အခန်း ၃၆
Vol. 4 Ch. 36
အခန်း (၃၆) သေခြင်းတရားဆိုတာ အထူးပစ္စည်းတစ်ခုပဲ
လီပင်းသည် အမောတကော အသက်ရှူနေလေ၏။ သူမ များစွာစိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေကာမူ လာမည့်ငရဲကို သူမ ရင်ဆိုင်ရမည်ဖြစ်ရာ စိတ်ထဲရှိသည့်အတိုင်း အားရပါးရ ပေါက်ကွဲပစ်လိုက်ခြင်းက ပိုကောင်းပေမည်။
ဖြန်း...
ဖခင်ဖြစ်သူက လက်မြှောက်ပြီးသူမ၏ မျက်နှာကို ပြင်းထန်စွာ ပါးရိုက်လိုက်သည်။
လီပင်း၏ခေါင်း နံဘေးသို့ လည်ထွက်သွားသည်။ ဤသည်ကို မြင်သောအခါ စာသင်ခန်းထဲရှိ လူတိုင်း ထိတ်လန့်တကြား အသက်ရှူမှားသွားကြသည်။
အရိုက်ခံရတာ စပြီပဲ...
လီပင်းသည် သူမ၏မျက်နှာကို အုပ်မထားချေ။ ထို့အစား သူမသည် ကြာမြင့်စွာကတည်းက မျှော်လင့်ထားပြီးဖြစ်သကဲ့သို့ မထီမဲ့မြင်ပြုသော အပြုံးတစ်ခုကို ပြုံးလိုက်၏။
"ပင်ပန်းတယ်... နင်က ပင်ပန်းတယ်လို့ ပြောရဲသေးတယ်ပေါ့... အမှတ်သုံးရာတောင် မပြည့်ဘဲနဲ့ နင်က ပင်ပန်းတယ်လို့ ပြောရဲတဲ့ သတ္တိရှိသေးတယ်ပေါ့... နင်က ငါတို့ထက် ပိုပင်ပန်းနေလို့လား... နင် ပညာသင်ဖို့အတွက် ပိုက်ဆံရအောင်လို့ ငါတို့က မနက်ကနေ ညအထိ အလုပ်လုပ်နေရတာ... နင်က ဆရာဆရာမတွေထက် ပိုပြီးပင်ပန်းနေလို့လား... သူတို့က နင် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အမှတ်ကောင်းကောင်းရပြီးတော့ တက္ကသိုလ်ကောင်းကောင်း တက်နိုင်ဖို့ ဒီဘဝကနေ လွတ်မြောက်နိုင်ဖို့အတွက် ပင်ပင်ပန်းပန်း စာသင်ပေးနေတာ..."
"နင်က ဘယ်သူ့ထက် ပိုပင်ပန်းနေလို့လဲ... ကျိုးထျန်ချန်တို့ထက် ပိုပင်ပန်းနေလို့လား... သူတို့က အမှတ်ကောင်းကောင်းရတာတောင် ပင်ပန်းတယ်လို့ မညည်းညူဘူး... နင်က ဘာအခွင့်အရေးနဲ့ ညည်းညူနေရတာလဲ... နင့်မှာ ဘာအရည်အချင်း ရှိလို့လဲ..."
"အင်း... နင် ကြိုးစားခဲ့တယ်... အနည်းဆုံးတော့ တရုတ်စာကို အောင်တယ်... ဒါပေမဲ့ တခြားဘာသာရပ်တွေကရော... နင်က အမှတ်တွေကို နောက်ဆွဲချနေတုန်းပဲ... ဒါက လုံလောက်ပြီလား... အရင်က နင် ဘာပြောခဲ့လဲ... ချင်းပေ တက္ကသိုလ်ကို တက်ချင်တယ်... ၉၈၅ နဲ့ ၂၁၁ စီမံကိန်းတွေထဲ ဝင်ချင်တယ်လို့ ပြောခဲ့တယ်လေ... အခုတော့ နင် အောင်တောင် မအောင်ဘူး..."
"ဒီလောကမှာ ပင်ပန်းလို့ သင်္ချိုင်းကုန်းရောက်သွားတဲ့သူ တစ်ယောက်မှ မရှိသေးဘူး... ပင်ပန်းလွန်းလို့ သေသွားတဲ့သူလည်း တစ်ယောက်မှ မရှိသေးဘူး... နင်က အပြင်းအထန် ကြိုးစားပြီး ရှေ့ကို ဆက်သွားသင့်တယ်... နင် နည်းနည်းလောက် ပိုကြိုးစားတာနဲ့ ကျောင်းက မင်းကို စံပြရလဒ်တစ်ခု ပေးလိမ့်မယ်... ပြီးတော့ နင်လည်း အမှတ်ကောင်းကောင်း ရနိုင်လိမ့်မယ်..."
