← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈) 'တက္ကသိုလ်ဝင်တန်းစာမေးပွဲ' ဆိုတဲ့ စကားလုံးက သူမရဲ့ တစ်ဘဝလုံးကို ပိုင်းဖြတ်လိုက်တာပဲ

တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာ...

စည်ကားနေသော လမ်းမများကြားတွင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ရှိသည့် ကြီးမားမြင့်မားသော အဆောက်အအုံကြီးတစ်ခု ရှိပေသည်။ ဤသည်မှာ သခင်ဟေးယွီ၏ စံအိမ်ပင်။

စံအိမ်၏ ထိပ်တွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အသားဖြူဖြူ ရွှေရောင်ဆံပင်နှင့် အမျိုးသားတစ်ဦးသည် လူသားကမ္ဘာမှ စုတ်တံတစ်ချောင်းကို ကိုင်ဆောင်ကာ ထိုကမ္ဘာ၏ ထူးခြားသော အက္ခရာများနှင့် လက်ရေးလှရေးနည်းများကို လေ့ကျင့်နေလေ၏။

"သခင်ဟေးယွီ..."

ထိုအချိန်၌ တံခါးပွင့်လာပြီး ဝံပုလွေလူသားတစ်ဦး ဝင်ရောက်လာလေ၏။ သူက ဒူးတစ်ဖက်ထောက်လိုက်သည်။

"သခင်ဟေးယွီ... တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတွေထဲမှာ အရမ်းထူးခြားတဲ့ နယ်မြေတစ်ခု ပေါ်လာပါတယ်... တစ်လတည်းနဲ့တင် အနုတ်လက္ခဏာစွမ်းအင် အမှတ်တစ်သောင်း စုဆောင်းနိုင်ခဲ့တယ်..."

"တစ်သောင်းတည်းနဲ့တော့ ဘာမှ မထူးဆန်းပါဘူး... လိုရင်းကိုပဲ ပြော..."

သခင်ဟေးယွီက မော့မကြည့်ဘဲ သူ၏ လေ့ကျင့်မှုကိုသာ ဆက်လက်၍ လုပ်ဆောင်နေခဲ့သည်။

"လိုရင်းက... အဲ့ဒါက စမ်းသပ်နယ်မြေတစ်ခုပါ... သူ့ရဲ့ နယ်မြေလိုင်စင်ကို လွန်ခဲ့တဲ့ တစ်လကမှ လျှောက်ထားတာဖြစ်ပြီး စမ်းသပ်ကာလက ငါးလပါ..."

​ဒေါက်...

ဤစကားများကို ကြားသောအခါ သခင်ဟေးယွီ၏ လက်ထဲရှိ စုတ်တံသည် ကျိုးပဲ့သွားလေ၏။ သူသည် ဝံပုလွေလူသားကို မော့ကြည့်လိုက်ကာ သူ၏မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။

"စမ်းသပ်နယ်မြေတစ်ခုကလား..."

စမ်းသပ်နယ်မြေတစ်ခုသည် တစ်လတည်းနဲ့ အနုတ်လက္ခဏာစွမ်းအင် အမှတ်တစ်သောင်း စုဆောင်းနိုင်ခဲ့သလော...

ဒါက SSSအဆင့် သတ်မှတ်ခံရဖို့ သေချာနေပြီပဲ...

"ဘယ်နယ်မြေလဲ..."

"【အထက်တန်းနောက်ဆုံးနှစ်】 လို့ အမည်ရတဲ့ နယ်မြေပါ... ကြည့်ရတာ စာသင်တာနဲ့ ပတ်သက်နေပုံရတယ်..."

သခင်ဟေးယွီ ပျောက်ကွယ်သွားသည်။ သူသည် နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အချိန်အနည်းငယ်ကြာပြီးနောက် သူ ပြန်ရောက်လာခဲ့သည်။

"ပါရမီရှင်... ဒီနယ်မြေကို ဖန်တီးခဲ့တဲ့သူက အစစ်အမှန်ပါရမီရှင်ပဲ... သေဆုံးမှု သတ်မှတ်ချက် မရှိဘဲနဲ့ လူသားတွေကို မျှော်လင့်ချက်မဲ့မှု နာကျင်မှုနဲ့ တခြား အနုတ်လက္ခဏာ ခံစားချက်တွေ အများကြီး ခံစားရစေပြီးတော့ အနုတ်လက္ခဏာစွမ်းအင်တွေကို အများကြီး တိုးလာစေနိုင်တာက... ရိုးရိုးရှင်းရှင်းပြောရရင် ပါရမီရှင်ပဲ..."

