အခန်း ၂၂
Vol. 3 Ch. 22
အခန်း (၂၂) သေရမှာ ကြောက်ရာကနေ သေချင်တဲ့အထိ ဖြစ်လာတယ်
"သခင်ဟေးယွီ... ချန်လန်ဆိုတဲ့ကောင်က ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ငြင်းဆိုပါတယ်..."
"ဟက်... သူက ကံကောင်းလို့ နယ်မြေကောင်းကောင်းလေး တစ်ခုကို ဖန်တီးနိုင်ခဲ့တာလေးနဲ့ ငါ ဟေးယွီကိုတောင် ဆန့်ကျင်ရဲတယ်ပေါ့... တခြား အဆင့်မြင့် စီမံခန့်ခွဲသူတွေကို ဆက်သွယ်လိုက်... ဒီနယ်မြေမှာ သေဆုံးမှု သတ်မှတ်ချက် မရှိတာက ပထမဆုံး တုန်လှုပ်ချောက်ချားနတ်ဘုရားရဲ့ မူဝါဒတွေကို သိသိသာသာ ချိုးဖောက်နေတာပဲ..."
မြင့်မားသော ပလ္လင်ပေါ်တွင် ထိုင်နေသော သခင်ဟေးယွီသည် ဝိုင်ခွက်ကို ကိုင်ထားရင်း အားကုန်သုံး၍ ညှစ်ခွဲလိုက်၏။ အတွင်းရှိ 'ဝိုင်နီ' များသည် နေရာအနှံ့ ဖြာကျသွားပြီး မျှော်လင့်မထားလောက်အောင် သိပ်သည်းသော သွေးနံ့များ ထွက်ပေါ်လာသည်။
ဤသည်က ဝိုင်နီမဟုတ်ဘဲ သွေးများသာ ဖြစ်နေသည်။
ဤစကားကို ကြားသောအခါ ယော်ဆန်သည် သခင်ဟေးယွီ၏ စကားများကို ချက်ချင်းနားလည်သွားသည်။
ပထမဆုံး တုန်လှုပ်ချောက်ချားနတ်ဘုရားသည် သူ၏ ကိုယ်ပိုင်စွမ်းအားကို အသုံးပြု၍ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာ၏ မူလပုံစံကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ အဆက်ဆက်သော တုန်လှုပ်ချောက်ချားနတ်ဘုရားများ၏ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီးနောက် ယခုလက်ရှိ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာ ဖြစ်ပေါ်လာခဲ့ခြင်းပင်။
သို့သော် နောက်ပိုင်း တုန်လှုပ်ချောက်ချားနတ်ဘုရားများ အားလုံးသည် ပထမဆုံးနတ်ဘုရားကို သူတို့၏ စံပြအဖြစ် သတ်မှတ်ထားကြသည်။ သူ ပြောဆိုခဲ့သော စကားများကို မည်သူမျှ မဆန့်ကျင်ရဲကြချေ။
မသေဆုံးမီတွင် တုန်လှုပ်ချောက်ချားနတ်ဘုရားသည် သဘာဝလွန် သတ္တဝါများနှင့် လူသားများ နှစ်ဖက်လုံး လိုက်နာရမည့် မူဝါဒတချို့ကို သတ်မှတ်ပေးခဲ့သည်။
တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုတွင် သေဆုံးမှု သတ်မှတ်ချက် ပါဝင်ရမည်ဟူသော မူဝါဒမှာ တုန်လှုပ်ချောက်ချားနတ်ဘုရား သတ်မှတ်ခဲ့သော မူဝါဒများထဲမှ တစ်ခုပင်။
သခင်ဟေးယွီသည် ထိုနယ်မြေကို သပိတ်မှောက်ရန် တခြားသော အဆင့်မြင့် စီမံခန့်ခွဲသူများနှင့် ပူးပေါင်းလိုခြင်း ဖြစ်ပေ၏။ တုန်လှုပ်ချောက်ချားနတ်ဘုရား၏ ပြစ်ဒဏ် ကျဆင်းလာသည်နှင့် တပြိုင်နက် သူတို့သည် နယ်မြေကို သူတို့၏အပိုင်အဖြစ် သိမ်းပိုက်ရန် အခွင့်အရေး ယူနိုင်ပေမည်။
"ဟုတ်ကဲ့... ကျွန်တော် အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်..."