မိခင်ဖြစ်သူ၏ အဓိပ္ပာယ်မရှိသော စကားများကို ဆက်လက်နားထောင်ရင်း လီပင်း မျှော်လင့်ချက်မဲ့သွားသည်။ အစောပိုင်းက သူမ၏ ပေါက်ကွဲမှုသည် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ချေ။
သူတို့၏မျက်လုံးများတွင် အမှတ်များကသာ အရာအားလုံးပင်။ အမှတ်များသည် သူတို့၏ အစစ်အမှန် ကလေးများဖြစ်ပြီး သူတို့၏ အစစ်အမှန် ကလေးမှာ ထိုအမှတ်များကို ထုတ်လုပ်ပေးမည့် ကိရိယာတစ်ခုမျှသာ ဖြစ်ပေ၏။
လီပင်း၏မျက်နှာမှာ ပြာနှမ်းသွားသည်။
"လီပင်းရဲ့ အမေ ပြောတာ မှန်ပါတယ်... ကြိုးစားသရွေ့ ရလဒ်ကောင်းတွေ ရှိလာမှာပါ... လီပင်းက သေချာ မကြိုးစားလို့ပါ... သူက ၂၄ နာရီလုံး မအိပ်ဘဲ မေးခွန်းလွှာတွေ ပိုလုပ်သင့်တယ်..."
"ဟုတ်ကဲ့... ဒီအချိန်အတွင်းမှာ ဆရာမ သင်ကြားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ လီပင်းရဲ့ အမှတ်တွေက အရမ်းဆိုးရွားနေတုန်းပဲ... သူ့ကို သေချာ 'ပြန်လည်ပုံသွင်း' ဖို့အတွက် အိမ်ခေါ်သွားဖို့ ခွင့်ရက်အနည်းငယ် ယူချင်ပါတယ်... အချိန်တန်ရင် အမှတ်ကောင်းကောင်းနဲ့ လိမ္မာတဲ့ ကျောင်းသားတစ်ယောက်ကို ဆရာမဆီ သေချာပေါက် ပြန်ပို့ပေးပါ့မယ်..."
"ကောင်းပြီ... အဲ့ဒီလိုပြောတော့လည်း ဆရာမအနေနဲ့ စိတ်အေးရတာပေါ့..."
တရုတ်စာဆရာမက ပြုံးလိုက်ပြီးနောက် လီပင်းကို တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
"ဘာသာရပ် ခြောက်ခုလုံးရဲ့ စာမေးပွဲမေးခွန်းလွှာတွေကို ဆရာမ ပို့ပေးလိုက်မယ်... အိမ်မှာ သေချာလုပ်ပြီး နောက်လပတ်စာမေးပွဲမှာ ဘာသာရပ်အားလုံးအောင်ဖို့ ကြိုးစားပါ..."
"လီပင်း... ဆရာမကို ကျေးဇူးတင်လိုက်..."
မိခင်ဖြစ်သူက သူမ၏သမီးကို ကြည့်ကာ အေးစက်စက် ပြောလိုက်၏။
လီပင်းသည် သစ်သားရုပ်ထုတစ်ခုအလား ထိုနေရာတွင် မတ်တတ်ရပ်နေသည်။ အိမ်ပြန်ရမည့် အကျိုးဆက်များကို သူမ စိတ်ကူးယဉ်တွေ့တေယကြည့်နိုင်လေပြီ။
"တောင်းပန်ပါတယ်... ဒီကလေးက နည်းနည်း ထိုင်းမှိုင်းနေလို့ပါ..."
"ရပါတယ်... သူ့ကို မြန်မြန်အိမ်ခေါ်သွားလိုက်ပါ... နောက်အပတ်မှ တွေ့ကြတာပေါ့..."
"ဟုတ်ကဲ့ပါ..."
