← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း (၂၁) ငါတို့ မွေးထားလို့ပေါ့

ညနေခင်း၌...

"ဒီလို ရိုးရှင်းတဲ့ မေးခွန်းတွေကိုတောင် ဘာလို့ အဖြေမှန်အောင် မဖြေနိုင်ရတာလဲ... ငါ သေချာ ရှင်းပြခဲ့ပြီးသားလေ...ဒါတွေက အထက်တန်းပထမနှစ်က အလွယ်ဆုံး မေးခွန်းတွေပဲ... မင်းက ဆယ်တန်းသင်ရိုးကိုတောင် သေချာ မကျွမ်းကျင်သေးဘဲနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘယ်လိုဖြေမှာလဲ... တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတာ စစ်မြေပြင်ပဲ... အဲ့ဒီစစ်မြေပြင်ပေါ် မင်းသွားရင် အမြောက်စာပဲ ဖြစ်မှာ..."

လီပင်းက ခေါင်းမော့ကာ ကျူရှင်ဆရာကို မောပန်းနွမ်းနယ်စွာ ကြည့်လိုက်သည်။

"ဆရာ... သမီး တကယ် ပင်ပန်းနေပြီ... ခဏလောက် နားလို့ရမလား..."

"နားမယ်..."

ဆရာက လေသံနိမ့်နိမ့်ဖြင့် ပြောကာ သူ၏ နာရီကို ကြည့်လိုက်၏။

"ငါ့အချိန်လည်း ပြည့်နေပြီပဲ... ဒီလောက်နဲ့ပဲ အဆုံးသတ်ကြတာပေါ့..."

ထိုသို့ပြောပြီးနောက် ဆရာ ထွက်သွားသည်။

နောက်ဆုံးတော့ ပြီးသွားပြီဟု လီပင်း တွေးလိုက်မိသည်။ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ သူမက ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး အိပ်ရန် ပြင်ဆင်လိုက်သည်။

"လီပင်း..."

ဒေါသတကြီးအော်ငေါက်သံက သူမကို ချက်ချင်းလန့်နိုးသွားစေသည်။ သူမ ရုတ်တရက် ထထိုင်လိုက်ရာ ရက်စက်ကြမ်းတမ်းသော အမူအရာဖြင့် သူမကို စူးစိုက်ကြည့်နေသော မိခင်ဖြစ်သူကို မြင်တွေ့လိုက်ရသည်။

"အမေ..."

"အမေလို့ လာမခေါ်နဲ့... မတ်တပ်ရပ်စမ်း..."

လီပင်းက သူမ ပင်ပန်းနေပြီး အနားယူချင်ကြောင်း ပြောရန် ဟန်ပြင်လိုက်သော်လည်း မိခင်ဖြစ်သူက ကြားဖြတ်ပြောလိုက်သည်။

သူမသည် ထိတ်လန့်တကြား မတ်တပ်ရပ်လိုက်ပြီး အတင်းအကြပ် ဆက်ပြောသည်။

"သမီး ခဏလောက် အနားယူချင်တယ်..."

"နားမယ်... ငါက နင် နားဖို့အတွက် ဆရာငှားဖို့ ပိုက်ဆံတွေ အကုန်ခံခဲ့တာလား... နင်က ဆယ်တန်းသင်ရိုးကိုတောင် သေချာမကျွမ်းကျင်သေးဘူးလို့ ဆရာက အခုလေးတင် ပြောသွားတယ်... နင်က အစကတည်းက ရှုံးနေပြီကို နားရဲသေးတယ်ပေါ့... အခုချက်ချင်း နေရာမှာ ပြန်ထိုင်ပြီး စာအုပ်တွေဖတ် မေးခွန်းလွှာတွေ လုပ်စမ်း..."

လီပင်း ဆက်လက်၍ သည်းမခံနိုင်တော့ချေ။

"မလုပ်နိုင်ဘူး... သမီး အရမ်းပင်ပန်းနေပြီ... သမီး အနားယူချင်တယ်..."

