အခန်း ၂၉
Vol. 3 Ch. 29
အခန်း (၂၉) ကင်မရာတွေ... ခေါင်းမော့တဲ့နှုန်းနဲ့ ခေါင်းငုံ့တဲ့ ထောင့်တဲ့လား
ချန်လန်သည် ထိုစာကို တိုက်ရိုက်လျစ်လျူရှုရန် ရွေးချယ်လိုက်သည်။ တုန်လှုပ်ချောက်ချားနတ်ဘုရားက သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်ဟု သူ လောင်းကြေးထပ်ထားခြင်း ဖြစ်ပေ၏။
သူက ဆာရာ့ကို ကြည့်လိုက်သည်။
"ငါ အခု နယ်မြေကို ပြင်လို့ ရသေးလား..."
"ဟင်... မင်း ဘာကို ပြင်ချင်လို့လဲ..."
ဆာရာ အံ့အားသင့်သွားသည်။
"အစစ်မှန်ဆုံး အထက်တန်းနောက်ဆုံးနှစ်ကို ငါ ပြန်ပြီးဖော်ဆောင်ချင်တယ်..."
ချန်လန်က အေးအေးဆေးဆေး ပြောလိုက်သည်။
ယခုထက် ပို၍များပြားသော အနုတ်လက္ခဏာစွမ်းအင်များကို ရရှိရန် သူသည် ကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို ဂရုမစိုက်တော့ချေ။ ယခုချိန်၌ ပို၍ကြောက်မက်ဖွယ်ကောင်းသော အထက်တန်းနောက်ဆုံးနှစ်ကို ပြန်လည်ဖော်ဆောင်ရန် အချိန်ကျရောက်လာလေပြီ။
ဆာရာ၏နှလုံးသား တုန်ရီသွားလေ၏။
သူက ပိုပြီးတောင် ပြန်လည်ဖော်ဆောင်ချင်သေးတာလား....
အခုလက်ရှိ နယ်မြေကတောင် သူ့ရဲ့ ပြီးပြည့်စုံတဲ့ ပုံစံမဟုတ်သေးဘူးလို့ ဆိုလိုတာလား...
"မင်း ပြင်လို့ရတယ်... ဒါပေမဲ့ အရမ်းကြီးတော့ အများကြီး မပြင်နဲ့..."
"ကောင်းပြီ..."
...
နယ်မြေကမ္ဘာ၌...
တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ၁၁၃ ရက် အလိုတွင်...
လူတိုင်းသည် ထုံးစံအတိုင်း စာသင်ခန်းသို့ ရောက်ရှိလာကြသော်လည်း ကွာခြားချက်တစ်ခုကို သတိပြုမိသွားကြသည်။ ဤသည်မှာ အခန်း၏ အရှေ့နှင့် အနောက် ကျောက်သင်ပုန်းများအထက်တွင် ကင်မရာများ တပ်ဆင်ထားခြင်းပင်။
"ဒါက ဘာဖြစ်တာလဲ..."
"မသိဘူး... ဘာလို့ ကင်မရာတွေ ရုတ်တရက်ကြီး တပ်ထားတာလဲ..."
"ထူးဆန်းလိုက်တာ... သူတို့က ငါတို့ကို စောင့်ကြည့်မလို့လား... ငါတို့ကို ဘယ်သူက စောင့်ကြည့်ချင်လို့လဲ..."
ဒေါက်... ဒေါက်... ဒေါက်...
