← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

အခန်း (၂၃) ဘာ... ဘာသာရပ်အသစ် ဟုတ်လား

ကျောင်း....

ဘတ်စ်ကားသည် ကျောင်းအဝင်ဝတွင် ရပ်တန့်သွားလေ၏။ ဤသည်မှာ လီပင်းနှင့် ချန်ထျန်တို့ ကျောင်းကို အပြည့်အဝ မြင်တွေ့ရသည့် ပထမဆုံးအကြိမ်လည်းဖြစ်သည်။

【ဆန်းကြယ်အထက်တန်းကျောင်း】

သူတို့နှစ်ဦးသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး အလွန်အမင်း ငြင်းဆန်လိုစိတ်များဖြင့် ဘတ်စ်ကားပေါ်မှ ဆင်းလာခဲ့ကြသည်။

သူတို့ ဤမြေပြင်ပေါ်သို့ အမှန်တကယ် ခြေချလိုက်ချိန်၌ သူတို့၏ ခန္ဓာကိုယ်များထဲမှ ခွန်အားများအားလုံး ဆုတ်ခွာသွားသကဲ့သို့ ခံစားလိုက်ရသည်။ လွန်ခဲ့သော တစ်လက ဖိနှိပ်ချုပ်ချယ်မှုများ၊ မျှော်လင့်ချက်မဲ့မှုများနှင့် အကူအညီမဲ့မှုများသည် တစ်ဖန်ပြန်၍ ရောက်ရှိလာခဲ့ပေ၏။

"ဟင့်အင်း... ငါ ဒီငရဲတွင်းကို ပြန်မသွားချင်ဘူး... ငါ့ကို ပြန်ခေါ်သွားပါ..."

ချန်ထျန်သည် ခေါင်းကို ရူးသွပ်စွာ ယမ်းခါလိုက်ပြီး ဘတ်စ်ကားပေါ်သို့ ပြန်တက်ရန် အရူးတစ်ယောက်အလား နောက်သို့ လှည့်ကြည့်လိုက်သည်။

သို့သော် သူသည် ရက်စက်သော စွမ်းအားတစ်ခုကြောင့် လွင့်စင်သွားပြီး ကျောင်းအဝင်ဝတွင် ပြင်းထန်စွာ ရိုက်မိသွားသည်။

လီပင်းသည် ကျောင်းကို ကြည့်ကာ အံ့ကြိတ်ထားလိုက်သည်။ သူမသည်လည်း ထိုအိပ်မက်ဆိုးများ ပြည့်နှက်နေသော နေရာသို့ ပြန်မသွားချင်သော်လည်း အိမ်သို့ပြန်ရန်မှာမူ....

ထိုနေရာမှာ ကျောင်းထက်ပင် ပို၍ကြောက်စရာကောင်းသော နေရာဖြစ်ပြီး ထိုသို့လုပ်ရန် သူမ ပို၍ပင် ဆန္ဒမရှိချေ။

မကြာမီ ဘတ်စ်ကားများ တစ်စီးပြီးတစ်စီး ရောက်ရှိလာပြီး ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြကာ နောက်ဆုံးတွင် လူတိုင်း ကျောင်းအဝင်ဝတွင် စုရုံးမိသွားကြ၏။

လီပင်းက လှမ်းကြည့်လိုက်ရာ ကျောင်းသားတိုင်း၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ကစားနေကြပြီး ပြင်းထန်သော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

"ဒီသုံးရက်အတွင်းမှာ မင်းတို့ထဲက အရိုက်ခံရတဲ့သူ ရှိလား... အခု ငါ အရိုက်ခံရမှာကို အရမ်းကြောက်နေပြီ... အဲ့ဒီ တစ္ဆေမိဘတွေက တကယ်ကို သနားညှာတာမှု မရှိကြဘူး..."

"သောက်ကျိုးနည်း... ငါက ဒေါသထွက်လွယ်တော့ မနေနိုင်ဘဲ ပြန်ချလိုက်တာ... နောက်ဆုံးကျတော့ သူတို့နှစ်ယောက်ပေါင်းပြီး ငါ့ကို ဝိုင်းရိုက်ကြတာ... သေလုမတတ်ပဲ..."

