← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း (၃၇) ဒုတိယနယ်မြေကို စတင်စဉ်းစားခြင်း

"လီပင်းရဲ့ စိတ်ခံစားမှု တန်ဖိုးကို နင် ပြန်ပြီးသတ်မှတ်ပေးဖို့ လိုအပ်လား..."

ဆာရာက ချန်လန်ကို ကြည့်လိုက်သည်။

"အဲ့ဒါက နောက်ကြောင်းပြန်လှည့်လို့ မရဘူး မဟုတ်ဘူးလား..."

ချန်လန်က ပြန်မေးလိုက်သည်။

"နယ်မြေစီမံခန့်ခွဲသူ တစ်ယောက်အနေနဲ့ ငါ့မှာ အဲ့ဒါကို ပြန်လည်သတ်မှတ်ခွင့် ရှိတယ်လေ... နင်သာ အဲ့ဒီလို မလုပ်ဘူးဆိုရင် သူ့ရဲ့စိတ်က ပြိုလဲနေတဲ့ အခြေအနေမှာပဲ ဆက်ရှိနေလိမ့်မယ်... သူ ပြိုလဲနေတာ ပိုကြာလေလေ ထိခိုက်မှုက ပိုကြီးလေလေပဲ... အကောင်းဆုံးကတော့ သူက ကိုးမားလူနာဖြစ်သွားမယ်... အဆိုးဆုံးကတော့ သေသွားလိမ့်မယ်..."

ချန်လန် တိတ်ဆိတ်သွားလေ၏။ အချိန်တခဏအကြာတွင် သူ ခေါင်းခါယမ်းလိုက်သည်။

"မလုပ်နဲ့... သူ့ကို နောက်ထပ်နှစ်ရက်လောက် ဒုက္ခခံပါစေအုံး..."

သူသည် သူတော်စင်တစ်ယောက် မဟုတ်သည့်အပြင် ဤအရာသည် သူလုပ်ခဲ့ခြင်းလည်း မဟုတ်ချေ။ သူ သတ်မှတ်ခဲ့သော အစီအစဉ်တွင် မိဘများထံ ဖုန်းခေါ်ဆိုရမည့်အပိုင်းကမူ ပါဝင်သည်။

သို့သော် မည်သူဖြစ်မည်ကို သူ သတ်မှတ်ထားခြင်း မရှိခဲ့ချေ။ အမှတ်အနည်းဆုံး ကျောင်းသားသာလျှင် ဖြစ်ပေ၏။ လီပင်းသည် အောက်ဆုံးတွင် ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

လီပင်းကို တမင်သက်သက် ပစ်မှတ်ထားလောက်အောင် သူ ရက်စက်ယုတ်မာခြင်း မရှိချေ။ လီပင်းအတွက် ဤရလဒ်သည် သူမ စာသေချာမလုပ်သောကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဤသည်က သူမကို ပြိုလဲသွားစေခဲ့ခြင်းဖြစ်သည်။

သူမ ပြိုလဲနေပြီဖြစ်ရာ နောက်ထပ်နှစ်ရက်ခန့် ထိုအတိုင်း ဆက်ထားလိုက်ပေမည်။ မည်သို့ပင်ဖြစ်စေကာမူ သူ့ကို စွန့်ပစ်သွားခဲ့သော ဤရက်စက်သည့် အမျိုးသမီးအပေါ် သူ မကျေနပ်မှုများ ရှိနေဆဲပင်။

"ကောင်းပြီ... ဒါဆို ငါတို့ ပြန်မသတ်မှတ်တော့ဘူး... လီပင်းကို နောက်ထပ်နှစ်ရက်လောက် အရင် ညှဉ်းပန်းနှိပ်စက်လိုက်ကြတာပေါ့..."

"ဒါနဲ့... ငါ ဝေစုရမယ့် အနုတ်လက္ခဏာစွမ်းအင်ကို ငါ့ဆီ အရင်လွှဲပေးပါ... ငါ အပြင်ထွက်ပြီး ပစ္စည်းတချို့ ဝယ်ဖို့ လိုတယ်..."

