← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း (၂၄) အိပ်မက်ဆိုး ပိုမိုဆိုးရွားလာခြင်း.. ဓာတုဗေဒ ရောက်လာပြီ

ငါးနာရီတိတိ..

"နှိုးစက်သံ" မြည်လာသည်နှင့် တပြိုင်နက် လူတိုင်းသည် အလိုအလျောက် ရုတ်တရက် ထိုင်လျက်သား ဖြစ်သွားကြ၏။ ပြတင်းပေါက်မှတစ်ဆင့် မှောင်အတိကျနေသေးသော ညကို ကြည့်ရင်း သူတို့၏စိတ်ထဲမှ သက်ပြင်းချလိုက်ကြသည်။

သို့သော် စက္ကန့်အနည်းငယ်အကြာတွင် သူတို့သည် အိပ်ရာမှထရမည့် လက်တွေ့ဘဝကို လက်ခံလိုက်ကြသည်။ သူတို့သည် ရိုးရိုးရှင်းရှင်း သွားတိုက် မျက်နှာသစ်ပြီးနောက် အဆောင်တံခါးမှ အပြင်သို့ ထွက်လာခဲ့သည်။

အပြင်ဘက်တွင် မြူများ အနည်းငယ် ထူထပ်နေပေ၏။ လူတိုင်းသည် ခေါင်းငုံ့ကာ လမ်းတလျှောက် လျှောက်လှမ်းသွားနေကြပြီး ပင်ပန်းနွမ်းနယ်လွန်းသဖြင့် ခန္ဓာကိုယ်များကို မတ်မတ်ပင် မထားနိုင်ကြချေ။ သူတို့သည် စာသင်ခန်းဆီသို့ ဦးတည်သွားနေသော လှောင်ချိုင့်ထဲမှ ထွက်လာသည့် ဇွန်ဘီများနှင့် အလွန်တူညီနေသည်။

သူတို့ စာသင်ခန်းသို့ ရောက်ရှိချိန်၌ အခန်းတစ်ခန်းလုံး လင်းထိန်နေပြီး ဆရာမက စင်မြင့်တွင် ထိုင်ကာ သူတို့ကို စောင့်ဆိုင်းနေသည်။

သူတို့ ထိုင်ခုံတွင် ထိုင်လိုက်သည်နှင့် တပြိုင်နက် အိပ်ချင်စိတ်တစ်ခုက သူတို့ကို ဖုံးလွှမ်းသွားသည်။ သူတို့ အိပ်ချင်သော်လည်း မအိပ်ရဲကြချေ။

သူတို့ အိပ်၍ မရချေ။

အကယ်၍ သူတို့ အိပ်လိုက်ပါက သူတို့၏ သင်ယူမှုများ ကျဆင်းသွားကာ အမှတ်များများ ရမည်မဟုတ်၊ ထိပ်ဆုံးငါးယောက်စာရင်း ဝင်မည်မဟုတ်ဘဲ ဤနေရာမှ ထွက်သွားနိုင်မည် မဟုတ်ချေ။

သူတို့ကိုယ်သူတို့ နိုးကြားနေစေရန် အတင်းအကြပ် ကြိုးစားရပေမည်။

"မဆိုးဘူး...မင်းတို့အားလုံးက လန်းဆန်းပြီး ခွန်အားတွေ ပြည့်နေတဲ့ပုံပဲ... စာသင်ကြရအောင်..."

