အခန်း ၃၃
Vol. 4 Ch. 33
အခန်း (၃၃) လပတ်စာမေးပွဲ
လူတိုင်း၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင်...
"ဟန်ထျန်ယွီ... ဒီတစ်ခါ အမှတ်အများဆုံးက ၅၆၀ ပဲ... မင်းက တရုတ်စာမှာ ၉၀ ရတယ်... ပြီးတော့ မင်းရဲ့ စာစီစာကုံးကလည်း အရမ်းကောင်းအောင် ရေးထားတယ်... သူ့အတွက် လက်ခုပ်တီးပေးလိုက်ကြရအောင်..."
သူ၏နာမည်ကို ကြားလိုက်ရသော ဟန်ထျန်ယွီသည် အသက်နှစ်ဆယ်နှောင်းပိုင်းအရွယ် အမျိုးသားတစ်ဦးပင်။ ပုံမှန်အားဖြင့် သူသည် စကားနည်းလေ့ရှိသော်လည်း ရုတ်တရက် သူထံတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားလေ၏။
ဖုန်းခေါ်ဆိုခွင့်ရမည့်သူမှာ သူ ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။ နောက်ဆုံး၌ သူ ဘေးကင်းကြောင်း ပြောပြရန် သူ၏ဇနီးထံသို့ ဖုန်းခေါ်နိုင်လေပြီ။
အခြားသူများက ဟန်ထျန်ယွီကို မနာလိုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
"သွားတော့... ဖုန်းက အပြင်ဘက်မှာ ရှိတယ်... မင်းမှာ ငါးမိနစ် အချိန်ရှိတယ်..."
ဤစကားကို ကြားသောအခါ ဟန်ထျန်ယွီက ချက်ချင်းပြေးထွက်သွားသည်။ အချိန်အနည်းငယ်အကြာတွင် နံရံပေါ်၌ ချိတ်ဆွဲထားသော အဝါရောင် ဖုန်းတစ်လုံးကို သူ မြင်တွေ့လိုက်ရသည်။ ထိုအရာသည် အလွန်ဟောင်းနွမ်းနေပုံ ရလေ၏။
သူ ဖုန်းကို ကောက်ကိုင်ပြီး နံပါတ်နှိပ်လိုက်ရာ ဖုန်းက အလျင်အမြန် ဝင်သွားသည်။
"ဟယ်လို..."
ရင်းနှီးနေသော အသံကို ကြားလိုက်ရချိန်၌ ဟန်ထျန်ယွီ ချက်ချင်းပြိုလဲသွားပြီး နေရာမှာပင် အသံထွက်၍ ငိုချလိုက်သည်။
ဒါက ငါ့ရဲ့မိန်းမပဲ...
"ဟယ်လို... ဘယ်သူလဲ... စကားမပြောရင် ဖုန်းချလိုက်တော့မယ်နော်..."
"မချနဲ့..."
ဟန်ထျန်ယွီက စိုးရိမ်တကြီး အော်လိုက်၏။
ခွမ်း...
သူ စကားပြောလိုက်သည့် အချိန်၌ပင် တစ်ဖက်မှ ဖန်ကွဲသံတစ်ခု ပဲ့တင်ထပ်သွားပြီးနောက် သူ့ဇနီးဖြစ်သူ၏ စိတ်လှုပ်ရှားနေသောအသံ ထွက်ပေါ်လာသည်။
"ယောကျာ်း... ရှင်လား..."
"အင်း... ကိုယ်ပါ..."
"ယောကျာ်း... ရှင် ဘယ်မှာလဲ... နယ်မြေထဲမှာလား... ရှင် အဆင်ပြေရဲ့လား..."
"အင်း... ကိုယ် အဆင်ပြေပါတယ်..."
"တော်သေးတာပေါ့... ရှင် အဆင်ပြေတယ်ဆိုရင် တော်ပါပြီ... ပြီးခဲ့တဲ့ လဝက်အတွင်းမှာ ကျွန်မ အရမ်း စိတ်ပူနေခဲ့ရတာ... ရှင် ပျောက်သွားတာ အရမ်းကြာပြီလေ..."
