← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အခန်း (၃၀) ကန်တင်း၌ အသံကျယ်ကျယ်ဖြင့် မနက်ခင်း စာဖတ်ခြင်း

တစ်နာရီခွဲအကြာ၌...

"အဖြေလွှာတွေ အပ်ကြ..."

တရုတ်စာဆရာမ၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။ လူတိုင်း၏ စာမေးပွဲမေးခွန်းလွှာများသည် ချက်ချင်း ပျောက်ကွယ်သွားပြီး စင်မြင့်ပေါ်တွင် ပြန်လည်၍ ထွက်ပေါ်လာလေ၏။

လူတိုင်း ဖောင်တိန်များကို ချလိုက်ပြီး သူတို့၏ စားပွဲများကို စိုးရိမ်ပူပန်စွာ စိုက်ကြည့်နေကြသည်။ ကင်မရာများကြောင့် သူတို့ မော့မကြည့်ရဲကြချေ။

"ဘာတွေ ငေးနေကြတာလဲ... စာမေးပွဲပြီးသွားတာနဲ့ အိမ်စာတွေ လေ့ကျင့်ခန်းစာအုပ်တွေ လုပ်စရာမလိုတော့ဘူးလို့ ထင်နေတာလား..."

လူတိုင်းသည် သူတို့၏ စားပွဲများထဲမှ အိမ်စာများနှင့် လေ့ကျင့်ခန်းစာအုပ်များကို ကပျာကယာ ထုတ်ကာ စတင်ရေးသားကြတော့သည်။

အချိန်အနည်းငယ်ကြာပြီးနောက် ဆရာမ၏အသံ ထပ်မံ၍ ထွက်ပေါ်လာသည်။

"လီတာတုန်း..."

သူ၏နာမည်ကို ကြားလိုက်ရချိန်၌ လီတာတုန်း၏ ခန္ဓာကိုယ် ဆတ်ခနဲ တုန်ရီသွားလေ၏။ သူက တရုတ်စာဆရာမကို မော့ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ သတိပေးမခံရစေရန် ကြိုးစားခဲ့သည်။

"ဒီကို လာခဲ့စမ်း..."

လီတာတုန်းသည် ထိတ်လန့်တကြား မတ်တပ်ရပ်လိုက်ပြီး စင်မြင့်ဘေးသို့ တုန်ယင်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားသည်။

ဖြန်း...

စာမေးပွဲမေးခွန်းလွှာဖြင့် သူ၏ မျက်နှာကို ရိုက်ချခံလိုက်ရပြီး ဆရာမက အေးစက်စက် အော်ဟစ်လိုက်သည်။

"မင်း ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလောက်အောင် မှားနေလဲဆိုတာ ကိုယ့်ဘာသာကိုယ် ကြည့်စမ်း..."

လီတာတုန်းသည် သူ၏လက်ထဲရှိ မေးခွန်းလွှာကို ကြည့်လိုက်သည်။ စုစုပေါင်း အမှတ် ၁၀၀ တွင် သူ ၅၅ မှတ်သာ ရရှိခဲ့သည်။ ဤသည်မှာ ကျရှုံးခြင်းပင်။

"ဒါတွေကို ဒီနေ့မနက်တင် ငါ သင်ထားတာ... ပြီးတော့ ဒီကဗျာ... မင်းက စာကြောင်းရဲ့ ဒုတိယတစ်ဝက်ကိုတောင် မဖြည့်နိုင်ဘူးလား... ပြီးတော့ ဒီစကားပြေ နားလည်သဘောပေါက်မှုကရော လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ငါ သေချာရှင်းပြထားတာ မဟုတ်ဘူးလား... မင်း ဘာလုပ်နေတာလဲ..."

"မင်းတို့လို လူတွေက အတန်းတစ်ခုလုံးကို နောက်ဆွဲချနေတာ... မင်းက ဆန်တစ်အိုးလုံးကို ဖျက်ဆီးတဲ့ ကြွက်ချေးတစ်တုံးပဲ... အတန်းရဲ့ ပျမ်းမျှအမှတ်က မင်းကြောင့် ကျသွားတာ..."

"မင်းက အတန်းထဲမှာ သေချာနားမထောင်ဘဲ စာမေးပွဲဖြေတဲ့အချိန်မှာ လူတိုင်းကို ဒုက္ခပေးတယ်... ဒီလောက် ရိုးရှင်းတဲ့ မေးခွန်းတွေကိုတောင် မင်း မှားနိုင်သေးတယ်ပေါ့... မနက်ဖြန် မင်း နေ့လယ်စာစားချိန် အနားယူစရာ မလိုဘူး... မင်းအတွက် ဘယ်သူက ထမင်းသွားယူပေးမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့... ကဲ... အခု မင်းနေရာ မင်း ပြန်သွားတော့..."