ဒေါက်မြင့်ဖိနပ်သံများ နီးကပ်လာပြီး တရုတ်စာဆရာမ စာသင်ခန်းထဲသို့ ဝင်ရောက်လာသည်။ သူမ၏ ပထမဆုံး စကားတစ်ခွန်းက လူတိုင်း၏ နှလုံးသားများကို စိုးရိမ်ပူပန်မှုများဖြင့် လေးလံသွားစေခဲ့လေ၏။
"ကင်မရာတွေကို မင်းတို့အားလုံး မြင်ပြီးလောက်ပြီလို့ ဆရာမ ထင်တယ်... ဒါတွေက မင်းတို့ရဲ့ ပညာရေး စွမ်းဆောင်ရည်ကို မြန်မြန် တိုးတက်လာအောင် ကူညီပေးမယ့် အထူးကိရိယာတွေပဲ... အခုကစပြီး ဒီကင်မရာတွေက မင်းတို့ရဲ့ ခေါင်းမော့တဲ့နှုန်းကို ထောက်လှမ်းပေးလိမ့်မယ်... တကယ်လို့ ၅၀ ရာခိုင်နှုန်းထက်ကျော်သွားရင် မင်းတို့ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးခံရမယ်...အဲ့ဒီလိုပဲ မင်းတို့ရဲ့ ခေါင်းငုံ့တဲ့ ထောင့်ကလည်း အချိန်အကြာကြီး အရမ်းနိမ့်နေမယ်ဆိုရင် ပြစ်ဒဏ်ပေးခံရမယ်..."
"ခေါင်းမော့တဲ့နှုန်းက ကန့်သတ်ချက်ထက် ကျော်သွားတာနဲ့ အဲ့ဒီနေ့ ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်ကို တစ်နာရီ တိုးပြီး အပိုပြန်လည်သုံးသပ်ရေး စာတမ်းတစ်စောင်ကို လုပ်ရမယ်..."
လူတိုင်းသည် ကင်မရာများကို နတ်ဆိုးများကို ကြည့်သကဲ့သို့ ကြည့်နေကြပြီး သူတို့၏ နှလုံးသားများမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြသည်။
အဆင့်မြင့် နည်းပညာတွေတောင် ပါလာပြီလား...
ခေါင်းမော့လို့လည်း မရဘူး... ခေါင်းငုံ့လို့လည်း မရဘူး... သူက ငါတို့ကို ဘာလုပ်စေချင်တာလဲ...
ပြီးတော့ အဲ့ဒီ ပြန်လည်သုံးသပ်ရေး စာတမ်းတွေက ဘာကြီးလဲ....ပြစ်ဒဏ်က အရမ်းကို အဓိပ္ပာယ်မရှိလွန်းတယ်....အချိန်ကို တိုက်ရိုက် တစ်နာရီ တိုးလိုက်တာက ငါတို့ကို သတ်တာနဲ့ ဘာကွာတော့လို့လဲ...
လူတိုင်းသည် တောင်တစ်လုံးကဲ့သို့ ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ အထူးသဖြင့် အတန်းထဲတွင် မကြာခဏ အိပ်ငိုက်တတ်သော ကစားသမားများမှာ တံတွေးများကို ခက်ခဲစွာဖြင့် အကြိမ်ပေါင်းများစွာ မျိုချလိုက်ကြ၏။
"အခု အတန်းစပြီ... ငါတို့ရဲ့ တိုးတက်မှုက အရမ်းကို နောက်ကျကျန်နေခဲ့ပြီ... တခြားသူတွေက အထက်တန်း တတိယနှစ် သင်ခန်းစာတွေကို သင်နေကြပြီ... ငါတို့က ဒုတိယနှစ် အဆင့်မှာပဲ ရှိသေးတယ်... ပထမနှစ်ကိုတောင် အပြည့်အဝ မကျွမ်းကျင်သေးဘူး... ငါတို့ သင်ယူမှုကို အရှိန်မြှင့်ရမယ်... ဒါကြောင့် မင်းတို့ရဲ့ နေ့လယ်စာစားချိန်ကို လျှော့ချဖို့ ဆရာမက ကျောင်းနဲ့ ညှိနှိုင်းခဲ့တယ်... အခုကစပြီး အတန်းက ၁၂နာရီခွဲမှာ ဆင်းပြီး ၁နာရီခွဲမှာ ပြန်စမယ်..."
