အခန်း ၃၄
Vol. 4 Ch. 34
အခန်း (၃၄) လီပင်း... သမီးရဲ့မိဘတွေကို အကြောင်းကြားပြီးပြီ... အခု ချက်ချင်း ရောက်လာတော့မယ်
သင်္ချာစာမေးပွဲ၌...
"ဆရာမ ကိုယ်တိုင် စာမေးပွဲ ကြီးကြပ်မယ်... မင်းတို့အားလုံးအောင်ကြဖို့ မျှော်လင့်တယ်..."
သင်္ချာဆရာမသည် စာမေးပွဲမေးခွန်းလွှာများကို ကိုယ်တိုင်ဝေငှကာ စာမေးပွဲကို ကြီးကြပ်နေသည်။
လူတိုင်း မေးခွန်းလွှာများကို ရရှိသွားချိန်၌ သူတို့၏မျက်နှာများတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေပေ၏။
အဘယ်ကြောင့်ဆိုသော် ဤစာမေးပွဲသည် အလွန်ခက်ခဲသောကြောင့်ပင်။ သူတို့ မှန်ကန်စွာ ဖြေဆိုနိုင်ရန် လုံးလုံးလျားလျား မျှော်လင့်ချက်မရှိဟု ခံစားရသည်အထိ ခက်ခဲလွန်းသည်။
အထက်တန်းနောက်ဆုံးနှစ်မှ အခက်ခဲဆုံး မေးခွန်းများကို တစ်နေရာတည်းတွင် စုစည်းထားသကဲ့သို့ မေးခွန်းလွှာပေါ်တွင် ခက်ခဲသော မေးခွန်းများဖြင့် ပြည့်နှက်နေပြီး သူတို့ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော ပုဒ်စာများ ဖြစ်နေသည်။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းကုတ်ကာ အပြင်းအထန် တွေးတောနေကြသော်လည်း အချိန်အတော်ကြာသည်အထိ မည်သူမျှ ဖောင်တိန်ကို ကောက်မကိုင်နိုင်ကြချေ။ ငါးမိနစ် ကုန်လွန်သွားချိန်မှသာ လူတစ်ဦးသည် စတင်ရေးသားလိုက်သော်လည်း မကြာမီ ပြန်ဖျက်လိုက်ပြီး သူ၏ခေါင်းကိုသာ ဆက်ကုတ်နေလေ၏။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားသည်နှင့်အမျှ လူအုပ်ကြီးသည် ဂဏာမငြိမ်ဖြစ်ကာ စိုးရိမ်ပူပန်လာသည်။ လူတချို့သည် မျှော်လင့်ချက်မဲ့စွာဖြင့် ကိုယ့်ကိုယ်ကိုယ် ပါးဖြတ်ရိုက်လိုက်ကြသည်။
ဖြန်း...
"လီတာတုန်း... မင်း လုပ်နိုင်တယ်... ဒီမေးခွန်းတွေကို ဘယ်လိုတွက်ရမလဲဆိုတာ မင်း သေချာပေါက် သိတယ်... မင်း သေချာ ဂရုစိုက်ပြီး ပြီးအောင် တွက်ရမယ်..."
လီတာတုန်းသည် ထိုသို့လုပ်ခြင်းဖြင့် ပို၍ ဉာဏ်ကောင်းလာမည့်အလား ကိုယ့်ကိုယ်ကိုယ် ပါးရိုက်လိုက်၏။
သို့သော် မသိသည်က မသိခြင်းသာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပါးရိုက်ရုံဖြင့် ပို၍ဉာဏ်ကောင်းမလာနိုင်ချေ။
လီပင်းသည် ပြွတ်သိပ်စွာ ရေးသားထားသော သင်္ချာပုဒ်စာများကို ကြည့်လိုက်ပြီးနောက် သူမ၏ မျက်လုံးများ ပြာဝေသွားသည်။ သူမသည် လုံးလုံးလျားလျား ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။
အရမ်းခက်တာပဲ...