ယော်ဆန် ထွက်သွားပြီးနောက် သခင်ဟေးယွီက အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။
"ဒီလောက် အံ့အားသင့်စရာကောင်းတဲ့ နယ်မြေမျိုးက သေချာပေါက် ငါ့ဟာ ဖြစ်ရမယ်... ပြီးတော့ အဲ့ဒီလူကလည်း ငါ့လူ ဖြစ်ရမယ်..."
ချန်လန်သည်【အထက်တန်းနောက်ဆုံးနှစ်】 နယ်မြေကို ဖန်တီးနိုင်စွမ်းရှိခြင်းမှာ သူ့ထံတွင် ပို၍ပင် ကြီးမားသော အလားအလာများ သေချာပေါက် ရှိနေကြောင်း ဆိုလိုသည်။ ဤလူသားသည် အသုံးဝင်မှု တန်ဖိုး ရှိနေသေးသဖြင့် ပို၍များပြားသော နယ်မြေများ ဖန်တီးလာစေရန် အတင်းအကျပ် အကျဉ်းချထားရပေမည်။
...
နယ်မြေကမ္ဘာ၌....
သုံးရက်တာ အားလပ်ရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့လေ၏။ ဤသည်မှာ တိုတောင်းသည်ဟု ထင်ရသော်လည်း ကစားသမားများအတွက်မူ အလွန်အမင်း ကြာရှည်သည်ဟု ခံစားခဲ့ရသည်။
နေ့လယ်ခင်း၌...
"ကျွန်တော်ရဲ့ အမြင်အရဆိုရင်တော့ ကျောင်းသား လီပင်းရဲ့ သင်ယူနိုင်စွမ်းက အရမ်းကိုညံ့ဖျင်းတယ်... ဒါ့ပြင် သူက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း မရှိဘူး... ခဏခဏ အိပ်ငိုက်နေတတ်တယ်... မိဘတွေအနေနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် လေးလတောင် မလိုတော့ဘူးဆိုတာကို ကိုယ့်ကလေးကို အမြဲတမ်း သတိပေးနေသင့်တယ်... အချိန်တွေ ထပ်ဖြုန်းနေလို့ မရတော့ဘူး..."
"ဟုတ်ကဲ့ပါ ဆရာ... ကလေးကို သေချာပေါက် ပဲ့ပြင်ဆုံးမပါ့မယ်..."
"အင်း... ဒါဆို ကျွန်တော် သွားတော့မယ်... လိုအပ်တာ ရှိရင် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်... ဈေးလည်း လျှော့ပေးပါ့မယ်..."
"ဟုတ်ကဲ့... ဂရုစိုက်သွားပါ ဆရာ..."
လူငယ်ဆရာ လှေကားခွင်ထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် မိခင်ဖြစ်သူ၏အပြုံး ချက်ချင်းအေးခဲတောင့်တင်းသွားသည်။ သူမသည် တံခါးကို ဆောင့်ပိတ်လိုက်ပြီး အေးစက်သော မျက်နှာထားဖြင့် လီပင်း၏ အခန်းဆီသို့ လျှောက်လှမ်းသွားလေ၏။
အထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် စာမေးပွဲမေးခွန်းလွှာများကြားတွင် နစ်မြုပ်နေသော လီပင်းကို သူမ မြင်တွေ့လိုက်ရသည်။ လီပင်း၏ နှုတ်ခမ်းများမှာ သွေးရောင်ကင်းမဲ့နေပြီး မျက်လုံးအောက်တွင် အမည်းရောင်ကွင်းကြီးများ ရှိနေပေ၏။ သူမ၏ မျက်ခွံများ အဆက်မပြတ် ပိတ်ကျနေသော်လည်း သူမက အတင်းအကျပ် ဖွင့်ထားရသည်။
"သုံးရက်လုံးလုံး စာကျက်တာတောင် နင့်ရဲ့အမှတ်တွေက နောက်ကျကျန်နေတုန်းပဲ... နင့်လို အမှိုက်ကို ငါ ဘယ်လိုများ မွေးမိပါလိမ့်လို့ တွေးတောင် မတွေးတတ်တော့ဘူး... နင့်ကို မွေးမယ့်အစား ဝက်တစ်ကောင် မွေးလိုက်တာကမှ ပိုကောင်းဦးမယ်..."
