← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း (၁၉) အဆင့်မြင့် နယ်မြေဖန်တီးသူလား

"နင် သူတို့ကို အနားပေးချင်လို့ အိမ်ပြန်ခွင့်ပေးလိုက်တာလို့ ငါထင်နေတာ... ဘာပဲဖြစ်ဖြစ် ဒါက အထက်တန်းနောက်ဆုံးနှစ် နယ်မြေလေ... အိမ်ပြန်တာက အထက်တန်းနောက်ဆုံးနှစ်နဲ့ ဘာမှမဆိုင်သလိုပဲ... အခုကျတော့ ဒီလောက်တောင် စိတ်ဓာတ်ကျစရာကောင်းနေသေးလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."

ဆာရာက ဇဝေဇဝါဖြင့် ချန်လန်ကို လှည့်ကြည့်လိုက်သည်။

"မင်းတို့ တစ္ဆေသတ္တဝါတွေက နားလည်မှာ မဟုတ်ဘူး... ငါလာတဲ့နေရာမှာ အထက်တန်းနောက်ဆုံးနှစ်ဆိုတာ ကျောင်းက ဖိအားတွေတင် မကဘူး...အကြောင်းအရင်းမျိုးစုံ ရှိတယ်... အဲ့ဒီအကြောင်းအရင်းတွေ အကုန်ပေါင်းစပ်သွားလို့သာ ဒီလောက်ကြီးမားတဲ့ ဖိအားတွေ ဖြစ်လာတာပေါ့..."

ချန်လန်က ခေါင်းခါယမ်းပြီး ပြောဆိုသည်။

ကမ္ဘာမြေမှ လူများမှလွဲ၍ အစစ်အမှန် အထက်တန်းနောက်ဆုံးနှစ်သည် မည်မျှထိ စိတ်ဓာတ်ကျစရာကောင်းကြောင်း တခြားမည်သူမျှ တွေးတောနိုင်ကြမည် မဟုတ်ချေ။ ဤသည်က ကျောင်းမှ ဖိအားများသာမက အိမ်မှဖိအားများနှင့် နေ့စဉ်နှင့်အမျှ နှိုင်းယှဉ်ပြောဆိုမှုများလည်း ပါဝင်ပြီး မမြင်နိုင်သော ဖိအားများကို ဖြစ်ပေါ်စေသည်။

ထို့ကြောင့် အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားအများအပြား ပြိုလဲသွားကြရခြင်း ဖြစ်သည်။ သူတို့သည် ဆရာများထံမှ ဖိအားများကို ရင်ဆိုင်နေရရုံသာမက အိမ်မှ ဖိအားများကိုလည်း ရင်ဆိုင်နေရပေ၏။

သူ ဖန်တီးထားသော နယ်မြေသည် ကျောင်းအကြောင်းသက်သက် မဟုတ်ချေ။ ကစားသမားများကို ကမ္ဘာမြေ၏ ပို၍စစ်မှန်သော အထက်တန်းနောက်ဆုံးနှစ် ဘဝကို ခံစားသိရှိနိုင်စေရန်အတွက် အကြောင်းအရင်းမျိုးစုံကို ပါဝင်စေခဲ့ခြင်းဖြစ်သည်။

"အရင်တုန်းက နင် ဒီလိုမျိုး နေခဲ့ရတာလား... နင် ဘယ်လိုများ ဖြတ်သန်းနိုင်ခဲ့တာလဲ..."

ဆာရာက သိချင်စိတ်ဖြင့် မေးလိုက်သည်။

သူမသည် ဤနယ်မြေကို စောင့်ကြည့်နေခဲ့သည်မှာ တစ်လရှိပြီဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ရက်စက်သည်ဟု ယူဆသော တစ္ဆေတစ်ကောင်အနေဖြင့်ပင် ဤသည်ကို ကြောက်မက်ဖွယ်ကောင်းသည်ဟု သူမ ခံစားရသည်။

ထို့ပြင် ဤအရာများသည် ချန်လန်၏ ကိုယ်ပိုင် အတွေ့အကြုံများ ဖြစ်နေသည်။ သူ ဘယ်လို သည်းခံနိုင်ခဲ့တာလဲဟု သူမ တွေးတောမိသည်။

"ဟက်... ဒါက ဘာမှမဟုတ်သေးပါဘူးလို့ ငါပြောရင် မင်း အံ့သြသွားမလား..."