"ရတာပေါ့..."

ဆာရာ၏ လက်ဝှေ့ယမ်းမှုတစ်ခုနှင့်အတူ အနုတ်လက္ခဏာစွမ်းအင်သုံးသောင်းသည် ချန်လန်၏ အကောင့်ထဲသို့ ရောက်ရှိလာသည်။

"အပိုကတော့ ငါ့ရဲ့လက်ဆောင်ပဲ..."

"ကောင်းပြီ... ကျေးဇူးပဲ..."

ချန်လန်သည် နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်မှ ထွက်ခွာလာပြီး တုန်လှုပ်ချောက်​ချားဖွယ် ဈေးဝယ်စင်တာသို့ သွားခဲ့လေ၏။

"ကြိုဆိုပါတယ် မစ္စတာ ချန်လန်... ဒီတစ်ခါ ဘာများ လိုအပ်ပါသလဲခင်ဗျာ..."

"ငါ တုန်လှုပ်ချောက်​ချားလက်နက်တချို့ ဝယ်ချင်တယ်..."

"ရပါတယ်..."

အရိုးစု စတိုးဆိုင်မန်နေဂျာက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ တုန်လှုပ်ချောက်​ချားဖွယ် ဈေးဝယ်စင်တာ၏ ဈေးဝယ်မျက်နှာပြင်တစ်ခု ချန်လန်၏ရှေ့တွင် ထွက်ပေါ်လာသည်။ ပထမဆုံး မြင်လိုက်ရသည့်အရာကြောင့် သူ၏ မျက်လုံးများ အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားသည်။

သာမန်အဆန်ဆုံးနှင့် အနိမ့်ဆုံးအဆင့်ဖြစ်သော ကြေးအဆင့် တုန်လှုပ်ချောက်​ချားလက်နက်ဖြစ်သည့် 【ထူးဆန်းသော လက်သည်း】သည် အနုတ်လက္ခဏာစွမ်းအင်တစ်ထောင်ပင် ကျသင့်နေပေ၏။

"ဘာလို့ ကြေးအဆင့် တုန်လှုပ်ချောက်​ချားလက်နက်တစ်ခုက အနုတ်လက္ခဏာစွမ်းအင် တစ်ထောင်တောင် ဖြစ်နေရတာလဲ... အဲ့ဒါက အရမ်းဈေးကြီးတာပဲ... အရင်က တစ်ရာပဲရှိတာ မဟုတ်ဘူးလား..."

ချန်လန်က အရိုးစုမန်နေဂျာကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

အပြာရောင်ကြယ်သည် တုန်လှုပ်ချောက်​ချားလက်နပ်များ၏ ဈေးနှုန်းများကို ထုတ်ပြန်ထားခဲ့ဖူးသည်။ စျေးအပေါဆုံး ကြေးအဆင့် လက်နက်တစ်ခုလျှင် တစ္ဆေဒင်္ဂါးပြားတစ်ထောင်သာ ကျသင့်ပြီး ဤသည်မှာ အနုတ်လက္ခဏာစွမ်းအင်တစ်ရာသာ ဖြစ်ပေ၏။

ဈေးနှုန်းတွေက ဘယ်အချိန်က တက်သွားတာလဲဟု သူ တွေးလိုက်မိသည်။

"တောင်းပန်ပါတယ်...မင်းက ကျွန်တော်တို့ ဈေးဝယ်စင်တာရဲ့ အမည်ပျက်စာရင်းဝင် အသုံးပြုသူ တစ်ယောက်ဖြစ်နေတဲ့အတွက် ပစ္စည်းအားလုံးရဲ့ ဈေးနှုန်းတွေကို ဆယ်ဆ တိုးမြှင့်ထားပါတယ်..."