ဖခင်ဖြစ်သူသည် လျှောက်လှမ်းလာပြီး လီပင်း၏ လက်ကိုဆုပ်ကိုင်ကာ အပြင်သို့ စတင်၍ ထွက်ခွာသွားသည်။
အချိန်တခဏအတွင်း လီပင်းသည် အပြင်းအထန် ရုန်းထွက်လိုက်ပြီး ဆရာမထံသို့ ယိမ်းယိုင်စွာ သွားကာ ဒူးထောက်ပြီး ဆရာမ၏ ခြေထောက်ကို ဖက်ထားလိုက်၏။
"ဆရာမ... သမီး အိမ်မပြန်ချင်ဘူး... ကျေးဇူးပြုပြီး သမီးကို ကျောင်းမှာပဲ နေခွင့်ပေးပါ... သမီး ကျောင်းမှာပဲ စာကျက်ချင်တယ်..."
"လီပင်း... ကျောင်းပိတ်ရက်စပြီဆိုတော့ ဆရာ ဆရာမတွေလည်း နားဖို့ လိုတယ်လေ... သမီးရဲ့မိဘတွေနဲ့ပဲ လိမ်လိမ်မာမာ ပြန်လိုက်သွားပါ..."
"ဟင့်အင်း... သမီး မပြန်ချင်ဘူး... သမီး တောင်းပန်ပါတယ်..."
လီပင်းက မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။
ကျောင်းမှာနေရသည်က အိမ်ပြန်ရသည်ထက် ပိုကောင်းပေမည်။
"လီပင်း..."
မိခင်ဖြစ်သူက အေးစက်စက် အော်ဟစ်လိုက်သည်။ ဖခင်ဖြစ်သူသည် ချက်ချင်းပြေးလာပြီး လီပင်းကို အတင်းအကျပ် ဆွဲခွာလိုက်၏။
သူသည် သူမ၏ ခြေထောက်များကို ဆွဲကာ လှေကားခွင်ဆီသို့ တရွတ်တိုက် ခေါ်ဆောင်သွားသည်။
လီပင်းသည် ကြမ်းပြင်ကို အသည်းအသန် ကုတ်ခြစ်နေသော်လည်း ကိုင်တွယ်စရာ မရှိချေ။ သူမ လုံးဝဆုပ်ကိုင်ထား၍ မရနိုင်ချေ။ သူမသည် ထိတ်လန့်တကြား အော်ဟစ်ကာ ခြေထောက်များကို ယမ်းခါနေသည်။ သူမ အိမ်သို့ အမှန်တကယ် မပြန်လိုချေ။
【စိတ်ခံစားမှု တန်ဖိုး... ၉၈%】
"ပါးစပ်ပိတ်ထားစမ်း... နင် ငါတို့ကို အရှက်ခွဲတာ မလုံလောက်သေးဘူးလား... အိမ်ရောက်တဲ့အထိ စောင့်နေစမ်း... နင့်ကို ငါ ဘယ်လိုလုပ်မလဲဆိုတာ ကြည့်နေ... စာညံ့တာက ထားလိုက်အုံး... လူပုံအလယ်မှာ ဒီလောက်တောင် အရှက်ခွဲရတယ်လို့... နင် ငါတို့ကို အရမ်းအရှက်ရစေတယ်... ငါတို့ ဘယ်လိုလုပ်ပြီး လူလုံးပြရဲတော့မှာလဲ..."
မိခင်ဖြစ်သူသည်လည်း မနေနိုင်တော့ဘဲ စတင်၍ ကျိန်ဆဲလေသည်။
"နင့်လို အမှိုက်မကို ငါ ဘယ်လိုများ မွေးမိပါလိမ့်လို့ တွေးတောင် မတွေးတတ်တော့ဘူး... နင်က အောင်တောင် မအောင်ဘူး... သုံးရာတောင် မပြည့်ဘူး... ကျိုးထျန်ချန်နဲ့ ဟန်ထျန်ယွီတို့သာ ငါ့ရဲ့ကလေးတွေ ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ..."
【စိတ်ခံစားမှု တန်ဖိုး.. ၉၉%】
ဤစကားများသည် လီပင်း၏စိတ်နှလုံးသားထဲရှိ အထိခိုက်လွယ်ဆုံး အစိတ်အပိုင်းကို ထိတွေ့သွားသကဲ့သို့ ဖြစ်သွားလေ၏။ သူမက ရုတ်တရက် မော့ကြည့်လိုက်သည်။
သူမသည် အားကုန်သုံး၍ ဖခင်ဖြစ်သူကို ကန်ထုတ်လိုက်ပြီး ကပျာကယာထကာ ရှေ့သို့ပြေးသွားသည်။
သူတို့ကို ရှင်တို့ရဲ့ သားတွေ ဖြစ်စေချင်တယ်ဆိုရင် သွားရှာကြလေ...
