← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း (၂၅) လူ့သဘာဝနဲ့ အလွန်အကျွံ ယှဉ်ပြိုင်မှု

ဓာတုဗေဒ ရောက်ရှိလာခြင်းက မျှော်လင့်ချက်မဲ့နေသော လူအုပ်ကြီးကို ပို၍ပင် ဆင်းရဲဒုက္ခရောက်သွားစေခဲ့လေ၏။

ကြပ်တည်းသော ကျိန်စာတစ်ခုကဲ့သို့ ဖြစ်နေသည့် ဓာတုဗေဒဆရာ၏ စကားများကို နားထောင်ရင်း လူတိုင်းသည် သူတို့၏ ခေါင်းများ ကြီးမားလာပြီး နာကျင်လာသည်ဟု ခံစားကြရကာ နံရံနှင့် ခေါင်းကို ဆောင့်ပြီး သတိလစ်သွားချင်စိတ်ပင် ပေါက်လာကြသည်။

အချိန်အကန့်အသတ် ရှိသောကြောင့် ဓာတုဗေဒဆရာသည် အလွန်မြန်ဆန်စွာ စာသင်သော်လည်း ကျောင်းသားများ၏ ခံစားချက်ကိုမူ ထည့်သွင်းစဉ်းစားခြင်း မရှိချေ။

"ဆရာ... တောင်းပန်ပါတယ်... နည်းနည်းလောက် ဖြည်းဖြည်းသွားပါ... ကျွန်တော် မှတ်စု မရေးနိုင်တော့ဘူး..."

"ရေးလို့ မမီတော့ဘူး... တကယ့်ကို လိုက်ရေးလို့ မမီတော့ဘူး... နည်းနည်းလောက် ဖြည်းဖြည်း မသွားပေးနိုင်ဘူးလား..."

"ငါ့ရဲ့စားပွဲမှာ တရုတ်စာ သင်္ချာနဲ့ အင်္ဂလိပ်စာ မေးခွန်းလွှာတွေ အိမ်စာတွေနဲ့ ပြည့်နေပြီ... အခု ဓာတုဗေဒပါ ထပ်ရောက်လာပြီဆိုတော့ တကယ်ပဲ နေရာဆံ့ပါ့မလား..."

"မျှော်လင့်ချက်မဲ့စရာကောင်းတဲ့ အမှန်တရားတစ်ခုကို ငါ ပြောပြမယ်... ဒီစားပွဲက အောက်ခြေမရှိတဲ့ တွင်းနက်ကြီးတစ်ခုလိုပဲ... ဘယ်လောက်ပဲ ထည့်ထည့် ဘယ်တော့မှ ပြည့်လျှံသွားမှာ မဟုတ်ဘူး..."

ဆရာက စာသင်ပြီး ကျောင်းသားများက မှတ်စုယူကြသော်လည်း စကားပြောနှုန်းမှာ အလွန်မြန်ဆန်လွန်းသဖြင့် သူတို့ လိုက်မမီနိုင်ကြချေ။

မနက်ခင်းသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး နေ့လယ်စာစားချိန် အနားယူပြီးနောက် နေ့လယ်ခင်းအတန်းများ ပြန်လည်စတင်လေ၏။

ညပိုင်း ကိုယ်ပိုင်စာကျက်ချိန် ပြီးဆုံးသည်အထိ ယနေ့သည် စာမေးပွဲမေးခွန်းလွှာ မရှိသောနေ့တစ်နေ့ ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အသစ်များကို သင်ယူရမည်ဖြစ်သဖြင့် မေးခွန်းလွှာများ ရှိမည်မဟုတ်သောကြောင့်ပင်။

သူတို့အတွက် ဤသည်မှာ ကောင်းသောအရာဖြစ်သလို သိပ်မကောင်းသောအရာလည်း ဖြစ်သည်။

လွန်ခဲ့သော တစ်လက အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ရပြီးနောက် ဤသည်မှာ ကြီးမားသောအရာတစ်ခုခုအတွက် အရှိန်ယူနေခြင်းသာဖြစ်ကြောင်း သူတို့အားလုံး သိထားကြ၏။

...

နောက်တစ်နေ့၌...

တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ၁၁၄ ရက် အလိုတွင်....