အရိုးစုမန်နေဂျာ၏လေသံမှာ ချန်လန်သည် သာမန်ဖောက်သည်တစ်ဦးသာ ဖြစ်သကဲ့သို့ အလွန်တည်ငြိမ်နေသည်။

ဤစကားကို ကြားသောအခါ ချန်လန်၏ နှလုံးသား ဆတ်ခနဲ တုန်ရီသွားပြီး သူ၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျုံ့သွားသော်လည်း သူ ချက်ချင်းတည်ငြိမ်သွားလေ၏။

ကြည့်ရသည်မှာ တုန်လှုပ်ချောက်​ချားနတ်ဘုရား၏ နည်းလမ်းများ စတင်လာလေပြီ။ အကယ်၍ သူ ပစ္စည်းတစ်ခုကို ဝယ်ချင်ပါက ဆယ်ဆ ပိုပေးရပေမည်။

သူက တခြားပစ္စည်းများကို ကြည့်လိုက်သည်။ အမှန်တကယ်ပင် အရာအားလုံးသည် အပြာရောင်ကြယ်တွင် ထုတ်ပြန်ထားသော ဈေးနှုန်းများနှင့် ခြားနားနေသည်။ တုန်လှုပ်ချောက်​ချားလက်နက်များ၊ တစ္ဆေသိုင်းပညာများ၊ ဆေးရည်များ၊ ပုံစံကြမ်းများ အစရှိသဖြင့် အရာအားလုံးသည် ဆယ်ဆပို၍ ဈေးကြီးနေပေ၏။

ဤသည်မှာ သူ၏တိုးတက်မှုကို ကန့်သတ်ရန်နှင့် သူ၏ အနုတ်လက္ခဏာစွမ်းအင်များကို ညှစ်ထုတ်ရန် နည်းလမ်းတစ်ခုပင်။

"မျိုးဗီဇ မြှင့်တင်ရေး ဆေးရည် တစ်ပုလင်းနဲ့ ငွေအဆင့် တုန်လှုပ်ချောက်​ချားလက်နက် ဆန်းကြယ် ဓားမြှောင်တစ်လက်ပေးပါ..."

"ကောင်းပါပြီ.. စုစုပေါင်း အနုတ်လက္ခဏာစွမ်းအင် နှစ်သောင်း ကျသင့်ပါတယ်... ကျေးဇူးပြုပြီး ငွေပေးချေပါ..."

ချန်လန်သည် ချက်ချင်းငွေပေးချေလိုက်ပြီး ပစ္စည်းများကို ယူဆောင်သွားလိုက်သည်။

တုန်လှုပ်ချောက်​ချားဖွယ် ဈေးဝယ်စင်တာမှ ထွက်လာပြီးနောက် သူသည် နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်သို့ မပြန်ဘဲ စာကြည့်တိုက်ဆီသို့ ဦးတည်သွားခဲ့သည်။

အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ရင်းနှီးနေသောယုန်စာကြည့်တိုက်မှူးကို သူ မြင်တွေ့လိုက်ရသည်။ သူ လျှောက်လှမ်းသွားလိုက်သော်လည်း စကားပြောရန် ဟန်ပြင်လိုက်ချိန်မှာပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ သတိပြုမိသွားလေ၏။

တစ်ဖက်လူ၏ မျက်လုံးများတွင် ကြည်လင်မှု အနည်းငယ် ရှိနေပြီး တခြားသတ္တဝါတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

မဟုတ်ဘူး... ဒါ အရင်တုန်းက ယုန် မဟုတ်ဘူး..

"မင်္ဂလာပါ လူကြီးမင်း... ကျွန်တော် ကူညီပေးရမယ့်အရာများ ရှိပါသလား..."

ယုန်က နူးညံ့ညင်သာသောအသံဖြင့် ပြောဆိုသည်။

"ဟင့်အင်း... ဘာမှမဟုတ်ပါဘူး..."

