယ်သွားပြီး ဒေါသထွက်နေသော စူးရဲသည့် အကြည့်များဖြင့် အစားထိုးခံလိုက်ရသည်။ သူတို့၏ မျက်လုံးများမှာ တစ္ဆေများ၏ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အဖြစ်သို့ပင် ပြောင်းလဲသွားခဲ့လေ၏။

လီပင်း ထိတ်လန့်သွားခဲ့သည်။ သူမ မတ်တတ်ထရပ်လိုက်ပြီး မိဘများကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်ရာ မကောင်းသော ကြိုတင်ခံစားမှုတစ်ခုက သူမ၏စိတ်ထဲတွင် ပြည့်နှက်လာသည်။

"ဘာလို့ ငါတို့ကို လိမ်ရတာလဲ..."

ဖခင်ဖြစ်သူက လီပင်းကို ကြည့်လိုက်ပြီး သူ၏အသံ အလွန်အမင်း တင်းမာခက်ထန်နေသည်။

ဤစကားကို ကြားသောအခါ လီပင်း၏နှလုံးသား တုန်ရီသွားပြီး သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့မှုများ ထွက်ပေါ်လာသည်။ သူမ တွေးထင်သည့်အတိုင်း သူမ၏လိမ်ညာမှု ပေါ်လွင်သွားခဲ့လေပြီ။

"သမီး... သမီးက အဖေနဲ့အမေ အရမ်းဝမ်းနည်းနေမှာ စိုးလို့ပါ..."

"နင် ကျောင်းတက်ဖို့အတွက် အဖေနဲ့ အမေက ပိုက်ဆံရှာဖို့ အရမ်းကြိုးစားပြီး အလုပ်လုပ်နေရတာ... နင်ရဲ့အဖေက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အပူချိန် လေးဆယ်ဒီဂရီရှိတဲ့ နေပူကျဲကျဲအောက်မှာ ပင်ပန်းတဲ့အထိ ချွေးတလုံးလုံးနဲ့ အလုပ်လုပ်နေရတာ... နင်က ငါတို့ကို ဒီလိုမျိုး ကျေးဇူးဆပ်တာလား..."

"စမ်းသပ်စာမေးပွဲမှာ နင်က ၄၅ မှတ်ပဲ ရတယ်... အောင်တောင် မအောင်ဘူး... နင် ညံ့တာကို ငါတို့ အပြစ်မတင်ပါဘူး... ဒါပေမဲ့ နင်က ငါတို့ကို လိမ်တယ်... အဲ့ဒါက ငါတို့ ရင်ကို ကွဲစေတယ်... နင်က ငါတို့ကို လိမ်ဖို့အတွက် ငါတို့ ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်ခဲ့တာ မဟုတ်ဘူး..."

မိခင်ဖြစ်သူက အော်ငေါက်လိုက်သည်။ လီပင်းက မိခင်၏ ပျက်ယွင်းနေသော မျက်နှာကို ကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ ယခင်က နူးညံ့သော အမျိုးသမီးနှင့် သူမ လုံးလုံးလျားလျား ယှဉ်တွဲ၍ မရနိုင်တော့ချေ။

"သစ်သီးစားဖို့ လုံးဝမစဉ်းစားနဲ့... တစ်လတောင် ကြာပြီးသွားတာကို ဒီလိုအမှတ်မျိုး ရတယ်ပေါ့... နင် ဘယ်လိုလုပ် အမှတ်ကောင်းကောင်း ရမှာလဲ... တက္ကသိုလ် ဘယ်လို တက်မှာလဲ... ဘေးအိမ်က လီတာ့ကျီ ဘယ်လိုနေလဲဆိုတာ နင် သိလား... သူလည်း ဒီနေ့ အစမ်းစာမေးပွဲ ဖြေရတာပဲ... ပြီးတော့ သူက ၉၈ မှတ်တောင် ရတယ်... အမှတ်ပြည့်ရဖို့ နှစ်မှတ်ပဲ လိုတော့တာ... နင်ကတော့ အောင်ဖို့တောင် ဆယ့်ငါးမှတ် လိုနေသေးတယ်... ဆရာမတွေနဲ့ ငါတို့အပေါ် နင် တရားရဲ့လား..."

"သမီးလည်း ကြိုးစားခဲ့တာပဲ... သမီးလည်း ဒီလောက် အမှတ်နည်းနည်း မရချင်ပါဘူး..."

လီပင်းက အော်ဟစ်လိုက်ပြီး အလွန်အမင်း မတရားခံရသကဲ့သို့ ခံစားလိုက်ရသည်။

ငါ့ကို များများအနားယူဖို့ သူတို့ပဲ ပြောခဲ့တာ မဟုတ်ဘူးလား...

ဘာလို့ အခုကျမှ ပြောင်းလဲသွားရတာလဲ..

သူမ ကြိုးစားအားထုတ်ခဲ့သော်လည်း အသုံးမဝင်ခဲ့ချေ။ ထိုမေးခွန်းများကို ကြည့်လိုက်ချိန်၌ သူမ နားမလည်ခဲ့ချေ။

ဒါက ငါ့ရဲ့အမှား မဟုတ်ဘူး....