သတိပေးရန်ပင် မလိုအပ်ဘဲ လူတိုင်းသည် သူတို့၏ ဖတ်စာအုပ်များကို အလိုအလျောက် ဖွင့်လိုက်ကြ၏။ ဆရာမ စာစသင်ချိန်၌ ထိုအသံများသည် နားမလည်နိုင်သော နတ်ဘုရားစာများကဲ့သို့ သူတို့၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။

ဆရာမက ပို၍ပြောလေလေ သူတို့ ပို၍အိပ်ချင်လေလေ ဖြစ်နေသည်။ သူတို့ အလွန်အမင်း အိပ်ချင်နေသော်လည်း စာသင်သည်ကို နားထောင်ရန်နှင့် မှတ်စုယူရန်အတွက် ရှိသမျှ ခွန်အားအားလုံးကို စုစည်းနေရဆဲပင်။

အဘယ်ကြောင့်ဆိုသော် သူတို့အတွက် အချိန်များ ကုန်ဆုံးနေပြီဖြစ်သောကြောင့်ပင်။

ကျောက်သင်ပုန်းကို ပြန်ကြည့်လိုက်ရာ ကိန်းဂဏန်းသည် ၁၁၇ မှ ၁၁၆ သို့ ပြောင်းလဲသွားလေပြီ။

တစ်ရက် လျော့သွားတယ်ဆိုတာ စာကျက်ချိန် တစ်ရက် လျော့သွားတာပဲ...

သူတို့၏ စိတ်ဓာတ်များ ပြိုလဲလုမတတ် အိပ်ချင်နေပြီး စာသင်ခြင်းနှင့် ပတ်သက်သည့် အတွေးအားလုံးကို ချက်ချင်းဖယ်ရှားကာ တစ်ရေးလောက် အိပ်ချင်သော်လည်း သူတို့ ထိုသို့လုပ်၍မရကြောင်း သိထားကြ၏။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။

ခြောက်နာရီ၊ ခုနစ်နာရီ၊ ရှစ်နာရီ၊ ကိုးနာရီ၊ ဆယ်နာရီ၊ ဆယ့်တစ်နာရီခွဲ...

နောက်ဆုံးတွင် အချိန်အတော်ကြာပြီးနောက် ကျောင်းဆင်းခေါင်းလောင်းသံ မြည်လာသည်။

"အတန်းပြီးပြီ... သွားစားကြတော့..."

ဆရာမသည် စကားပြောဆိုပြီးနောက် စာသင်ခန်းထဲမှ ထွက်သွားသော်လည်း မည်သူမျှ သူမ၏နောက်သို့ လိုက်မသွားကြချေ။

သူတို့သည် တစ်ယောက်ပြီးတစ်ယောက် စားပွဲများပေါ်သို့ ချက်ချင်း မှောက်ကျသွားပြီး နေ့လယ် ၂နာရီ ခေါင်းလောင်းသံ မြည်လာသည်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြသညိ။ ခေါင်းလောင်းသံ ကြားသည်နှင့် တပြိုင်နက် သူတို့သည် ခေါင်းများကို မော့ကာ မျက်နှာများကို ပွတ်သပ်ပြီး ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ပြန်လည်လန်းဆန်းစေလိုက်ကြသည်။

"အတန်းစပြီ..."

"မင်္ဂလာပါ ဆရာမ..."

"ထိုင်ကြ..."

နေ့လယ်ခင်းအတန်းများ ပြန်လည်၍ စတင်လာသည်။

"အခုကစပြီး ဆရာမက ဒုတိယနှစ် သင်ခန်းစာတွေကို သင်မယ်... တစ်လအတွင်း အပြီးသင်မယ်... မင်းတို့ သေချာနားထောင်ပြီး မှတ်စု ကောင်းကောင်း ယူရမယ်... ဘာလို့လဲဆိုတော့ နောက်လာမယ့် သုံးလမှာ တတိယနှစ် သင်ခန်းစာတွေအပြင် ပထမနှစ်နဲ့ ဒုတိယနှစ် သင်ခန်းစာတွေကိုပါ ပြန်နွှေးရမှာမို့လို့ပဲ... မင်းတို့အတွက် အချိန်သိပ်မရှိတော့ဘူး..."

အချိန်သိပ်မရှိတော့ဘူး....