အပြင်ဘက်ကမ္ဘယတွင် ချန်လန်နှင့်ဆာရာတို့ နှစ်ဦးလုံးသည် ကစားသမားများ၏ စိတ်ခံစားမှု တန်ဖိုးများကို စောင့်ကြည့်နေကြ၏။
"အနုတ်လက္ခဏာစွမ်းအင်တွေ အရမ်းကို မြင့်တက်နေတယ်... ဒီကစားသမားတွေ ပြိုလဲတော့မယ်..."
ဆာရာက ပြောလိုက်သည်။
ချန်လန်က ခေါင်းညိတ်ပြပြီး လီတာတုန်း၏ စိတ်ခံစားမှု တန်ဖိုးကို ကြည့်လိုက်သည်။ ဤသည်မှာ အံ့အားသင့်ဖွယ်ကောင်းအောင် ၉၀ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ပြိုလဲရန် ၁၀ ရာခိုင်နှုန်းသာ လိုတော့သည်။
တခြားလူများသည်လည်း အခြေအနေ သိပ်မကောင်းကြချေ။ အနိမ့်ဆုံးမှာ ၈၀ ရာခိုင်နှုန်း ဖြစ်ပြီး အစောပိုင်း တရုတ်စာမေးပွဲ အချိန်ကထက်ပင် ပို၍မြင့်မားနေပေ၏။
တရုတ်စာမေးပွဲအချိန်တွင် ပျမ်းမျှ စိတ်ခံစားမှု တန်ဖိုးမှာ ခြောက်ဆယ်ခန့်သာ ရှိခဲ့သော်လည်း ယခုအချိန်၌ ပျမ်းမျှရှစ်ဆယ်အထိ တိုက်ရိုက်ဆွဲတင်ခံလိုက်ရသည်။
သင်္ချာစာမေးပွဲသည် သူတို့ကို အမှန်တကယ် မျှော်လင့်ချက်မဲ့သွားစေကြောင်း သိသာထင်ရှားသည်။
ထို့နောက် သူသည် ယခုလေးတင် ၉၀ ရာခိုင်နှုန်း သို့ ရောက်ရှိသွားသော လီပင်း၏ စိတ်ခံစားမှု တန်ဖိုးကို စစ်ဆေးလိုက်သည်။ ထိုအရာကို မြင်သောအခါ သူ ၏စိတ်ထဲမှ အေးစက်စက် လှောင်ပြုံးပြုံးလိုက်၏။
လီပင်း... မင်း ညှဉ်းပန်းနှိပ်စက်ခံနေရတာကို ကြည့်ရတာ ငါ တကယ်ကို ပျော်တယ်...
ကျန်တဲ့ စာမေးပွဲတွေကို သေချာခံစားလိုက်အုံး...
...
သင်္ချာစာမေးပွဲ ပြီးဆုံးသွားချိန်၌ လူတိုင်း ချွေးများဖြင့် ရွှဲနစ်နေသည်။ သူတို့သည် သင်္ချာဆရာမက အဖြေလွှာများကို သိမ်းဆည်းနေသည်အား ထိတ်လန့်တကြား ကြည့်နေကြပြီး သူတို့၏နှလုံးခုန်သံများ မြန်ဆန်နေလေ၏။
ဆရာမသည် အဖြေလွှာများကို စုစည်းလိုက်ပြီး အချိန်တခဏကြာမျှ ကြည့်ရှုကာ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။
"မင်းတို့က ဆရာမကို တကယ်ကြီး စိတ်ပျက်စေတာပဲ... နောက်လာမယ့် အင်္ဂလိပ်စာမေးပွဲအတွက် မင်းတို့ ပိုပြီးကြိုးစားကြဖို့ မျှော်လင့်တယ်..."