ဒီနေရာမှာ ငါ တစ်စက္ကန့်လေးတောင် ဆက်မနေချင်တော့ဘူး....
လီပင်းသည် သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်ပြီး လုံးလုံးလျားလျား ဆုံးဖြတ်ချက်ချလိုက်၏။ ဤနယ်မြေကို အဆုံးသတ်ရန်အတွက် သူမသည် ရှေ့သို့ ခုန်ချလိုက်တော့သည်။
ဘုတ်...
ရုတ်တရက် သူမသည် တစ်စုံတစ်ခုကို ဝင်တိုက်မိသွားသကဲ့သို့ ခံစားလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူမသည် မမြင်နိုင်သော နံရံတစ်ခုကို ထိတ်လန့်တကြား မော့ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများသည် တဖြည်းဖြည်း ခံစားချက်ကင်းမဲ့သွားလေ၏။
"လီပင်း... မင်း မေ့သွားပြီလား... ဒီနယ်မြေမှာ သေဆုံးမှု မရှိဘူး... ဘယ်သူမှ သေလို့မရဘူး... သေဖို့ဆိုတာ မဖြစ်နိုင်ဘူး..."
တရုတ်စာဆရာမ၏အသံ ထွက်ပေါ်လာသည်။
အချိန်တခဏအတွင်း လီပင်း၏မျက်လုံးများထဲရှိ အလင်းရောင် လုံးလုံးလျားလျား ငြိမ်းသေသွားတော့သည်။
သူမ မေ့သွားခဲ့သည်။ ထိုသို့မဟုတ်ပါက အလွန်အမင်း ထိတ်လန့်မှုအောက်တွင် သူမ၏ ဦးနှောက်သည် ဤရက်စက်မှုအရှိဆုံး စည်းမျဉ်းကို အလိုအလျောက် ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်နိုင်ပေ၏။
'အထက်တန်းနောက်ဆုံးနှစ်' ဟု အမည်ရသော ဤနယ်မြေတွင် သေခြင်းတရားဆိုသည်မှာ အထူးပစ္စည်းတစ်ခုပင်။
"သေလို့မရဘူး..."
သူမသည် ခေါင်းငုံ့ကာ ကြမ်းပြင်ပေါ်တွင် ခွေကျနေပြီး တီးတိုးရေရွတ်နေသည်။ သူမ၏ အသံတွင် စိတ်ခံစားချက် အရိပ်အယောင် အနည်းငယ်မျှပင် မရှိတော့ချေ။
"သေဖို့ မဖြစ်နိုင်ဘူး..."
သေခြင်းတရားဆိုတာ အထူးပစ္စည်းတစ်ခုပင်။
တရုတ်စာဆရာမသည် သူမထံသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး ရေခဲကဲ့သို့ အေးစက်သော အကြည့်ဖြင့် သူမကို ငုံ့ကြည့်လိုက်၏။
"ထွက်ပြေးတာက ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး လီပင်း... မင်းရဲ့ ပြဿနာကို မင်းရဲ့မိဘတွေပဲ ကူညီဖြေရှင်းပေးနိုင်မှာ..."
ထိုအချိန်၌ ကန်ထုတ်ခံလိုက်ရသော ဖခင်ဖြစ်သူသည်လည်း မတ်တပ်ရပ်လာသည်။
သူ ဒေါသမထွက်ချေ။ ထို့အစား "ကျေနပ်အားရသော" ပို၍ ကြက်သီးထဖွယ်ကောင်းသည့် အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။
"မင်း ကြီးလာပြီပဲ... ခုခံတတ်လာပြီပေါ့..."
ဖခင်ဖြစ်သူ၏အသံတွင် မသိသာသော စိတ်လှုပ်ရှားမှုတစ်ခု ပါဝင်နေသည်။
"ဒါပေမဲ့ ရပါတယ်... ဒေါသရှိတာ ကောင်းတဲ့ကိစ္စပဲ... ဒေါသရှိမှ... မင်းကို ပဲ့ပြင်ဆုံးမရတာ ပိုပြီးတော့ အောင်မြင်မှုကို ခံစားရမှာပေါ့..."