ချန်လန်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်၏။

သူ တင်ဆက်ထားသောအရာမှာ ကြောက်မက်ဖွယ်အကောင်းဆုံးအပိုင်းပင် မဟုတ်သေးချေ။ အကယ်၍သာ သူသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော အပိုင်းများကို ပြသလိုက်ပါက ဤလူများ စိတ်ပိုင်းဆိုင်ရာ လုံးလုံးလျားလျား ပြိုလဲသွားမည်ကို သူ ကြောက်ရွံ့သောကြောင့်သာ ဖြစ်ပေ၏။

"ဒါက ဘာမှမဟုတ်သေးဘူးဟုတ်လား... နင် ဘာတွေများ ဖြတ်သန်းခဲ့ရလို့လဲ..."

ဆာရက အံ့အားသင့်စွာ မေးလိုက်သည်။

ဤနယ်မြေတစ်ခုတည်းမှပင် သူမသည် အနုတ်လက္ခဏာစွမ်းအင် အမှတ်နှစ်သောင်းနီးပါးကို စုဆောင်းရရှိနေလေပြီ။ ဤသည်မှာ နယ်မြေအများစု ဆယ်စုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် မရရှိနိုင်သော အဆင့်တစ်ခုပင်။

သို့သော် ဤသည်က ဘာမှမဟုတ်သေးဟု ဆိုသလော။ ချန်လန်သည် 【အထက်တန်းနောက်ဆုံးနှစ်】 ထက် ပို၍ကြောက်မက်ဖွယ်ကောင်းသော နယ်မြေတစ်ခုကို အမှန်တကယ် ဖန်တီးနိုင်စွမ်း ရှိနေသေးသလော။

ဤအချက်က သူမကို အလွန်အမင်း မျှော်လင့်ချက် ကြီးမားသွားစေခဲ့သည်။ အကယ်၍ သူ၏ ဖန်တီးမှုတိုင်းသည် 【အထက်တန်းနောက်ဆုံးနှစ်】 ကဲ့သို့ အရည်အသွေး ကောင်းမွန်ပါက သို့မဟုတ် ထို့ထက်ပင် သာလွန်ပါက သူမသည် ထိပ်တန်းနယ်မြေဖန်တီးသူတစ်ဦး၏ ရာထူးကို သေချာပေါက် ရရှိနိုင်ပေလိမ့်မည်။

မရဘူး... ချန်လန် ငါ့ဆီကနေ ထွက်မသွားနိုင်အောင် သေချာပေါက် လုပ်ရမယ်

သူမက တွေးတောလိုက်သည်။

"ဆာရာ..."

ထိုအချိန်၌ လေဟာနယ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာလေ၏။ ဆာရာ လန့်ဖျပ်သွားပြီး လှည့်ကြည့်လိုက်ရာ ရောက်လာသူမှာ မည်သူဖြစ်ကြောင်း မြင်လိုက်ရချိန်၌ သူမ၏အမူအရာ ချက်ချင်းအေးစက်သွားသည်။

ယခုရောက်လာသူမှာ ဝတ်စုံပြည့်ဝတ်ဆင်ထားသော ဝံပုလွေလူသားတစ်ဦးပင်။ သူသည် ချန်လန်ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီး အကဲခတ်၍ ကြည့်ရှုလေ၏။

"မင်္ဂလာပါ မစ္စတာ ချန်လန်... ကျွန်တော်က သခင်ဟေးယွီရဲ့ လက်ထောက် ယော်ဆန်ပါ..."

ဆာရာ၏ နှလုံးခုန်သံ တစ်ချက်မှားသွားသည်။

ဒုက္ခပါပဲ...

သူက လူလာလုတာပဲ...

"ဟေး... နင်က အရမ်းမလွန်လွန်းဘူးလား... ငါ့လူကို လာလုနေတာလား..."

ဆာရာက အေးစက်စက် အော်ဟစ်လိုက်လေ၏။

ဤစကားကို ကြားသောအခါ ယော်ဆန်၏ မျက်နှာပေါ်တွင် မကျေနပ်သော အမူအရာတစ်ရပ် ထွက်ပေါ်လာသ​ည်။

"ဆာရာ... မင်းက အလုပ်သင် စီမံခန့်ခွဲသူတစ်ယောက်ပဲလေ... မင်းက ငါ့ကို အဲ့ဒီလို စကားမျိုးပြောဖို့ ဘာအခွင့်အာဏာရှိလို့လဲ..."