သူတို့ စာသင်ခန်းသို့ ရောက်ရှိလာချိန်၌ ထင်သည့်အတိုင်းပင် ဆရာအသစ်တစ်ဦး ရောက်လာသည်။ ဤတစ်ကြိမ်တွင် အေးစက်သော အမူအရာရှိသည့် ဆရာမတစ်ဦးပင်။ လူအုပ်ကြီးကို မြင်သောအခါ သူမက အေးစက်စက် အသံဖြင့် ပြောဆိုလိုက်သည်။

"ဆရာမက မင်းတို့ရဲ့ ဇီဝဗေဒဆရာမပဲ... ဆရာမ ဝမ်ဖုန်းလို့ ခေါ်လို့ရတယ်..."

"မင်္ဂလာပါ ဆရာမဝမ်..."

"ထိုင်ကြ... စကားမများနဲ့တော့... မင်းတို့မှာ အချိန်သိပ်မရှိတော့ဘူး... ဇီဝဗေဒ ဖတ်စာအုပ်တွေကို ထုတ်ပြီး စာစသင်ကြရအောင်..."

ဖတ်စာအုပ်များကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏အမြင်အာရုံများ ထပ်မံ၍ မှောင်မိုက်သွားသည်။ ဤသည်မှာ သူတို့၏ အသိပညာထဲမှ နောက်ထပ် လုံးလုံးလျားလျား မသိသေးသော အပိုင်းတစ်ခုပင်။

ဆဲလ်တွေဆိုတာ ဘာလဲ...အဲ့ဒါတွေ ဘယ်လို အလုပ်လုပ်လဲ...သက်ရှိဆိုတာက ဘာလဲ...

သူတို့အတွက်မူ ဤသည်မှာ နတ်ဘုရားစာအုပ်တစ်အုပ်ကဲ့သို့ ဖြစ်နေပေ၏။ မျှော်လင့်ချက်မဲ့စရာအကောင်းဆုံးမှာ သူတို့သည် လေးလအတွင်း ဤအသိပညာများအားလုံးကို ကျွမ်းကျင်အောင် လုပ်ရမည်ဖြစ်ပြီး မလုပ်နိုင်ပါက ဤနယ်မြေမှ သူတို့ ထွက်ခွာနိုင်မည် မဟုတ်ချေ။

နောက်ထပ် တစ်ရက် ကုန်လွန်သွားပြီး စာမေးပွဲမေးခွန်းလွှာများ မရှိသေးသော်လည်း မည်သူမျှ သတိလက်လွတ်မနေရဲကြချေ။ ထို့အစား ရောက်လာမည့် ဧရာမ လှိုင်းလုံးကြီးအတွက် သူတို့ စိုးရိမ်ပူပန်နေကြသည်။

သူတို့ကို သတ်ပစ်ရန်အတွက် ဘာသာရပ် ခြောက်ခုစလုံး၏စာမေးပွဲမေးခွန်းလွှာများကို တပြိုင်နက်တည်းပေးမည်လော...

...

တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ၁၁၃ ရက် အလို၌...

ယနေ့သည် ရူပဗေဒအတန်းပင်။

စင်မြင့်၏ဘေးတွင် မတ်တတ်ရပ်နေသော မျက်မှန်တပ်ထားပြီး ဗိုက်ရွှဲရွှဲနှင့် လူလတ်ပိုင်းအမျိုးသားတစ်ဦးက အသံနိမ့်နိမ့်ဖြင့် ပြောဆိုလိုက်၏။

"ငါက မင်းတို့ရဲ့ ရူပဗေဒဆရာ လီကျစ်ချောင်ပဲ... မင်းတို့က အရမ်းနောက်ကျကျန်နေခဲ့ပြီဖြစ်လို့ အမြန်ဆုံး အမီလိုက်ဖို့ လိုတယ်... ဒါကြောင့် အရေးကြီးတဲ့ အချက်တွေကိုပဲ ငါ အဓိကထားပြီး သင်မယ်... အားလုံးပဲ သတိထားပြီး သေချာနားထောင်ကြ..."