လီတာတုန်း အသံမထွက်ရဲချေ။ သူသည် အတန်းတစ်ခုလုံး၏ ရှေ့တွင် အရှက်ခွဲခံရသော်လည်း သူ၏ မေးခွန်းလွှာကို ယူကာ အရှက်တကွဲဖြင့် နေရာသို့ ပြန်သွားရုံသာ တတ်နိုင်ပေ၏။

ထို့နောက် ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် အခေါ်ခံရသည်။ လူ ၄၇ ယောက်တွင် ၃၇ ယောက် အောင်မြင်ခဲ့သည်။

"လူတိုင်းကို နောက်ဆွဲချပြီး ပျမ်းမျှအမှတ်ကို ကျဆင်းစေတာ မင်းတို့ ဆယ်ယောက်ပဲ... ဆရာမ ထပ်ပြောမယ်... လစဉ်စာမေးပွဲရဲ့ ပျမ်းမျှအမှတ်က စံသတ်မှတ်ချက်ကို မမီရင် မင်းတို့အားလုံး ပြစ်ဒဏ်ပေးခံရမယ်... မင်းတို့ အပြစ်မပေးခံချင်ရင် အချင်းချင်း ကြီးကြပ်ပြီး အမှတ်တွေ တက်လာအောင် လုပ်ကြ... အားလုံးပဲ ကျန်တဲ့အချိန်တွေကို လေ့ကျင့်ခန်းစာအုပ်တွေ လုပ်တဲ့နေရာမှာ သုံးကြစမ်း..."

ထိုသို့ပြောဆိုပြီးနောက် တရုတ်စာဆရာမသည် စာသင်ခန်းထဲမှ ထွက်သွားလေ၏။

"ဟေး... လီတာတုန်း... မင်းတို့ကောင်တွေ နည်းနည်းလောက် ပိုပြီး အလေးအနက် ထားလို့မရဘူးလား... ငါတို့ကို နားချိန်မရှိတဲ့အထိ နောက်ဆွဲမချနဲ့လေ..." အမျိုးသားတစ်ဦးက လီတာတုန်းကိုကြည့်ပြီး အေးစက်စက် အော်ဟစ်လိုက်သည်။

ဒေါသထွက်နေပြီးဖြစ်သော လီတာတုန်းက စားပွဲကို ထုကာ ချက်ချင်းမတ်တပ်ထရပ်လေသည်။

"ဝမ်တာကွေ့... မင်း အဲ့ဒီစကားကို ဘာသဘောနဲ့ ပြောတာလဲ..."

"ငါဆိုလိုတာက မင်း နည်းနည်းလောက်ပိုပြီး အလေးအနက်ထားပြီးတော့ လူတိုင်းကို ဒုက္ခမပေးလို့ မရဘူးလား လို့..."

ဝမ်တာကွေ့က အေးစက်စက် ပြောလိုက်၏။

"မင်းတို့ ဆယ်ယောက်ပဲ ကျတာ... တကယ်လို့ မင်းတို့ကြောင့် ငါတို့ရဲ့ ပျမ်းမျှအမှတ်က စံသတ်မှတ်ချက်အောက် ရောက်သွားရင် ငါတို့ကို ရိုင်းတယ်လို့ မပြောနဲ့..."

"မင်း ရန်ဖြစ်ချင်နေတာလား... သတ္တိရှိရင် လာခဲ့လေ..."

လီတာတုန်းက ဝမ်တာကွေ့ထံသို့ ရန်လိုစွာ လျှောက်လှမ်းသွားသည်။

ဝမ်တာကွေ့က အလျှော့မပေးဘဲ မတ်တပ်ရပ်လိုက်ရာ သူတို့နှစ်ဦးသည် အလျင်အမြန်ပင် စတင်၍ လုံးထွေးသတ်ပုတ်ကြတော့သည်။

သူတို့၏ ရုန်းကန်မှုများ ပို၍ပြင်းထန်လာပြီး သူတို့၏ စကားများ ပို၍ရိုင်းစိုင်းလာသည်နှင့်အမျှ တခြားသူများလည်း ဆက်လက်၍ မထိန်းချုပ်နိုင်ကြတော့ချေ။

"မင်း စာမေးပွဲကျတာတောင် လူတွေကို ပြောခွင့်မပေးဘူးလား... မင်းက အရမ်း မောက်မာလွန်းနေတာ မဟုတ်ဘူးလား..."