"ဒီနယ်မြေမှာ သေဆုံးမှု သတ်မှတ်ချက် မရှိတာကိုပဲ ဝမ်းသာလိုက်ပါ... မဟုတ်ရင် မင်း အကြိမ်ပေါင်း ရာနဲ့ချီပြီး သေနေလောက်ပြီ..."

"မင်းတို့ထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တဲ့ အတွေး ပေါက်လာတဲ့လူတွေ မရှိကြဘူးလား..."

ဤနောက်ဆုံးစကားများကို ချန်ထျန်က ပြောဆိုလိုက်ခြင်းပင်။

သူ ဤစကားကို ပြောလိုက်သည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်သွားပြီး လူတိုင်း ချန်ထျန်ကို ကြည့်လိုက်ကြ၏။

ပတ်ဝန်းကျင်သည် အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် လူတစ်ဦးက စကားပြောဆိုသည်။

"ငါ တွေးဖူးတယ်... အထူးသဖြင့် အတင်းအကြပ် စာကျက်ခိုင်းတဲ့ အချိန်မျိုးမှာပေါ့... ငါ အကောင်းဆုံး ကြိုးစားနေတာ သိသာနေတာတောင် သူတို့က လူစကားကို နားမလည်သလိုမျိုး ပြုမူကြတယ်... ငါနဲ့ လုံးဝဆက်သွယ်ပြောဆိုတာမျိုး မလုပ်ဘူး... ငါ့ကို ရိုက်ဖို့နဲ့ ဆူဖို့ပဲ သိတယ်..."

"ငါ ဝရန်တာပေါ်မှာ ရပ်ကြည့်ဖူးတယ်... ဒါပေမဲ့ ငါ ခုန်ချဖို့ သတ္တိမရှိခဲ့ဘူး... ငါ သေရမှာကို ကြောက်နေတုန်းပဲ..."

"အားလုံးပဲ အားတင်းထားကြပါ... စာသင်ရုံလေးပါပဲ... ငါတို့ တစ်လတောင် တောင့်ခံနိုင်ခဲ့ပြီပဲ... နောက်လေးလဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရောက်ပြီ... သူတို့ ငါတို့ကို ညှဉ်းပန်းနှိပ်စက်ဖို့ နည်းလမ်း သိပ်မကျန်တော့ပါဘူး..."

"ဟုတ်တယ်... ငါတို့ တစ်လတောင် သည်းခံနိုင်ခဲ့တာပဲ... နောက်ထပ် လေးလလောက်ပါပဲ... ဘာမှမဖြစ်ပါဘူး..."

ဒီလောက်တောင် ဆင်းရဲဒုက္ခရောက်နေပြီပဲ... ဒီထက်ပိုပြီးတော့ မဆိုးနိုင်တော့ပါဘူးဟု သူတို့ တွေးလိုက်မိကြ၏။

အလွန်ဆုံး သူတို့ကို စာမေးပွဲမေးခွန်းလွှာ နည်းနည်းပိုပေးရုံလောက်သာ ရှိပေမည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထိပ်ဆုံးငါးယောက်စာရင်း ဝင်နိုင်သူများသာ ဤကမ္ဘာမှ ထွက်ခွာခွင့်ရမည်ကို လူတိုင်း ယခုချိန်၌ နားလည်သွားကြလေပြီ။ ထိုစာရင်းသို့ မဝင်နိုင်သူများမှာမူ ထွက်ခွာခွင့် မရနိုင်ခြင်း သို့မဟုတ် ပို၍ကြောက်မက်ဖွယ်ကောင်းသော အဆုံးသတ်တစ်ခုကို ရင်ဆိုင်ရနိုင်ချေ အလွန်များသည်။

ထို့ကြောင့် သူတို့ ပို၍ ကြိုးစားအားထုတ်ရပေမည်။

"သွားကြရအောင်..."