တစ်ဖက်မှ ဇနီးဖြစ်သူလည်း ပြိုလဲသွားပြီး အသံကျယ်လောင်စွာဖြင့် စတင်၍ ငိုကြွေးလေတော့သည်။ သူတို့သည် အကြောင်းအရာများစွာကို ပြောဖြစ်ခဲ့ကြ၏။
ဤသည်မှာ ငါးမိနစ်ပြည့်လုနီးပါး အချိန်အထိပင်။
"မိန်းမ... ကိုယ့်ကို စောင့်နေနော်... ကိုယ် ဒီနယ်မြေကနေ သေချာပေါက် ထွက်လာခဲ့မယ်... ကိုယ့်ကို စောင့်နေ... ကိုယ် မင်းကို ချစ်တယ်..."
"ယောကျာ်း... ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်..."
ဖုန်းခေါ်ဆိုမှု ရုတ်တရက် ပြတ်တောက်သွားသည်။ ငါးမိနစ် ပြည့်သွားလေပြီ။
ဟန်ထျန်ယွီက မျက်ရည်များကို သုတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် စိတ်ပိုင်းဖြတ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။
နောက်တစ်ကြိမ် ငါ့မိန်းမဆီ ဖုန်းခေါ်နိုင်တဲ့ အခွင့်အရေး ရဖို့အတွက် ငါ သေချာပေါက် ပိုကြိုးစားရမယ်...
သူ စာသင်ခန်းထဲသို့ ပြန်ရောက်လာချိန်၌ လူတိုင်းက သူ့ကို အလွန်အမင်း မနာလိုစွာဖြင့် ကြည့်နေကြသည်။
သူ စကားတစ်ခွန်းမျှ မပြောချေ။ နေရာတွင် ပြန်ထိုင်လိုက်ပြီး စာအုပ်များကို အာရုံစိုက်၍ စတင်ဖတ်ရှုလိုက်တော့သည်။
ယနေ့မှစ၍ သူ၏ မျက်လုံးများတွင် စာကျက်ခြင်းမှလွဲ၍ တခြားမည်သည့်အရာမှ မရှိတော့ချေ။
ဤသည်ကို မြင်သောအခါ တခြားသူများလည်း ကြိုးကြိုးစားစား စာကျက်ရန် သူတို့၏စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်လိုက်ကြသည်။
ထို့ကြောင့် တရုတ်စာဆရာမက မည်သည့်အလုပ်မျှ မပေးရသေးမီမှာပင် လူတိုင်းသည် သူတို့၏ လေ့ကျင့်ခန်းစာအုပ်များ၊ မပြီးသေးသော အိမ်စာများနှင့် မေးခွန်းလွှာများကို သူတို့ကိုယ်တိုင် ထုတ်ယူကာ အလေးအနက်ထား၍ စတင်လုပ်ဆောင်နေသည်။
ကျော်ဖြတ်ရမယ်...ငါက တခြားသူတွေကို ကျော်ဖြတ်ရမယ်...နောက်တစ်ခါ ဖုန်းခေါ်ခွင့်ကို ငါ သေချာပေါက် ရယူရမယ်...
ဤသည်မှာ သူတို့အားလုံး၏အတွေးပင်။
ဤဖုန်းခေါ်ဆိုမှု တစ်ခုတည်းက ပို၍ ရူးသွပ်သော အလွန်အကျွံ ယှဉ်ပြိုင်မှုကို ဖြစ်ပေါ်စေခဲ့လေ၏။
နောက်ပိုင်းရက်များတွင် မနက်ခင်း ကိုယ်ပိုင်စာကျက်ချိန် ဖြစ်စေ၊ ထမင်းစားချိန် ဖြစ်စေ၊ အဆောင်တွင် ဖြစ်စေ သူတို့ မနားကြတော့ချေ။ ထို့အစား သူတို့၏ အမှတ်များ တိုးတက်လာစေရန်အတွက် ပြင်းထန်သော စာကျက်မှုများတွင်သာ နစ်မြုပ်နေကြသည်။
သို့သော် ထိုသို့ဖြစ်သည့်တိုင် ဘာသာရပ်ခြောက်ခုလုံးတွင် သင်ကြားသော အကြောင်းအရာများမှာ ပို၍ပို၍ ခက်ခဲလာခဲ့ပေ၏။
အထူးသဖြင့် သင်္ချာတွင် ဂရပ်များနှင့် ဖန်ရှင်များ သင်ယူလာရသည်နှင့် တပြိုင်နက် လူတိုင်း ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။
ဟန်ထျန်ယွီနှင့် ကျိုးထျန်ချန်တို့ကဲ့သို့ အထူးချွန်ဆုံးသူများပင် ထိုအရာများကို နားမလည်နိုင်ကြချေ။ ဤသည်မှာ သူတို့သည် နတ်ဘုရားစာအုပ်ကို ဖတ်နေရသည့်အလားပင်။
ပါရမီနည်းသူများဆိုလျှင်မူ ပြောစရာပင် မလိုတော့ချေ။ အကယ်၍ သူတို့သာ စက္ကန့်အနည်းငယ်မျှ စိတ်လွင့်သွားပါက သင်္ချာဆရာသည် ပြဿနာကို ဖြေရှင်းပြီး အဖြေသို့ပင် ရောက်ရှိသွားမည်ဖြစ်ပြီး သူတို့ကမူ တွက်ချက်မှု လုပ်ငန်းစဉ်များကို လုံးဝ မသိရှိလိုက်ကြဘဲ ထိုမှတ်ဉာဏ်အပိုင်းအစ ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
"သင်္ချာက လူတွေအတွက်ရော ဟုတ်ရဲ့လား... ဘာလို့ ဒီလောက် ခက်နေရတာလဲ..."