မျက်လုံးအောက်တွင် အမည်းရောင်ကွင်းများနှင့် လူအုပ်ကြီးသည် ရူပဗေဒဆရာကို နွမ်းနယ်စွာ ကြည့်ရင်း စာသင်သည်ကို နားထောင်နေကြပြီး အိပ်ချင်စိတ်များက သူတို့၏ ခန္ဓာကိုယ်များကို အဆက်မပြတ် ဖုံးလွှမ်းနေသည်။

သူတို့ အလွန်အမင်း အိပ်ချင်နေသော်လည်း မအိပ်ရဲကြချေ။ သူတို့ နောက်ကျကျန်ခဲ့မည်ကို ကြောက်ရွံ့ကြကာ အမီမလိုက်နိုင်မည်ကို ကြောက်ရွံ့ကြပြီး ဤနယ်မြေမှ ဘယ်တော့မှ ထွက်မသွားနိုင်တော့မည်ကို ကြောက်ရွံ့နေကြ၏။

မည်သူမျှ မပျင်းရဲကြတော့သလို မည်သူမျှလည်း နောက်ပြောင်သလို သဘောမထားကြတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤအရာက ဤကျိန်ဆဲချင်စရာငရဲမှ သူတို့ ထွက်ခွာနိုင်ခြင်း ရှိမရှိကို ဆုံးဖြတ်ပေးမည်ဖြစ်သောကြောင့်ပင်။

ညပိုင်း ကိုယ်ပိုင်စာကျက်ချိန် ပြီးဆုံးသွားပြီးနောက် လူအုပ်ကြီးသည် သူတို့၏ အလွန်အမင်းပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များကို တရွတ်တိုက်ဆွဲကာ အဆောင်ဆီသို့ ဦးတည်သွားကြသည်။

"သောက်ကျိုးနည်း... နောက်ထပ် သုံးဘာသာတောင် ထပ်တိုးလာတယ်... ငါတို့ ဘယ်လိုလုပ်ပြီး အသက်ရှင်ရမှာလဲ..."

"ငါတော့ လုံးဝကို မျှော်လင့်ချက်မဲ့နေပြီ... ဒီနေ့ သင်တာတွေကို ဘာမှ မှတ်မမိဘူး... ငါ့ဦးနှောက်က အရည်ပျော်သလို ဖြစ်နေပြီးတော့ နားတွေလည်း ပိတ်နေတယ်... အသိပညာတွေ ဘာမှ ဝင်မလာဘူး..."

"ဘယ်လိုလုပ်ကြမလဲ... ငါတို့သာ ထိပ်ဆုံးငါးယောက်စာရင်း မဝင်ရင် ဒီနယ်မြေကနေ တကယ်ပဲ ထွက်သွားလို့ မရတော့ဘူးလား..."

"မဖြစ်နိုင်တာ... သူတို့က ငါတို့ကို တစ်သက်လုံး ဒီနေရာမှာ ပိတ်လှောင်ထားလို့ ရပါ့မလား..."

အကယ်၍ ဤနယ်မြေထဲတွင်သာ တစ်သက်လုံး နေရပါက သူတို့ မည်ကဲ့သို့ အရူးများ ဖြစ်သွားမည်ကို တွေးတောင် မတွေးရဲကြချေ။

သူတို့ ယခုချိန်၌ ပြိုလဲနေကြလေပြီ။ အကယ်၍ နောက်ထပ်ငါးလ ဆက်နေရပါက သူတို့၏ စိတ်များ နေရာမှာပင် ပြိုကွဲသွားနိုင်ပြီး အရူးများဖြစ်သွားရန်မှာ အမှန်တကယ်ပင် ဖြစ်နိုင်ချေရှိသည်။

"အားလုံးပဲ ငါပြောတာ နားထောင်ကြ..."

ကျိုးထျန်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး... ဒီအတိုင်းသာ ဆက်သွားရင် ငါတို့ မဖြစ်နိုင်ဘူးလို့ ငါ ထင်တယ်... ဒီနယ်မြေက ခက်ခဲပုံရပေမဲ့ တကယ်တမ်းတော့ ရိုးရှင်းပါတယ်... ထိပ်ဆုံးငါးယောက်စာရင်း ဝင်အောင်လုပ်ဖို့ပဲ... အရင်တုန်းက ငါ ရှင်းလင်းခဲ့တဲ့ နယ်မြေထက် အများကြီး ပိုလွယ်တယ်... ငါတို့ ကြိုးကြိုးစားစား စာသင်နေသရွေ့ သေချာပေါက် ထွက်သွားနိုင်မှာပါ..."

