အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) မနက်ခင်း စာဖတ်ချိန်က တီးဝိုင်းမှူး
"ချန်လန်... နှစ်ရက်တောင် ကြာသွားပြီ... တုန်လှုပ်ချောက်ချားနတ်ဘုရားက နင့်ကို ဘာဒုက္ခမှ မပေးသေးဘူးလား..."
ဆာရာက အလွန်ထူးဆန်းသည်ဟု ခံစားရလေ၏။ တုန်လှုပ်ချောက်ချားနတ်ဘုရားက သူ့ကို ယခင်က ခြိမ်းခြောက်ခဲ့သော်လည်း ချန်လန်ကို နှစ်ရက်တိုင်တိုင် အသက်ရှင်ခွင့်ပေးထားခြင်းမှာ အံ့သြစရာပင်။
ဤစကားကို ကြားသောအခါ ချန်လန်က ရယ်မောလိုက်သည်။
"ငါ မင်းကို ပြောသားပဲ... သူက ငါ့ရဲ့နယ်မြေကို ပိတ်ပိုင်ခွင့် မရှိသလို ငါ့ကိုသတ်ဖို့ အာဏာလည်း ပိုတောင် မရှိသေးတယ်... ဒါတွေက တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာရဲ့ စည်းမျဉ်းတွေပဲ..."
လက်ရှိချိန်တွင် တုန်လှုပ်ချောက်ချားနတ်ဘုရားသည် သူ့ကို သတ်ရန် နည်းလမ်းရှာနေမည်မှာ သေချာပေါက်ပင်။ အထူးသဖြင့် သူတို့၏ကြားက တံတားကို သူ မီးရှို့ဖျက်ဆီးပြီးသွားပြီဖြစ်ရာ နောင်လာမည့်အချိန်အတွင်း သူ၏စွမ်းအားကို အမြန်ဆုံး တိုးမြှင့်ရပေမည်။
"နင် ခန့်မှန်းတာ တကယ်ကြီး မှန်သွားတာပဲ..."
"ဒါကို ခဏထားလိုက်အုံး... မကြာသေးခင်က ငါတို့ အနုတ်လက္ခဏာစွမ်းအင် ဘယ်လောက် ရထားလဲ..."
ဆာရာက ပုံရိပ်ယောင်မျက်နှာပြင်တစ်ခုကို ချက်ချင်း ဆွဲထုတ်လိုက်၏။ ထိုအရာပေါ်တွင် ပြသထားသော အနုတ်လက္ခဏာစွမ်းအင်များကို မြင်လိုက်ရချိန်၌ ချန်လန်၏မျက်လုံးများ တောက်ပသွားသည်။
【၃၉၈၂၅】
လေးသောင်းတောင် ပြည့်တော့မှာပဲ...
ထို့ပြင် ဤသည်က နယ်မြေထဲတွင် ကစားသမား ၄၇ ယောက်တည်း ပါဝင်နေသည့်တိုင် ရရှိလာသော ပမာဏပင်။ အကယ်၍ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာက အဆင့်သတ်မှတ်ပေးပြီး SSSအဆင့်သို့ ရောက်ရှိသွားပါက ဤနယ်မြေကို ပို၍များပြားသော လူများအတွက် ဖွင့်ပေးနိုင်ပြီး ကစားသမားများ ပို၍ရွေးချယ်ကာ ဝင်ရောက်စေနိုင်ပေမည်။
ထိုအချိန်ကျလျှင် သူတို့သည် တစ်ရက်တည်းဖြင့် အနုတ်လက္ခဏာစွမ်းအင် သောင်းဂဏန်းလောက် ရနိုင်သည်။
"တမန်နေ့နဲ့ မနေ့ကဆိုရင် အနုတ်လက္ခဏာစွမ်းအင်က လေးထောင်နီးပါးလောက် ရုတ်တရက် တက်လာတယ်... နင့်ရဲ့ ကင်မရာတပ်ဆင်တဲ့ စိတ်ကူးက တကယ်ကို ထက်မြက်တာပဲ... သူတို့ရဲ့ စိတ်ခံစားမှု တန်ဖိုးတွေကို ငါ မြင်နေရတယ်... သူတို့က ပြိုလဲလုနီးပါး အခြေအနေကို ရောက်နေကြပြီ..."