ဤစကားကို ကြားသောအခါ မည်သူမျှ မပျော်ရွှင်နိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး အလွန်ဆိုးရွားစွာ ဖြေဆိုခဲ့ကြကြောင်း သူတို့ သိထားသောကြောင့်ပင်။
လူတချို့ဆိုလျှင် မေးခွန်းများစွာကို အလွတ်ထားခဲ့ကြသည်။
ဤသည်မှာ လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့ခြင်းပင်။
အကယ်၍ ဤတစ်ကြိမ် သင်္ချာတွင် သူတို့ အမှတ်နည်းသွားပါက အမှတ် ၅၀၀သို့ ရောက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ချေ။
ဤဆုံးရှုံးမှုနှင့် မျှော်လင့်ချက်မဲ့မှု ခံစားချက်က လူတိုင်းကို ပို၍ပင် စိုးရိမ်ပူပန်လာစေခဲ့သည်။ သူတို့၏ စိတ်ခံစားမှုတန်ဖိုးများ ထပ်မံ၍ မြင့်တက်လာခဲ့ပြီး လီတာတုန်းဆိုလျှင် ၉၂ ရာခိုင်နှုန်းအထိ ရောက်ရှိသွားသည်။
...
အင်္ဂလိပ်စာမေးပွဲ....
လူတိုင်း မေးခွန်းလွှာများကို ရရှိချိန်၌ မေးခွန်းများမှာအတော်လေး ရိုးရှင်းကြောင်း တွေ့ရှိလိုက်ရသည်။ သူတို့၏ စိတ်ခံစားမှုတန်ဖိုးများ လျင်မြန်စွာ ကျဆင်းသွားပြီး ပျမ်းမျှခြောက်ဆယ်ခန့်တွင် တည်ငြိမ်သွားလေ၏။
နောက်ဆုံးတွင် သူတို့ အဖြေလွှာများကို ချောမွေ့စွာ အပ်နှံ့နိုင်ခဲ့ကြသည်။
မနက်ပိုင်းတွင် ဘာသာရပ်သုံးခုသာ ဖြေဆိုရမည်ဖြစ်ကြောင်း အင်္ဂလိပ်စာဆရာမက ကြေညာလိုက်သည်နှင့် တပြိုင်နက် လူတိုင်းသည် သူတို့၏ စာအုပ်များကို ဆွဲယူကာ ကန်တင်းသို့ ပြေးသွားကြသည်။ နေ့လယ်ပိုင်း၏ ပထမဆုံး ဘာသာရပ်မှာ ရူပဗေဒ ဖြစ်သောကြောင့် သူတို့သည် ထမင်းစားရင်း စာကျက်နေကြ၏။
ရူပဗေဒအကြောင်း တွေးလိုက်မိသည်နှင့် လူတိုင်း စွမ်းအားမဲ့သကဲ့သို့ ခံစားလိုက်ရသည်။
"ဘယ်လိုလုပ်ကြမလဲ... ငါ ရူပဗေဒကို တစ်ခါမှ မအောင်ဖူးဘူး... အရမ်းခက်လွန်းတယ်..."
"ရူပဗေဒက သင်္ချာလိုပဲ... ကောင်းကင်ပေါ် တက်ရသလို ခက်ခဲတယ်..."
"ငါ့စာအုပ်တွေကို ကြည့်ရင်း ငါ ခေါင်းမူးလာပြီ... ငါ အမှတ် ၅၀၀ ရမှာ မဟုတ်ဘူး... ငါ အရမ်းကို မျှော်လင့်ချက်မဲ့နေပြီ..."
"ဟူး... မိန်းမရယ်... ကိုယ် မင်းဆီ ဖုန်းခေါ်လို့ ရတော့မှာ မဟုတ်ဘူး..."
"ဖေဖေ... မေမေ... သမီး ဖေဖေနဲ့ မေမေတို့ကို အရမ်းလွမ်းတာပဲ..."
တချို့လူများက စာကျက်နေရင်း ငိုကြွေးနေကြသည်။ သူတို့ မည်မျှပင် ဝမ်းနည်းနေပါစေ စာဆက်ကျက်ရမည်သာ ဖြစ်ပေ၏။ အကယ်၍ ဤတစ်ကြိမ် ကောင်းစွာ မဖြေဆိုနိုင်ပါက နောက်တစ်ကြိမ်တွင် ပိုကောင်းအောင် ဖြေဆိုနိုင်ရန် ကြိုးစားရပေမည်။
သုံးလ အချိန်ကျန်သေးသဖြင့် သူတို့ မျှော်လင့်ချက်မဲ့ရမည့် အချိန်များစွာ ကျန်ရှိနေဆဲပင်။
...