"အဲ့ဒီစကားကို နောက်တစ်ခါ ထပ်ပြောစမ်း..."

မိခင်ဖြစ်သူက အေးစက်စက် အော်ငေါက်လိုက်၏။

"နင် ဒီအရွယ်ထိကြီးလာအောင် ငါတို့က ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်ခဲ့တာ... ပြီးတော့ နင့်အဖေက..."

"တော်တော့... ရှင်တို့က ကျွန်မရဲ့ မိဘတွေ မဟုတ်ဘူး... ရှင်တို့ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ကျွန်မနဲ့ ဘာမှမဆိုင်ဘူး... ကျွန်မ ဒီနေ့ အရမ်းကို ပင်ပန်းနေပြီ... မနေ့ညကလည်း သေချာမအိပ်ရဘူး... ကျွန်မမှာ စာသင်ဖို့ ခွန်အား လုံးဝမရှိတော့ဘူး..."

လီပင်းက အော်ဟစ်လိုက်သည်။ သူမ ယခု အမှန်တကယ်ကို ပင်ပန်းနေလေပြီ။ သူမ အိမ်ပြန်ရောက်ကတည်းက တစ်ခါမျှ မနားရသေးဘဲ သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။

သူမ အလွန့်အလွန်ကို အနားယူချင်နေခဲ့မိသည်။

"ငါတို့က ဘယ်သူ့အတွက် ပိုက်ဆံရှာနေတယ်လို့ နင် ထင်နေတာလဲ... နင့်အတွက် မဟုတ်ဘူးလား... ငါက ဘာလို့ ကျူရှင်ဆရာတွေအတွက် ပိုက်ဆံအကုန်ခံနေတယ်လို့ နင် ထင်နေတာလဲ... နင် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အမှတ်ကောင်းကောင်းရပြီး နောင်တစ်ချိန် ငါတို့လို ဘဝမျိုး မရောက်အောင်လို့ မဟုတ်ဘူးလား..."

"နင်ကများ ငါ့ကို ပြန်အော်ရဲသေးတယ်ပေါ့... ငါတို့လုပ်သမျှ အရာအားလုံးက နင် ကောင်းဖို့အတွက် နင့်မှာ ပိုကောင်းတဲ့ အနာဂတ် ရှိလာဖို့အတွက်ပဲ... ဘာလို့ နင် အဲ့ဒါကို နားမလည်ရတာလဲ..."

"ပါးစပ်ပိတ်ထားစမ်း..."

လီပင်းက အသံကုန် အော်ဟစ်လိုက်သည်။

"အဲ့ဒါက ကျွန်မ ကောင်းဖို့အတွက် လုံးဝမဟုတ်ဘူး... ရှင်တို့ရဲ့ ဂုဏ်သိက္ခာကို ဖြည့်ဆည်းဖို့ သက်သက်ပဲ... တက္ကသိုလ်ကောင်းကောင်း တက်ရတဲ့ သမီးတစ်ယောက် ရှိတယ်ဆိုတာကို ရှင်တို့က တခြားသူတွေကို ကြွားချင်နေတာပဲ ရှိတာ... ကျွန်မရဲ့ခံစားချက်ကို ရှင်တို့ တစ်ခါလေးတောင် မစဉ်းစားပေးခဲ့ဘူး..."

ဖြန်း...

နောက်ထပ် ပါးရိုက်သံတစ်ချက်...

လီပင်းသည် ပါးကို ကိုင်ထားရင်း သူမ၏ 'မိခင်' ကို အေးစက်စက် လှောင်ပြုံးဖြင့် ကြည့်လိုက်၏။

"ရှင်တို့လို လူတွေက ရိုက်ဖို့ကလွဲပြီး ဘာမှ အသုံးမကျဘူး... ရှင်က ကျွန်မရဲ့အမေ လုံးဝမဟုတ်ဘူး... ပိုမှန်အောင် ပြောရရင် ရှင်က အမေဖြစ်ဖို့တောင် မတန်ဘူး..."