ကျိုးထျန်ချန်က ဦးဆောင်ကာ ကျောင်းဝင်းထဲသို့ လျှောက်လှမ်းဝင်ရင်း ပြောလိုက်၏။

ဆခြားသူများသည်လည်း နောက်မှကပ်၍ လိုက်သွားကြသည်။

အကြောင်းအရင်းတစ်ခုခုကြောင့် သူတို့ ကျောင်းဝင်းထဲသို့ ခြေချလိုက်သည်နှင့် တပြိုင်နက် သူတို့၏ စိတ်ဓာတ်များ လေးလံသွားသကဲ့သို့ ဖြစ်သွားပြီး လမ်းလျှောက်နေသော အလောင်းကောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။

လမ်းညွှန်ချက်အတိုင်း လိုက်သွားကာ လူတိုင်းသည် စာသင်ခန်းသို့ ရောက်ရှိလာကြပြီး သူတို့၏ သက်ဆိုင်ရာ နေရာများတွင် ထိုင်လိုက်ကြ၏။

အချိန်အနည်းငယ်ကြာပြီးနောက် သုံးရက်တိုင်တိုင် မတွေ့ခဲ့ရသော တရုတ်စာဆရာမက စာသင်ခန်းထဲသို့ ဝင်ရောက်လာသည်။

ဆရာမကို မြင်လိုက်ရသည်နှင့် တပြိုင်နက် လူတိုင်းသည် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပြီး နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသောအရာ တစ်ခုခု ဖြစ်မလာစေရန် သူတို့၏စိတ်ထဲမှ ဆုတောင်းနေကြသည်။

"ကျောင်းကို ပြန်လာတာ ကြိုဆိုပါတယ်... ဒီအားလပ်ရက် သုံးရက်အတွင်းမှာ မင်းတို့တွေ အများကြီး ပျော်ခဲ့ရပြီး အများကြီး အနားယူခဲ့ရမယ်လို့ ထင်တယ်..."

တရုတ်စာဆရာမက အပြုံးနှင့် ပြောလိုက်သည်။

တရုတ်စာဆရာမ၏ စကားတစ်ခွန်းတည်းက လူတိုင်းကို စိတ်ထဲတွင် ပြိုလဲသွားစေခဲ့သော်လည်း သူတို့ အသံမထွက်ရဲကြချေ။

ပျော်ရတာ...သောက်ကျိုးနည်း... ငါတို့ သေလုမတတ် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာ...

အကယ်၍ သူတို့ သေ၍မရနိုင်ခြင်းသာ မဟုတ်ပါက သူတို့ အကြိမ်ပေါင်း ရာနှင့်ချီ၍ သေဆုံးပြီးနေလောက်လေပြီ။

"မင်းတို့တွေ အနားယူပြီးသွားပြီ... ဒါပေမဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲက ပိုနီးလာပြီ..."

တရုတ်စာဆရာမက ရုတ်တရက် အပြုံးကို ရပ်တန့်လိုက်ပြီး အေးစက်စက် ပြောဆိုလေ၏။

"ရက်ဘယ်လောက် ကျန်တော့လဲ မင်းတို့ သိလား... ၁၁၇ ရက်ပဲ ကျန်တော့တယ်..."

တရုတ်စာဆရာမက ကျောက်သင်ပုန်း၏ ညာဘက်အပေါ်ထောင့်တွင် ရေးလိုက်သည်။

【တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ကျန်ရှိသောအချိန် ...၁၁၇ ရက်】

ကျန်ရှိနေသော ရက်အရေအတွက်ကို တစ်ကြိမ်တစ်ခါမျှ မတွေးတောခဲ့ဖူးသူများအတွက် ထိုကိန်းဂဏန်းကို မြင်လိုက်ရသည်နှင့် တပြိုင်နက် သူတို့သည် ရှင်းပြ၍မရအောင် စိုးရိမ်ပူပန်လာပြီး အလွန်အမင်း ကြီးမားသော ဖိအားများကို ခံစားလိုက်ရသည်။