ဘန်း...
ကျောင်းသားတစ်ယောက်က ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။
"ဘာ... ထပ်လျှော့ဦးမလို့လား... ငါတို့မှာ အချိန်က အရမ်းနည်းနေပြီကို... ငါတို့ ဘယ်လိုလုပ် အသက်ရှင်ရမှာလဲ..."
တရုတ်စာဆရာမက သူမ၏ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး သူမ၏ အကြည့်များသည် ထိုကျောင်းသားအပေါ်သို့ ဓားသွားတစ်ခုကဲ့သို့ ရောက်ရှိသွားလေ၏။ စာသင်ခန်းအတွင်းရှိ လေထု ချက်ချင်း အေးခဲသွားသည်။
"မင်း... အခုချက်ချင်း စင်္ကြန်ထဲထွက်ပြီး 'သင်ယူမှုအတွက် အားပေးခြင်း' ကဗျာကို အသံကျယ်ကျယ်နဲ့ အခေါက်တစ်ရာ ဖတ်စမ်း... မပြီးရင် ဒီနေ့ စာသင်ခန်းထဲကို ပြန်ဝင်ဖို့ မစဉ်းစားနဲ့..."
ထိုသို့ပြောပြီးနောက် သူမက အခြားကျောင်းသားများကို ဝေ့ကြည့်ကာ အေးစက်စက် ပြောဆိုလိုက်သည်။
"အခု... မေးစရာရှိတဲ့ တခြားလူ ရှိသေးလား..."
သူမ စကားပြောလိုက်သည်နှင့် တပြိုင်နက် လူတိုင်း ခေါင်းငုံ့သွားကြပြီး သူမကို ထပ်မကြည့်ရဲကြတော့ချေ။ ထိုကျောင်းသားလည်း တရုတ်စာ ဖတ်စာအုပ်ကို ကပျာကယာယူကာ အပြင်သို့ ပြေးထွက်သွားပြီး စင်္ကြန်လမ်းထဲတွင် အသံကျယ်ကျယ်ဖြင့် စတင်ဖတ်လိုက်၏။ အတန်းတစ်ခုလုံးသည် သူ၏ မောပန်းနွမ်းနယ်နေပြီး အားစိုက်နေရသော အသံကို ကြားနေရသည်။
စာဖတ်သံနှင့်အတူ သူတို့၏နှလုံးခုန်သံများလည်း ပြင်းထန်စွာ မြန်ဆန်လာသည်။
"နောက်လာမယ့် လစဉ်စာမေးပွဲမှာ လူတိုင်းရဲ့ တရုတ်စာ ပျမ်းမျှအမှတ်က ၈၀ ဝန်းကျင် ရောက်တာကို ဆရာမ မြင်ချင်တယ်... မဟုတ်ရင် မင်းတို့ရဲ့ နေ့လယ်စာစားချိန်က ပိုလျော့သွားပြီး ပစ်မှတ်ကို မရောက်မချင်း ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်က တိုးလာလိမ့်မယ်..."
"အခု... ဖတ်စာအုပ်တွေကို ဖွင့်ကြ... ပြီးခဲ့တဲ့ရက်က သင်ခန်းစာကနေ ဆက်မယ်..."