"ကောင်းပြီလေ... တော်တော် ပုန်ကန်ချင်နေပြီပေါ့... နင် ဒီအရွယ်ထိကြီးလာအောင် ငါတို့ ကျွေးမွေးပြုစုလာတာကို နင်ကများ ငါ့ကို ပြန်အော်ရဲသေးတယ်ပေါ့... အခုချက်ချင်း နင့်နေရာကို နင် ပြန်သွား... ဒီည အဲ့ဒီမေးခွန်းလွှာတွေ မပြီးရင် အိပ်ဖို့ လုံးဝမစဉ်းစားနဲ့..."

ဘန်းခနဲ အသံနှင့်အတူ မိခင်ဖြစ်သူသည် တံခါးကို ဆောင့်ပိတ်ကာ ထွက်သွားလေ၏။ အခန်းတစ်ခန်းလုံး အလွန်အမင်း တိတ်ဆိတ်သွားသည်။

လီပင်း အိပ်ချင်စိတ် လုံးလုံးလျားလျား မရှိတော့ချေ။ သူမသည် စားပွဲပေါ်ရှိ မေးခွန်းလွှာများကို ကြည့်လိုက်ကာ သူမ၏ မျက်လုံးများတွင် စိတ်ပိုင်းဖြတ်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။

ငါ ကြိုးစားပြီး စာကျက်ရမယ်... ကြိုးစားပြီး စာကျက်မှသာ ဒီငရဲကနေ ငါ လွတ်မြောက်နိုင်မှာ...

သို့သော် မကြာမီ အပြင်ဘက်မှ တရှုံ့ရှုံ့ ငိုသံသဲ့သဲ့ကို သူမ ကြားလိုက်ရသည်။ ဤသည်မှာ လူတစ်ယောက် ငိုကြွေးနေသည့်အသံနှင့် တူနေသဖြင့် သူမ လန့်ဖျပ်သွားလေ၏။

အဲ့ဒီ မိန်းမတစ္ဆေများလား...

ဘန်း...

တံခါး ထပ်မံ၍ ပွင့်လာသည်။ ဤတစ်ကြိမ် ဝင်လာသူမှာ မိခင်ဖြစ်သူ မဟုတ်ဘဲ ဖခင်ဖြစ်သူ ဖြစ်နေသည်။ သူ၏လက်ထဲတွင် သားရေခါးပတ် တစ်ချောင်းကို ကိုင်ဆောင်ထားသည်။

"ငါတို့က မင်းကို မွေးပြီး ကျွေးမွေးပြုစုခဲ့တယ်... မင်း ပညာသင်ဖို့အတွက် ပိုက်ဆံရအောင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတယ်... မင်း အမှတ်တွေ တက်လာပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်ဖို့ မင်းရဲ့အမေက ကျူရှင်ဆရာတောင် ငှားပေးသေးတယ်... အဲ့ဒါကို မင်းက သူ့ကို စော်ကားတယ်ပေါ့... ကျေးဇူးကန်းတဲ့ သမီး..."

ရွှမ်း...

ခါးပတ်က ခါယမ်းထွက်လာပြီး လီပင်း၏ ကျောပြင်ကို ရိုက်ချလိုက်ရာ ပူလောင်သော နာကျင်မှုတစ်ခု ဖြစ်ပေါ်သွားစေသည်။

လီပင်းက နာကျင်စွာ အော်ဟစ်လိုက်ပြီး သူမ၏ခေါင်းကို ကိုင်ကာ ကုလားထိုင်ပေါ်တွင် ကွေးကွေးလေး ဖြစ်သွားသည်။

"ကျွန်မ သူ့ကို လုံးဝ မစော်ကားခဲ့ဘူး... ကျွန်မကို ရိုက်ဖို့ ရှင်တို့မှာ ဘာအခွင့်အရေး ရှိလို့လဲ..."

