← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀) ဒါတွေအားလုံးက သမီး ကောင်းဖို့အတွက်ပဲ

"အမေ ပေးထားတဲ့ စာမေးပွဲမေးခွန်းလွှာတွေ ပြီးပြီလား..."

ထမင်းစားစားပွဲတွင်...

လီပင်းသည် စားပွဲပေါ်ရှိ အရသာရှိသော အစားအသောက်များကို အမူအရာကင်းမဲ့စွာ ကြည့်နေလေ၏။ သူမ ဆာလောင်နေသော်လည်း အစားအသောက်အပေါ် စိတ်ဝင်စားမှု လုံးလုံးလျားလျား မရှိချေ။ သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့မှုနှင့် အကူအညီမဲ့မှုများသာ ပြည့်နှက်နေသည်။

မိခင်ဖြစ်သူ၏ စကားကို ကြားသောအခါ သူမက စကားမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။

"မဆိုးဘူး... မနေ့ညက သမီးလုပ်ထားတဲ့ မေးခွန်းလွှာတွေ အားလုံးကို ဒီနေ့ ဆရာမဆီ အမေ ပို့လိုက်တယ်... သမီး အများကြီး တိုးတက်လာတယ်... ခြောက်ဆယ်နဲ့ သီသီလေး အောင်သွားတယ်... ဆုအနေနဲ့ ကြက်ပေါင်တစ်ချောင်း စားလိုက်ဦး..."

မိခင်ဖြစ်သူ၏ စကားကို ကြားသောအခါ လီပင်း၏ မျက်လုံးများ နောက်ဆုံးတွင် တောက်ပသွားလေ၏။ သူမ အံ့အားသင့်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူမ အမှန်တကယ်ကို အောင်သွားခဲ့လေပြီ။

"တကယ်လား... သမီး အောင်သွားပြီလား..."

လီပင်း အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားသည်။

ငါ အောင်သွားပြီဆိုတာက ဆင်းရဲဒုက္ခတွေကို ဆက်ခံစရာ မလိုတော့ဘူးလို့ ဆိုလိုတာလား...

"ဟုတ်တယ်... ကြည့်ပါအုံး...ဘယ်လောက်တောင် ပျော်နေလဲလို့... မြန်မြန်စား..."

မိခင်ဖြစ်သူက အပြုံးနှင့် ခေါင်းညိတ်ပြသည်။

လီပင်း ငိုလုမတတ် ဖြစ်သွားခဲ့သည်။ နောက်ဆုံးတော့ သူမ အောင်သွားခဲ့လေပြီ။ နောက်ဆုံးတော့ သူမ တစ်ညလုံး မအိပ်ဘဲ မေးခွန်းလွှာတွေ လုပ်စရာ မလိုတော့ချေ။

သူမသည် သူမ၏ ပန်းကန်နှင့် တူများကို ကောက်ကိုင်ကာ ဟင်းများကို ခူးထည့်ပြီး အားရပါးရ စားသောက်လိုက်၏။ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖယ်ရှားခံလိုက်ရသကဲ့သို့ သူမ၏နှလုံးသား ပေါ့ပါးသွားသည်။

"အမေ သမီးအတွက် အိမ်အရောက် ကျူရှင်ဆရာတစ်ယောက် ရှာထားတယ်... ထမင်းစားပြီးရင် သူ လာလိမ့်မယ်... နောက်နှစ်ရက်လောက် အပြင်မထွက်နဲ့တော့..."

သို့သော် သူမ ထမင်းစား၍ တစ်ဝက်ခန့်သာ ရှိသေးချိန်တွင် မိခင်ဖြစ်သူ၏ ရုတ်တရက် စကားကြောင့် သူမ နှလုံးခုန်ရပ်သွားသကဲ့သို့ ဖြစ်သွားလေ၏။ သူမက မယုံကြည်နိုင်စွာဖြင့် မိခင်ဖြစ်သူကို မော့ကြည့်လိုက်သည်။

"အမေ ဘာပြောလိုက်တယ်..."