"အို... မင်းက သူတို့ရဲ့ စိတ်ခံစားမှု တန်ဖိုးတွေကိုပါ မြင်ရတာလား..."
"မြင်ရတယ်လေ... ဒါပေမဲ့ ငါ သိပ်ပြီး ဂရုမစိုက်ပါဘူး... အနုတ်လက္ခဏာစွမ်းအင်လောက် ကြည့်လို့မကောင်းဘူး..."
ထိုသို့ပြောပြီးနောက် ဆာရာသည် နောက်ထပ် ပုံရိပ်ယောင်မျက်နှာပြင်တစ်ခုကို ဆွဲထုတ်လိုက်၏။ ဤသည်မှာ အလွန်ရှည်လျားပြီး ကစားသမား ၄၇ ယောက်လုံး၏ စိတ်ခံစားမှုတန်ဖိုးများကို ပြသထားသည်။
"အခု ငါတို့က လှေတစ်စင်းတည်း စီးနေကြပြီဆိုတော့... နင့်ဘာသာနင် စစ်ဆေးလို့ရအောင် ငါ့ရဲ့ လုပ်ပိုင်ခွင့်တွေ နင့်ကို ပေးလိုက်မယ်..."
ဆာရာ၏အတွေးတစ်ချက်နှင့်အတူ ချန်လန်၏ရှေ့တွင် ပုံရိပ်ယောင်မျက်နှာပြင်တစ်ခု ထွက်ပေါ်လာသည်။
【စီမံခန့်ခွဲသူ ဆာရာ က သင်နှင့်အတူ အထက်တန်းနောက်ဆုံးနှစ်နယ်မြေ လုပ်ပိုင်ခွင့်များကို မျှဝေနေပါသည်... လက်ခံပါသလား...】
ချန်လန်သည် လက်ခံရန် ရွေးချယ်လိုက်၏။ ပုံရိပ်ယောင်မျက်နှာပြင်သည် ပြောင်းလဲသွားပြီး နောက်ထပ် ရွေးချယ်စရာများစွာ ထွက်ပေါ်လာသည်။
【ကစားသမားများ၏ စိတ်ခံစားမှု တန်ဖိုး】
【နယ်မြေ တိုးတက်မှု အခြေအနေ】
【အနုတ်လက္ခဏာစွမ်းအင် စုဆောင်းမှု】
【...】
ချန်လန်သည် တစ်ချက်ကြည့်လိုက်ရာ လီတာတုန်း၏ စိတ်ခံစားမှုတန်ဖိုးမှာ ၇၅ ရာခိုင်နှုန်းသို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
စိတ်ခံစားမှုတန်ဖိုး ဖော်ပြချက်အရ ၁၀၀ ရာခိုင်နှုန်း သို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် ကစားသမားသည် လုံးလုံးလျားလျား ပြိုလဲသွားမည်ဖြစ်ပြီး အဆုံးမရှိသော အနုတ်လက္ခဏာစွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်ပေးပေမည်။
"ကစားသမားတစ်ယောက်က ပြိုလဲသွားပြီဆိုရင် သူတို့က အနုတ်လက္ခဏာစွမ်းအင်တွေကို စက္ကန့်တိုင်းနီးပါး ထုတ်ပေးနေတော့တာ... ဒါ့ပြင် စိတ်ခံစားမှု တန်ဖိုး ပိုများလေလေ သူတို့ ထုတ်ပေးတဲ့ အနုတ်လက္ခဏာစွမ်းအင် ပိုများလေလေပဲ... ထိခိုက်မှုက နောက်ကြောင်းပြန်လှည့်လို့ မရတော့ဘူး... ပြီးတော့ သူတို့ရဲ့ စိတ်ဝိညာဉ်တွေ ဆိုးဆိုးရွားရွား ထိခိုက်သွားလိမ့်မယ်... နယ်မြေထဲက ထွက်သွားရင်တောင် သူတို့အပေါ် သက်ရောက်မှု ရှိနေဦးမှာပဲ..."