သခင်ဟေးယွီ၏မျက်လုံးများတွင် လောဘများ ထင်ဟပ်လာသည်။

ဆုပေးပွဲက နောက်တစ်နှစ်နေလျှင် စတင်တော့ပေမည်။ အကယ်၍ သူသာ ဤနယ်မြေကို ရရှိနိုင်ပါက ဆယ်နှစ်တစ်ကြိမ် ပေးအပ်သော ထိပ်တန်း နယ်မြေစီမံခန့်ခွဲသူဆုသည် သေချာပေါက် သူ၏အရာ ဖြစ်လာပေမည်။ အခြားစီမံခန့်ခွဲသူများ လုယူသွားခြင်းကို သူ လုံးလုံးလျားလျား ခွင့်ပြု၍မရချေ။

"ဒီဖန်တီးသူအကြောင်း စုံစမ်းပြီးပြီလား..."

"စုံစမ်းပြီးပါပြီ... သူက အပြာရောင်ကြယ်က ချန်လန်လို့ခေါ်တဲ့ လူသားတစ်ဦးပါ... လောလောဆယ် သူက အဖွဲ့အစည်းမရှိတဲ့ ဆာရာလို့ခေါ်တဲ့ စီမံခန့်ခွဲသူနဲ့ ပူးပေါင်းထားတယ်... ကျွန်တော်တို့ ဟာကွက်တစ်ခုကို တွေ့ထားတယ်... သူတို့က သီးသန့်စာချုပ် ချုပ်ထားတာ မဟုတ်ဘူး... တစ်နည်းအားဖြင့်ပြောရရင် ဒီဖန်တီးသူက အခုထိ လွတ်လပ်တဲ့သူ တစ်ယောက်ပါပဲ... သူ့ကို ငါတို့ အတင်းအကြပ် လုယူလို့ရတယ်..."

"အရမ်းကောင်းတယ်... အဲ့ဒီ ဆာရာနဲ့ စကားပြောဖို့ ပြင်ဆင်ထား... ဘာပဲဖြစ်ဖြစ် ချန်လန်ကို ငါ့ဘက်ပါအောင် မင်း သေချာပေါက် စည်းရုံးရမယ်..."

"ဟုတ်ကဲ့... သခင်ဟေးယွီ..."

သခင်ဟေးယွီ တစ်ဦးတည်းသာမက တခြားသော နယ်မြေစီမံခန့်ခွဲသူများလည်း 【အထက်တန်းနောက်ဆုံးနှစ်】 ကို သတိပြုမိနေကြလေပြီ။

စမ်းသပ်ကာလအတွင်းမှာပင် အနုတ်လက္ခဏာစွမ်းအင် အမှတ်သောင်းဂဏန်းအထိ စုဆောင်းနိုင်ခဲ့သော ဤနယ်မြေသည် အဆင့်သတ်မှတ်ချက် ထွက်လာသည်နှင့် တစ်ပြိုင်နက် သေချာပေါက် SSSအဆင့် ဖြစ်လာပေမည်။

အရေးကြီးဆုံးအချက်မှာ ချန်လန်သည် လောလောဆယ် လွတ်လပ်သူတစ်ဦး ဖြစ်နေခြင်းပင်။ ဆိုလိုသည်မှာ သူတို့သည် သူ့ကို အတင်းအကျပ် လုယူနိုင်သည်။

ချန်လန်နှင့် ဆာရာ ချုပ်ဆိုထားသော စာချုပ်မှာမူ ပကတိစွမ်းအားရှေ့တွင် စက္ကူအလွတ်တစ်ရွက်ကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

...