"အဲ့ဒါပြောတာ... အတန်းထဲမှာ မင်း အိပ်မနေဘူးဆိုရင် ငါတို့ရဲ့ ပျမ်းမျှအမှတ်က အန္တရာယ်ရှိမှာ မဟုတ်ဘူး..."

"မင်းတို့လို လူမျိုးတွေက ရွံစရာကောင်းတယ်... မင်းတို့ ပြစ်ဒဏ်ပေးခံချင်ရင် ကိုယ့်ဘာသာကိုယ် သွားခံလေ... တခြားသူတွေကို ဆွဲမထည့်နဲ့..."

"ငါတို့က ကျချင်လို့ ကျတယ်လို့ ထင်နေလား... ငါတို့လည်း ကြိုးစားခဲ့တာပဲ... မင်းတို့က ငါတို့ကို ဆူဖို့ ဘာအခွင့်အရေး ရှိလို့လဲ..."

"သောက်ခွေးကောင်တွေ... မင်းတို့ အမှတ်ကောင်းတာနဲ့ပဲ အရမ်းတော်တယ် ထင်နေတာလား... မင်းတို့ ဦးနှောက်တွေ ပွင့်ထွက်သွားအောင် ငါ လုပ်ပြမယ် ကြည့်နေစမ်း..."

ဆင်ခြင်တုံတရားရှိသူ အနည်းငယ်သာ ဘေးဖယ်နေခဲ့ကြပြီး လူလေးဆယ်ခန့်သည် ရန်ပွဲတွင် ပါဝင်လာကြ၏။

ပျမ်းမျှအမှတ်တစ်ခု ကျဆင်းသွားရုံမျှဖြင့် ကစားသမားများ၏ စည်းလုံးညီညွတ်မှုသည် ချက်ချင်း ပြိုကွဲသွားပြီး သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရန်သူများအဖြစ် ပြောင်းလဲသွားကြသည်။

"မင်းတို့ ဘာတွေလုပ်နေကြတာလဲ..."

ဆရာမ၏ ဟိန်းဟောက်သံ ထွက်ပေါ်လာချိန်၌ လူတိုင်း ရပ်တန့်သွားပြီး တရုတ်စာဆရာမကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။

"မင်းတို့က ရန်ဖြစ်ရတာ သဘောကျတယ်ပေါ့... တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် လေးလတောင် မလိုတော့တာကို မင်းတို့မှာ ရန်ဖြစ်ဖို့ စိတ်ကူး ရှိသေးတယ်ပေါ့လေ... အားလုံးပဲ ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်ကို နောက်ထပ် တစ်နာရီ တိုးမယ်... ဘယ်သူမှ အဆောင်ကို ပြန်အိပ်ခွင့် မရှိဘူး..."

ဆရာမ ထွက်သွားပြီးနောက် လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် နာကြည်းမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ကစားသမားများကြားတွင် ပထမဆုံးအကြိမ်အဖြစ် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာခဲ့ပေ၏။

"မင်းတို့ကို အထင်အသေးမခံချင်ဘူးဆိုရင် ကြိုးကြိုးစားစား စာလုပ်ကြ... ရန်ဖြစ်နေလို့လည်း အလကားပဲ... ဘာပဲဖြစ်ဖြစ် မင်းတို့ သေမှာမှ မဟုတ်တာ... ပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ထိပ်ဆုံးငါးယောက်စာရင်း မဝင်ရင် ဒီနယ်မြေကနေ မင်းတို့ ထွက်သွားလို့ရမှာ မဟုတ်ဘူး... မင်းတို့ အချိန်ဖြုန်းနေတာပဲ..."

ကျိုးထျန်ချန်၏စကားက လူတိုင်းကို သတိပြန်ဝင်လာစေခဲ့သည်။

အချိန်တခဏအကြာတွင် လူတိုင်း သူတို့၏ အိမ်စာများကို စတင်၍ ရေးသားနေကြသဖြင့် ပတ်ဝန်းကျင်အခြေအနေသည် တဖန်ပြန်၍ အလွန်အမင်း တိတ်ဆိတ်သွားပေ၏။

အတန်းဆင်းခေါင်းလောင်းသံ မြည်လာချိန်၌ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။

လီတာတုန်းက စာအုပ်တစ်အုပ်ကို ကိုင်ကာ စာသင်ခန်းထဲမှ ပြေးထွက်သွားသည်။ သူ ကန်တင်းသို့ ရောက်ရှိချိန်၌ ထမင်းစားနေရင်း စာအုပ်ဖတ်နေခဲ့သည်။