ဤစကားကို လူတိုင်း အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးပြီး ဖြစ်ပေ၏။

သို့သော် ကြားလိုက်ရတိုင်း သူတို့သည် ရှင်းပြ၍မရသော ရင်ခုန်မြန်မှုကို ခံစားရပြီး အချိန်များ အလွန်မြန်မြန် ကုန်ဆုံးသွားပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲက အလွန်မြန်မြန် ရောက်လာမည်ကို ကြောက်ရွံ့နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ အဆင်သင့် မဖြစ်သေးသောကြောင့်ပင်။

ဆရာမ စာစသင်ချိန်၌ ဒုတိယနှစ် သင်ခန်းစာများသည် ပို၍ကျယ်ပြန့်ပြီး ရှုပ်ထွေးသောကြောင့် လူတိုင်းသည် မကြာမီ ပို၍မျှော်လင့်ချက်မဲ့သလို ခံစားလာရသည်။

ပြီးတော့ ဒါက တရုတ်စာ တစ်ဘာသာတည်း ရှိသေးတယ်... တကယ်လို့ တခြားဘာသာရပ်တွေ အားလုံးကပါ ဒုတိယနှစ် သင်ခန်းစာတွေကို စသင်မယ်ဆိုရင် ငါတို့ သင်စရာတွေ ပိုများလာဦးမှာပဲ...

သဲပုံတစ်ပုံကို တူးမထုတ်ရသေးခင်မှာပဲ အဆုံးမရှိတဲ့ ကျောက်စရစ်ခဲတွေ ထပ်လောင်းချခံရသလိုပဲ... ဒါက ဘယ်အချိန်မှ ပြီးဆုံးမှာလဲ...

သူတို့ တွေးတောမိသွားသည်။

...

ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်....

ဆရာမက အိမ်စာများနှင့် စာမေးပွဲမေးခွန်းလွှာများကို ထပ်မံပေးအပ်ခဲ့ပြီး လူတိုင်းသည် အမူအရာကင်းမဲ့သော မျက်နှာများဖြင့် ရေးသားနေကြ၏။

သို့သော် တရှုံ့ရှုံ့ ငိုသံသဲ့သဲ့လေးတစ်ခုက တစ်ခုတည်းသော ရေးသားနေသည့် 'ရွှပ်ရွှပ်' အသံကို နှောင့်ယှက်လိုက်သည်။ လူတိုင်းက အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ အသက်ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးချန်ထုံ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

သူမသည် ခေါင်းငုံ့ကာ သူမ၏ အိမ်စာကို ရေးနေသော်လည်း မျက်ရည်များက စာရွက်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေသည်။ သူမ၏ ပခုံးများ တုန်ခါနေပြီး စာသင်ခန်းအတွင်း၌ သူမ၏ ငိုကြွေးသံသာ ပဲ့တင်ထပ်နေလေ၏။

"သမီး တကယ်ကို ဆက်မလုပ်နိုင်တော့ဘူး... အရမ်းပင်ပန်းနေပြီ... အရမ်းပင်ပန်းနေပြီ... အိမ်ပြန်ချင်တယ်... မေမေ့ကို လွမ်းတယ်... ဒီလို ညှဉ်းပန်းနှိပ်စက်မှုကို ဆက်မခံချင်တော့ဘူး... ဘယ်တော့မှများ ထွက်သွားလို့ရမှာလဲ... မျှော်လင့်ချက် လုံးဝ မမြင်ရဘူး..."