ချန်လန်က ခေါင်းခါယမ်းလိုက်ပြီး စာကြည့်တိုက်မှ ထွက်ခွာလာခဲ့သည်။

ယုန်က အရင်ကကောင် မဟုတ်တော့ဘူး...သူ ဘယ်ရောက်သွားတာလဲ...

ငါ အချိန်အတော်ကြာအောင် ထပ်စောင့်ရအုံးမှာလား...

နောက်တစ်ကြိမ်တွင် ယခင်ယုန်ကို ပြန်တွေ့ရရန် သူ မျှော်လင့်မိသည်။

...

"နင့်ရဲ့ ဈေးဝယ်စင်တာဈေးနှုန်းတွေက ဆယ်ဆ တက်သွားတယ်...ဟုတ်လား..."

ဆာရာက အံ့အားသင့်စွာ ပြောလိုက်သည်။

ချန်လန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... အတိအကျကို ဆယ်ဆပဲ..."

"ဝိုး... ငါ့ဟာကိုလည်း ငါ စစ်ကြည့်ရဦးမယ်..."

ဆာရာသည် သူမ၏ တုန်လှုပ်ချောက်​ချားဖွယ် ဈေးဝယ်စင်တာ မျက်နှာပြင်ကို အလျင်အမြန် ဖွင့်လိုက်ရာ သူမ၏မျက်လုံးသူငယ်အိမ်များ ကျုံ့သွားလေ၏။

"ငါ့ဟာလည်း ဆယ်ဆပဲ..."

"ကြည့်ရတာ တုန်လှုပ်ချောက်​ချားနတ်ဘုရားက ငါ့အတွက် မင်း ပစ္စည်းဝယ်ပေးနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ချေကို စဉ်းစားမိသွားလို့ ငါတို့ နှစ်ယောက်လုံးကို အမည်ပျက်စာရင်းသွင်းလိုက်တာပဲ ဖြစ်မယ်..."

"ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ... ဆယ်ဆဈေးနဲ့ မတန်မရာပေးပြီး ဝယ်ရတော့မှာလား..."

"ငါတို့ကို ကူညီပေးဖို့ ဆန္ဒရှိမယ့် မဟာမိတ်တစ်ယောက်ယောက်ကို မရှာနိုင်မချင်းတော့ အဲ့ဒီလို လုပ်ရမှာပဲ..."

"ဟိုယုန်ကရော..."

ဆာရာက ယုန်ကို တွေးလိုက်သော်လည်း ချန်လန်က ခေါင်းယမ်းလိုက်ပြီး ယခုလေးတင် ဖြစ်ပျက်ခဲ့သောအရာကို သူမအား ပြောပြလိုက်၏။

"အဲ့ဒါက တကယ် ထူးဆန်းတာပဲ... ထူးဆန်းတဲ့ နေရာတွေက တာဝန်ခံတွေကို ဘယ်တော့မှ မပြောင်းလဲတတ်ဘူးလေ... ဥပမာပြောရရင် အရိုးစုမန်နေဂျာဆိုရင် အစကတည်းက အဲ့ဒီမှာ ရှိနေတာ... ဘယ်တော့မှ အစားထိုး မခံရဖူးဘူး... သူတို့က အရမ်းဆိုးရွားတဲ့ အမှားတစ်ခုခု မလုပ်မိသရွေ့ အစားထိုးခံရဖို့ဆိုတာ မဖြစ်နိုင်ဘူး..."

ချန်လန်က ခေါင်းခါယမ်းလိုက်သည်။

"ငါလည်း သေချာမသိဘူး... လောလောဆယ်တော့ ငါတို့ ဒီဆယ်ဆဈေးတွေနဲ့ပဲ ဈေးဝယ်လို့ ရမှာပဲ..."

"ဒါပေမဲ့ ငါတို့ရဲ့ အနုတ်လက္ခဏာစွမ်းအင်တွေက လောက်မှာ မဟုတ်ဘူး..."

"ရပါတယ်... ငါ ဒုတိယနယ်မြေကို စတင်စဉ်းစားတော့မယ်..."