ဤသည်က တခြားသူများကို အန္တရာယ်ရှိကြောင်း သတိပြုမိသွားစေခဲ့သည်။

အကယ်၍ သူတို့သည် ထိပ်ဆုံးငါးယောက်စာရင်း ဝင်ရန်အတွက် တခြားသူများကို မကျော်ဖြတ်နိုင်ပါက ဤနယ်မြေမှ သူတို့ ထွက်ခွာနိုင်မည် မဟုတ်ချေ။ တစ်ခုတည်းသော သူတို့ လုပ်နိုင်သည့်အရာမှာ အသေအလဲ စာကျက်ရန်ပင်။

ဤအချက်ကို သတိပြုမိပြီးနောက် လူတိုင်းသည် အလောတကြီး ထမင်းစားကာ ရေချိုးခြင်းကို ကျော်ဖြတ်ပြီး စာသင်ခန်းသို့ အပြေးအလွှား ပြန်လာကာ လေ့ကျင့်ခန်းစာအုပ်များ၊ အိမ်စာများနှင့် စာဖတ်ခြင်းတို့ကို ရူးသွပ်စွာ စတင်လုပ်ဆောင်ကြတော့သည်။

မသိမသာဖြင့် လူတိုင်းသည် ပြင်းထန်သော အလွန်အကျွံ ယှဉ်ပြိုင်မှု အခြေအနေတစ်ခုကို စတင်လိုက်ကြ၏။ မည်သူမျှ နောက်ကျမကျန်လိုကြချေ။

မနက် နှစ်နာရီကျော်၍ စာသင်ခန်းထဲတွင် အနားယူနိုင်သည့် အချိန်ရောက်သည့်တိုင်အောင် စာရွက်လှန်နေသည့် ပြတ်သားသော အသံများကို ကြားနေရဆဲပင်။

မည်သူမျှ မနားကြချေ။ သူတို့သည် စိတ်ခံစားမှုကင်းမဲ့နေသော စက်ရုပ်များကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် စတင်၍ စာကျက်ကြတော့သည်။

အရေးပေါ် အခြေအနေက သူတို့ကို အသက်ရှူမွန်းကြပ်သွားစေခဲ့ပြီး ထိုစကားတစ်ခွန်းက သူတို့၏ စိတ်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေလေ၏။

【တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ထိပ်ဆုံးငါးယောက်စာရင်း မဝင်ရင် ဒီနယ်မြေကနေ မင်းတို့ ထွက်သွားလို့ မရဘူး...】

ဤသည်က သူတို့ကို မြန်မြန်စာကျက်ရန် တိုက်တွန်းနေသည်။ သူတို့ ပို၍များများကျက်နိုင်လေလေ ပိုကောင်းလေလေပင်။ ထိုသို့မဟုတ်ပါက သူတို့ ဤနေရာတွင် ထာဝရ ပိတ်မိနေမည်။

...

မနက် ၅ နာရီ..

ကန်တင်း၌....

မနေ့ကထက် ပို၍ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ ကစားသမားအားလုံးသည် စာအုပ်များကို ကိုင်ဆောင်ကာ မနက်စာစားနေရင်း အသံကျယ်ကျယ်ဖြင့် စာဖတ်နေကြ၏။

သူတို့သည် တခြားအရာများ မရှိတော့သကဲ့သို့ စာဖတ်နေကြပြီး သူတို့ နောက်ကျကျန်ခဲ့၍ မရကြောင်းနှင့် တခြားလူအားလုံးကို ကျော်ဖြတ်ရမည်ဖြစ်ကြောင်းကိုသာ သိရှိနေသည်။

တစ်နာရီ အနားယူလိုက်ခြင်းက အမှတ်အနည်းငယ် သို့မဟုတ် ဆယ်မှတ်လောက်အထိ နောက်ကျကျန်ခဲ့နိုင်ကြောင်း ဆိုလိုသည်။ အလွန်အကျွံ ယှဉ်ပြိုင်ခြင်းဖြင့်သာ သူတို့သည် တခြားသူများထက် သာလွန်နိုင်ပေမည်။

သူတို့သည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီး ခန္ဓာကိုယ်များ ပြိုလဲလုနီးပါး ဖြစ်နေသော်လည်း အစွမ်းကုန် အော်ဟစ်နေကြဆဲဖြစ်ပြီး ဖတ်စာအုပ်များရှိ အကြောင်းအရာများကို အားရပါးရ ဖတ်ရှုရန် ထွက်ပေါက်တစ်ခုအဖြစ် အသုံးပြုနေသည်။