ဆာရာက နံဘေးမှ ရှင်းပြကာ ထပ်မံ၍ ပြောဆိုလိုက်၏။
"ဒါပေမဲ့ လောလောဆယ်မှာ ဒီအဆင့်အထိ ရောက်နိုင်တဲ့ နယ်မြေက အရမ်းကို နည်းပါးတယ်... နယ်မြေတွေ များလာတာနဲ့အမျှ ကစားသမား အများစုက အသားကျသွားပြီးတော့ သူတို့ရဲ့ ခံနိုင်ရည်ကလည်း မြင့်မားလာကြတယ်... နယ်မြေ အများစုက ရုတ်တရက် ခြောက်လှန့်တာတွေ သေဆုံးမှုတွေကိုပဲ အဓိကထားကြတာ... လူတွေကို ညှဉ်းပန်းနှိပ်စက်ဖို့ သက်သက် ဖန်တီးထားတဲ့ အထက်တန်းနောက်ဆုံးနှစ်နယ်မြေနဲ့ မတူဘူး..."
ချန်လန်သည် ဤစိတ်ခံစားမှုတန်ဖိုးများ၏ အရေးကြီးပုံကို နားလည်သွားကာ ခေါင်းညိတ်လိုက်၏။
ဒီလီတာတုန်း နောက်လုပ်ငန်းစဉ်တွေမှာ ဆက်ပြီး တောင့်ခံနိုင်ပါစေဟု သူ မျှော်လင့်လိုက်မိသည်။
...
တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ၁၁၁ ရက် အလို၌...
မနက် ငါးနာရီတွင် နိုးလာပြီးနောက် လူအုပ်ကြီးသည် ဇွန်ဘီများကဲ့သို့ အဆောင်အောက်သို့ ဆင်းလာကြရာ ကာယဆရာ၏ ပိတ်ဆို့ဟန့်တားခြင်းကို ခံလိုက်ရသည်။
"မင်းတို့ရဲ့ မကြာသေးခင်က စာသင်တဲ့ အခြေအနေက အရမ်းဆိုးရွားနေတယ်လို့ ဆရာမတွေဆီကနေ ငါ သတင်းရထားတယ်... အထူးသဖြင့် အတန်းထဲမှာ ခဏခဏ အိပ်ငိုက်တတ်တဲ့ လီတာတုန်း... ဒါက ခန္ဓာကိုယ် အားနည်းတဲ့ ပြဿနာပဲ... ဒါကြောင့် ဒီနေ့ကစပြီး မင်းတို့က မနက် ငါးနာရီမှာ အိပ်ရာထရမယ်... ပြီးရင် ၅နာရီ ၁၅မိနစ်မတိုင်ခင် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် မနက်ခင်းပြေးဖို့ အောက်မှာ စုရမယ်..."
ကာယဆရာ၏ စကားများသည် အသက်ရိတ်သိမ်းမည့် တံစဉ်တစ်လက်ကဲ့သို့ ဖြစ်နေပြီး လူတိုင်း၏ မျက်နှာများ ချက်ချင်းဆိုသလိုပင် ပို၍ဖြူရော်သွားသည်။
"ငါတို့ အရမ်းပင်ပန်းနေပါပြီဆိုတာကို... မင်းတို့လည်း သိရက်နဲ့ ဘာလို့ ငါတို့ကို မနက်ခင်း ပြေးခိုင်းရတာလဲ..."