ချန်ထုံသည် ၁၈ နှစ်သာ ရှိသေးပြီး သူမ၏ ခံနိုင်ရည်မှာ တခြားသူများလောက် မခိုင်မာချေ။ တစ်လတာ ညှဉ်းပန်းနှိပ်စက်မှုက သူမ၏စိတ်ဝိညာဉ်ကို အလွန်အမင်း ဖျက်ဆီးခဲ့ပြီး ဖြစ်ပေ၏။

သူမသည် မည်မျှထိ များပြားစွာ ငိုကြွေးခဲ့ပြီမှန်း မသိနိုင်သော်လည်း ဤတစ်ကြိမ်သာလျှင် စာသင်ခန်းထဲတွင် အသံထွက်၍ ငိုကြွေးခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူမသည် မည်သည့် မျှော်လင့်ချက်ကိုမျှ မမြင်ရသောကြောင့်ပင်။

ယနေ့ ဒုတိယနှစ် သင်ခန်းစာများကို သင်ကြားခဲ့ရခြင်းက သူမကို လုံးလုံးလျားလျား ပြိုလဲသွားစေခဲ့သည်။ ပထမနှစ် သင်ခန်းစာများကပင် အလွန်ခက်ခဲနေပြီဖြစ်ရာ ဒုတိယနှစ်က ပို၍ခက်ခဲပြီး တတိယနှစ်ကမူ သေချာပေါက် ထို့ထက်ပို၍ ခက်ခဲပေမည်။

သို့သော် သူတို့သည် ငါးလအတွင်း ဘာသာရပ်ခြောက်ခုအတွက် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် သင်ခန်းစာများအားလုံးကို သင်ယူရပေမည်။ ဤသည်မှာ သူတို့ကို ညှဉ်းပန်းနှိပ်စက်နေခြင်း သက်သက်သာ ဖြစ်ပေ၏။

သူမသည် မည်သည့် မျှော်လင့်ချက်ကိုမျှ မမြင်ရတော့ချေ။ အရှေ့တွင် အဆုံးမရှိသော အမှောင်ထုကသာ သူမကို စောင့်ကြိုနေသည်ဟု ခံစားရပြီး ပို၍ပို၍မွန်းကြပ်လာသည်။

ချန်ထုံသည် ပို၍တွေးတောလေလေ အသက်ရှူရ ပို၍ခက်ခဲလာလေလေပင်။ သူမ ငိုကြွေးနေစဉ် လည်ချောင်းထဲတွင် တစ်စုံတစ်ခု တစ်ဆို့နေသကဲ့သို့ အမောတကော အသက်ရှူနေရသည်။ သူမသည် ရင်ဘတ်ကိုထုကာ သူမ၏မျက်လုံးများ သွေးရောင်လွှမ်းနေပြီး သူမ၏အမူအရာမှာ လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့နေပုံ ဖြစ်နေလေ၏။

သို့သော် တခြားသူများကတော့ သူမကို တိတ်ဆိတ်စွာနှင့် ဂရုမစိုက်သလိုသာ ကြည့်နေကြသည်။

ငါတို့လည်း မျှော်လင့်ချက်မဲ့နေတာပဲ မဟုတ်ဘူးလား... ဒါပေမဲ့ မျှော်လင့်ချက်မဲ့နေတော့ရော ဘာလုပ်နိုင်မှာလဲ... စာဆက်သင်ရဦးမှာပဲ မဟုတ်လား

ဘာပဲဖြစ်ဖြစ် ချန်ထုံက သေမှာမှ မဟုတ်တာ...

"ချန်ထုံ... ဘာတွေ ဆူညံနေတာလဲ... အိမ်စာကို သေချာမလုပ်ဘဲ ဘာလို့ ငိုနေတာလဲ..."

စင်မြင့်၏နောက်တွင် ထိုင်နေသော တရုတ်စာဆရာမက အေးစက်စက် အော်ဟစ်လိုက်သည်။

အဆက်မပြတ် အမောတကော အသက်ရှူပြီးနောက် နောက်ဆုံးတွင် ချန်ထုံက တည်ငြိမ်သွားပြီး မျက်ရည်များကြားမှ ပြောလိုက်၏။

"ဆရာမ... သမီး တကယ် နေမကောင်းလို့ပါ... အဆောင်ပြန်ပြီး နားဖို့ ခွင့်ယူလို့ ရမလားဟင်..."