"နင် သိလား... မိဘတွေဂရုထဲမှာ ခုလေးတင် စာတစ်စောင် ထပ်ရောက်လာတယ်... နင့်ရဲ့အတန်းဖော် ကျိုးထျန်ချန်နဲ့ ဟန်ထျန်ယွီတို့ နှစ်ယောက်က ကျူရှင်ဆရာတွေရဲ့ လမ်းညွှန်မှုနဲ့ ဆယ်တန်းသင်ရိုး တော်တော်များများကို ကျွမ်းကျင်နေကြပြီတဲ့... တရုတ်စာ မေးခွန်းလွှာတွေမှာ ရှစ်ဆယ်ကျော်တောင် ရနေကြပြီ... အခု နင့်ကိုယ်နင် ပြန်ကြည့်စမ်း... ခုထိ ခုနစ်ဆယ်တောင် မပြည့်သေးဘူး... နင် မရှက်ဘူးလား..."
"ငါ ဈေးသွားဝယ်တဲ့အချိန်မှာ လူတွေ ငါ့အကြောင်း ဘာပြောကြလဲ နင် သိလား... ငါ့ရဲ့သမီးက တရုတ်စာမေးပွဲ ကျတယ်လို့ ပြောကြတယ်... အဲ့ဒါက နားထောင်ရတာ ဘယ်လောက်တောင် နာကျင်ရလဲဆိုတာ နင် သိလား... လေးလတောင် မလိုတော့ဘူး... ဘာပဲဖြစ်ဖြစ် နင့်ရဲ့အမှတ်တွေကို ဆွဲတင်ရမယ်... ဒီည နင် ညပိုင်း ကိုယ်ပိုင်စာကျက်ချိန် သွားရမယ်... ငါပြောတာ နားထောင်... နောက်လကျလို့ နင့်အမှတ်တွေ တက်မလာရင် ပြန်လာဖို့ မစဉ်းစားနဲ့တော့..."
"အခု ထွက်ခဲ့... ထမင်းစား... ပြီးရင် ညပိုင်း ကိုယ်ပိုင်စာကျက်ချိန် သွားဖို့ ဘတ်စ်ကား သွားစီးတော့..."
ဘန်း...
တံခါး ဆောင့်ပိတ်သွားသံနှင့်အတူ လီပင်း၏ မျက်ရည်များလည်း ကျဆင်းလာလေ၏။
မျက်ရည်တစ်ပေါက်ပြီး တစ်ပေါက်သည် စာမေးပွဲမေးခွန်းလွှာပေါ်သို့ ကျဆင်းလာပြီး မင်များကို ပြန့်ကျဲသွားစေသော်လည်း သူမ၏လက်သည် ရပ်တန့်မသွားခဲ့ချေ။
စာလုပ်ရမယ်....ငါ စာလုပ်ရမယ်...တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ထိပ်ဆုံးငါးယောက်စာရင်း ဝင်နိုင်မှသာ ဒီငရဲကနေ ငါ ထွက်သွားနိုင်မှာ...
ဤသုံးရက်ကြာပြီးနောက် ကစားသမားအားလုံးသည် စာသင်ခြင်း၏ အရေးကြီးပုံကို နားလည်သွားကြ၏။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထိပ်ဆုံးငါးယောက်စာရင်း ဝင်နိုင်မှသာ ဤမျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသော ငရဲမှ သူတို့ ထွက်ခွာသွားနိုင်ပေမည်။
...
ညနေ ၆ နာရီ...
ထမင်းစားပြီးနောက် လီပင်းသည် သူမ၏ မိခင်နောက်မှလိုက်၍ လူနေအိမ်ရာဝင်းထဲမှ ထွက်လာခဲ့လေ၏။ ဤသည်မှာ လူနေအိမ်ရာဝင်းထဲမှ သူမ ပထမဆုံးအကြိမ် ထွက်လာခြင်းပင်။
ကျယ်ပြန့်သော အပြင်ဘက်ကမ္ဘာကြီးနှင့် လတ်ဆတ်လွတ်လပ်သော လေထုကို ကြည့်ရင်း သူမ အလွန်အမင်း အံ့အားသင့်ကာ မယုံကြည်နိုင် ဖြစ်သွားသည်။
ဒါဆို ဒီကမ္ဘာက ငါ ခြေချလို့ရတဲ့ နေရာတစ်ခုပဲပေါ့...
လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရတဲ့ ကြက်တူရွေးတစ်ကောင်ကဲ့သို့ တသက်လုံး အပြင်ဘက်ကမ္ဘာသို့ ခြေချခွင့်ရမည်မဟုတ်ဟု သူမ ထင်မှတ်ထားခဲ့မိခြင်း ဖြစ်ပေ၏။
ဒီအိမ် ဒီကျောင်းကနေ ထွက်ပြေးဖို့ ဒီအခွင့်အရေးကို ငါ ယူလိုက်ရမလား...