"ငါတို့က အနားယူသင့်တာ မဟုတ်ဘူးလား... ဒီအတိုင်းသာ ဆက်သွားရင် ငါတို့ သေကုန်တော့မှာပဲ..."
"ငါ ပြေးလမ်းပေါ်မှာ သေမသွားချင်ဘူး..."
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ထိတ်လန့်တကြား ငြင်းဆန်ကြ၏။ သူတို့၏ခန္ဓာကိုယ်များ ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်ရာ ဤကဲ့သို့ အတင်းအကျပ် ပြေးခိုင်းခြင်းမှာ သူတို့ကို သေတွင်းသို့ တွန်းပို့နေခြင်း မဟုတ်လော။
"မမေ့ကြနဲ့... မင်းတို့ သေမှာမဟုတ်ဘူးလေ..."
ကာယဆရာက ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးလိုက်သော်လည်း ရုတ်တရက် အမူအရာ ပြောင်းလဲကာ တင်းမာခက်ထန်သွားသည်။
"သတိ..."
သူ၏အသံတွင် မလွန်ဆန်နိုင်သော အမိန့်အာဏာတစ်ခု ပါဝင်နေပုံရလေ၏။ လူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်များကို တပြိုင်နက်တည်း မတ်မတ်ထားလိုက်ကြပြီး ခေါင်းမော့ကာ ရင်ကော့ထားလိုက်ကြသည်။
"အားလုံးပဲ ရှေ့ကလူရဲ့ ကျောကို ကိုယ့်ရင်ဘတ်နဲ့ ကပ်ထား... တန်းစီတာ ညီညီလေး ဖြစ်ပါစေ... အဆင်သင့်... ပြေး..."
သူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ ခြေထောက်များ အထိန်းအကွပ်မဲ့စွာ စတင်၍ လှုပ်ရှားလာကြသည်။ သူတို့သည် ကာယဆရာ၏ နောက်သို့လိုက်ကာ ကစားကွင်းဆီသို့ ပြေးသွားကြပြီး ညီညာသော တန်းစီမှုကို ထိန်းသိမ်းထားကြ၏။
သူတို့၏ခြေထောက်များကို သူတို့ မထိန်းချုပ်နိုင်သော်လည်း သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ အမှန်တကယ် ကုန်ခမ်းသွားသည်ကိုမူ သူတို့ ခံစားနေကြရသည်။
သူတို့ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော်လည်း ပြေးနေရဆဲပင်။ ကမ္ဘာပေါ်တွင် အကြမ်းတမ်းဆုံး အကျဉ်းထောင်များ၌ပင် ဤမျှထိ ရက်စက်သော ပြစ်ဒဏ်မျိုး ရှိမည်မဟုတ်ချေ။ အနည်းဆုံးအနေဖြင့် ထိုနေရာများမှ အကျဉ်းသားများသည် ကောင်းမွန်စွာ အိပ်စက်ခွင့် ရပေမည်။
...
မနက် ၅နာရီ ၄၅မိနစ်...
"ဂလု... ဂလု..."
ကန်တင်းတွင် သူတို့သည် ရေသန့်စက်နံဘေး၌ တစ်ယောက်ပြီးတစ်ယောက်ရပ်ကာ ရေများကို အငမ်းမရ သောက်နေကြသည်။ လူတချို့ဆိုလျှင် ရေပိုက်ခေါင်းမှ ရေများကို သောက်ရန် အိမ်သာထဲသို့ တိုက်ရိုက်ပြေးဝင်သွားကြ၏။ မည်သို့ပင်ဖြစ်စေကာမူ သူတို့ သေမည်မဟုတ်ဘဲ အလွန်ဆုံး ဝမ်းလျှောရုံသာ ရှိပေမည်။
"ဒါ ငရဲပဲ... ငါ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး... ခုဏက ငါ့ရဲ့အဆုတ်တွေ ပေါက်ကွဲထွက်တော့မလို ခံစားနေရတယ်..."