"ကျူရှင်ဆရာ... သူ့ကို ငှားဖို့ အမေ ပိုက်ဆံတွေ အများကြီး အကုန်ခံထားရတာ... သူက ချင်းပေ တက္ကသိုလ်ကနေ ဘွဲ့ရထားပြီး တရုတ်စာမှာ ကျွမ်းကျင်တဲ့သူပဲ... သူ့ဆီမှာ စာသင်ရင် သမီး အမှတ်တွေ သေချာပေါက် တက်လာမှာပဲ... သမီးက တခြားသူတွေထက် သာချင်ရင် နောက်ကွယ်မှာ ကြိုးစားရမှာပေါ့... အခုချိန် တခြားသူတွေက အိမ်မှာ အိပ်နေ ကစားနေကြမှာ သေချာတယ်... ဒါပေမဲ့ ငါတို့က အဲ့ဒီလို နေလို့မရဘူး... တက္ကသိုလ်ဝင်တန်းစာမေးပွဲက နီးနေပြီ... သမီးက ပိုမကြိုးစားဘဲ ဘယ်လိုလုပ် အောင်မြင်မှာလဲ..."

"ဒါကြောင့် သမီးအတွက် အမေ ကျူရှင်ဆရာ ငှားထားတာပေါ့... သူ့ရဲ့အကူအညီနဲ့ဆိုရင် သမီးရဲ့ တရုတ်စာက မြန်မြန် တိုးတက်လာလိမ့်မယ်... သမီး ကျောင်းပြန်သွားရင် ဆရာမတွေနဲ့ အတန်းဖော်တွေက သမီးကို အမြင်သစ်နဲ့ ကြည့်လာကြလိမ့်မယ်... ပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် သမီးမှာ ယုံကြည်မှုအမှတ် နည်းနည်း ပိုတက်လာမှာပေါ့..."

"ဒါပေမဲ့ သမီး အောင်သွားပြီ မဟုတ်ဘူးလား..."

လီပင်းက မတရားခံရသကဲ့သို့ ခံစားရကာ ပြောဆိုလိုက်၏။

တစ်ညအတွင်း၌ သူမသည် ရေတွက်၍မရနိုင်သော စာမေးပွဲမေးခွန်းလွှာများနှင့် လေ့ကျင့်ခန်းစာအုပ်များကို ပြီးစီးခဲ့ပြီး စာမေးပွဲလည်း အောင်ခဲ့လေပြီ။

ဘာလို့ ကျူရှင်ဆရာ ရှာဖို့ လိုသေးတာလဲ...

ငါ့ကို ခဏလောက် အနားပေးလို့ မရဘူးလား...

အစကနေ အဆုံးအထိ အမြဲတမ်း နှိုင်းယှဉ်နေကြတာပဲ...

သူမ ဆက်နားမထောင်နိုင်တော့ချေ။

သို့သော် သူမ စကားပြောလိုက်သည်နှင့် တပြိုင်နက် ကြင်နာတတ်သော မိခင်၏ မျက်လုံးများသည် ချက်ချင်း သွေးရောင်လွှမ်းသွားလေ၏။ သူမက အေးစက်စက် အော်ငေါက်လိုက်သည်။

"အောင်တာက ဘာများ အထင်ကြီးစရာ ရှိလို့လဲ... သမီးက ဒီညလေးမှ အောင်တာ... တခြားသူတွေကရော... တခြားသူတွေ မကြိုးစားဘူးဆိုတာ သမီး ဘယ်လိုသိလဲ... တခြားလူက ကြိုးစားပြီး သမီးကို ကျော်တက်သွားရင် သမီးက အတန်းရဲ့ အောက်ဆုံးမှာပဲ ကျန်နေဦးမှာ မဟုတ်ဘူးလား..."

"ဒါပေမဲ့ အမေ ခုလေးတင်..."

"ခုလေးတင် ဘာဖြစ်လဲ... တခြားသူတွေ ကစားနေလို့ သမီးကပါ ကစားချင်နေတာလား... ဘာလို့ ကျနေတဲ့ ကျောင်းသားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် သွားနှိုင်းယှဉ်နေတာလဲ... ဘာလို့ ထိပ်တန်းကျောင်းသားတွေနဲ့ မနှိုင်းယှဉ်တာလဲ... ဘာလို့ သမီးအတန်းထဲက ကျိုးထျန်ချန်တို့ ဟန်ထျန်ယွီတို့နဲ့ မနှိုင်းယှဉ်တာလဲ... သူတို့ကျတော့ ဘာလို့ စောစောစီးစီး အောင်နိုင်ကြပြီး သမီးက ဘာလို့ မအောင်ရတာလဲ... သမီး အမှတ်တွေက ဒီလောက်နည်းနေမှတော့ သမီးက တခြားသူတွေထက် ဆယ်ဆ အဆတစ်ရာလောက် ပိုကြိုးစားသင့်တာပေါ့..."