နယ်မြေကမ္ဘာအတွင်း၌။

"ဒီမှာ ဆရာမ ပေးလိုက်တဲ့ စာမေးပွဲမေးခွန်းလွှာတွေနဲ့ လမ်းကနေ သမီးအတွက် ဝယ်လာခဲ့တဲ့ လေ့ကျင့်ခန်းစာအုပ်တွေ... အားလုံးပြီးအောင် လုပ်... အမေ ဒီကနေပဲ သမီးကို စောင့်ကြည့်နေမယ်..."

စားပွဲပေါ်ရှိ စာမေးပွဲမေးခွန်းလွှာများနှင့် လေ့ကျင့်ခန်းစာအုပ်များကို ကြည့်ရင်း လီပင်း၏ မျက်နှာမှာ အမူအရာကင်းမဲ့နေပြီး သူမ၏ မျက်လုံးများတွင် နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုများသာ ပြည့်နှက်နေလေ၏။

နောက်ဆုံးတော့ ဒါတွေအားလုံးက ထင်ယောင်ထင်မှားသက်သက်ပဲ ဖြစ်နေခဲ့တယ်....ငါက အိမ်ကို ပြန်မရောက်ခဲ့ဘူး... အကျဉ်းထောင်တစ်ခုကနေ နောက်ထပ် အကျဉ်းထောင်တစ်ခုကို ပြောင်းသွားရုံ သက်သက်ပဲ...

သူမက တွေးလိုက်မိသည်။

အထက်တန်းနောက်ဆုံးနှစ်တဲ့လား...

ဤနယ်မြေကို ငရဲ၊ အကျဉ်းထောင် သို့မဟုတ် အိပ်မက်ဆိုးဟု ခေါ်ဆိုပါက ပို၍သင့်လျော်ပေလိမ့်မည်။

"ရေးတော့လေ..."

မိခင်ဖြစ်သူ၏ ကြမ်းတမ်းသော ဆူပူကြိမ်းမောင်းသံသည် လီပင်း၏ စိတ်ထဲတွင် ဆရာမ၏အသံကဲ့သို့ ပဲ့တင်ထပ်သွားလေ၏။

လီပင်းသည် ဖောင်တိန်ကို ကောက်ကိုင်ကာ ခေါင်းငုံ့၍ စာမေးပွဲမေးခွန်းလွှာကို စတင်ရေးသားလိုက်ရာ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသည်။

ဘာလို့ အိမ်ပြန်ရောက်တာတောင် မေးခွန်းလွှာတွေ လုပ်နေရဦးမှာလဲ... အိမ်ဆိုတာ ပျော်ရွှင်ပြီး သဟဇာတဖြစ်ရမယ့် နေရာမဟုတ်ဘူးလား...

ဒါက ဘယ်လို မိသားစုမျိုးလဲ... ကလေးတစ်ယောက်ကို အိမ်ပြန်ရောက်ရောက်ချင်း စာလုပ်ခိုင်းတဲ့ အိမ်မျိုးက ဘယ်လိုအိမ်မျိုးလဲ... ကျောင်းမှာလည်း စာလုပ်ရတယ်... အိမ်ရောက်တော့လည်း စာလုပ်ရတယ်... ဒီလိုအသက်ရှင်နေရတာက ဘာအဓိပ္ပာယ်ရှိလို့လဲ...

လီပင်းအပြင် စာမေးပွဲကျရှုံးခဲ့သော တခြားကစားသမားများအားလုံးလည်း တူညီသော ပြဿနာကို ရင်ဆိုင်နေကြရသည်။

အောင်မြင်ခဲ့သော ကစားသမား ဆယ်ယောက်ခန့်သာလျှင် အတော်အသင့် ကောင်းမွန်စွာ နေထိုင်ကြရသည်။

ကျိုးထျန်ချန်သည် စာမေးပွဲအောင်မြင်ခဲ့သောကြောင့် တီဗွီကြည့် သစ်သီးစားပြီး အလွန်အမင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့လေ၏။

"အိမ်က ဘဝက အရမ်း သက်တောင့်သက်သာ ရှိတာပဲ... တခြားလူတွေလည်း ငါ့လိုပဲ ဖြစ်လိမ့်မယ်လို့ ထင်တယ်..."