လူတိုင်း တံတွေးမျိုချလိုက်ပြီး တရုတ်စာ ဖတ်စာအုပ်များကို ဖွင့်လိုက်ကြသည်။ အပြင်ဘက်မှ အသံကျယ်ကျယ်ဖြင့် စာဖတ်နေသံအောက်တွင် အတန်းစတင်လေ၏။
အချိန်များသည် ရိတ်သိမ်းပြီးသော ဂျုံပင်များကဲ့သို့ တစ်စတစ်စ လျော့နည်းလာသည်။
ကင်မရာ၏ အေးစက်သော မှန်ဘီလူးအောက်တွင် လူတိုင်းသည် သူတို့၏ခန္ဓာကိုယ်များကို တောင့်တင်းစွာ ထားရှိနေကြရသည်။
သူတို့၏ ခေါင်းမော့သောနှုန်းက ၅၀ ရာခိုင်နှုန်း ထက်ကျော်သွားမည်ကို ကြောက်ရွံ့ကြပြီး ခေါင်းငုံ့သောထောင့်က မှားယွင်းသွားမည်ကိုလည်း ကြောက်ရွံ့နေကြ၏။
သူတို့၏လည်ပင်းများ နာကျင်နေသည့်တိုင် သူတို့ မလှုပ်ရဲကြချေ။ အိပ်ချင်စိတ် ပေါက်ဖွားလာချိန်၌ နိုးကြားနေစေရန်အတွက် သူတို့၏ပေါင်များကို ပြင်းပြင်းထန်ထန် ဆွဲလိမ်ထားရုံမှတစ်ပါး တခြားမရှိချေ။
"ကျောင်းသား လီတာတုန်း... ခေါင်းငုံ့တဲ့ ထောင့်က စက္ကန့် ၃၀ ကျော်ကြာ အရမ်းနိမ့်နေပါတယ်... သတိပေးချက် တစ်ကြိမ်..."
အေးစက်သော အီလက်ထရွန်းနစ်စက်သံတစ်သံက စာသင်ခန်းထိပ်ရှိ စပီကာမှ ရုတ်တရက် ထွက်ပေါ်လာရာ အိပ်ပျော်လုနီးပါး ဖြစ်နေသော ကစားသမားကို တုန်လှုပ်သွားစေကာ ချက်ချင်းနိုးကြားလာစေသည်။
လီတာတုန်းသည် ကင်မရာကို ထိတ်လန့်တကြား ကြည့်လိုက်၏။ သူ အချိန်တခဏကြာ အိပ်ငိုက်သွားသည်ကို ထောက်လှမ်းမိသွားလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
"ကျောင်းသား လီတာတုန်း... ခေါင်းတစ်ကြိမ် မော့ပါတယ်... သတိပေးချက် တစ်ကြိမ်... သုံးကြိမ်ထက် ကျော်လွန်ပါက ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်ပြီးနောက် ကျန်ရစ်နေရပါမည်..."
ဤစကားကို ကြားသောအခါ လီတာတုန်းသည် အကောင်းဆုံးထောင့်ကို ထိန်းထားနိုင်ရန်အတွက် သူ၏ခေါင်းကို အလျင်အမြန် ငုံ့လိုက်ရာ ချွေးစေးများ စီးကျလာလေ၏။
ဤအသံများကို ကြားရသော အခြားသူများသည်လည်း အထက်သို့ လုံးဝမော့မကြည့်ရဲကြတော့ဘဲ သူတို့၏ နှလုံးခုန်သံများ မြန်ဆန်နေသည်။
သို့သော် ထိုသို့ဖြစ်သည့်တိုင် သူတို့၏ အိပ်ချင်စိတ်များကို မဖိနှိပ်နိုင်ကြချေ။ သူတို့ ကောင်းကောင်း အနားမရခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ကင်မရာများက စောင့်ကြည့်နေကြောင်း သိနေသည့်တိုင် သူတို့ အိပ်ငိုက်ချင်နေကြဆဲပင်။
ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ သဘာဝပင်။ ထို့ပြင် သူတို့၏ စိတ်ဓာတ်ခွန်အားများမှာ ကြာမြင့်စွာကတည်းက ကြေမွပျက်စီးနေခဲ့ပြီဖြစ်ရာ သူတို့ ဘယ်လိုတောင့်ခံနိုင်တော့မည်နည်း။
အတန်းစတင်ပြီး နှစ်နာရီအကြာ၌...