"ငါတို့က မင်းရဲ့ မိဘတွေ ဖြစ်နေလို့ပေါ့... ငါတို့ မင်းကို မွေးထားလို့ပေါ့... မင်းသာ သေချာ စာမကျက်လို့ မင်းရဲ့အမေကို ထပ်ပြီး စိတ်ဆင်းရဲအောင် လုပ်မယ်ဆိုရင်... ဒါမှမဟုတ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ထိပ်တန်း တက္ကသိုလ်တစ်ခုထဲ မဝင်နိုင်ဘူးဆိုရင်... ပြန်လာဖို့ မကြိုးစားနဲ့တော့... မင်းလို သမီးမျိုး လုံးဝ မရှိခဲ့ဖူးသလို သဘောထားလိုက်မယ်..."

ရွှမ်း... ရွှမ်း... ရွှမ်း...

နောက်ထပ် အချက်အနည်းငယ် ရိုက်နှက်ပြီးနောက် ဖခင်ဖြစ်သူက တံခါးကို ဆောင့်ပိတ်ကာ ထွက်သွားသည်။

ကုလားထိုင်ပေါ်တွင် ကွေးကွေးလေးဖြစ်နေသော လီပင်း၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်နေသည်။ သူမ၏ ပခုံးများ တုန်ခါနေပြီး သူမသည် အထိန်းအကွပ်မဲ့စွာ ငိုကြွေးနေခဲ့လေ၏။

"ဖေဖေ... မေမေ... သမီး ဖေဖေနဲ့ မေမေတို့ကို အရမ်းလွမ်းတာပဲ... ပြီးတော့... ချန်လန်... ငါ တောင်းပန်ပါတယ်..."

လီပင်းက နာမည်တချို့ကို တီးတိုးရေရွတ်ရင်း ငိုကြွေးနေခဲ့သည်။ သူမ၏ အစစ်အမှန် မိဘများသည် သူမအပေါ် အလွန်ကောင်းမွန်ပြီး တစ်ခါမျှ မရိုက်နှက် မဆူပူခဲ့ဖူးချေ။ ဤတစ္ဆေမိဘများနှင့် လုံးလုံးလျားလျား ခြားနားသည်။

တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာက အမှန်တကယ်ပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

ဘယ်လို မိဘမျိုးက ကိုယ့်ကလေးကို ဒီလို ဆက်ဆံမှာလဲ... နတ်ဆိုးတွေပဲ အဲ့ဒီလို လုပ်မှာ...

သူမ တွေးတောလိုက်မိသည်။

ဖခင်ဖြစ်သူ၏ ရက်စက်သော ရိုက်နှက်မှုကြောင့် လီပင်းသည် သူမအပေါ် ကောင်းမွန်ခဲ့သူများကို သတိရသွားခဲ့သ​ည်။ ယခုအချိန်၌ သူမထံတွင် ကြီးမားသော နောင်တများဖြင့် ပြည့်နှက်နေပြီး နောက်ဆုံးတွင် ချန်လန်၏ နာကျင်မှုကို သူမ ခံစားနားလည်သွားခဲ့လေ၏။

သူလည်း အခု လို မျှော်လင့်ချက်မဲ့ပြီး အကူအညီမဲ့နေတဲ့ အခြေအနေမျိုးကို ခံစားနေရမှာပဲ... ဒါမှမဟုတ် သူ လွတ်မြောက်သွားလောက်ပြီလား...