ဤအချိန်သည် စာမေးပွဲရက်နှင့် မတူဘဲ သူတို့၏ သေဆုံးမည့်အချိန် သို့မဟုတ် သေဒဏ်ပေးမည့် ကွင်းပြင်သို့ အပို့ခံရမည့် အချိန်နှင့် ပိုတူနေသည်။ ဤသည်က သူတို့ကို ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။

ခံနိုင်ရည်နည်းပါးသူတချို့မှာ အသက်ရှူကျပ်လာကာ မောဟိုက်လာကြ၏။

မမြင်ရသော ဖိအားများသည် ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ လူတိုင်းအပေါ် ဖိနှိပ်လာသည်။ လွန်ခဲ့သော သုံးရက်အတွင်း အိမ်တွင် သူတို့ ကြုံတွေ့ခဲ့ရသော ညှဉ်းပန်းနှိပ်စက်မှုများမှ ဖိအားများနှင့် ပေါင်းစပ်သွားကာ အရာအားလုံးသည် တပြိုင်နက်တည်း ဖိနှိပ်လာသဖြင့် လူအများအပြားသည် အသက်ရှူ၍ပင် မရနိုင်တော့ချေ။

၁၁၇ ရက်သာ ကျန်ရှိတော့သည်။ အကယ်၍ သူတို့သာ ထိပ်ဆုံးငါးယောက်စာရင်း မဝင်ပါက သူတို့ ထွက်ခွာနိုင်မည်မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်များကို ရင်ဆိုင်ရပေမည်။

"၁၁၇ ရက်က ကြာတယ်လို့ ထင်ရပေမဲ့ မကြာဘူး... မင်းတို့ ရင်ဆိုင်ရမှာက တက္ကသိုလ်ဝင်တန်းစာမေးပွဲလေ... ငါ အမြဲတမ်း စစ်နေကျ အစမ်းစာမေးပွဲတွေ မဟုတ်ဘူး... ဒါ့ပြင် ရင်နာစရာ လက်တွေ့ဘဝတစ်ခု ပြောပြမယ်... မင်းတို့က အခုမှ အစပဲ ရှိသေးတယ်... ဇီဝဗေဒ ဓာတုဗေဒနဲ့ ရူပဗေဒတွေက နောက်ထပ် မင်းတို့ကို စောင့်နေတယ်... တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဘာသာရပ် ခြောက်ခု ဖြေရမှာ..."

ဤစကားများကို ကြားရသည်နှင့် တပြိုင်နက် လူတိုင်းသည် တရုတ်စာဆရာမကို ပြူးကျယ်သော မျက်လုံးများဖြင့် အမြန်မော့ကြည့်လိုက်ကြ၏။ မျှော်လင့်ချက်မဲ့မှုနှင့် ကြောက်ရွံ့မှုများက သူတို့၏နှလုံးသားများ၌ ပြည့်နှက်သွားသည်။

ဘာ...

ဒီလောက်နဲ့ မလုံလောက်သေးဘူးလား...

တရုတ်စာ သင်္ချာနဲ့ အင်္ဂလိပ်စာက မလုံလောက်သေးဘူးလား...

အခု ဇီဝဗေဒ၊ ဓာတုဗေဒ နဲ့ ရူပဗေဒ တွေပါ ထပ်လာပြီလား....

သူတို့ တွေးတောလိုက်မိသည်။

ပထမဘာသာရပ်သုံးခုကိုပင် သူတို့ သေချာနားမလည်သေးဘဲ အခု နောက်ထပ် သုံးခု ထပ်လာလေပြီ။ ဤသည်က သူတို့ကို သေတွင်းထဲသို့ တွန်းပို့နေခြင်း မဟုတ်လော။

"လာမယ့်အချိန်တွေက အရမ်းကို ကျပ်တည်းလိမ့်မယ်... အဲ့ဒါက မင်းတို့ရဲ့ ကိုယ်ပိုင် စည်းကမ်းအပေါ်မှာပဲ မူတည်တယ်... တကယ်လို့ မင်းတို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အမှတ်ကောင်းကောင်းရပြီး ထိပ်ဆုံးငါးယောက်စာရင်း ဝင်ချင်ရင် တခြားသူတွေထက် ဆယ်ဆ အဆတစ်ရာလောက် ပိုပြီး အားထုတ်ရမယ်... တခြားသူတွေ ထမင်းစားနေရင် မင်းတို့ စာလုပ်ရမယ်... တခြားသူတွေ အိပ်နေရင်လည်း မင်းတို့ စာလုပ်ရမယ်..."