"သမီး အခု မမီဘူးဆိုရင် ဘယ်တော့မှ မီတော့မှာ မဟုတ်ဘူး... အမေ လုပ်သမျှ အားလုံးက သမီး ကောင်းဖို့အတွက်ပဲ... သမီးသာ သေချာ စာမကျက်ရင် နောင်တစ်ချိန်ကျ သမီးအဖေလို အပြင်ထွက်ပြီး အုတ်သယ်ရလိမ့်မယ်... နေပူထဲမှာ သေလုမတတ် အလုပ်လုပ်ရလိမ့်မယ်... သမီးလည်း အခု အမေလိုပဲ ဉာဏ်ထိုင်းတဲ့ ကလေးတစ်ယောက်အတွက် ပူပန်နေရလိမ့်မယ်... အမေက သမီးကို ဘဝကောင်းကောင်းလေး ရစေချင်လို့ပါ... စာသင်တာက တစ်ခုတည်းသော ထွက်ပေါက်ပဲ... ပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲက သမီးရဲ့ဘဝကို ဆုံးဖြတ်ပေးမယ့် အရေးအကြီးဆုံး အချိုးအကွေ့ပဲ..."

"အခု သေချာစာမကျက်လို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကျသွားရင် သမီး နောင်တရလိမ့်မယ်..."

မိခင်ဖြစ်သူ၏ စကားများကို ကြားနေရစဉ် လီပင်းသည် မည်သည့် ထိရှလွယ်မှုမျှ မခံစားရချေ။ ထို့အစား သူမသည် အလွန်အမင်း အသက်ရှူကြပ်လာကာ ဧရာမတောင်ကြီးများက သူမအပေါ် ဖိနှိပ်ထားသကဲ့သို့ ခံစားရပြီး အသက်ရှူရန်ပင် ခက်ခဲလာလေ၏။

နှိုင်းယှဉ်တာ ထပ်လာပြန်ပြီ....

ငါက တခြားသူတွေနဲ့ အမြဲတမ်း နှိုင်းယှဉ်ခံရဖို့ မွေးလာတာလား

တခြားသူတွေက တခြားသူတွေ ငါက ငါပဲ...ဘာလို့ ငါက လူတိုင်းနဲ့ နှိုင်းယှဉ်ခံနေရတာလဲ...

"သမီး သိလား... ဘေးအိမ်က အန်တီဝမ်... သူ့သားက ချင်းပေတက္ကသိုလ် ဝင်ခွင့်ရသွားတယ်... အဲ့ဒါက ဘယ်လောက် ဂုဏ်ယူစရာကောင်းလဲ... သူက တစ်နေကုန် အပြင်မှာ အဲ့ဒီအကြောင်း ကြွားနေတာ... အမေ သမီးကို ယုံတယ်... သမီးလည်း လုပ်နိုင်မှာပါ... အမေ့ကို ကတိပေး... လိမ္မာပြီး ကျူရှင်ဆရာ စကားကို နားထောင်... ဒီနှစ်ရက် အပြင်မထွက်နဲ့... လိမ္မာတဲ့ ကလေးတစ်ယောက်လို စာသင်လိုက်..."

ဤစကားကို ကြားသောအခါ လီပင်း ရယ်မောလိုက်လေ၏။ သူမသည် 'ဟက်' ခနဲ အသံထွက်ကာ ရယ်မောလိုက်ပြီး ရူးသွပ်နေသည့်ပုံ ပေါက်နေသည်။

ဟက်...

နောက်ဆုံးတော့လည်း မိခင်ဖြစ်သူ၏ ကိုယ်ပိုင် ဂုဏ်သိက္ခာအတွက် ဖြစ်နေသည်။

သူမ ကိုယ်တိုင်သည် ရိုးရိုးရစ်မတစ်ကောင် ဖြစ်နေသော်လည်း သမီးဖြစ်သူကိုမူ ဖီးနစ်ငှက် ဖြစ်လာဖို့ စိတ်ကူးယဉ် မျှော်လင့်နေပေ၏။

သူမ ထမင်းစားပြီးသည်အထိ လီပင်း၏ အခြေအနေသည် ဆိုးရွားနေဆဲပင်။ သူမ၏မျက်လုံးသူငယ်အိမ်များသည် အာရုံစူးစိုက်မှု ကင်းမဲ့နေပြီး လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသည်။

ထိုအချိန်၌ ကျူရှင်ဆရာ ရောက်လာသည်။ သူသည် အလွန်ယဉ်ကျေးပုံရပြီး မျက်မှန်တပ်ထားသော လူငယ်ဆရာတစ်ဦးပင်။

"ဆရာ ရောက်လာပြီ... လီပင်း... မြန်မြန်ထပြီး ဆရာ့ကို အရိုအသေပေးလိုက်..."