တစ်ချိန်တည်းမှာပင် ချန်လန်သည် နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်တွင် လီပင်းကို စောင့်ကြည့်နေသည်။ သူမ ဤမျှထိ နာကျင်နေရသည်ကို မြင်ရခြင်းက သူ့အား ကြီးမားသော စိတ်ကျေနပ်မှုတစ်ခုကို ပေးစွမ်းနိုင်သည်။

"ဒီမိဘတွေက တကယ် ယုတ်မာတာပဲ... ငါ့ရဲ့မိဘတွေဆိုရင် ငါ့ကို ဘယ်တော့မှ အဲ့ဒီလို ဆက်ဆံမှာ မဟုတ်ဘူး..."

ဆာရာက ပုံရိပ်ယောင်မျက်နှာပြင်ပေါ်ရှိ မိဘများကို ကြည့်ရင်း ဒေါသတကြီး အံ့ကြိတ်ကာ ပြောလိုက်သည်။

"ဟင်... မင်းမှာလည်း မိဘတွေ ရှိတာလား..."

ချန်လန် လန့်ဖျပ်သွားပြီး ဆာရာကို ကြည့်လိုက်သည်။

ဆာရာက သူ့ဘက်သို့လှည့်၍ စူးရဲစွာ ကြည့်လေသည်။

"မင်းပြောတာ ဘာသဘောလဲ... တစ္ဆေတွေက မိဘတွေ ရှိခွင့်မရှိဘူးလား... ငါ့မှာလည်း မိဘတွေ ရှိတယ်... သူတို့က ငါ့အပေါ် အရမ်းကောင်းကြတယ်..."

"အော်... အဲ့ဒီလိုလား... ဒါဆို တောင်းပန်ပါတယ်..."

"တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှာရှိတဲ့ သတ္တဝါတွေ အားလုံးက အစတုန်းက သဘာဝအတိုင်း မွေးဖွားလာကြတာပဲ... ပြီးတော့ တဖြည်းဖြည်းနဲ့ ငါတို့လည်း နင်တို့ လူသားတွေလိုမျိုး မျိုးပွားဖို့ လိုအပ်လာတာ... ဒါပေမဲ့ သတ္တဝါ အများစုကတော့ လူသားတွေ သေဆုံးသွားပြီးတဲ့နောက် ပြောင်းလဲလာကြတာချည်းပဲ..."

"အင်း... ငါ နားလည်ပြီ..."

"နင်တို့ကမ္ဘာက မိဘတွေ အားလုံးက ဒီလိုချည်းပဲလား... ငါ့အမြင်မှာတော့ မိဘတွေဆိုတာ အမြဲတမ်း ချစ်ခင်ကြင်နာတတ်ပြီး ငါ့ကို မရိုက်မဆူတဲ့သူတွေပဲ... နင်တို့ကမ္ဘာက မိဘတွေက တကယ့်ကို လူမဆန်ကြဘူးပဲ..."

ဤစကားကို ကြားသောအခါ ချန်လန်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။

"လူတိုင်းက မိဘလို့ အခေါ်ခံရဖို့ မတန်ပါဘူး..."

မွေးဖွားပြီးနောက် ပညာသင်ပေးသူများ၊ တာဝန်ယူမှုကို ထမ်းဆောင်ပြီး ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရန် မေတ္တာကို အသုံးပြုသူများစသည့် လူများသာလျှင် မိဘအဖြစ် သတ်မှတ်ခံရထိုက်သည်။

သို့သော် မွေးဖွားပြီး ပညာမသင်ပေးဘဲ 'မိဘများ' ဟူသော အာဏာကို အသုံးပြု၍ ကလေးကို အမြဲတစေ အပြစ်တင်နေသူများသည် လုံးလုံးလျားလျား အသုံးမကျချေ။

'မိဘများ' ဟူသော စကားလုံးသည် တောင်တန်းတစ်ခုထက်ပင် ပို၍ လေးလံသည်။

ဤသည်က သွေးသားဆက်ခံခြင်းကိုသာ ကိုယ်စားပြုသည်မဟုတ်ဘဲ ကြီးလေးသော တာဝန်ယူမှု၊ ခြွင်းချက်မရှိ ကာကွယ်စောင့်ရှောက်မှုနှင့် လမ်းညွှန်မှုပေးရမည့် တာဝန်ဝတ္တရားများကိုလည်း ကိုယ်စားပြုသည်။