"ဆရာ... တောင်းပန်ပါတယ်... နည်းနည်းလောက် ဖြည်းဖြည်း သွားပေးပါ... ကျွန်တော် တကယ် နားမလည်လို့ပါ..."
"ဘာလို့များ ငါ သုံးစက္ကန့်လောက်လေး စိတ်လွင့်သွားတာနဲ့ ကျောက်သင်ပုန်းပေါ်မှာ တွက်ချက်မှု အဆင့်တွေ အပြည့်ဖြစ်သွားရတာလဲ... အဲ့ဒီကြားထဲမှာ ဘာတွေဖြစ်သွားတာလဲ... ငါ အချိန်ခရီး သွားလိုက်မိတာများလား..."
"သောက်ကျိုးနည်း... တစ်ချက်လေး အာရုံလွှဲလိုက်တာနဲ့ ငါ နားမလည်နိုင်တော့တဲ့ အရာတစ်ခုအဖြစ် ပြောင်းသွားတာပဲ..."
"ပြွတ်သိပ်နေတဲ့ တွက်ချက်မှု အဆင့်တွေကို ကြည့်ပြီး ငါ ဘယ်လိုလုပ်ရမလဲဆိုတာ လုံးဝမသိတော့ဘူး..."
နောက်ပိုင်းတွင် လူတိုင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြသည်။ မကြာမီ သူတို့သည် အလွန်ဆိုးရွားသော ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိသွားကြသည်။
ဤသည်မှာ ပါရမီပင်။
တချို့သော ပြဿနာများအတွက် သူတို့ အားကုန်သုံး၍ တစ်နေကုန် အချိန်ယူခဲ့လျှင်ပင် အဖြေကို ရှာမတွေ့နိုင်ကြသော်လည်း ဟန်ထျန်ယွီနှင့် တခြားသူများကမူ နာရီအနည်းငယ်အတွင်း အဖြေသို့ ရောက်ရှိသွားပုံရပေ၏။
သူတို့ကို သွားမေးလျှင်ပင် ထိုလူများ ပေးသော တွက်ချက်မှု လုပ်ငန်းစဉ်များကို သူတို့ နားမလည်နိုင်ကြသေးချေ။
ဤအချက်က ပါရမီကွာဟချက်ကို သူတို့အား သတိပြုမိစေခဲ့သည်။ သူတို့၏ သင်ယူမှု ပါရမီမှာ ဟန်ထျန်ယွီတို့လောက် မကောင်းမွန်ချေ။ ဆိုလိုသည်မှာ ဤနယ်မြေမှ ထွက်ခွာခွင့်ရရန်အတွက် သူတို့ ပို၍ ကြိုးစားအားထုတ်ရပေမည်။
ဤရှာဖွေတွေ့ရှိမှုက သူတို့ကို ကြောက်ရွံ့မှုများ ပြည့်နှက်သွားစေခဲ့ပြီး စာကျက်ရန်အတွက် အချိန်ပိုပေးရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ချေ။
သို့သော် ပို၍များပြားသော ဘာသာရပ်များ၏ အကြောင်းအရာများ ပို၍ပြင်းထန်လာသည်နှင့်အမျှ သူတို့၏ ပါရမီကွာဟချက်မှာ ပို၍ပင် သိသာထင်ရှားလာခဲ့သည်။
ဟန်ထျန်ယွီတို့အဖွဲ့သည် ရက်အနည်းငယ်အတွင်း အရာအားလုံးကို ကျွမ်းကျင်သွားကြသော်လည်း တခြားသူများမှာမူ အနည်းငယ်မျှ နားလည်နိုင်ရန်ပင် မနည်းကြိုးစားနေရလေ၏။