"ဘယ်သူပြောလဲ... ငါ့ရဲ့ ဒီနယ်မြေက တရားဝင် အဆင့်သတ်မှတ်ချက် ရတာနဲ့ နင်နဲ့ငါက တန်းတူဖြစ်သွားမှာ သေချာတယ်..."

ဆာရာက သွားဖြီးပြကာ အော်ငေါက်လိုက်သည်။

ဤနယ်မြေသည် သေချာပေါက် SSSအဆင့်သို့ ရောက်ရှိနိုင်သည်။ မည်သူမျှ ချန်လန်ကို ခေါ်သွား၍မရချေ။

နယ်မြေဖန်တီးသူတစ်ဦး ဖန်တီးထားသော နယ်မြေတိုင်းသည် သူတို့သာ အကြွင်းမဲ့ ပိုင်ဆိုင်ကြောင်း သိထားသင့်ပေ၏။ အကယ်၍ ချန်လန်သာ ထွက်သွားပါက 【အထက်တန်းနောက်ဆုံးနှစ်】 နယ်မြေလည်း သူနှင့်အတူ ပါသွားမည်ဖြစ်ပြီး သူမထံတွင် ဘာမျှကျန်ရှိတော့မည် မဟုတ်ချေ။

"မစ္စတာ ချန်လန်... သခင်ဟေးယွီက မင်းနဲ့ ပူးပေါင်းချင်နေပါတယ်... ကျွန်တော်တို့ အကောင်းဆုံး အကျိုးခံစားခွင့်တွေ ပေးပါမယ်... ၇၀ ၃၀ ခွဲဝေမှု... မင်းက နယ်မြေရဲ့ အကျိုးအမြတ် ခုနစ်ဆယ်ရာခိုင်နှုန်းကို ယူပါ... ဒါ့ပြင် တုန်လှုပ်ချောက်ချားဖွယ် ဈေးဝယ်စင်တာအတွက် ၂၀ ရာခိုင်နှုန်း လျှော့ဈေးကတ်နဲ့ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှာ အမြဲတမ်း နေထိုင်ဖို့အတွက် အိမ်တစ်လုံးလည်း ပေးပါမယ်..."

"တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာက အိမ်ခြံမြေဈေးနှုန်းတွေက အပြာရောင်ကြယ်ကထက် ဆယ်ဆပိုများတယ်ဆိုတာ မင်း သိသင့်တယ်... အပြာရောင်ကြယ်က လူပေါင်းများစွာက ဒီနေရာမှာ အိမ်ဝယ်ချင်ကြပေမဲ့ မတတ်နိုင်ကြဘူး... ဒီကမ်းလှမ်းမှုရဲ့ တန်ဖိုးကို မင်း နားလည်သင့်တယ်..."

ဤမျှ ရက်ရောသော အကျိုးခံစားခွင့်များကို ကြားရသောအခါ ဆာရာ ထိတ်လန့်သွားသည်။

"ချန်လန်... သူ့ကို မယုံနဲ့... နင်သာ သူတို့နဲ့ ပူးပေါင်းရင် သေချာပေါက် အရောင်းအဝယ်စာချုပ် အသစ် ပြန်ချုပ်ရလိမ့်မယ်..."

"ဟက်... ဆာရာ... နယ်မြေစီမံခန့်ခွဲမှု စည်းမျဉ်းတွေကို မင်း မေ့မသွားသေးဘူး မဟုတ်လား... စီမံခန့်ခွဲသူနဲ့ ဖန်တီးသူတိုင်းက တုန်လှုပ်ချောက်ချားနတ်ဘုရားဆီ သူတို့ရဲ့ ဝိညာဉ်ကို အပ်နှင်းရမယ်လေ... လူသားတစ်ယောက်အနေနဲ့ ဖန်တီးသူတစ်ယောက် ဖြစ်လာတာကတင် သူ့အတွက် ဂုဏ်ယူစရာပဲ... မင်း သူ့ကို အရောင်းအဝယ်စာချုပ် လက်မှတ်မထိုးခိုင်းခဲ့ဘူးလို့ ပြောချင်တာလား..."

"ဒါပေမဲ့ ငါ သူ့နဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ထိုးထားပြီးပြီ..."