ကျိုးထျန်ချန်၏ စကားကို ကြားသောအခါ လူတစ်ဦးက ချက်ချင်းဆိုသလိုပင် စတင်ငြင်းခုံလေ၏။ လီတာတုန်းက အေးစက်စက် ပြောလိုက်သည်။

"မင်းပြောတာတော့ အရမ်းလွယ်တာပေါ့... မင်းက ဒီလောက် အမှတ်တွေ များနေတာတောင် မင်းရဲ့ လျှို့ဝှက်ချက်တွေကို မဝေမျှ ဘူးလေ... မင်းကတော့ သေချာပေါက် ထွက်သွားရမှာပေါ့... ဒါပေမဲ့ ငါတို့ကရော..."

"အဲ့ဒါပြောတာ... မင်းနဲ့ဟန်ထျန်ယွီက ဒီလောက် အမှတ်များနေပြီး ငါတို့က အမြဲတမ်း နည်းနေတာ... မင်းတို့နှစ်ယောက်က သေချာပေါက် ထွက်သွားနိုင်တယ်လေ... အခုတော့ မင်းက အဲ့ဒီမှာ ရပ်ပြီး ခနဲ့တဲ့ စကားတွေ ပြောနေတာပေါ့..."

ကျိုးထျန်ချန်က ထိုလူများကို အံ့အားသင့်စွာ ကြည့်လိုက်လေ၏။ သူ၏ စကားများတွင် မည်သည့်အရာက မှားယွင်းနေကြောင်း သို့မဟုတ် မည်သည်ကြောင့် သူတို့ကို ဤမျှထိ ဒေါသထွက်စေခဲ့ကြောင်း သူ နားမလည်နိုင်ချေ။

သူ အမှန်တကယ်ပင် နားမလည်ခဲ့ပေ။

"ငါ့မှာ ဘာလျှို့ဝှက်ချက် ရှိရမှာလဲ... ငါက ကြိုးစားပြီး စာကျက်ရုံလေးပါပဲ..."

ကျိုးထျန်ချန်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"ငါတို့လည်း ကြိုးစားပြီး စာကျက်တာပဲ... ဒါပေမဲ့ မင်းကို လုံးဝမီမလာဘူး... မင်းမှာ လျှို့ဝှက် စာကျက်နည်း တစ်ခုခု သေချာပေါက် ရှိရမယ်..."

"ငါတို့အားလုံးက ဒီနယ်မြေထဲမှာ အတူတူပဲလေ... မင်းရဲ့ အပေါင်းအဖော်တွေ သေသွားတာကို မင်းက ထိုင်ကြည့်ချင်လို့လား..."

"အဲ့ဒါပြောတာ... ငါတို့အားလုံး အတူတူပါပဲ... ဘာလို့ မင်းက ဒီလောက်ထိ တစ်ကိုယ်ကောင်းဆန်နေရတာလဲ..."

ဤစကားများကို ကြားသောအခါ ကျိုးထျန်ချန်၏ မျက်နှာသည် ပြာနှမ်းသွားလေ၏။ သူတို့သည် ဤမျှထိ ကျေးဇူးကန်းသော ဝံပုလွေအုပ်စု ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။ သူသည် ချက်ချင်းနောက်လှည့်ကာ သူ၏အဆောင်ဆီသို့ ပြန်သွားသ​ည်။

ကျိုးထျန်ချန် စကားမပြောတော့သည်ကို မြင်သောအခါ ထိုလူအနည်းငယ်သည် သူ့ထံတွင် ထုတ်မပြောလိုသော လျှို့ဝှက်စာကျက်နည်းတစ်ခု ရှိနေကြောင်း ပို၍ပင် သေချာသွားကြ၏။

မကြာမီ လူတိုင်းသည် မကောင်းသော ခံစားချက်များဖြင့် အဆောင်သို့ ပြန်လာခဲ့ကြကာ မီးများ ပိတ်သွားပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြသည်။