ထိုညတွင် လူတချို့က အလွန်ကောင်းမွန်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြချိန်၌ တချို့မှာမူ လုံးလုံးလျားလျား မအိပ်နိုင်ကြဘဲ သူတို့၏ အခန်းများအတွင်းရှိ မီးရောင်များနှင့် စာရွက်ပေါ်တွင် ဖောင်တိန် ရေးခြစ်နေသော "ရွှပ်ရွှပ်" အသံများသာ ရှိနေသည်။

ဤသည်မှာ မိုးလင်းသည်အထိပင်။

"ဒီမေးခွန်းကို နင် ထပ်မှားပြန်ပြီ... အတန်းထဲမှာရော သေချာနားထောင်ရဲ့လား... ဒါတွေက အလကားရမယ့် အမှတ်တွေလို့ ဆရာမက ပြောထားတယ်လေ... အဲ့ဒါကို နင်က မှားသေးတာလား..."

"ဒီမေးခွန်းကို သေချာ ပြန်သုံးသပ်... ဆရာမကို မေးခွန်းလွှာတွေ ထပ်လုပ်ပေးဖို့ အမေ ပြောလိုက်မယ်..."

မိခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုများကို ရင်ဆိုင်ရင်း လီပင်းသည် အမူအရာကင်းမဲ့စွာ နေနေခဲ့လေ၏။ စားပွဲပေါ်သို့ စာမေးပွဲမေးခွန်းလွှာအသစ်များ တစ်ရွက်ပြီးတစ်ရွက် ရောက်ရှိလာသည်ကို ကြည့်ရင်း သူမ၏ နှလုံးသားထဲတွင် လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်.

ဒီနေ့ရက်တွေက ဘယ်အချိန်မှ ပြီးဆုံးမှာလဲ...

"ဆက်လုပ်နေ... အမေ ဟင်းသွားချက်ဦးမယ်... ဒီမေးခွန်းလွှာပြီးမှ ထမင်းစားရမယ်..."

ထိုသို့ပြောဆိုပြီးနောက် မိခင်ဖြစ်သူသည် တံခါးအပြင်သို့ အပြေးအလွှား ထွက်သွားသည်။

လီပင်း ဘာမျှမပြောတော့ဘဲ ခေါင်းငုံ့ကာ မေးခွန်းလွှာကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့သည်။

"လာ... လာကစားကြ..."

"ငါ့ကို စောင့်ဦး... အရမ်းမြန်မြန် မပြေးနဲ့လေ..."

ရုတ်တရက် ကလေးများ၏ ရယ်မောသံများနှင့် ကစားနေသံများ သူမ၏ စိတ်ထဲသို့ ရောက်ရှိလာသဖြင့် သူမ ရပ်တန့်သွားလေ၏။ သူမသည် ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

စာလုပ်ရတဲ့ ဖိအားတွေ အရမ်းများနေလို့ ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား..

"လျှောစီးကြရအောင်..."

"အရမ်းကောင်းတယ်... ငါ အဲ့ဒါကို အကြိုက်ဆုံးပဲ..."

ကလေးများ၏အသံများ ထပ်မံထွက်ပေါ်လာပြီး ယခုတစ်ကြိမ်တွင် ပို၍ရှင်းလင်းလာပြီး ဘယ်ဘက်မှ လာခြင်းဖြစ်ပေ၏။

သူမ လှည့်ကြည့်လိုက်ရာ ပြတင်းပေါက်များမရှိ နေရောင်ခြည်လည်းမရှိ ဘာမျှမရှိချေ။ သူမ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ပို၍ပင် ယုံကြည်သွားသ​ည်။

သို့သော် ရုတ်တရက် သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမက မတ်တပ်ရပ်လိုက်ပြီး 'နံရံ' ဟုခေါ်သော အရာကို လှမ်းကိုင်လိုက်သည်။

ဤသည်မှာ နံရံတစ်ခု လုံးဝမဟုတ်ဘဲ ကန့်လန့်ကာတစ်ခုသာ ဖြစ်ကြောင်း သူမ တွေ့ရှိလိုက်ရသည်။