"ဘာအသုံးကျမှာလဲ... အဲ့ဒါက မင်းတို့နှစ်ယောက်ကြားမှာပဲလေ... ဘယ်သူမှ မသိနိုင်ဘူးလို့ မင်း ထင်နေတာလား..."

ယော်ဆန်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။

အကယ်၍ ချန်လန်သာ 【အထက်တန်းနောက်ဆုံးနှစ်】 နယ်မြေကို ဖန်တီးခဲ့ခြင်း မရှိပါက မည်သူမျှ သတိထားမိမည် မဟုတ်ချေ။ သို့သော် ထင်ပေါ်သောသူသည် အမြဲတစေ ပစ်မှတ်ထားခြင်း ခံရလေ့ရှိပေ၏။

ဆာရာ တိတ်ဆိတ်သွားကာ ချန်လန်ကမူ အံ့အားသင့်သွားသည်။ နယ်မြေဖန်တီးသူများ လက်စွဲစာအုပ်ကို သူ ဖတ်ရှုခဲ့ပြီးဖြစ်ရာ စီမံခန့်ခွဲသူများအနေဖြင့် သူ၏ဝိညာဉ်ကို စားသုံးခွင့်မရှိကြောင်း ဆိုထားသည်။

သို့သော် တုန်လှုပ်ချောက်ချားနတ်ဘုရားကမူ ထိုသို့မလုပ်နိုင်ကြောင်းတော့ ဆိုထားခြင်း မရှိချေ။ လူသားများသည် တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာတွင် အသက်ရှင်နေထိုင်ရန် သို့မဟုတ် ပူးပေါင်းဆောင်ရွက်ရန်အတွက် သူတို့၏ ဝိညာဉ်များကို ရောင်းချရမည်လော။

"တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှာ နေထိုင်ချင်တဲ့ ဈေးဝယ်ချင်တဲ့ ဒါမှမဟုတ် ဘယ်လိုလှုပ်ရှားမှုမျိုးမဆို လုပ်ချင်တဲ့ လူသားအားလုံးက အရောင်းအဝယ်စာချုပ် လက်မှတ်ထိုးရမယ်... တကယ်လို့ မင်းက ထိတ်လန့်ဖွယ်ကမ္ဘာကို အသုံးပြုပြီး လက်တွေ့ကမ္ဘာမှာ ပိုပြီး အစွမ်းထက်လာချင်ရင် တန်ကြေးတစ်ခုတော့ ပေးဆပ်ရမှာပေါ့... ရင်နာစရာ လက်တွေ့ဘဝတစ်ခုကို ကျွန်တော် ပြောပြမယ်..."

"တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတွေအတွက် မင်းတို့လူသားတွေ ရွေးချယ်ခံရတဲ့ အကြောင်းရင်းက မင်းတို့ရဲ့ ဝိညာဉ်တွေကို မင်းတို့ မပိုင်တော့လို့ပဲ... မင်း ဝင်သွားတာနဲ့ သေတဲ့အထိ မင်း အမြဲတမ်း ပြန်လာနေရမှာပဲ... ပြီးတော့ မင်းရဲ့ ဝိညာဉ်က တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာက ပိုင်ဆိုင်သွားပြီ..."

"မင်းမြင်နေရတဲ့ တစ္ဆေတွေအားလုံးက တစ်ချိန်တုန်းက လူသားတွေချည်းပဲ... လူသားတိုင်းက တုန်လှုပ်ချောက်ချားနတ်ဘုရားရဲ့ ထိန်းချုပ်မှုကို ခံရမယ်... မင်းရဲ့ ဝိညာဉ်ကို မင်း ပိုင်နေသေးတယ်ဆိုတာက စည်းမျဉ်းကို ချိုးဖောက်နေတာပဲ..."

ယော်ဆန်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရချိန်တွင် ချန်လန်သည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အေးစက်စက် မေးလိုက်လေ၏။

"မင်း ဘာလိုချင်တာလဲ..."

"ဘာမှမဟုတ်ပါဘူး... မစ္စတာ ချန်လန်နဲ့ ပူးပေါင်းဖို့ပါပဲ... ကျွန်တော်တို့ပေးတဲ့ အကျိုးခံစားခွင့်တွေက ဆာရာ့ထက် အများကြီး ပိုကောင်းပါတယ်... ဘယ်သူ့ကို ရွေးရမလဲဆိုတာ မစ္စတာ ချန်လန် သိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..."