နေ့လယ်ပိုင်း ရူပဗေဒစာမေးပွဲ၌....
သူတို့ ထင်မှတ်ထားသည့်အတိုင်းပင် အမှန်တကယ် အလွန်ခက်ခဲပြီး သင်္ချာနှင့် သိပ်မကွာခြားချေ။ မေးခွန်းလွှာများကို ရရှိပြီးနောက် သူတို့သည် နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုထဲသို့ ကျဆင်းသွားတော့သည်။
အဖြေလွှာအပ်ရန် အချိန်ရောက်လာချိန်၌ လူတိုင်းသည် အလွန်အမင်း ငြင်းဆန်လိုစိတ်များဖြင့် အပ်နှံ့ခဲ့ကြ၏။
နောက်ထပ်လာမည့် ဓာတုဗေဒနှင့် ဇီဝဗေဒ စာမေးပွဲ နှစ်ခုတွင်လည်း တစ်ခုထက်တစ်ခု ပို၍ခက်ခဲလာကာ သူတို့ကို ပြိုလဲသွားစေခဲ့သည်။
ဘာသာရပ်ခြောက်ခုလုံး ပြီးဆုံးသွားပြီး ခေါင်းလောင်းသံ မြည်လာချိန်၌ မည်သူမျှ မလှုပ်ရှားကြချေ။ သူတို့သည် သူတို့၏ ဟာလာဟင်းလင်းဖြစ်နေသော စားပွဲများကို မျှော်လင့်ချက်မဲ့စွာ စိုက်ကြည့်နေကြသည်။
"ဘယ်လိုလုပ်ကြမလဲ... မနက်က သင်္ချာလည်း မပြီးဘူး... နေ့လယ်က ရူပဗေဒနဲ့ ဓာတုဗေဒလည်း မပြီးဘူး... ငါ သုံးရာဖိုးတောင် ရပါ့မလား မသိဘူး..." လီတာတုန်းသည် သူ၏ဆံပင်များကို လက်နှစ်ဖက်ဖြင့် ဆွဲကာ ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် ပါးရိုက်ပြီး အလွန်အမင်း နောင်တရနေသော အသံဖြင့် ပြောဆိုလိုက်သည်။
ငါ ဘာလို့ မပြီးအောင် မဖြေခဲ့ရတာလဲ... ငါ ဘာလို့ ပုံမှန်အချိန်တွေမှာ ပိုပြီး မကြိုးစားခဲ့ရတာလဲ... ငါ ဘာလို့ ဉာဏ်ကောင်းတဲ့သူ တစ်ယောက် မဖြစ်ရတာလဲ...
ဘာလို့လဲ...
တခြားသူများလည်း ထပ်တူထပ်မျှပင်။ လူတချို့က မျှော်လင့်ချက်မဲ့စွာနှင့် နောင်တရစွာ ငိုကြွေးကြပြီး တချို့ကမူ ဆရာမ၏ပြစ်ဒဏ်အတွက် စိုးရိမ်ပူပန်နေကြသည်။ မည်သူမျှ မပြုံးနိုင်ကြချေ။
ဤလပတ်စာမေးပွဲက လူတိုင်းကို မျှော်လင့်ချက်မဲ့သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထိပ်ဆုံးငါးယောက်စာရင်း ဝင်နိုင်ရန်အတွက် သူတို့ အများကြီး လိုအပ်သေးကြောင်း သိလိုက်ရသောကြောင့်ပင်။
သူတို့... ဘယ်တော့မှ ထွက်သွားလို့ရမှာ မဟုတ်တော့ဘူး။
...