လီပင်းက ထမင်းစားစားပွဲတွင် ငေးငိုင်စွာ ထိုင်နေပြီး ဂရုမစိုက်ဘဲ နေနေခဲ့လေ၏။

ဤသည်ကို မြင်သောအခါ မိခင်ဖြစ်သူသည် ရှက်ကိုးရှက်ကန်း ရယ်မောပြီး ပြောလိုက်သည်။

"ဒီကလေးက သေချာမနားရသေးလို့ ဖြစ်မှာပါ... ဆရာ စိတ်ထဲမထားပါနဲ့နော်..."

"ကိစ္စမရှိပါဘူး... အချိန်မဖြုန်းဘဲ စလိုက်ကြရအောင်... ခင်ဗျား သိတဲ့အတိုင်းပဲ... ကျွန်တော့်ရဲ့အချိန်က အရမ်းတန်ဖိုးကြီးတယ်လေ..."

မိခင်ဖြစ်သူသည် ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်ပြီးနောက် ကြက်သေသေနေသော လီပင်းကို ကြည့်ကာ အေးစက်စက် အော်ငေါက်လိုက်သည်။

"လီပင်း... စာသင်ဖို့ သမီးရဲ့အခန်းထဲ အခုချက်ချင်း ဝင်..."

လီပင်းသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ မတ်တတ်ရပ်ကာ သူမ၏ အခန်းဆီသို့ လျှောက်သွားပြီး ဆရာက နောက်မှ လိုက်သွားလေ၏။

သူတို့နှစ်ဦးသည် အခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြပြီး စားပွဲဆီသို့ သွားကြသည်။

"သမီးရဲ့အခြေအနေကို သမီးရဲ့အမေက ဆရာ့ကို ပြောပြပြီးပြီ... သမီးရဲ့ အခုလက်ရှိ အမှတ်တွေက အရမ်းဆိုးရွားနေပြီး အထက်တန်းပထမနှစ် သင်ရိုးကိုပဲ နားလည်ထားတယ်... တကယ်လို့ သမီးက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေချင်တယ်ဆိုရင် ညံ့တဲ့ငှက်က စောစောပျံရမှာပဲ... ဒါကြောင့် နောက်နှစ်ရက်အတွင်းမှာ တခြားသူတွေထက် သာသွားအောင် အထက်တန်းဒုတိယနှစ်နဲ့ တတိယနှစ် သင်ရိုးတွေကို ဆရာ သင်ပေးမယ်... သမီး သေချာနားထောင်ပြီး အချိန်ပိုပေးသရွေ့ သိသိသာသာ တိုးတက်လာမယ်လို့ ဆရာ အာမခံတယ်..."

လီပင်းသည် ဘာမျှမပြောသော်လည်း ဤစကားများကို ကြားနေရစဉ် သူမ၏ အသက်ရှူနှုန်း အနည်းငယ် မြန်ဆန်လာသည်။

"ကဲ... အတန်းစကြရအောင်..."

ဆရာ စာသင်သည်ကို မြင်သောအခါ မိခင်ဖြစ်သူသည် အလိုက်တသိဖြင့် အခန်းထဲမှ ထွက်သွားပြီး တံခါးကို ပိတ်ကာ အပြင်မှ သော့ခတ်လိုက်၏။

ဤအခြေအနေမျိုးသည် အခြားကစားသမားများ အားလုံး၌လည်း ဖြစ်ပွားနေသည်။

【ချန်ထျန်... သမီးအတွက် ကျူရှင်ကျောင်းတစ်ခု အမေ ရှာထားတယ်... ထမင်းစားပြီးတာနဲ့ အဲ့ဒီကို သွားတော့...】

【ဝမ်ချန်... သမီးရဲ့အမှတ်တွေက အရမ်းဆိုးရွားနေတယ်... သမီးအတွက် တရုတ်စာ ကျူရှင်ကျောင်း တစ်ခုကို အမေ အပ်ပေးထားတယ်... နောက်နှစ်ရက်လုံး သမီး အဲ့ဒီမှာ သွားသင်ရမယ်...】