ယော်ဆန်က ပြုံးလိုက်သည်။

"မင်းတို့ နယ်မြေစီမံခန့်ခွဲသူတွေက ငါနဲ့ အရောင်းအဝယ်စာချုပ် လက်မှတ်ထိုးလို့ မရဘူးလေ... အဲ့ဒါကလည်း စည်းမျဉ်းချိုးဖောက်တာပဲ..."

"သခင်ဟေးယွီက အဆင့်မြင့် စီမံခန့်ခွဲသူတွေထဲက တစ်ယောက်ပါ... သူ့ရဲ့ လုပ်ပိုင်ခွင့်က ဆာရာ့ထက် ပိုမြင့်ပြီး အရောင်းအဝယ်စာချုပ် လက်မှတ်ထိုးခွင့် ရှိတယ်... ကျွန်တော်တို့က မင်းနဲ့ အပြာရောင်ကြယ် အချိန်ငါးနှစ်စာ အရောင်းအဝယ်စာချုပ် လက်မှတ်ထိုးလို့ ရတယ်... ငါးနှစ်ပြည့်သွားရင် လွတ်လပ်တဲ့ဝိညာဉ်နဲ့တောင် မင်းက တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှာ အသက်ရှင်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ အာမခံနိုင်တယ်..."

ချန်လန်၏ဦးနှောက် အမြန်ဆုံး အလုပ်လုပ်သွားလေ၏။ ရုတ်တရက် သူ၏ မျက်လုံးများ တောက်ပသွားပြီး သူက အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။

"မင်း ငါ့ကို လိမ်နေတာပဲ... အရောင်းအဝယ်စာချုပ် လက်မှတ်မထိုးဘဲနဲ့တောင် ငါ့မှာ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှာ ဝိညာဉ်လွတ်လပ်ခွင့် တစ်နှစ် ရှိသေးတယ်... ပြီးတော့ အဲ့ဒါက အပြာရောင်ကြယ် အချိန် တစ်နှစ်ပဲ..."

"ပြီးတော့ အဆင့်မြင့် ဖန်တီးသူတစ်ယောက် ဖြစ်နေသရွေ့ ကိုယ့်ဝိညာဉ်ကို ရောင်းစရာ မလိုတော့ဘူး..."

နယ်မြေဖန်တီးသူများ လက်စွဲစာအုပ်၏ နောက်ဆုံးစာမျက်နှာကို သူ မှတ်မိသွားခြင်းပင်။ အဆင့်မြင့် ဖန်တီးသူတစ်ဦး ဖြစ်လာသရွေ့ ဝိညာဉ်ရောင်းချရန် မလိုအပ်တော့ချေ။ ယခင်က ရောင်းချခဲ့သော ဝိညာဉ်များပင် ချက်ချင်း ပြန်လည်ရရှိပေမည်။ ဤသည်မှာ တုန်လှုပ်ချောက်ချားဖွယ်၏ ဥပဒေတစ်ခုပင်။

တုန်လှုပ်ချောက်ချားနတ်ဘုရားပင် ထိုအရာကို ပြောင်းလဲ၍ မရနိုင်ချေ။

"မင်း တကယ် သိနေတာပဲ... ဒါပေမဲ့ မင်း စဉ်းစားကြည့်ဖူးလား... အဆင့်မြင့် ဖန်တီးသူတစ်ယောက် ဖြစ်လာဖို့ဆိုရင် မင်းက အနည်းဆုံး SSSအဆင့် နယ်မြေ သုံးခုကို ဖန်တီးရမယ်... ပြီးတော့ စုစုပေါင်း ပိုင်ဆိုင်မှုကလည်း အနုတ်လက္ခဏာစွမ်းအင် အမှတ် သန်းသုံးရာကျော် ရှိရမယ်... အပြာရောင်ကြယ်ရဲ့ တစ်နှစ်က တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှာ သုံးနှစ်ပဲ ရှိတာ... သုံးနှစ်အတွင်းမှာ မင်းက အဆင့်မြင့် ဖန်တီးသူတစ်ယောက် ဖြစ်လာဖို့ ယုံကြည်မှု ရှိလို့လား..."

ယော်ဆန်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်လေ၏။ အမှန်တကယ်ပင် သူ လုံးလုံးလျားလျား မယုံကြည်ချေ။

ဆာရာက ချန်လန်ကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

အဲ့ဒါက တကယ်ကြီး ဖြစ်နိုင်လို့လား....