တစ်ညလုံး ကုန်လွန်သွားခဲ့ပြီး မည်သူမျှ မအိပ်ခဲ့ကြချေ။ သူတို့အားလုံး စာသင်ခန်းထဲတွင် အသေအလဲ စာကျက်နေကြပြီး အနားယူရန် တစ်စက္ကန့်မျှပင် အချိန်မပေးခဲ့ကြပေ။
မနက်ခင်း ကိုယ်ပိုင်စာကျက်ချိန် ပြီးဆုံးပြီးနောက် တရုတ်စာဆရာမသည် စာသင်ခန်းထဲသို့ ရောက်လာလေ၏။
"အခု မနေ့က စာမေးပွဲ ရလဒ်တွေကို ဆရာမ ကြေညာမယ်..."
ဤစကားကို ကြားသောအခါ လူတိုင်း မော့ကြည့်လိုက်ပြီး ဆရာမကို စူးရဲသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ကြောက်ရွံ့မှု၊ တင်းမာမှု၊ စိုးရိမ်ပူပန်မှုနှင့် အမျိုးမျိုးသော ခံစားချက်များသည် လူတိုင်း၏ နှလုံးသားထဲတွင် ဖြစ်ပေါ်လာသည်။ သူတို့ ကောင်းမွန်စွာ မဖြေနိုင်ခဲ့မည်ကို သူတို့အားလုံး ကြောက်ရွံ့နေကြ၏။
ဘန်း...
မည်သူမျှ မစဉ်းစားနိုင်မီ ဆရာမသည် ရုတ်တရက် စင်မြင့်ကို ရိုက်လိုက်ရာ လူတိုင်းကို သေလုမတတ် လန့်ဖျပ်သွားစေသည်။
သူတို့၏စိတ်နှလုံးသားများသည် အလွန်အမင်း ထိခိုက်လွယ်နေပြီဖြစ်ပြီး ဤကဲ့သို့ တုန်လှုပ်မှုမျိုးကို တောင့်မခံနိုင်တော့ချေ။ အကယ်၍ သူတို့သာ သေ၍မရနိုင်ခြင်း မဟုတ်ပါက သူတို့ထဲမှ အများအပြားမှာ အကြောက်လွန်ပြီး သေဆုံးသွားလောက်လေပြီ။
လူတိုင်းသည် အမောတကော အသက်ရှူကာ ရင်ဘတ်ကို ဖိထားပြီး ဆရာမကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။
ဒါတော့ သွားပြီ ..
ဆရာမက ဒီလောက် ဒေါသထွက်နေမှတော့ ငါတို့ရဲ့ ရလဒ်တွေက သေချာပေါက် ဆိုးရွားနေမှာပဲ...
သူတို့ထံ၌ မျှော်လင့်ချက်မဲ့နေသဖြင့် မတ်တတ်ရပ်ဖို့တောင် အားအင်မရှိတော့ချေ။
"မင်းတို့က တကယ်ကို အသုံးမကျတာပဲ... အတန်းရဲ့ ပျမ်းမျှအမှတ်က လေးဆယ်ကျော်လေးပဲ ရှိတယ်တဲ့လား... အဲ့ဒါကို မင်းတို့ ဘယ်လိုလုပ်လိုက်တာလဲ... ဖြေကြစမ်း..."
တရုတ်စာဆရာမက အော်ငေါက်လိုက်ရာ သူမ၏အသံမှာ အဆုံးမရှိ ပဲ့တင်ထပ်သွားလေ၏။
လူတိုင်းသည် ထိတ်လန့်တကြား ခေါင်းငုံ့ထားကြပြီး အသံမထွက်ရဲကြချေ။
"လီတာတုန်း... မတ်တပ်ရပ်စမ်း..."