သတိပေးသံများ မကြာခဏ ထွက်ပေါ်လာလေ၏။
"ကျောင်းသား လီတာတုန်း... ခေါင်းတစ်ကြိမ် မော့ပါတယ်... သတိပေးချက် တစ်ကြိမ်... သင်သည် သုံးကြိမ်ထက် ကျော်လွန်သွားပါပြီ... ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်ပြီးနောက် တစ်နာရီကျန်ရစ်နေရပါမည်..."
"ကျောင်းသား ချန်ထျန်... ခေါင်းသုံးကြိမ် ငုံ့ပါတယ်... သတိပေးချက် သုံးကြိမ်ထက် ကျော်လွန်သွားပါပြီ... ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်ပြီးနောက် တစ်နာရီ ကျန်ရစ်နေရပါမည်..."
"ကျောင်းသား ကျိုးထျန်ချန်... ခေါင်းသုံးကြိမ် ငုံ့ပါတယ်... သတိပေးချက် သုံးကြိမ်ထက် ကျော်လွန်သွားပါပြီ... ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်ပြီးနောက် တစ်နာရီ ကျန်ရစ်နေရပါမည်..."
"..."
အတော်ဆုံး ကျောင်းသားဖြစ်သော ကျိုးထျန်ချန်ပင်လျှင် ကင်မရာ၏ အကဲဖြတ်မှုမှ မလွတ်ကင်းနိုင်ခဲ့ချေ။
၁၂နာရီခွဲတွင် အတန်းပြီးဆုံးချိန်၌ အတန်းထဲရှိ လူတိုင်း သတိပေးခံခဲ့ရသည်။ အတန်းတစ်ခုလုံးသည် ညပိုင်းကိုယ်ပိုင်စာကျက်ချိန်ပြီးနောက် တစ်နာရီ ကျန်ရစ်နေရမည့် ပြစ်ဒဏ်ကို ခံရလေ၏။
ခေါင်းလောင်းသံ မြည်သည်နှင့် တစ်ပြိုင်နက် လူတိုင်းသည် လေးညှို့မှလွှတ်လိုက်သော မြှားများအလား အပြင်သို့ ပြေးထွက်သွားကြသည်။ ကန်တင်းသို့သွားရန် ခုနစ်မိနစ် သို့မဟုတ် ရှစ်မိနစ် ကြာမြင့်ပြီး အသွားအပြန် မိနစ်နှစ်ဆယ်နီးပါး ကြာမြင့်ပေမည်။ သူတို့သည် အချိန်နှင့် အပြိုင် ပြေးရပေမည်။
သို့သော် သူတို့ အပြင်ထွက်လိုက်သည်နှင့် စင်္ကြန်များနှင့် လှေကားခွင်များကို ပိတ်ဆို့နေသော အရိပ်မည်း အများအပြားကို မြင်တွေ့လိုက်ရသည်။
"သောက်ကျိုးနည်း... အရိပ်မည်းတွေက ဘာလို့ ဒီလောက် များနေတာလဲ..."
"ဒါတွေက ငါတို့ ထမင်းစားချိန် နောက်ကျအောင် နယ်မြေက တမင်စီစဉ်ထားတဲ့ ကျောင်းသားတွေပဲ..."
"ဖယ်ကြစမ်း..."
"ဖယ်ဖို့လောက်ပဲ ပြောမနေနဲ့... တံတောင်နဲ့သာ တွန်းထုတ်ပစ်..."