ဤအခိုက်အတန့်တွင် မိဘများ၏ ဖောက်ပြန်နေသော ထိန်းချုပ်လိုစိတ်သည် အပြည့်အဝ ပေါ်လွင်လာခဲ့လေ၏။
မိခင်ဖြစ်သူလည်း ရှေ့သို့ လျှောက်လှမ်းလာသည်။ သူတို့သည် သူမ၏ဘေးတစ်ဖက်တစ်ချက်စီတွင် မလှုပ်ခတ်နိုင်သော တောင်ကြီးနှစ်လုံးကဲ့သို့ ရပ်နေကြပြီး လီပင်း၏ ဆုတ်ခွာရာလမ်းကြောင်းများအားလုံးကို လုံးလုံးလျားလျား ပိတ်ဆို့ထားသည်။
သူတို့သည် လက်လှမ်းလိုက်ပြီး သံညှပ်များကဲ့သို့ အေးစက်သော သူတို့၏ လက်ချောင်းများဖြင့် လီပင်း၏ လက်မောင်းများကို တင်းကျပ်စွာ ဆွဲကိုင်ကာ ကြမ်းပြင်ပေါ်မှ ဆွဲမလိုက်ကြသည်။
လီပင်း မရုန်းကန်သလို အော်ဟစ်ခြင်းလည်း မပြုခဲ့ချေ။
သူမသည် ဝိညာဉ်ကင်းမဲ့သော ရုပ်သေးရုပ်တစ်ခုကဲ့သို့ ကြမ်းပြင်ကိုသာ ငေးငိုင်စွာ ကြည့်နေပြီး သူတို့ တရွတ်တိုက် ခေါ်ဆောင်သွားသည်ကို ငြိမ်ခံနေခဲ့သည်။
ရုတ်တရက် သူမ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး သူမ စတင်၍ ရယ်မောလိုက်တော့သည်။
【ကစားသမား လီပင်း...စိတ်ခံစားမှု တန်ဖိုး ၁၀၀%... အခြေအနေ...အဆုံးစွန် ပြိုလဲခြင်း (နောက်ကြောင်းပြန်လှည့်မရ)】
"ဟားဟားဟား... သေလို့မရဘူး... ငါတို့ ထာဝရ ဒီနေရာမှာ ပိတ်မိနေတော့မှာပဲ... နင်တို့ ဘယ်သူမှ ပြေးလို့မရဘူး... ဘယ်သူမှ လွတ်မှာမဟုတ်ဘူး..."
လီပင်းက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး စာသင်ခန်း ပြတင်းပေါက်ဆီသို့ ပြေးသွားကာ ထိုအရာကို အားကုန်သုံး၍ ထုရိုက်လိုက်သည်။
သူမသည် အရူးမတစ်ယောက်ကဲ့သို့ ရူးသွပ်စွာ ရယ်မောနေပြီး အတွင်းရှိ လူတိုင်းကို လှောင်ပြောင်နေလေ၏။ သူတို့အားလုံး သူမကဲ့သို့ ဖြစ်လာကြပေလိမ့်မည်။
ဤနယ်မြေတွင် လူငါးယောက်သာ နောက်ဆုံးတွင် ထွက်ခွာခွင့်ရပေမည်။ တခြားသူများအားလုံး ဤနေရာတွင် ကျန်ရစ်နေခဲ့ရပေမည်။
လူတိုင်း ကြောက်လန့်လွန်းသဖြင့် စကားမပြောနိုင်ကြချေ။ လီပင်း၏စိတ် အမှန်တကယ် ပြိုကွဲသွားလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။
ကစားသမားအားလုံး၏ ကြောက်ရွံ့သော အကြည့်များအောက်တွင် ထူးဆန်းသော မိဘများသည် လမ်းလျှောက်နေသော အလောင်းကောင်ဖြစ်သည့် လီပင်းကို သယ်ဆောင်ကာ တစ်လှမ်းချင်း ထွက်ခွာသွားကြသည်။
ခြေသံများသည် ဟာလာဟင်းလင်းဖြစ်နေသော စင်္ကြန်တွင် ပဲ့တင်ထပ်သွားပြီး တဖြည်းဖြည်း ဝေးကွာသွားကာ နောက်ဆုံးတွင် အမှောင်ထု၏အဆုံး၌ ပျောက်ကွယ်သွားတော့သည်။
စာသင်ခန်းတစ်ခန်းလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားလေ၏။
အချိန်မည်မျှ ကြာသွားသည်မသိရသော်လည်း ကစားသမားတစ်ဦးသည် နောက်ဆုံးတွင် ရှိုက်သံပါသော အသံတိုးတိုးလေးဖြင့် စကားပြောဆိုသည်။
"ငါတို့လည်း... အဲ့ဒီလို ဖြစ်သွားမှာလား..."