သူမက တွေးတောလိုက်မိသည်။
ဤအတွေးသည် တခဏကြာမျှသာ ဖြစ်ပေါ်လာပြီးနောက် သူမသည် ထိုအရာကို ဖယ်ရှားလိုက်သည်။ ဤနေရာသည် နယ်မြေတစ်ခုပင်။ သူမ မည်မျှပင် ဝေးဝေးပြေးစေကာမူ နယ်မြေအတွင်းမှ သူမ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ကျွီ...
ထိုအချိန်၌ အဝါရောင် ဘတ်စ်ကားတစ်စီး သူမရှေ့တွင် ရပ်တန့်သွားသည်။
"တက်တော့... ဒီကားက နင့်ကို ကျောင်းပို့ပေးလိမ့်မယ်..."
လီပင်း အူကြောင်ကြောင် ဖြစ်သွားလေ၏။
အိမ်ကိုပြန်လာတုန်းက မျက်စိတစ်မှိတ်အတွင်းပဲ ရောက်လာခဲ့တာကို အခု ကျောင်းသွားဖို့ ဘာလို့ ဘတ်စ်ကားစီးရတာလဲ....
သူမ တွေးတောလိုက်မိသည်။
သူမ နားမလည်နိုင်သော်လည်း ဘတ်စ်ကားပေါ်သို့ တက်လိုက်သည်။
သူမ အတွင်းသို့ ကြည့်လိုက်ရာ လူလတ်ပိုင်းအမျိုးသားတစ်ဦး၊ သားအဖနှစ်ဦးနှင့် သူမ အလွန်ရင်းနှီးသောသူ တစ်ဦးရှိနေပေ၏။ ထိုသူမှာ ချန်ထျန်ပင်။
သူမ၏ မျက်လုံးများ တောက်ပသွားသည်။ အတန်းဖော်တစ်ဦးကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။
ချန်ထျန်သည် သူမကို မြင်သောအခါ သူ၏မျက်လုံးများလည်း ကယ်တင်ရှင်တစ်ဦးကို တွေ့လိုက်ရသကဲ့သို့ အလွန်အမင်း ပျော်ရွှင်မှုများဖြင့် တောက်ပသွားသည်။
လီပင်းက အလျှင်အမြန် လျှောက်လှမ်းသွားပြီး ချန်ထျန်၏နံဘေးတွင် ထိုင်လိုက်ကာ ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သော အပြုံးတစ်ခုကို ပြသလိုက်၏။
"နင့်ကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."
"ငါလည်း အတူတူပဲ..."
မကြာမီ ဘတ်စ်ကား စတင်ရွေ့လျားသွားသည်။
"ပြီးခဲ့တဲ့ သုံးရက်အတွင်း မင်း ဘယ်လိုနေလဲ..."
ချန်ထျန်သည် လီပင်းကို ကြည့်ပြီး မေးလိုက်ကာ သူ၏အသံ အနည်းငယ် တုန်ယင်နေသည်။
"မကောင်းဘူး... ငါ့အတွက် ကျူရှင်ဆရာ အပ်ပေးထားတယ်... သုံးရက်ဆက်တိုက် ကောင်းကောင်းတောင် မနားရဘူး... တစ်နေ့ကို နှစ်နာရီပဲ အိပ်ရတယ်..."
ဤစကားကို ကြားသောအခါ ချန်ထျန်၏ မျက်လုံးများ ပြူးကျယ်သွားလေ၏။ လီပင်းလည်း သူ့ကဲ့သို့ဖြစ်နေမည်ဟု သူ ထင်မှတ်မထားခဲ့ချေ။ သူတို့အားလုံး ဘဝတူများဖြစ်သဖြင့် သူ အနည်းငယ် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ငါလည်း အတူတူပဲ... ပြီးတော့ ငါ့ရဲ့အဖေက အရက်သမားလေ... သူ မူးလာရင် ငါ့ကို ရိုက်တယ်..."
ချန်ထျန်က သူ၏အင်္ကျီကို ဆွဲမပြလိုက်ရာ သူ၏ ဝမ်းဗိုက်နှင့်ခါးတွင် ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်များ ပြည့်နှက်နေသည်။
လီပင်းသည် မယုံကြည်နိုင်စွာဖြင့် သူမ၏ပါးစပ်ကို ဖုံးအုပ်ထားလိုက်၏။ လူတိုင်း၏ မိဘများမှာ မတူညီကြဘဲ တချို့လူများမှာ သူမထက်ပင် ပို၍ ကြောက်စရာကောင်းသော နာကျင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားနေကြရသည်။
"ဒီသုံးရက်အတွင်း ငါ ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ခဲ့လဲဆိုတာ ငါတောင် မသိတော့ဘူး... ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် ခဏခဏ တွေးမိတယ်..."