"အို... နင့်မှာ စိတ်ကူးရှိနေပြီလား..."

ဆာရာက ချန်လန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ချန်လန်တွင် ဒုတိယနယ်မြေအတွက် စဉ်းစားထားခြင်း ရှိမရှိ သို့မဟုတ် ဤတစ်ခုတည်းဖြင့်သာ နေသွားရန် ရည်ရွယ်ထားခြင်း ရှိမရှိကို သူမ အမြဲတစေ သိချင်နေခဲ့မိခြင်းဖြစ်သည်။

ကြည့်ရသည်မှာ အခက်အခဲက ချန်လန်ကို အရေးပေါ် ခံစားချက်တစ်ခု ပေးစွမ်းလိုက်ပြီး ဒုတိယနယ်မြေကို စဉ်းစားရန် တွန်းအားပေးလိုက်ပုံ ရပေ၏။

"အင်း... ငါ့မှာ စိတ်ကူးတချို့ ရှိတယ်... ဒီဒုတိယနယ်မြေမှာလည်း သေဆုံးမှုတွေ ရှိမှာမဟုတ်ဘူး... ဒါပေမဲ့ အရမ်းကို ဖိနှိပ်ချုပ်ချယ်ပြီး မျှော်လင့်ချက်မဲ့စေလိမ့်မယ်... အထက်တန်းနောက်ဆုံးနှစ်နဲ့ သိပ်ပြီး ကွာခြားမှာ မဟုတ်ဘူး..."

"ဒါဆို အကောင်းဆုံး လုပ်ပါ... ငါ မျှော်လင့်နေမယ်..." ဆာရာသည် သူ့ကို အားပေးရန် ကလေးမလေးတစ်ယောက်ကဲ့သို့ သူမ၏လက်သီးကို ဆုပ်ပြလိုက်သည်။

ချန်လန်သည် သူမ မြင်ဖူးသမျှထဲတွင် အထက်မြက်ဆုံး ပါရမီရှင် ဖန်တီးသူတစ်ဦးပင်။ သူ၏ ပထမဆုံးနယ်မြေကပင် SSSအဆင့်အတွက် အလားအလာ ရှိနေပြီဖြစ်ရာ ဒုတိယတစ်ခုကလည်း သေချာပေါက် ဆိုးရွားမည် မဟုတ်ချေ။

"ပထမနယ်မြေရဲ့ အဆင့်သတ်မှတ်ချက် မထွက်ခင်မှာ ငါ အပြီးသတ်ထားသင့်တယ်... ပြီးရင် အဆင့်သတ်မှတ်ချက် ပြီးတာနဲ့ ချက်ချင်းတင်ပြလိုက်မယ်... တုန်လှုပ်ချောက်​ချားနတ်ဘုရားရဲ့ ခွင့်ပြုချက်...ပိုမှန်အောင် ပြောရရင် တုန်လှုပ်ချောက်​ချားဖွယ်ကမ္ဘာရဲ့ ခွင့်ပြုချက်ကို ရသွားတာနဲ့ အဆင်ပြေသွားမှာပါ..."

"ကောင်းတယ်..."

"ဒါနဲ့... ငါတို့ ဒီတုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေကို အရှိန်မြှင့်လို့ ရမလား... အရမ်းနှေးနေသလို ခံစားရလို့..."

"ရတယ်... ဒါပေမဲ့ အရမ်းကြီးတော့ မရဘူး... နောက်ထပ် နှစ်ရက်ပဲ ရမယ်... နယ်မြေထဲမှာ ငါးရက်ကုန်သွားရင် ဒီနေရယမှာ သုံးရက်နဲ့ အပြာရောင်ကြယ်မှာ တစ်ရက်ကုန်ဆုံးတာနဲ့ ညီမျှလိမ့်မယ်..."

"ဒါဆို အရှိန်မြှင့်လိုက်ကြရအောင်... ငါ မစောင့်နိုင်တော့ဘူး..."