"ခွင့်ယူမယ်... တက္ကသိုလ်ဝင်တန်းစာမေးပွဲက မင်း အဆင်သင့်ဖြစ်တဲ့အထိ ခွင့်ယူပြီး စောင့်နေမှာ မဟုတ်ဘူး... တခြားကျောင်းသားတွေ ဘယ်သူမှ နေမကောင်းမဖြစ်ဘူး... မင်းတစ်ယောက်တည်းပဲ ပြဿနာတွေ အများကြီးရှိနေတာ... အိမ်စာကို လိမ်လိမ်မာမာနဲ့ ဆက်လုပ်... အချိန်တန်ရင် အတန်းဆင်းပေးလိမ့်မယ်..."

"မင်းတို့တွေက အကြံအစည်လေးတွေ အရမ်းများတာပဲ... အမြဲတမ်း ခွင့်ယူပြီး ပျင်းဖို့နဲ့ နားဖို့ကိုပဲ တွေးနေကြတာ... တကယ်လို့များ ဒီအားထုတ်မှုကို စာသင်တဲ့နေရာမှာ သုံးမယ်ဆိုရင် မင်းတို့ ချင်းပေ တက္ကသိုလ်ကို ရောက်ဖို့ ဆရာမ အာမခံတယ်... ဘေးခန်းက အတန်းကို မင်းတို့ အတုယူသင့်တယ်... သူတို့က မနက် သုံးနာရီအထိ စာသင်ခန်းထဲမှာ အနားမယူဘဲ 'သဘောဆန္ဒအလျောက်' နေပြီး စာလုပ်ကြတာ..."

တရုတ်စာဆရာမက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ချန်ထုံကို လျစ်လျူရှုလိုက်သည်။ တခြားသူများသည်လည်း တိတ်ဆိတ်စွာဖြင့် သူတို့၏ အိမ်စာများကို ဆက်လက်၍ ရေးသားနေကြ၏။

တစ်လတာ အချိန်အတွင်းမှာ သူတို့၏ စူးရှသော အစွန်းများကို တိုက်စားခံလိုက်ရလေပြီ။ ယခုအချိန်၌ သူတို့၏မျက်လုံးများတွင် စာသင်ခြင်းသာ ကျန်ရှိတော့သည်။

...

နောက်တစ်နေ့၌...

လူတိုင်း စာသင်ခန်းသို့ ရောက်ရှိလာချိန်၌ ဆရာအသစ်တစ်ဦးကို မြင်တွေ့လိုက်ရသည်။ ဤတစ်ကြိမ်တွင် အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးပင်။

"မင်္ဂလာပါ ကျောင်းသားတို့... ဆရာက မင်းတို့ရဲ့ ဓာတုဗေဒဆရာပါ... ဆရာ့ကို ဆရာလီဟွာလို့ ခေါ်လို့ရတယ်..."

"မင်္ဂလာပါ ဆရာလီ..."

လူတိုင်း မတ်တပ်ရပ်ကာ တညီတညွတ်တည်း ပြောလိုက်ကြသည်။

"ကောင်းပြီ... အခု ဓာတုဗေဒ ဖတ်စာအုပ်တွေကို ဖွင့်ကြ... ပထမနှစ် သင်ခန်းစာကနေ စသင်မယ်... နောက် ၁၁၅ ရက်အတွက် မင်းတို့အားလုံး သေချာနားထောင်ကြဖို့ ဆရာ မျှော်လင့်ပါတယ်... ဓာတုဗေဒက တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အရမ်းအရေးကြီးတယ်..."