ချန်ထျန်က ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ရာ ခါးသီးပြီး မျှော်လင့်ချက်မဲ့နေသော အပြုံးတစ်ခုက သူ၏နှုတ်ခမ်းများပေါ်တွင် ထွက်ပေါ်လာသည်။
"ဘယ်သူကရော မတွေးမိဘဲ နေမှာလဲ..."
လီပင်း၏ မျက်လုံးများတွင် အရောင်အသွေးများ ပျောက်ကွယ်သွားသည်။ လွန်ခဲ့သော တစ်လတာ အတွေ့အကြုံများကို ပြန်လည်အမှတ်ရလာချိန်၌ သူမသည် ဤနယ်မြေမှ ထွက်ခွာနိုင်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ချက်ချင်းပေါက်ဖွားလာပေ၏။
"အကြွင်းမဲ့ သေဆုံးမှု မရှိတာကြောင့် ဒီနယ်မြေက အလွယ်ဆုံးဖြစ်မယ်လို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ အခုကြည့်ရတာ သေဆုံးမှု မရှိတာကမှ အကြောက်ရဆုံးအပိုင်းပဲ ဖြစ်နေတယ်... သူတို့က ငါတို့ရဲ့ စိတ်ဝိညာဉ်တွေကို ညှဉ်းပန်းနှိပ်စက်ပြီး ငါတို့ကို လမ်းဆုံးရောက်အောင် တွန်းပို့နေတာပဲ..."
ချန်ထျန်က အံ့ကြိတ်၍ ပြောလိုက်သည်။
"အဲ့ဒီလိုဆိုရင်တောင်မှ ငါတို့ လက်လျှော့လို့ မရဘူး... ငါတို့ လုံးဝ အသေမခံနိုင်ဘူး... ငါတို့ အမှတ်ကောင်းကောင်းရအောင် လုပ်ပြီး ဒီသောက်ရေးမပါတဲ့ နယ်မြေကနေ ထွက်သွားရမယ်..."
လီပင်းက ချန်ထျန်ကို နှစ်သိမ့်ပေးလိုက်၏။
ချန်ထျန်သည် သူမထက်ပင် ပို၍ဆိုးရွားသောအခြေအနေတွင် ရှိနေပုံရသည်။ သူ ဘာတွေ ကြုံတွေ့ခဲ့ရသလဲ သို့မဟုတ် အခြားသူတွေ ဘာတွေ သည်းခံခဲ့ရသလဲ ဆိုတာကို သူမ တွေးတောင် မတွေးရဲချေ။
ဤနယ်မြေတွင် သေဆုံးမှု မရှိသော်လည်း ဤသည်က သေခြင်းတရားထက် ပို၍ကြောက်စရာကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ဤနယ်မြေသည် သူတို့ကို သေချင်စိတ်ပေါက်လာသည်အထိ ညှဉ်းပန်းနှိပ်စက်နေသောကြောင့်ပင်။
အစပိုင်းတွင် သူတို့အားလုံး သေရမည်ကို ကြောက်ရွံ့ခဲ့ကြသော်လည်း ယခုအချိန်၌ လူအချို့မှာ သေချင်နေကြလေပြီ။
ဤသည်မှာ အကြောက်ရဆုံးအရာပင်။
"ဖေဖေ... မနက်ဖြန်ကျရင် သမီးကို ကစားကွင်း ခေါ်သွားပေးလို့ ရမလားဟင်..."
"ရတာပေါ့ သမီးလေးရယ်..."
ထိုအချိန်၌ အရှေ့ဘက်မှ သားအဖနှစ်ဦးက ရုတ်တရက် စကားပြောဆိုလာကြသည်။ လီပင်းနှင့် ချန်ထျန် နှစ်ဦးလုံး လှမ်းကြည့်လိုက်ကြ၏။
ထိုသားအဖနှစ်ဦးကြားရှိ ရင်းနှီးသော အပြုအမူများနှင့် ချစ်ခင်ကြင်နာသော စကားများကို ကြည့်ရင်း သူတို့နှစ်ဦးလုံး၏ မျက်လုံးများတွင် မနာလိုမှုများ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။
"ပြောစမ်းပါအုံး... လူတိုင်းက တကယ်ပဲ မိဘဖြစ်ဖို့ ထိုက်တန်ရဲ့လား..."