"အဲ့ဒီတစ္ဆေက ငါတို့ကို ကစားနေတာ သေချာတယ်... ဒီနယ်မြေက ငါတို့ကို အရုပ်လို သဘောထားနေတာပဲ... ဒီလို အဓိပ္ပာယ်မရှိတဲ့ ကျောင်းမျိုး ဘယ်မှာရှိလို့လဲ... ငါတို့က ရင်ဘတ်နဲ့ ကျော ကပ်ပြီးတောင် ပြေးရသေးတယ်... အဲ့ဒါက လုံးဝဦးနှောက်မရှိတဲ့ လုပ်ရပ်ပဲ မဟုတ်လား..."
"စကားမများနဲ့တော့... နောက်ဆယ့်ငါးမိနစ်ဆို အတန်းစတော့မှာ... ငါတို့ စာသင်ခန်းကို သွားရမယ်..."
"ငါတို့ မနက်စာကိုတောင် ဂရုစိုက်နေလို့ မရတော့ဘူး... ယူပြီးတော့ စာသင်ခန်းကို ပြေးကြရအောင်... အတန်းထဲရောက်မှပဲ စားတော့မယ်..."
"အကြံကောင်းပဲ..."
သူတို့သည် ပေါက်စီများနှင့် ပဲနို့များကို ကိုင်ဆောင်ကာ စာသင်ခန်းဆီသို့ ပြေးသွားကြ၏။
သူတို့ စာသင်ခန်းသို့ ရောက်ရှိချိန်၌ ခြောက်နာရီ တိတိ ရှိနေလေပြီ။ အင်္ဂလိပ်စာဆရာမသည်လည်း သူတို့နှင့် တစ်ချိန်တည်းမှာပင် စာသင်ခန်းသို့ ရောက်ရှိလာသည်။
"မင်းတို့ရဲ့ အမှတ်တွေ တိုးတက်လာဖို့အတွက် ဆရာ ဆရာမတွေ အစည်းအဝေးလုပ်ပြီး မနက်ခင်း စာဖတ်ချိန်ကို ပြန်စဖို့ ဆုံးဖြတ်လိုက်တယ်... အခုကစပြီး မင်းတို့ မိနစ်သုံးဆယ် မနက်ခင်း စာဖတ်ရမယ်... အင်္ဂလိပ်စာ ဖတ်စာအုပ်တွေကို ထုတ်ပြီး အသံကျယ်ကျယ်နဲ့ ဖတ်ကြစမ်း... တိုးတိုးလေး ဖတ်တဲ့သူကို ညပိုင်း ကိုယ်ပိုင်စာကျက်ချိန် ပြီးရင် တစ်နာရီ ကျန်ခဲ့ခိုင်းမယ်... အားလုံး မတ်တပ်ရပ်..."
သူတို့ မနက်စာပင် မစားရသေးဘဲ လူတိုင်း ကပျာကယာ မတ်တပ်ရပ်လိုက်ကြသည်။
"ပထမစာမျက်နှာကစပြီး အသံကျယ်ကျယ်နဲ့ ဖတ်..."