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် သူတို့၏ ခန္ဓာကိုယ်များနှင့် တံတောင်ဆစ်များကို အသုံးပြုကာ ထိုအရိပ်မည်းများကို တိုက်ထုတ်ပြီး ကန်တင်းဆီသို့ ပြေးဝင်သွားကြ၏။
ငါးမိနစ်မပြည့်မီ သူတို့ ကန်တင်းသို့ ရောက်ရှိသွားကြပြီး အစားအသောက်များကို သွက်လက်စွာ ယူကာ ထိုင်၍ အငမ်းမရ စားသောက်ကြတော့သည်။
သူတို့ကို နှစ်ပေါင်းများစွာ မစားရသေးသည့် ငတ်မွတ်နေသော တစ္ဆေများကဲ့သို့ အစားအသောက်များကို မျိုချနေသည်ဟုသာ ဖော်ပြနိုင်ပြီး ဇွန်းများကို အသုံးပြု၍ သူတို့၏ ပါးစပ်များထဲသို့ အစားအသောက်များကို တိုးသွင်းနေကြသည်။
လူတချို့ဆိုလျှင် စက္ကန့်တိုင်းကို ချွေတာနိုင်ရန်အတွက် ဇွန်းများကိုပင် အသုံးမပြုတော့ဘဲ လက်ဖြင့်သာ စားသောက်နေကြ၏။
အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကြောင့် အမောတကော ဖြစ်နေသော်လည်း သူတို့သည် အငမ်းမရ စားသောက်နေကြဆဲပင်။
ကစားသမားများသည် စကားပြောရန်ပင် ဂရုမစိုက်နိုင်တော့ချေ။ လူတိုင်းသည် တင်းကျပ်စွာ ရစ်ပတ်ထားသော စက်တစ်လုံးကဲ့သို့ ဖြစ်နေသည်။
ထမင်းစားပြီးနောက် သူတို့သည် မရပ်မနားဘဲ စာသင်ခန်းသို့ ပြန်ပြေးလာခဲ့ကြသည်။ နာရီပေါ်တွင် ဆယ့်ငါးမိနစ်သာ ကုန်လွန်သေးကြောင်း မြင်လိုက်ရသည်။ ပုံမှန်ထက် ဆယ်မိနစ်ကျော် ပိုမြန်နေပေ၏။
"ဆယ်မိနစ်စာ ထမင်းစားချိန်ကိုတောင် သေချာ တွက်ချက်ထားရလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."
"မြန်မြန်အိပ်... အနားယူချိန် လေးဆယ့်ငါးမိနစ် ကျန်သေးတယ်... အနည်းဆုံးတော့ ငါတို့ နည်းနည်းလောက် အိပ်လို့ရသေးတယ်... နောက်ပိုင်းကျရင် နာရီဝက်တောင် ရပါတော့မလား မသိဘူး..."
တစ်မိနစ်အကြာတွင် စာသင်ခန်းသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။ မည်သူမျှ စကားမပြောသလို မည်သူမျှလည်း ဂဏာမငြိမ် မဖြစ်ကြချေ။ လူတိုင်းသည် သူတို့၏ စားပွဲများပေါ်တွင် မှောက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြ၏။
အတန်းတက်ခေါင်းလောင်းသံ မြည်လာချိန်၌ တရုတ်စာဆရာမက စာသင်ခန်းထဲသို့ ဝင်ရောက်လာသည်။
"ဒီနေ့ နေ့လယ် စာမသင်ဘူး... စာမေးပွဲ အသေးလေးတစ်ခု ဖြေမယ်... ကျတဲ့သူတွေက..."
တရုတ်စာဆရာမ၏အသံသည် တမင်သက်သက် တိုးသွားပြီး သူမ၏ အေးစက်သော အကြည့်များသည် သေမင်း၏တံစဉ်တစ်ခုနှင့် တူညီနေကာ ဖြူရော်သွားသော မျက်နှာတိုင်းကို ဝေ့ကြည့်သွားလေ၏။
အပြင်ဘက်မှ နေရောင်ခြည်သည် တောက်ပနေသော်လည်း မျှော်လင့်ချက်မဲ့မှုများ ဖုံးလွှမ်းနေသော ဤစာသင်ခန်းထဲသို့တော့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိချေ။
"မနက်ဖြန် နေ့လယ်စာစားချိန် နာရီဝက် ထပ်လျှော့မယ်..."