"ကြိုးစားခဲ့တယ်...နင်သာ ကြိုးစားခဲ့ရင် ၄၅ မှတ်ပဲ ရမှာမဟုတ်ဘူး... နင်သာ ကြိုးစားခဲ့ရင် ငါတို့ကို လိမ်မှာမဟုတ်ဘူး... တခြားသူတွေလည်း ကြိုးစားနေတာပဲ... နင်လည်း ကြိုးစားတာပဲ... ဒါဆို ဘာလို့ တခြားလူတွေက အောင်တာလဲ... နင့်ရဲ့အတန်းထဲက ကျိုးထျန်ချန်က ၆၇ မှတ်ရတယ်... နင်က ဘာလို့ မရတာလဲ... အဲ့ဒါ နင် သေချာ မကြိုးစားခဲ့လို့ပဲ..."

"မဟုတ်ဘူး... သမီး တကယ် ကြိုးစားခဲ့တယ်... သမီး တကယ် ကြိုးစားခဲ့တယ်..."

လီပင်းသည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ပြန်လည်အော်ဟစ်လိုက်၏။

ဖြန်း...

ရုတ်တရက် ပါးရိုက်ခံလိုက်ရသဖြင့် သူမ နေရာမှာပင် ကြက်သေသေသွားသည်။

ပါးကိုကိုင်ထားရင်း လီပင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမက မယုံကြည်နိုင်စွာဖြင့် မိခင်ဖြစ်သူကို ကြည့်လိုက်သည်။ လွန်ခဲ့သော အချိန်တခဏကမှ သူမကို နွေးထွေးမှုများပေးပြီး အနားယူရန် ပြောခဲ့သော မိခင်သည် ယခုအချိန်၌ သူမကို လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိသွားစေရန် ပါးရိုက်လိုက်ခြင်းပင်။

"နင်က တက္ကသိုလ်တောင် မရောက်သေးဘူး...ငါတို့ကို အော်ရဲနေပြီလား... စကားနည်းနည်းပြောတာနဲ့ နင်က ဒေါသထွက်ပြနေတာလား... နင်က ပုန်ကန်ချင်နေတာပဲ...

ဒီနေ့ အနားယူဖို့ လုံးဝ မစဉ်းစားနဲ့... ဆရာမက စာမေးပွဲမေးခွန်းတွေ ပို့လိုက်ပြီ... အခု အမေ သွားပြီး ပရင့်ထုတ်ပေးမယ်... မနက်ဖြန် ကစားကွင်းသွားမယ့် အစီအစဉ် ဖျက်လိုက်ပြီ... နင်က စာမေးပွဲကျခဲ့တာဆိုတော့ တသက်လုံး ကစားကွင်းသွားဖို့ လုံးဝ မစဉ်းစားနဲ့တော့..."

မိခင်ဖြစ်သူ ထွက်သွားလေ၏။ ဖခင်ဖြစ်သူက လီပင်းကို ကြည့်လိုက်သည်။

"သမီး ဒီလို မလုပ်သင့်ဘူး... အရာအားလုံးထက် သမီးက အဖေ တို့ကို ဘယ်တော့မှ မလိမ်သင့်ဘူး... သမီး စာကျက်နိုင်ဖို့နဲ့ အမှတ်ကောင်းကောင်း ရနိုင်ဖို့အတွက် အဖေက ပိုက်ဆံရအောင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတာ... သမီးက အဖေတို့ကို အရမ်း စိတ်ပျက်စေတာပဲ..."

"သမီး... သမီး... သမီး တကယ်ကို ကြိုးစားခဲ့တာပါ..."

လီပင်းသည် ပါးကို ကိုင်ထားရင်း သူမ၏စိတ်နှလုံးသားထဲရှိ မတရားခံရမှုများ ပေါက်ကွဲထွက်လာကာ သူမ၏မျက်ရည်များ အထိန်းအကွပ်မဲ့စွာ စီးကျလာပေ၏။

သူမဘဝတွင် ဤကဲ့သို့ မတရားခံရမှုမျိုးကို တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးချေ။ သူမသည် အမှန်တကယ်ကို ကြိုးစားခဲ့သော်လည်း မည်သည်ကြောင့် မည်သူကမျှ သူမကို မယုံကြည်ကြသနည်း။ ဤမိဘများသည် လူစကား နားမလည်ကြသလော။

အမှတ်တွေက တကယ်ပဲ အဲ့ဒီလောက် အရေးကြီးလို့လား...

တက္ကသိုလ်ဝင်တန်းစာမေးပွဲကပဲ ဘဝမှာ တစ်ခုတည်းသော ထွက်ပေါက်လား...

အမှတ်နည်းတဲ့ ကျောင်းသားတွေက အမှိုက်ဖြစ်ဖို့ပဲ ကံပါလာတာလား...

သူတို့သည် သူမ၏ ကြိုးစားအားထုတ်မှုကို မမြင်ဘဲနှင့် သူမ မကြိုးစားဟု ပြောပိုင်ခွင့် သူတို့ထံ၌ မည်သို့ရှိသနည်း။ သူမ၏ ကြိုးစားအားထုတ်မှု အားလုံးကို ငြင်းပယ်ပိုင်ခွင့် မည်သို့ရှိသနည်း။

ဘာအခွင့်အရေးနဲ့လဲ...