လူတိုင်း ထူထဲသော ဓာတုဗေဒ ဖတ်စာအုပ်ကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် မျှော်လင့်ချက်မဲ့မှု လှိုင်းတံပိုးတစ်ခုက သူတို့ကို ဖုံးလွှမ်းသွားလေ၏။

စာမျက်နှာများပေါ်ရှိ အသိပညာများကို ကြည့်ရင်း သူတို့ ပို၍ပင် မွန်းကြပ်လာသကဲ့သို့ ခံစားလိုက်ရသည်။

ဒြပ်ဝတ္ထုနဲ့ ပြောင်းလဲမှုတွေအကြောင်း...

ပြီးတော့ ဒြပ်နှောတွေ၊ သန့်စင်တဲ့ အရာဝတ္ထုတွေ၊ ဒြပ်စင်တွေ၊ ဒြပ်ပေါင်းတွေ၊ အောက်ဆိုဒ်တွေ၊ အက်ဆစ်တွေ၊ ဘေ့စ်တွေ၊ ဆားတွေ၊ ပျော်ရည်တွေ၊ ကော်လွိုက်တွေနဲ့ ဆိုင်းငံ့ရည်တွေ....

ပြီးတော့ နတ်ဘုရားစာတွေလို ဖြစ်နေတဲ့ "ဒြပ်စင်ဇယား" ကြီး....

တစ်ခါမှ မမြင်ဖူးသော အမျိုးမျိုးသော အသိပညာများသည် သူတို့၏ ဦးနှောက်များကို စတင်တိုက်ခိုက်လာပြီး သူတို့၏ ဝန်ပိနေသော စိတ်များကို နောက်ထပ် အချက်အလက်များ လက်ခံရန် အတင်းအကျပ် တွန်းအားပေးနေသဖြင့် ချက်ချင်း ပြိုလဲသွားစေပေ၏။

"အရမ်းခက်တာပဲ... အရမ်းခက်တာပဲ... ငါ ဒါတွေကို မသင်ချင်ဘူး..."

"အမေ... သမီး အိမ်ပြန်ချင်တယ်..."

"မိန်းမရယ်... ကလေးတွေရယ်... မင်းတို့ကို အရမ်းလွမ်းတာပဲ... ကျေးဇူးပြုပြီး ငါ့ကို ပြန်လွှတ်ပေးပါ..."

သူတို့ တစ်ယောက်ပြီးတစ်ယောက် ပြိုလဲကာ အော်ဟစ်လိုက်ကြသည်။

ဒီနေရာက ငရဲပဲ....

ပထမ သုံးဘာသာကိုပင် သူတို့ သေချာမကျွမ်းကျင်သေးဘဲ ယခု ဘာသာရပ်အသစ်တစ်ခု ရောက်လာလေပြီ။

ဓာတုဗေဒ...

သို့ရာတွင် ရူပဗေဒနှင့် ဇီဝဗေဒကလည်း သူတို့ကို စောင့်နေဆဲပင်။ ထိုအရာများသည် ဘာသာရပ်များ မဟုတ်ဘဲ ငရဲအသစ်များ အိပ်မက်ဆိုးအသစ်များပင်။

ဟင့်အင်း... ငါတို့ ဒီနေရာမှာ ဆက်မနေချင်တော့ဘူး... အပြင်ပေးထွက်ပါ... ငါတို့ရဲ့ စိတ်ဝိညာဉ်တွေကို ညှဉ်းပန်းနှိပ်စက်ပြီး ဖျက်ဆီးနေတဲ့ ဒီနယ်မြေမှာ နေရမယ့်အစား ပိုပြီးကြောက်စရာကောင်းတဲ့ သေဆုံးမှု သတ်မှတ်ချက်ပါတဲ့ နယ်မြေတွေမှာ ပါဝင်တာကမှ ပိုကောင်းဦးမယ်....

သူတို့ တွေးတောလိုက်ကြသည်။

"တိတ်တိတ်နေစမ်း... အတန်းစပြီ... နောက်လကျရင် ဓာတုဗေဒ အစမ်းစာမေးပွဲ ရှိမယ်..."

All Chapters