ဤအထက်တန်းနောက်ဆုံးနှစ်နယ်မြေသည် အဆင့်သတ်မှတ်ချက်ပင် မထွက်သေးသဖြင့် SSSအဆင့် ဖြစ်မည် မဖြစ်မည်ကို သေချာမသိနိုင်သေးချေ။ သုံးနှစ်အတွင်း ချန်လန် အဆင့်မြင့် ဖန်တီးသူတစ်ဦး ဖြစ်လာရန် ရည်ရွယ်ခြင်းမှာ ဤသည်က စိတ်ကူးယဉ်အိပ်မက်တစ်ခုနှင့် တူညီနေပေ၏။

"မကြိုးစားကြည့်ဘဲနဲ့ ငါ ဘယ်လိုသိမှာလဲ... ဘာပဲဖြစ်ဖြစ် ငါ့မှာ တစ်နှစ် အချိန်ရှိသေးတယ်... ဟေးယွီဆီ ပြန်သွားပြီး ငါ့ရဲ့ဝိညာဉ်ကို ငါ မရောင်းဘူးလို့ သွားပြောလိုက်..."

ချန်လန်၏ မောက်မာသော အမူအရာကို မြင်သောအခါ ယော်ဆန်သည် ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်၏။

"ကောင်းတယ်... အရမ်းကောင်းတယ်... လူသားဖန်တီးသူ... သုံးနှစ်နေရင် တွေ့ကြတာပေါ့... အဲ့ဒီအချိန်ကျရင် မင်း အဆင့်မြင့် ဖန်တီးသူတစ်ယောက် ဖြစ်နေပါစေလို့ ငါ မျှော်လင့်တယ်..."

ထိုသို့ပြောဆိုပြီးနောက် ယော်ဆန် ထွက််ခွာသွားသည်။

"ချန်လန်... သုံးနှစ်အတွင်းမှာ... နင် အဆင့်မြင့် ဖန်တီးသူတစ်ယောက် ဖြစ်လာနိုင်မယ်ဆိုတာ သေချာရဲ့လား..."

ဆာရာက ချန်လန်ကို လေးနက်စွာ ကြည့်လိုက်၏။

"နင် သူနဲ့ လိုက်မသွားဘူးလို့ ငါ ထင်မထားခဲ့ဘူး..."

"မင်းက ငါ့ကို ကယ်ခဲ့တာပဲ... ငါ ထွက်မသွားပါဘူး... ပြီးတော့ သူ့မျက်နှာကို ငါ ကြည့်မရလို့..."

ချန်လန်က အေးအေးဆေးဆေး ပြောလိုက်သည်။

သုံးနှစ်အတွင်း၌ အဆင့်မြင့် ဖန်တီးသူတစ်ဦး ဖြစ်လာနိုင်ရန် သူ ယုံကြည်မှု ရှိသည်။ သူ့ထံတွင် ဤ 【အထက်တန်းနောက်ဆုံးနှစ်】 နယ်မြေတစ်ခုတည်း ရှိနေခြင်း မဟုတ်ချေ။ သူ၏စိတ်ထဲတွင် တခြားသော စိတ်ကူးများစွာ ရှိနေသေးသည်။

အနုတ်လက္ခဏာစွမ်းအင် အမှတ် သန်းသုံးရာနှင့် ပတ်သက်၍မူ 【အထက်တန်းနောက်ဆုံးနှစ်】 နယ်မြေသည် တရားဝင် နယ်မြေတစ်ခု ဖြစ်လာသည်နှင့် တပြိုင်နက် သူသည် ကစားသမားများကို ကမ္ဘာတဝှမ်းမှ စတင်ရွေးချယ်နိုင်ပေမည်။ ထိုအချိန်ကျလျှင် သူသည် ပို၍များပြားသော အနုတ်လက္ခဏာစွမ်းအင်များကို ရရှိပေမည်။

စီမံခန့်ခွဲသူတစ်ဦးနှင့် အကျိုးအမြတ် ခွဲဝေရမည်ဆိုလျှင်ပင် သုံးနှစ်အတွင်း အနုတ်လက္ခဏာစွမ်းအင် အမှတ် သန်းသုံးရာ ပိုင်ဆိုင်မှုသို့ ရောက်ရှိနိုင်မည်ဟု သူ ယုံကြည်မှုရှိသည်။

All Chapters