【ထျန်ချန်... သား အမှတ်တွေ တက်လာပေမဲ့ တခြားသူတွေလည်း ကြိုးစားနေကြတာပဲ... သားက ပထမနေရာမှာပဲ ဆက်နေချင်ရင် ပိုပြီး ကြိုးစားရမယ်... သားအတွက် အမေ ကျူရှင်ဆရာတစ်ယောက် ရှာထားပြီးပြီ... သူက အရမ်းတော်တယ်...】

【သမီး မှတ်ထားရမှာက ယာယီဦးဆောင်နေတာက ဦးဆောင်တာ မဟုတ်ဘူး... အမြဲတမ်း ဦးဆောင်နေတာမှ တကယ့်ဦးဆောင်တာ... သမီးက နောက်ကျမကျန်ခဲ့ချင်ဘူးဆိုရင် သမီး အမှတ်တွေကို တက်လာအောင် ဆယ်ဆ အဆတစ်ရာလောက် ပိုကြိုးစားရမယ်... ပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ပိုကောင်းတဲ့ ရလဒ်တွေ ရဖို့အတွက် အဲ့ဒီအမှတ်တွေကို ထိန်းထားရမယ်...】

【တက္ကသိုလ်ဝင်တန်းစာမေးပွဲက နီးနေပြီ... သမီး အာရုံစိုက်သင့်ပြီ... အမြဲတမ်း ကစားဖို့ချည်းပဲ တွေးမနေနဲ့... စာမေးပွဲပြီးလို့ တက္ကသိုလ်ကောင်းကောင်း ရောက်သွားရင် သမီး ကြိုက်သလို ကစားလို့ရပြီ... ငါတို့လည်း သမီးကို ဘယ်တော့မှ ထပ်မဆူတော့ဘူး...】

【ဟိုလူ့ကို ကြည့်စမ်း... သူတို့က တက္ကသိုလ်ကောင်းကောင်းထဲ ဝင်ခွင့်ရသွားတယ်... ဘွဲ့ရတော့လည်း အလုပ်ကောင်းကောင်း ရတယ်... အခု သူတို့မှာ အိမ်နဲ့ ကားတောင် ရှိနေပြီ... သူတို့ဘဝက ဘယ်လောက်ကောင်းလိုက်လဲ... ပြီးတော့ စာမသင်ခဲ့တဲ့သူတွေကို ကြည့်လိုက်... သူတို့က သန့်ရှင်းရေးသမားတွေ အုတ်သယ်တဲ့သူတွေ ဒါမှမဟုတ် အစားအသောက် ပို့တဲ့သူတွေပဲ ဖြစ်နေတာ... နေပူထဲ မိုးရွာထဲမှာ နေရတာ ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ...】

【မှတ်ထား... ငါတို့လုပ်သမျှ အားလုံးက တကယ်တော့ သမီး ကောင်းဖို့အတွက်ချည်းပဲ... သမီးရဲ့ အနာဂတ်ဘဝ ပိုကောင်းလာဖို့အတွက်ပဲ... စာသင်တာကပဲ တစ်ခုတည်းသော ထွက်ပေါက်... ပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲက တစ်ခုတည်းသော အချိုးအကွေ့ပဲ... သမီးရဲ့ဘဝကို စုတ်ပြတ်သတ်မသွားစေချင်ဘူးဆိုရင် စာမေးပွဲကို သေချာပေါက် ကောင်းကောင်းဖြေနိုင်ရမယ်...】

လူတိုင်းသည် အခြေအနေကို သိကြသော်လည်း စကားတစ်ခွန်းမျှ မပြောရဲကြချေ။ သူတို့သည် "မိဘများ" ၏ စီစဉ်မှုများကို လက်ခံရုံသာ တတ်နိုင်ကြ၏။

"သားတို့သမီးတို့ ကောင်းဖို့အတွက်" ဆိုသောအရာမှာ သူတို့၏ ကိုယ်ပိုင် ဂုဏ်သိက္ခာကို ဖြည့်ဆည်းရန်ဖြစ်ပြီး သားများကို နဂါးများဖြစ်လာစေရန်နှင့် သမီးများကို ဖီးနစ်ငှက်များ ဖြစ်လာစေရန် လိုလားခြင်းမှတစ်ပါး တခြားမရှိချေ။

Book 2 end.

All Chapters