ဤတိတ်ဆိတ်သော ပြိုင်ဆိုင်မှုက ကန်တင်းအတွင်းရှိ ဆူညံသံအဆင့်ကို ပွက်လောညံလုနီးပါး ဖြစ်နေသော ဖိအားပေါင်းအိုးတစ်လုံးကဲ့သို့ အဆက်မပြတ် မြင့်တက်လာစေခဲ့လေ၏။

သို့သော် ဤအရာအားလုံးကို စားသုံးပစ်လိုက်သည့် 'အလွန်အကျွံ ယှဉ်ပြိုင်မှု' ၏ တန်ဖိုးမှာ မကြာမီ ပေါ်လွင်လာခဲ့သည်။

ယနေ့မနက် အတန်းသည် သင်္ချာပင်။ ဖတ်၍မရသော နတ်ဘုရားစာများနှင့်တူသည့် သင်္ချာပြဿနာများကို ရင်ဆိုင်ရချိန်၌ သူတို့၏ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော ဦးနှောက်များသည် မည်သည့်အရာကိုမျှ မစုပ်ယူနိုင်တော့ချေ။

သို့သော် ကင်မရာများနှင့် ပြစ်ဒဏ်များ၏ ကြောက်ရွံ့မှုက ထက်ရှသော ဓားတစ်လက်ကဲ့သို့ သူတို့၏ ခေါင်းပေါ်တွင် တွဲလောင်းကျနေပေ၏။ သူတို့ မနားရဲကြသည့်အပြင် အချိန်အကြာကြီး ခေါင်းမငုံ့ရဲကြသလို ခေါင်းလည်း မမော့ရဲကြချေ။

ထို့ပြင် မနေ့က နေ့လယ်စာစားချိန်ကို နောက်ထပ် နာရီဝက် လျှော့ချခံလိုက်ရသောကြောင့် ထမင်းစားပြီး ပြန်လာချိန်၌ အချိန်မကျန်တော့သလောက်နီးပါးပင်။ သူတို့သည် မအိပ်တော့ရန် ဆုံးဖြတ်လိုက်ကြပြီး ဆက်လက်၍ စာကျက်ကြတော့သည်။

နေ့လယ်ပိုင်းတွင် သင်္ချာဆရာက သင်္ချာ ဉာဏ်စမ်းစာမေးပွဲတစ်ခုကို ကြေညာလိုက်၏။

မေးခွန်းလွှာများကို ဝေငှလိုက်ချိန်၌ ထူးဆန်းသော အခြေအနေတစ်ခုက စာသင်ခန်းကို ဖုံးလွှမ်းသွားတော့သည်။

ကစားသမားအမြောက်အများသည် မေးခွန်းများကို ဟာလာဟင်းလင်းဖြစ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြပြီး သူတို့၏ ဖောင်တိန်များသည် အချိန်အတော်ကြာသည်အထိ စာရွက်နှင့် မထိတွေ့နိုင်ကြချေ။

"ဒီမေးခွန်းက... ဒီနေ့မနက်ကမှ သင်ထားတာနဲ့ တူတယ်... ဒါပေမဲ့ ဘာလို့ ငါ မမှတ်မိတာလဲ..."

"ဖော်မြူလာ... အဲ့ဒါ ဘာလဲ... စားလို့ရတဲ့ အရာလား..."

"ဒီမေးခွန်းက သေချာပေါက် သင်ခဲ့တာပဲ... ဘာလို့ ငါ ပြန်မတွေးတတ်ရတာလဲ..."

သူတို့၏ ဦးနှောက်များသည် အလွန်အကျွံ မွှေထားသော ဂျုံများကဲ့သို့ ဖြစ်နေပြီး သူတို့၏ မှတ်ဉာဏ် ပြန်လည်ရယူနိုင်စွမ်းမှာ လုံးလုံးလျားလျား ကမောက်ကမ ဖြစ်နေလေ၏။

အဆက်မပြတ် အိပ်ရေးပျက်ခြင်းနှင့် ပြင်းထန်သော စိုးရိမ်ပူပန်မှုတို့က သူတို့၏ သိမြင်နားလည်နိုင်စွမ်းများကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။

ရောဂါဆန်သော အလွန်အကျွံ ယှဉ်ပြိုင်မှု...

နောက်ဆုံးတွင် သူတို့ စိုက်ပျိုးခဲ့သောအရာကို သူတို့ ပြန်လည်၍ ရိတ်သိမ်းနေကြရလေပြီ။

Book 3 end.

All Chapters