သင်ယူမှု ပါရမီတွင် ဤမျှထိကြီးမားသော ကွာခြားချက်က သူတို့ကို နက်ရှိုင်းသော စွမ်းအားမဲ့မှုနှင့် မျှော်လင့်ချက်မဲ့မှုကို ခံစားရစေခဲ့သည်။ သူတို့သည် အလွန်အကျွံ ယှဉ်ပြိုင်မှုတွင် အချိန်ပိုပေးခဲ့လျှင်ပင် ဤပါရမီရှင်များကို သေချာပေါက် ကျော်ဖြတ်နိုင်မည် မဟုတ်ချေ။
သို့သော် ဤအချက်ကို သိရှိထားသောကြောင့်ပင် သူတို့သည် ပို၍ကြိုးစားကြပြီး ပို၍ရူးသွပ်စွာ ယှဉ်ပြိုင်ကြတော့သည်။
နောက်ပိုင်းအချိန်များတွင် လူတိုင်း၏ အိပ်ချိန်မှာ သုံးနာရီပင် မပြည့်တော့ချေ။ အတန်းထဲတွင် မည်မျှပင် အိပ်ချင်နေပါစေ ဖောင်တိန်ဖြင့် သူတို့၏ပေါင်ကို ပြင်းပြင်းထန်ထန် ထိုးစိုက်ကြ၏။ သွေးထွက်လာလျှင်ပင် ကိုယ့်ကိုယ်ကိုယ် လုံးဝနိုးကြားနေစေရန် အတင်းအကျပ် ကြိုးစားကြသည်။
မည်သို့ပင်ဖြစ်စေ ဤနယ်မြေတွင် သူတို့ သေမည်မဟုတ်ချေ။ သူတို့ ဘာပဲလုပ်လုပ် သေမည်မဟုတ်သောကြောင့် သူတို့ကိုယ်သူတို့ နိုးကြားနေစေရန် ဤနည်းလမ်းကို အသုံးပြုနိုင်သည်။
ရက်များ ကုန်လွန်သွားခဲ့သည်။
...
တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ရက်၉၀အလို၌..
နောက်ထပ် တစ်လ ကုန်လွန်သွားလေပြီ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် သုံးလသာ ကျန်ရှိတော့ပေ၏။
လူတိုင်းသည် စာသင်ခန်းထဲတွင် ထိုင်နေကြပြီး အလွန်အမင်း ညှိုးနွမ်းနေပုံရသော်လည်း သူတို့၏ ဖတ်စာအုပ်များကို တိတ်တဆိတ် ဆက်လက်ဖတ်ရှုကာ အသေအလဲ စာကျက်နေကြသည်။
ဤသည်မှာ တရုတ်စာဆရာမ စာသင်ခန်းထဲသို့ ဝင်လာချိန်အထိပင်။
"ဒီနေ့ ဘာသာရပ် ခြောက်ခုလုံးအတွက် လပတ်စာမေးပွဲ ဖြေမယ်... မနက်ကနေ နေ့လယ်အထိ ကြာမယ်... ဒါက မင်းတို့အတွက် သက်တောင့်သက်သာအရှိဆုံး နေ့တစ်နေ့လည်း ဖြစ်လာလိမ့်မယ်... စာမေးပွဲ တစ်ခုပြီးတိုင်း မင်းတို့ ကြိုက်တာလုပ်လို့ရတဲ့ နားချိန် မိနစ်သုံးဆယ် ပေးမယ်..."
ဤသတင်းကောင်းကို ကြားရသော်လည်း မည်သူမျှ ပျော်ရွှင်ပုံမပေါက်ကြချေ။ ထို့အစား သူတို့သည် ဆရာမကို တည်ကြည်လေးနက်သော အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
"ဆရာမ... ပထမဆုံး ဘာသာရပ်က ဘာလဲ..."
ဟန်ထျန်ယွီက တည်ကြည်လေးနက်စွာ မေးလိုက်သည်။
"တရုတ်စာ..."