ကျိုးထျန်ချန် တစ်ဦးတည်းသာ သူ၏မျက်လုံးများဖွင့်၍ ကျန်ရစ်ခဲ့ပြီး သူ၏ နှုတ်ခမ်းများ လှုပ်ရှားနေသော်လည်း အသံမထွက်ချေ။

အကယ်၍ နှုတ်ခမ်းဖတ်တတ်သူတစ်ဦးက သူ့ကို မြင်လိုက်ပါက အံ့အားသင့်သွားပေမည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယနေ့ သင်ယူခဲ့သော သင်ခန်းစာများကို တိတ်တဆိတ် ရွတ်ဆိုနေသောကြောင့်ပင်။

ညတိုင်း တခြားသူများ အိပ်ပျော်သွားပြီးနောက် ကျိုးထျန်ချန်သည် တစ်နေကုန် သင်ယူခဲ့သောအရာများကို သူ၏ စိတ်ထဲတွင် ပိုမိုခိုင်မာစွာ စွဲမြဲစေရန် တိတ်တဆိတ် ရွတ်ဆိုလေ့ရှိကြောင်း သိသာထင်ရှားပေ၏။

သူသည် ရုတ်တရက် အိပ်ပျော်သွားသည်အထိ ဆက်လက်၍ ရွတ်ဆိုနေပေမည်။

ဤသည်မှာ သူ၏ လျှို့ဝှက်စာကျက်နည်းပင်။ သူ မည်မျှထိ ကြိုးစားအားထုတ်ခဲ့ကြောင်း မည်သူမျှ မသိကြချေ။ သင်ယူမှုအတွက် သူ၏ မွေးရာပါ ပါရမီမှာ သိပ်မမြင့်မားလှသော်လည်း သူသည် အခြားသူများထက် များစွာ ပိုမို ကြိုးစားအားထုတ်ခဲ့ပေ၏။

အဘယ်ကြောင့်ဆိုသော် ဤနယ်မြေတွင် လူများ သေဆုံးမည်မဟုတ်ကြောင်းနှင့် အကယ်၍ သူတို့ ထွက်ခွာလိုပါက ပို၍ ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း သူ သိထားသောကြောင့်ပင်။

အချိန်၏ဖိအားက သူ့ကို 'အလွန်အကျွံ ယှဉ်ပြိုင်' ရန် အတင်းအကျပ် တွန်းအားပေးနေပေ၏။ ထွက်ခွာခွင့် ရရှိရန်အတွက် သူသည် တခြားသူများအားလုံးထက် ပို၍ယှဉ်ပြိုင်နိုင်စွမ်း ရှိရပေမည်။

...

"သူတို့က ဘာလို့ ကျိုးထျန်ချန်ကို အော်နေကြတာလဲ... သူတို့ ပျင်းလို့ မဟုတ်ဘူးလား... အထူးသဖြင့် ဟိုလီတာတုန်း ဆိုတဲ့ကောင်... အတန်းထဲမှာ တိတ်တိတ်လေး ငိုက်နေတာကို ငါ ခဏခဏ တွေ့ဖူးတယ်... သူကများ တခြားသူတွေရဲ့ စာကျက်တဲ့ လျှို့ဝှက်ချက်တွေကို မဝေမျှ ဘူးလို့ ပြောပိုင်ခွင့် ဘယ်မှာရှိလို့လဲ..."

ဆာရာသည် ဒေါသထွက်နေလေ၏။ သူမသည် ပုံရိပ်ယောင်မျက်နှာပြင်မှတဆင့် အရာအားလုံးကို အရှင်းလင်းဆုံး မြင်တွေ့နေရသည်။

ထိုအထဲရှိ လူတိုင်း အလွန်အမင်း ကြိုးစားနေကြခြင်း မဟုတ်ချေ။ လူအများအပြားသည် သူတို့ကိုယ်သူတို့ ကြိုးစားနေသည်ဟုသာ ထင်မှတ်နေကြပြီး လက်တွေ့တွင် သူတို့၏အားထုတ်မှုမှာ သိပ်မရှိလှချေ။