ပြုစုပျိုးထောင်ခြင်းမရှိဘဲ မွေးဖွားခြင်းသည် စွန့်ပစ်ခြင်းဖြစ်သည်။

ပညာမသင်ပေးဘဲ ပြုစုပျိုးထောင်ခြင်းသည် ပေါ့ဆခြင်းဖြစ်သည်။

အကြမ်းဖက်မှုမှတစ်ဆင့် ပညာသင်ပေးခြင်းသည် ရာဇဝတ်မှုဖြစ်သည်။

သူတို့ကို 'မိဘများ' ဟူသော စကားလုံးဖြင့် သုံးနှုန်းခြင်းသည် ထိုဝေါဟာရကို စော်ကားခြင်းပင်။

ချန်လန်၏ အမူအရာကို ကြည့်ရင်း ဆာရာသည် အပြည့်အဝ ကိုယ်ချင်းမစာနိုင်သော်လည်း ပုံရိပ်ယောင်မျက်နှာပြင်ကို ပြန်ကြည့်လိုက်သည်။

ကစားသမားတိုင်း ကြုံတွေ့နေရသောအရာများကို စောင့်ကြည့်ရင်း ထိုတစ္ဆေမိဘများထံမှ မိဘမေတ္တာ အရိပ်အယောင်လေးတစ်ခုမျှပင် သူမ မမြင်တွေ့ရချေ။ သူတို့၏ မျက်လုံးများတွင် အမှတ်များ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် သူတို့၏ ကလေးများကို 'နဂါးများနှင့် ဖီးနစ်ငှက်များ' ဖြစ်လာစေလိုသော ဆန္ဒများသာ ရှိနေပုံရလေ၏။

ကစားသမားများကို သူတို့၏ ကလေးများဟု ခေါ်ဆိုခြင်းထက် သူတို့၏ ကိရိယာများဟု ခေါ်ဆိုခြင်းက ပို၍ တိကျပေလိမ့်မည်။

ထို့ထက်ပို၍ကြောက်စရာကောင်းသည်မှာ ဤအရာများသည် ချန်လန်၏ ကိုယ်ပိုင်အတွေ့အကြုံများ ဖြစ်နေခြင်းပင်။ ဆိုလိုသည်မှာ ဤကဲ့သို့ မိဘများ အမှန်တကယ် တည်ရှိနေပြီး ချန်လန်၏ စိတ်ကူးယဉ်မှုသက်သက် မဟုတ်ခြင်း ဖြစ်ပေ၏။

နယ်မြေထဲတွင် လူသေ၍မရသလို နယ်မြေသည် တစ်နေ့တွင် ပြီးဆုံးသွားမည်ဖြစ်ရာ အိပ်မက်ဆိုး ပြီးဆုံးသွားမည်ဟု ဆိုလိုသည်။ သို့သော် ဤသည်က လက်တွေ့ဘဝဖြစ်ပါက နယ်မြေတစ်ခု မဟုတ်တော့ချေ။ ထိုအရာသည် ဘယ်တော့မှ ပြီးဆုံးမည် မဟုတ်ပေ။

ဤအချက်ကို တွေးမိသည်နှင့် ဆာရာကဲ့သို့ တစ္ဆေတစ်ကောင်ပင် တုန်လှုပ်သွားပြီး နောက်ဆုံးတွင် ထိုကိစ္စ၏ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားလိုက်ရသည်။

"အရမ်းကြောက်စရာကောင်းတာပဲ... နင်တို့ကမ္ဘာက တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာထက်တောင် ပိုပြီး ကြောက်စရာကောင်းသေးတယ်..."

All Chapters