သူတို့က မိဘတွေ ဖြစ်နေလို့လား...

ဖခင်ဖြစ်သူက ခေါင်းယမ်းလိုက်ပြီး အပြင်ထွက်ကာ တံခါးကို ပိတ်လိုက်သည်။

အခန်းသည် အလွန်အမင်း တိတ်ဆိတ်သွားပြီး လီပင်း၏ တရှုံ့ရှုံ့ ငိုသံလေးသာ ကျန်ရစ်ခဲ့တော့သည်။ နောက်ဆုံးတွင် သူမသည် ဆက်လက်၍ ဟန်မဆောင်နိုင်တော့ဘဲ စားပွဲပေါ်သို့ မှောက်ချကာ ကျယ်လောင်စွာအော်ဟစ်၍ ငိုကြွေးလိုက်၏။

"ငါ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး... ဒါကို တကယ် ဆက်ပြီး သည်းမခံနိုင်တော့ဘူး... ငါ့ကို သေခွင့်ပေးပါ... ငါ ဒီတုန်လှုပ်ချောက်ချားဖွယ်နယ်မြေမှာ ဆက်ပြီးမပါဝင်ချင်တော့ဘူး..."

ပုံရိပ်ယောင်မျက်နှာပြင်ကို ကြည့်ရင်း ဆာရာသည်လည်း တိတ်ဆိတ်နေသည်။

သူမသည် လီပင်းကို ကြည့်လိုက်ပြီးနောက် တခြားသူများကို ကြည့်လိုက်သည်။ အောင်မြင်ခဲ့သူ အနည်းငယ်မှလွဲ၍ တခြားသူအားလုံး၏ မိဘများမှာလည်း ထပ်တူထပ်မျှပင်။ သူတို့ထံတွင် ပြစ်တင်ဝေဖန်မှုများ အပြစ်တင်မှုများဖြင့် ပြည့်နှက်နေကြသည်။

သူတို့၏ မျက်လုံးများတွင် အမှတ်များသာ တည်ရှိနေပုံရပြီး ထိုအရာက အမြင့်ဆုံး ဦးစားပေးပင် ဖြစ်ပေ၏။ အမှတ်များမှလွဲ၍ တခြားမည်သည့်အရာမှ အရေးမကြီးချေ။

အနုတ်လက္ခဏာစွမ်းအင်များ အလွန်အမင်း မြင့်တက်လာခဲ့သည်။ ဤကစားသမားများသည် အမှန်တကယ်ကို မျှော်လင့်ချက်မဲ့သောအရာတစ်ခုအား ကြုံတွေ့နေကြရပြီး လူတချို့၌ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုသည့် အတွေးများပင် ရှိလာကြ၏။

"လူသား မိဘတွေအားလုံးက ဒီလိုချည်းပဲလား..."

ဆာရာသည် ချန်လန်ကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။

"ငါ ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မိသွားပြီ..."

ချန်လန်က မျက်ရည်များကို သုတ်လိုက်ပြီး အတင်းအကျပ် အားယူပြုံးကာ ခေါင်းယမ်းလိုက်သည်။

"အပြာရောင်ကြယ်က မိဘတွေအကြောင်းတော့ ငါ မသိဘူး... ဒါပေမဲ့... သူတို့ ကြုံတွေ့နေရတာတွေက 'ငါ့' လို လူတွေ ကြုံတွေ့ခဲ့ရတဲ့အရာတွေပဲ..."

ဆာရာ၏နှလုံးခုန်နှုန်း မြန်သွားလေ၏။ ချန်လန်က သူ၏ ကိုယ်ပိုင်ဘဝ အတွေ့အကြုံများကို တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သလော။

"ဒါက မင်းရဲ့ စိတ်ကူးယဉ်သက်သက်ပဲလို့ ငါ ထင်နေခဲ့တာ... ဒီလို ငရဲမျိုး တကယ်ကြီး တည်ရှိနေမယ်လို့ ငါ မသိခဲ့ဘူး..."

ကြောက်စရာကောင်းသည်မှာ ဤငရဲတမျှဆိုးရွားသော နယ်မြေသည် စိတ်ကူးယဥ်မဟုတ်ဘဲ အမှန်တကယ် တည်ရှိနေခြင်းနှင့် ချန်လန်ကိုယ်တိုင် ကြုံတွေ့ခဲ့ရခြင်းပင်။

ချန်လန်က ဤမျှထိ ကြောက်စရာကောင်းသော တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေကို ဖန်တီးနိုင်ခြင်းမှာ မဆန်းတော့ချေ။

နောက်ဆုံးတွင် အစောပိုင်းက ချန်လန်ပြောခဲ့သော စကားများကို သူမ နားလည်သွားသည်။

"အိမ်ဆိုတာ အမြဲတမ်း ပျော်ရွှင်ရတာ မဟုတ်ဘူး..."

All Chapters