လီတာတုန်းသည် ဆတ်ခနဲ မတ်တပ်ရပ်လိုက်ပြီး ဆရာမကို ထိတ်လန့်တကြား ကြည့်ကာ အမောတကော အသက်ရှူနေသည်။
"မင်းက တရုတ်စာမှာ ခုနစ်ဆယ် ရတယ်... ဒါပေမဲ့ ဘာလို့ တခြားဘာသာရပ်တွေ အားလုံးမှာ ကျရတာလဲ... အတန်းထဲမှာ မင်း ဘာလုပ်နေတာလဲ... မင်းရဲ့ဦးနှောက်ကို အဆောင်မှာ ထားခဲ့တာလား... ဒါမှမဟုတ် မင်းမှာ ဦးနှောက် မရှိတာလား..."
"ဆရာမ... ကျွန်တော်..."
"ငါ ဘာမှ မကြားချင်ဘူး... ထိုင်... ဝမ်ချန်... မတ်တပ်ရပ်စမ်း..."
"မင်းရဲ့ ရလဒ်တွေကလည်း အမှိုက်တွေလိုပဲ... မင်းရဲ့ အဖြေလွှာကို ပထမဆုံး မြင်လိုက်ရတဲ့အချိန်မှာ မင်းဦးနှောက်နဲ့ အတူနေလို့ရအောင် အမှိုက်ပုံးထဲ လွှင့်ပစ်ချင်စိတ်တောင် ပေါက်လာတယ်... ငါ့မျက်စိကို အနှောင့်အယှက် မဖြစ်စေချင်လို့..."
"မင်းတို့က ဆရာမကို တကယ်ကြီး စိတ်ပျက်စေတာပဲ... တစ်လတောင် ကြာသွားပြီကို လပတ်စာမေးပွဲမှာ ပျမ်းမျှခြောက်ဆယ်တောင် မမီဘူး... မင်းတို့ ဘာတွေလုပ်နေကြလဲဆိုတာ ငါ တကယ်ကို နားမလည်တော့ဘူး... ဒီမေးခွန်းတွေက တကယ်ပဲ အဲ့ဒီလောက် ခက်လို့လား... လူနည်းနည်းလေးကပဲ အမှတ်လေးရာရတယ်... အဲ့ဒါတောင် သီသီလေး ရောက်တာ..."
နောက်ဆုံးတွင် တရုတ်စာဆရာမ၏အကြည့်သည် လီပင်းပေါ်သို့ ရောက်ရှိသွားပြီး သူမက အေးစက်စက် ပြောဆိုလိုက်၏။
"လီပင်း... မတ်တပ်ရပ်စမ်း..."
လီပင်း၏နှလုံးသား ဆတ်ခနဲ တုန်ရီသွားပြီး သူမ ကြောက်ရွံ့စွာဖြင့် မတ်တပ်ရပ်လိုက်သည်။
"မင်းရဲ့ အမှတ်တွေက ကယ်တင်လို့မရလောက်အောင်ကို ဆိုးရွားနေပြီ... တိုက်ဆိုင်တာက မင်းရဲ့မိဘတွေက မင်း စာသင်တာကို အရမ်းစိတ်ပူနေကြတာပဲ... ငါ သူတို့ကို ဖုန်းဆက်ပြီး ကျောင်းမှာ မင်းရဲ့ စွမ်းဆောင်ရည်ကို လာကြည့်ဖို့ ပြောလိုက်တယ်... တရုတ်စာကလွဲပြီး တခြားဟာတွေ အကုန်ကျနေတဲ့ သူတို့ရဲ့ အဖိုးတန် သမီးလေး ဘယ်လိုအမှတ်မျိုးတွေ ရထားလဲဆိုတာ လာကြည့်ဖို့ပေါ့..."
ထိုစကားများကို ကြားလိုက်ရသည်နှင့် တပြိုင်နက် လီပင်းထံတွင် ထိတ်လန့်မှု မျှော်လင့်ချက်မဲ့မှုတို့ဖြင့် ချက်ချင်းဖုံးလွှမ်းသွားလေ၏။
"ဟင့်အင်း... သမီးရဲ့မိဘတွေကို ဖုန်းမဆက်ပါနဲ့... ဆရာမ... သမီး တောင်းပန်ပါတယ်... သူတို့ကို ဖုန်းမဆက်ပါနဲ့..."