သူမက ထိုအရာကို အားကုန်သုံး၍ ဆွဲဖွင့်လိုက်သည်။ နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော ဖုန်မှုန့်များ လွင့်စင်သွားပြီး ကြာမြင့်စွာ စောင့်စားခဲ့ရသော နေရောင်ခြည်သည် အခန်းထဲသို့ အလုအယက် ဝင်ရောက်လာကာ အခန်းတစ်ခုလုံးကို ပြည့်လျှံသွားလေ၏။

သူမ၏ ခန္ဓာကိုယ်ပေါ်မှ နွေးထွေးမှုကို ခံစားလိုက်ရချိန်၌ လီပင်းသည် နေရောင်ခြည်ကို ခံယူကာ သူမ၏မျက်လုံးများကို သက်တောင့်သက်သာ မှိတ်ထားလိုက်သည်။

"လာကစားကြလေ..."

ကလေးများ၏ အသံများ ထပ်မံထွက်ပေါ်လာပြန်သည်။ သူမ မျက်လုံးဖွင့်ပြီး အပြင်သို့ ကြည့်လိုက်သည်။ ပန်းခြံထဲတွင် ကလေးတချို့သည် လျှောများနှင့် ဒန်းများပေါ်တွင် ကစားနေကြပြီး အလွန်ပျော်ရွှင်နေပုံရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ သူမ၏နှလုံးသားထဲတွင် တမ်းတမှုနှင့် မနာလိုမှုများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့လေ၏။ ကလေးများ၏ မျက်နှာပေါ်ရှိ ပူပင်သောကကင်းသော အပြုံးများကို ကြည့်ရင်း သူမသည် သူတို့နေရာတွင် ဝင်ရောက်ချင်စိတ် ပေါ်လာခဲ့သည်။ သူမ အလွန်အမင်း တောင့်တနေခဲ့မိ၏။

သူတို့က အရမ်းပျော်နေတဲ့ပုံပဲ...

သူမသည် ဖွင့်ရန်ရည်ရွယ်ချက်ဖြင့် ပြတင်းပေါက်ကို ကိုင်လိုက်သော်လည်း ထိုအရာကို တင်းကျပ်စွာ ပိတ်ဆို့ထားပြီး ဖွင့်၍မရကြောင်း တွေ့ရှိလိုက်ရသည်။

ဤအရာက သူမကို ကြက်သေသေသွားစေခဲ့သော်လည်း အပြင်ဘက်ရှိ လွတ်လပ်သောလေကို ရှူရှိုက်နိုင်ရန်အတွက် ပြတင်းပေါက်ကို ဖွင့်ရန် အစွမ်းကုန် ကြိုးစား၍ ဆွဲဖွင့်လိုက်သည်။

သူမ အားကုန်သုံး၍ ဆွဲဖွင့်လိုက်ချိန်၌ ပြတင်းပေါက်သည် တုန်ခါကာ ညည်းသံထွက်လာပြီး အက်ကွဲကြောင်းငယ်လေးတစ်ခု ချက်ချင်းပွင့်သွားလေ၏။

သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

နည်းနည်းလေးပဲ လိုတော့တယ်...

"နင် ဘာလုပ်နေတာလဲ..."

ရုတ်တရက် စူးရှသော ဆူပူကြိမ်းမောင်းသံတစ်သံ ထွက်ပေါ်လာသည်။ သူမ၏ မိခင်ဖြစ်သူ ရောက်လာခြင်း ဖြစ်ပေ၏။

သူမသည် အပြေးအလွှား ရောက်လာပြီး လီပင်းကို ဘေးသို့တွန်းထုတ်ကာ ပြတင်းပေါက်ကို ပိတ်ပြီး ကုလားကာများကို ပြန်ဆွဲပိတ်လိုက်သည်။

"နင့်ကိုယ်နင် ဘာလုပ်နေတယ်လို့ ထင်နေတာလဲ... နင့်ကို မေးခွန်းလွှာတွေ လုပ်ခိုင်းထားတယ်လေ... ဘာလို့ ပြဿနာလာရှာနေတာလဲ... လိမ္မာပြီး ကိုယ့်အလုပ် ကိုယ်လုပ်လို့ မရဘူးလား..."