လီတာတုန်းကို ဥပမာထားကြည့်လျှင် သူသည် တစ်ခါတစ်ရံ အတန်းထဲတွင် ငိုက်မျဉ်းလေ့ရှိပြီး သေချာနားမထောင်ဘဲ အတန်းပြီးသည်နှင့် ချက်ချင်း အိပ်တတ်ပေ၏။ သူ၏အမှတ်များက မည်သို့ တိုးတက်လာနိုင်မည်နည်း။

"ဒါက လူ့သဘာဝပဲလေ... သူတို့ကို ကျိုးထျန်ချန်တို့နဲ့ ခဏခဏ နှိုင်းယှဉ်ခံရတာကြောင့် သူတို့ရဲ့ နှလုံးသားထဲမှာ မနာလိုမှုတွေ ကြီးထွားလာတာပေါ့... သူတို့က သေချာ မကြိုးစားလို့ဆိုတာကို စဉ်းစားမိမှာ မဟုတ်ဘူး... အဲ့ဒီအစား တခြားသူတွေက သူတို့ကို မကူညီချင်လို့လို့ပဲ ထင်ကြမှာပဲ... ဒီလိုလူမျိုးတွေက အတ္တအကြီးဆုံးပဲ..."

ချန်လန်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။

ဤအရူးများသည် တခြားသူများတွင် ဖြတ်လမ်းတစ်ခု ရှိနေသည်ဟု ယုံကြည်နေကြဆဲဖြစ်ပြီး သူတို့ကိုယ်တိုင် ကြိုးစားအားထုတ်မှု မလုံလောက်ကြောင်းကိုမူ ယုံကြည်ရန် ငြင်းဆန်နေကြသည်။

"ဟွန့်... ဘာပဲဖြစ်ဖြစ် ငါကတော့ ကျိုးထျန်ချန်ဘက်ကပဲ... တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရောက်လာရင် ဒီလူတွေက အဲ့ဒီတုန်းက ဘာလို့ သေချာမကြိုးစားခဲ့မိလဲဆိုတာ သေချာပေါက် နောင်တရကြလိမ့်မယ်... သူတို့ရဲ့ မျှော်လင့်ချက်မဲ့ပြီး နောင်တရနေတဲ့ မျက်နှာတွေကို ငါ မြန်မြန်မြင်ချင်နေပြီ... အဲ့ဒါက သေချာပေါက် အရမ်းကျေနပ်စရာကောင်းပြီး အနုတ်လက္ခဏာစွမ်းအင်တွေ အများကြီး ပေးစွမ်းနိုင်မှာပဲ..."

သူတို့သည် အနုတ်လက္ခဏာစွမ်းအင် အမှတ် နှစ်သောင်းခြောက်ထောင်ကို စုဆောင်းရရှိနေပြီဖြစ်ပြီး နေ့စဉ်နှင့်အမျှ တစ်ထောင်နီးပါး တိုးလာပေ၏။ အထူးသဖြင့် အိမ်တွင် နေခဲ့ရသော ထိုရက်အနည်းငယ်အတွင်း တိုးလာမှုမှာ အများဆုံးပင်။

ဤကစားသမားများကို အိမ်သို့ ထပ်မံပြန်လွှတ်နိုင်ရန်အတွက် တစ်လတာအချိန်ကို မြန်မြန်ကုန်ဆုံးသွားစေချင်လေပြီ။ သူတို့ကို ထပ်မံ၍ ဆင်းရဲဒုက္ခရောက်စေပြီး မျှော်လင့်ချက်မဲ့စေခြင်းဖြင့် သူသည် အနုတ်လက္ခဏာစွမ်းအင်များကို ပို၍ညှစ်ထုတ်နိုင်ပေမည်။

သို့သော် ထိုအချိန်၌ ချန်လန်၏ရှေ့တွင် သွေးရောင်လွှမ်းနေသော စက္ကူတစ်ရွက်က လေဟာနယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။

အကြောင်းအရာကို မြင်လိုက်ရချိန်၌ သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး နံဘေးရှိ ဆာရာလည်း ထိုအရာကို သတိပြုမိသွားကာ ထိတ်လန့်မှုကြောင့် သူမ၏ခန္ဓာကိုယ် တုန်ယင်သွားသည်။

"တုန်လှုပ်ချောက်ချားနတ်ဘုရားက မင်းကို အစည်းအဝေး ခေါ်နေတာလား..."

All Chapters