"မှတ်ထား... မင်းတို့က အထက်တန်းနောက်ဆုံးနှစ်ကို ရောက်နေပြီ... မင်းတို့အတွက် အချိန်သိပ်မကျန်တော့ဘူး... မင်းတို့က ပထမနှစ် ဒါမှမဟုတ် ဒုတိယနှစ် ကျောင်းသားတွေနဲ့ ဘယ်လိုမှ ယှဉ်လို့မရတော့ဘူး... အခုကစပြီး ကျောင်းက မနက်ခင်း ကိုယ်ပိုင်စာကျက်ချိန်ကို ဖျက်သိမ်းလိုက်ပြီ... ဒါပေမဲ့ အဲ့ဒီအစား မင်းတို့က မနက် ၅နာရီခွဲ မတိုင်ခင် ကျောင်းကို ရောက်ရမယ်... ဒါက ဆရာ ဆရာမတွေ စီစဉ်ထားတဲ့ စာတွေကို လုပ်ဖို့ပဲ..."

လူတိုင်း ပို၍ပင် စိတ်ဓာတ်ကျသွားကြသည်။ သင်ယူစရာများ ပိုများလာရုံသာမက သူတို့၏ အနားယူချိန်ကိုလည်း လျှော့ချခံလိုက်ရသည်။

ထို့ပြင် ဆရာမ၏ စကားများမှာ ရှင်းလင်းနေပေ၏။ အကယ်၍ သူတို့သာ ထိပ်ဆုံးငါးယောက်စာရင်း မဝင်ပါက ဤနယ်မြေမှ သူတို့ ဘယ်တော့မှ ထွက်ခွာနိုင်မည် မဟုတ်ချေ။

"ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်အတွက် အိမ်စာတွေကို ဆရာမ စီစဉ်ပြီးပြီ... မပြီးတဲ့သူတွေ အဆောင်ပြန်ခွင့် မရှိဘူး..."

စကားအဆုံးတွင် သူတို့အားလုံး၏စားပွဲပေါ်၌ လေ့ကျင့်ခန်းစာအုပ်များ ထွက်ပေါ်လာသည်။ ထိုအရာများတွင် ပထမနှစ်သင်ရိုးများအပေါ် ပြန်လည်လေ့လာရမည့် မေးခွန်းများဖြင့် ပြည့်နှက်နေပြီး လူတိုင်းအတွက် အလွန်ရင်းနှီးနေသကဲ့သို့ ခံစားရပေ၏။

အဘယ်ကြောင့်ဆိုသော် ဤသုံးရက်တာ အားလပ်ရက်အတွင်း သူတို့သည် အိမ်၌ ထိုအရာများကို ရေတွက်၍မရနိုင်အောင် အကြိမ်များစွာ လုပ်ခဲ့ပြီးဖြစ်သောကြောင့်ပင်။

လူတိုင်းသည် အိမ်စာများကို မလှုပ်မယှက် ကြည့်နေကြပြီး ဝိညာဉ်လွင့်သွားသူများပမာ ထိုင်နေကြသည်။ လူတစ်ဦးက ဖောင်တိန်ကို ကောက်ကိုင်ကာ စတင်ရေးသားချိန်မှသာ 'ရွှပ်ရွှပ်' အသံက တခြားသူများကို သတိပြန်ဝင်လာစေပြီး သူတို့၏အလုပ်များကို စတင်လုပ်ဆောင်ကြသည်။