ဤစကားကို ကြားသည်နှင့် တပြိုင်နက် လူတိုင်းသည် သူတို့၏ တရုတ်စာ ဖတ်စာအုပ်များကို ချက်ချင်း ထုတ်ကာ အသေအလဲ စတင်၍ ပြန်လည်ဖတ်ရှုကြသည်။
လူတချို့သည် အသံပြာသည်အထိ ရေဆာနေကြသော်လည်း သူတို့၏ ဖတ်စာအုပ်များကို တိတ်တဆိတ် ဖတ်နေကြဆဲပင်။
လူအချို့ကမူ သူတို့။မျက်လုံးများ သွေးရောင်လွှမ်းနေပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့်ပုံ ပေါက်နေသော်လည်း သူတို့သည် ဖတ်စာအုပ်များကို ဖတ်နေကြဆဲပင်။
မည်သူမျှ ဤစာမေးပွဲတွင် နောက်ကျမကျန်ခဲ့လိုကြချေ။ သူတို့အားလုံး အမှတ်များများ ရလိုပေ၏။
"ကဲ... ဖတ်စာအုပ်တွေ အားလုံးကို သိမ်းလိုက်တော့... တရုတ်စာမေးပွဲ တရားဝင် စတင်ပြီ..."
သူမ စကားပြောပြီးသည်နှင့် တပြိုင်နက် လူတိုင်း၏ စားပွဲများပေါ်တွင် အထပ်လိုက် ပုံနေသော စာအုပ်တောင်ကြီးသည် ချက်ချင်းပျောက်ကွယ်သွားပြီး စာမျက်နှာသုံးရွက်၊ မျက်နှာစာ ခြောက်ဖက်ပါဝင်သော စာမေးပွဲမေးခွန်းလွှာဖြင့် အစားထိုးခံလိုက်ရသည်။
စာမေးပွဲမေးခွန်းလွှာများကို ရရှိသည်နှင့် တပြိုင်နက် လူတိုင်းသည် နာမည်များကို အလျင်အမြန်ရေးကာ မေးခွန်းများကို စတင်၍ ဖြေဆိုကြသည်။
တရုတ်စာသည် ဘာသာရပ်ခြောက်ခုထဲတွင် အလွယ်ကူဆုံး ဘာသာရပ်တစ်ခုအဖြစ် သတ်မှတ်ခံရပေ၏။ သူတို့ အလွတ်ကျက်မှတ်ပြီး အမြဲတစေ ပြန်လည်လေ့လာနေသရွေ့ သူတို့၏အမှတ်များကို အမြဲတစေ တိုးတက်စေနိုင်သည်။
သို့သော် လွယ်ကူသည်ဆိုလျှင်ပင် ဤလပတ်စာမေးပွဲသည် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်တို့မှ သင်ရိုးများကို လွှမ်းခြုံထားသည်။ ဤသညိမှာ တစ်နှစ်တည်းစာ စာမေးပွဲ မဟုတ်သောကြောင့် အခက်အခဲမှာ သိသိသာသာ မြင့်တက်လာခဲ့ပေ၏။
တစ်နာရီခွဲ ကုန်လွန်သွားချိန်၌ အဖြေလွှာများကို အပ်ရန် အချိန်သို့ ရောက်လာသည်။
လူတချို့က သူတို့၏ အဖြေလွှာများကို လွယ်ကူစွာနှင့် ယုံကြည်မှုရှိစွာဖြင့် အပ်နှံ့ကြသော်လည်း လူတချို့ကမူ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများဖြင့် အပ်နှံ့ကြ၏။
"အခု မင်းတို့ နားလို့ရပြီ... နောက်စာမေးပွဲက သင်္ချာပဲ..."
တရုတ်စာဆရာမသည် စာမေးပွဲမေးခွန်းလွှာများနှင့်အတူ စာသင်ခန်းထဲမှ ထွက်သွားသည်။
သူတို့ အောင်ပွဲခံကြမည်ဟု ထင်ရသော်လည်း သူတို့သည် အလွန်အမင်း တိတ်ဆိတ်နေကြ၏။ ထို့အစား သူတို့သည် သင်္ချာဖတ်စာအုပ်များနှင့် လေ့ကျင့်ခန်းစာအုပ်များကို ထုတ်ကာ စတင်၍ တွက်ချက်ကြတော့သည်။
ဤနာရီဝက်အတွင်း၌...
သူတို့ တတ်နိုင်သမျှ အများဆုံး တိုးတက်အောင် လုပ်ရပေမည်။