"ကောင်းပြီလေ..."

...

နယ်မြေကမ္ဘာအတွင်း၌....

ဆာရာသည် အချိန်စီးဆင်းမှုကို အရှိန်မြှင့်လိုက်သော်လည်း အတွင်းရှိလူများကမူ သတိမထားမိကြချေ။ သူတို့၏ အချိန်အပေါ် ခံစားသိရှိမှုမှာ ယခင်အတိုင်းပင် ဖြစ်သော်လည်း ချန်လန်နှင့်ဆာရာတို့အတွက်မူ ပို၍မြန်ဆန်နေပုံ ရပေ၏။

ဘတ်စ်ကားပေါ်တွင်...

လီပင်းသည် သူမ၏မိဘနှစ်ပါးကြားတွင် ညှပ်ထိုင်နေပြီး သွားဖြီးကာ အရူးမတစ်ယောက်ကဲ့သို့ ရယ်မောနေသည်။ သူမ၏ခန္ဓာကိုယ်သည် အတက်ရောဂါ ရနေသကဲ့သို့ တစ်ခါတစ်ရံ တဆတ်ဆတ် တုန်ရီနေသည်။

"ဖျားချင်ယောင်ဆောင်ပြီး စာလုပ်ရတာကနေ လွတ်မယ်လို့ မတွေးနဲ့... အမေ ကျူရှင်ဆရာ စီစဉ်ပြီးပြီ... နောက်ရက်တွေအတွင်းမှာ သမီး ဘယ်မှသွားစရာ မလိုဘူး... သမီး ဘာသာရပ်အားလုံးအောင်ပြီး စုစုပေါင်းအမှတ် ၅၀၀ မကျော်မချင်း စာကျက်နေရမယ်..."

မိခင်ဖြစ်သူက လီပင်းကို အေးစက်စက် ကြည့်ကာ သူမ၏လေသံမှာ သနားညှာတာမှု ကင်းမဲ့နေသည်။

ဖခင်ဖြစ်သူက ခေါင်းခါယမ်းလိုက်သည်။

"မင်းကို မွေးမယ့်အစား ဖျက်ချပစ်ဖို့ မင်းရဲ့အမေ့ကို ငါ ပြောခဲ့သင့်တာ... မင်းလို ကလေးမျိုး ရှိနေတာက မိသားစုအတွက် အရှက်ရစရာပဲ..."

မိဘများ၏အမြင်တွင် ဤသည်မှာ လီပင်းက စာကျက်ခြင်းကို ရှောင်ရှားရန် လုပ်ဆောင်သော နည်းလမ်းတစ်ခုမျှသာဖြစ်သည်။ စာလုပ်ရုံဖြင့် မည်သူမျှ ရူးသွပ်မသွားနိုင်ချေ။ ဤသည်က ဆင်ခြေများသာဖြစ်ပြီး နောက်ထပ် ရိုက်နှက်မှု အနည်းငယ်က အရာအားလုံးကို ပြုပြင်ပေးနိုင်လိမ့်မည်။

သို့သော် လီပင်း၏နားထဲတွင်မူ မိခင်ဖြစ်သူ ပြောနေသောအရာများကို သူမ နားမလည်နိုင်တော့ချေ။ သူမသည် ဖြတ်သန်းသွားသော ရှုခင်းများကို လှည့်ကြည့်ကာ အရူးမတစ်ယောက်ကဲ့သို့ ရယ်မောနေလေ၏။

သို့သော် မျက်ရည်အနည်းငယ်သည် သူမ၏ မျက်လုံးထောင့်များမှ တိတ်တဆိတ် ကျဆင်းလာသည်။ သူမ၏မျက်လုံး နက်ရှိုင်းသောနေရာတွင် လွတ်လပ်ခွင့်အတွက် လိုလားတောင့်တသော လျှို့ဝှက်မီးပွားလေးတစ်ခု ရှိနေသည်။

"ဟီးဟီး..."

All Chapters