ပိတ်သွားသော ပြတင်းပေါက်နှင့် ပြန်လည်ဖုံးအုပ်သွားသော ကန့်လန့်ကာကို ကြည့်ရင်း...

လီပင်းက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးတစ်ခုကို ပြုံးလိုက်သ​ည်။ သူမ၏ အဘိုးဖြစ်သူက ငှက်လှောင်အိမ်ထဲတွင် မွေးမြူထားပြီး နေ့စဉ် အဝတ်တစ်ထည်ဖြင့် ဖုံးအုပ်ထားလေ့ရှိသော ကြက်တူရွေးတစ်ကောင်ကို သူမ သတိရသွားသည်။

သူမက အဘိုးဖြစ်သူကို မည်သည်ကြောင့် ထိုသို့လုပ်ရသနည်းဟု မေးခဲ့ဖူးရာ သူ၏ အဖြေမှာ ဤသို့ဖြစ်ပေ၏။

"တကယ်လို့ သူက အပြင်ဘက်ကမ္ဘာကို မြင်သွားရင် သူ လိုချင်တောင့်တလာလိမ့်မယ်... သူ့ကို ထိန်းချုပ်ထားဖို့နဲ့ အတွေးမများစေဖို့အတွက် သူ့ကို ပေးကြည့်လို့ မရဘူး..."

ဤအချိန်အခိုက်အတန့်တွင် တစ်စုံတစ်ခုကို သူမ နားလည်သွားသည်။

ကြည့်ရတာ... ကြည့်ရတာ ငါ ဒီနေရာကနေ လုံးဝ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... ဒါက လွတ်လပ်စွာ ပျံသန်းဖို့ ရည်ရွယ်ထားတဲ့ ငှက်တစ်ကောင်ကို လှောင်ပိတ်ထားတဲ့ လှောင်ချိုင့်တစ်ခုနဲ့ တူတယ်...ငါ တတ်နိုင်တာ ဘာမှမရှိဘူး...

သူမ​က တွေးတောလိုက်မိသည်။

တစ်ခုတည်းသော ထွက်ပေါက်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြစ်ပြီး ထိုအချိန်ကျမှသာ အဝေးသို့ ပျံသန်းကာ ဤလှောင်ချိုင့်မှ လွတ်မြောက်နိုင်ပေမည်။

"ဘာလို့ အဲ့ဒီမှာ ရပ်နေသေးတာလဲ... မေးခွန်းလွှာတွေ သွားလုပ်စမ်း..."

မိခင်ဖြစ်သူကို အဖြေမပေးဘဲ လီပင်းသည် သူမ၏ နေရာသို့ ပြန်သွားပြီး ရေးရန်အတွက် သူမ၏ ဖောင်တိန်ကို 'လိမ္မာစွာ' ကောက်ကိုင်လိုက်၏။

သူမ၏နောက်တွင် ရပ်နေသော မိခင်ဖြစ်သူက စိတ်ကျေနပ်သော အပြုံးတစ်ခုကို ပြသလိုက်သည်။

"ဟုတ်တယ်... အဲ့ဒီလိုမျိုး... တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အမှတ်ကောင်းကောင်းရပြီး တက္ကသိုလ်ကောင်းကောင်း တက်နိုင်ဖို့အတွက် မေးခွန်းလွှာတွေ များများလုပ်... အဲ့ဒီအခါကျမှ သမီးဘဝက ပိုကောင်းလာမှာ..."

လီပင်း၏ မျက်လုံးများသည် သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေပြီး စက်ရုပ်တစ်ရုပ်ကဲ့သို့ ရေးသားနေခဲ့လေ၏။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ... အမြဲတမ်း တက္ကသိုလ်ဝင်တန်းစာမေးပွဲပဲ... ထိပ်ဆုံးငါးယောက်စာရင်းဝင်မှ ငါ ဒီနယ်မြေကနေ ထွက်ခွာနိုင်မှာပဲ....

ထိုစကားလုံးများသည်...

သူမ၏တစ်ဘဝလုံးကို ဆုံးဖြတ်လိုက်သကဲ့သို့ ဖြစ်နေသည်။

All Chapters