လူအုပ်ကြီးသည် မငြင်းဆန်ရဲကြချေ။ သူတို့သည် ဆာလောင်မှုကို သည်းခံကာ အင်္ဂလိပ်စာ ဖတ်စာအုပ်များကို အသံကျယ်ကျယ်ဖြင့် စတင်၍ ဖတ်လိုက်ကြ၏။
သို့သော် သူတို့ ပါးစပ်ဟလိုက်သည်နှင့် တပြိုင်နက် အပြင်ဘက်မှ မနက်ခင်း စာဖတ်သံများလည်း ထွက်ပေါ်လာသည်။ ဤသည်မှာ တခြားအတန်းများမှ ဖြစ်ပုံရသည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။ ဆာလောင်မှုကြောင့် သူတို့၏ အသံများ တဖြည်းဖြည်း တိမ်ဝင်သွားလေ၏။ လူအချို့သည် အစာအိမ်တွင် နာကျင်မှု အနည်းငယ်ကိုပင် ခံစားလာကြရသည်။ ဤသည်မှာ မကြာခဏ အစာမစားခြင်းကြောင့် ဖြစ်ပေါ်လာသော အစာအိမ်ရောဂါပင်။
ဤနေရာတွင် သူတို့ သေဆုံးမည် မဟုတ်သော်လည်း ဖျားနာပြီး နာကျင်မှုကိုမူ ခံစားရပေမည်။ ဤသည်မှာ သေခြင်းတရားထက် ပို၍ဆိုးရွားသော ကံကြမ္မာပင်။
"လီတာတုန်း... မင်းက ဘာလို့ ဒီလောက် တိုးတိုးလေး ဖတ်နေရတာလဲ... မင်း ထမင်းမစားရသေးဘူးလား... ပိုပြီးအသံကျယ်ကျယ်ဖတ်စမ်း..."
"ပြီးတော့ မင်း... ဝမ်ချန်... ဘာလို့ ဗိုက်ကို ကိုင်ထားရတာလဲ... အသံကျယ်ကျယ်နဲ့ ဖတ်..."
"အသံတွေက အရမ်းတိုးနေတယ်... အကုန်လုံး တိုးနေတယ်... အားလုံးပဲ အသံကျယ်ကျယ်နဲ့ ဖတ်ကြစမ်း... မင်းတို့ရဲ့ စိတ်အားထက်သန်မှုကို ပြစမ်း... အသံမကျယ်တဲ့ ဘယ်သူမဆို ဒီည ကျန်ခဲ့ရမယ်..."
အင်္ဂလိပ်စာဆရာမက စင်မြင့်၏နံဘေးတွင် အသံပြာသည်အထိ အော်ဟစ်နေလေ၏။ ထိတ်လန့်သွားသော လူအုပ်ကြီးသည် သူတို့၏ အသံများကို အတင်းအကြပ် မြှင့်တင်ကာ အသံဝင်သည်အထိ အော်ဟစ်ကြတော့သည်။
သူတို့၏အော်ဟစ်သံများမှာ အလွန်ကျယ်လောင်လွန်းသဖြင့် ဘာတွေပြောနေမှန်း ခွဲခြားမရနိုင်တော့သော်လည်း အင်္ဂလိပ်စာဆရာမကမူ စိတ်ကျေနပ်အားရသော အပြုံးတစ်ခုကို ပြသနေသည်။
"ဟုတ်တယ်... အဲ့ဒီလိုမျိုး... ပိုပြီးတော့ ကျယ်ကျယ်ဖတ်... တခြားအတန်းတွေရဲ့ အသံကို ဖုံးသွားတဲ့အထိ ကြိုးစားကြစမ်း..."
အင်္ဂလိပ်စာဆရာမသည် စင်မြင့်၏နံဘေးတွင် မျက်လုံးများမှိတ်ကာ မတ်တပ်ရပ်နေပြီး တီးဝိုင်းတစ်ခုရှေ့တွင် ရပ်နေသော တီးဝိုင်းမှူးတစ်ဦးကဲ့သို့ လက်များကို ဖြည်းညင်းစွာ ဝှေ့ယမ်း၍ သူမ၏လက်များ ညွှန်ကြားမှုအောက်တွင် ထွက်ပေါ်လာသော လှပသည့် တေးဂီတကို ခံစားနေလေ၏။
ကစားသမားများ၏ကျန်းမာရေးကိုမူ လုံးလုံးလျားလျား ဂရုမစိုက်တော့ချေ။