စာသင်ခန်းသည် အလွန်တိတ်ဆိတ်နေပြီး အသက်ရှူသံများနှင့် စာရေးနေသော 'ရွှပ်ရွှပ်' အသံများသာ ကျန်ရှိနေတော့၏။

ပတ်ဝန်းကျင်အခြေအနေသည် ပုံမှန်ဖြစ်ပြီး တည်ငြိမ်နေပုံရသော်လည်း တခြားသူများ စိတ်ကူးမယဉ်နိုင်လောက်သော ဖိနှိပ်ချုပ်ချယ်မှုနှင့် မျှော်လင့်ချက်မဲ့မှု အဆင့်တစ်ခု ပါဝင်နေသည်။

ဆယ့်နှစ်နာရီ ရောက်မှသာ လူတချို့သည် သူတို့၏ အိမ်စာများကို တစ်ယောက်ပြီးတစ်ယောက် အပြီးသတ်ကာ လာအပ်ကြသည်။

"မင်းတို့အားလုံး အသုံးမကျဘူးလား... ဒီလို ရိုးရှင်းတဲ့ မေးခွန်းတွေကိုတောင် မှားနိုင်သေးတယ်... အားလပ်ရက်မှာ မင်းတို့ သေချာ ပြန်မလေ့လာခဲ့ဘူးလား... ချန်ထျန် ဝမ်ချန် လီပင်း... မင်းတို့ သုံးယောက် ဘာဖြစ်နေတာလဲ... ဒီမေးခွန်းကို ဆရာမ ခဏခဏ ရှင်းပြပြီးပြီလေ... ဘာလို့ မှားနေတုန်းလဲ..."

"ပြီးတော့ ကျိုးထျန်ချန်... မင်းကရော ဘာဖြစ်နေတာလဲ... သုံးရက်လောက် နားပြီးတော့ မင်းရဲ့ဦးနှောက်က အလုပ်မလုပ်တော့ဘူးလား... ဒီမေးခွန်းကို မင်း မမှားသင့်ဘူးလေ..."

ဆရာမ၏ အဆုံးမရှိသော နှုတ်ဖြင့် အပြစ်တင်မှုများနှင့် ဝေဖန်မှုများကို ရင်ဆိုင်ရင်း လူတိုင်းသည် သူမကို တည်ငြိမ်သော အမူအရာများဖြင့် ကြည့်နေကြ၏။ သူတို့၏ မျက်လုံးများတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ တည်ငြိမ်နေပုံရသော်လည်း လက်တွေ့တွင် သူတို့၏ နှလုံးသားများမှာ ကြာမြင့်စွာကတည်းက သေဆုံးနေခဲ့လေပြီ။

"အသုံးမကျတဲ့ အမှိုက်တွေ... မနက်ဖြန်ကျရင် မင်းတို့နဲ့အတူ ပထမနှစ်သင်ရိုးတွေကို ထပ်ပြီး ပြန်နွှေးမယ်... ပြီးရင် ဒုတိယနှစ်သင်ရိုးတွေကို သွားမယ်..."

ထိုသို့ပြောပြီးနောက် ဆရာမသည် စာသင်ခန်းထဲမှ ထွက်သွားလေ၏။

လူတိုင်း တိုင်ပင်ထားခြင်းမရှိဘဲ တပြိုင်နက်တည်း မတ်တပ်ရပ်လိုက်ကြသ​ည်။ ခံစားချက်ကင်းမဲ့နေသော မျက်လုံးများဖြင့် သူတို့သည် လမ်းလျှောက်နေသော အလောင်းကောင်များအလား အဆောင်ဆီသို့ ဦးတည်သွားကြသည်။

အဆောင်သို့ ပြန်ရောက်ပြီးနောက်၌ပင် လူတစ်ဦးတစ်ယောက်မျှ စကားမပြောကြချေ။ လူတိုင်း တိတ်ဆိတ်စွာ အိပ်ရာဝင်ခဲ့ကြပြီး မိနစ်အနည်းငယ်အတွင်းမှာပင် သူတို့အားလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြတော့သည်။

All Chapters