← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း (၃၈) လူသားလား... ဒါမှမဟုတ် စက်ရုပ်လား

ကျောင်းသားအားလုံး အိမ်သို့ ပြန်ရောက်သွားကြပြီး နောက်ထပ်နှစ်ရက်တာ အားလပ်ရက်ကို ကြိုဆိုကြသည်။

ချန်ထျန်၏အိမ်၌...

ချန်ထျန်သည် စိုးရိမ်ပူပန်မှုများဖြင့် အိမ်သို့ ပြန်ရောက်လာပြီး ထမင်းစားစားပွဲတွင် ထိုင်နေသော သူ၏မိဘများကို မြင်တွေ့လိုက်ရသည်။

"မင်းသိလား... မင်းရဲ့အတန်းထဲက လီပင်း ရူးသွားပြီတဲ့..."

မိခင်ဖြစ်သူက ပြောလိုက်သည်။

ချန်ထျန် ကြက်သေသေသွားလေ၏။

လီပင်း ရူးသွားပြီလား...

ဒီနေ့ သူ ဖြစ်နေတဲ့ပုံက ရူးနေတဲ့သူ တစ်ယောက်ရဲ့ ပုံစံမျိုးလား...

သူ အဲ့ဒီလိုဖြစ်နေတာ မဆန်းပါဘူး...

ဒါဆို သူ ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့နေမလဲ...

ဤအချက်ကို တွေးမိသည်နှင့် ချန်ထျန်သည်လည်း မျှော်လင့်ချက်မဲ့သကဲ့သို့ ခံစားလိုက်ရသည်။ ဤနယ်မြေက ကစားသမားများကို အမှန်တကယ် ရူးသွပ်သွားစေနိုင်သည်။ သူ့အလှည့် ဘယ်တော့ရောက်လာမလဲဟု သူ တွေးလိုက်မိ၏။

နောက်တစ်ယောက်လား....

"ကျွန်တော်... ကျွန်တော် သိတယ်... သူက စာကျက်ရင်းနဲ့ ရူးသွားတယ်ထင်တယ်..."

ချန်ထျန်က ပြန်ဖြေလိုက်သည်။

"မဟုတ်ဘူး... သူက စာကျက်ရင်း ရူးသွားတာ မဟုတ်ဘူး... သူ့ရဲ့ အမှတ်တွေ အရမ်းဆိုးရွားနေလို့ စိတ်ပျက်ပြီး ရူးသွားတာ... အဲ့ဒီလိုမှမဟုတ်ရင် သူက ကစားဖို့သက်သက် ဟန်ဆောင်နေတာပဲ... အဲ့ဒီလို ကလေးမျိုးတွေကို အမေ အများကြီး တွေ့ဖူးတယ်..."

ချန်ထျန်၏နှလုံးသား တုန်ရီသွားပြီး မကောင်းသော ကြိုတင်ခံစားမှုတစ်ခုက သူ၏စိတ်ထဲတွင် ပေါက်ဖွားလာသည်။

"သား... လီပင်းရဲ့ နမူနာကို ဘယ်တော့မှ မလိုက်နဲ့နော်... သားရဲ့ အမှတ်တွေက သူ့ထက် သေချာပေါက် ပိုကောင်းမယ်လို့ အမေ ယုံတယ်... တက္ကသိုလ်ဝင်တန်းစာမေးပွဲက သားအတွက် အရမ်းအရေးကြီးတယ်... ဒါကြောင့် ကြိုးစားပြီး စာကျက်ရမယ်... အခု ကစားနေလို့ အလကားပဲ... နောက်ကျရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ပဲ ရောက်သွားလိမ့်မယ်... ဒါပေမဲ့ သားက ကြိုးစားပြီး စာကျက်မယ်ဆိုရင် အဲယားကွန်းနဲ့ ရုံးခန်းထဲမှာ ထိုင်ရနိုင်တယ်... ဘေးအိမ်က ကလေးကို ကြည့်စမ်း... သူက တက္ကသိုလ်ကနေ ဘွဲ့ရပြီး အခု ရုံးခန်းထဲမှာ အဲယားကွန်းခံပြီး ပိုက်ဆံထိုင်ရေနေရတာ... သူ့ရဲ့မိဘတွေက တနေကုန် လိုက်ကြွားနေတာပဲ..."

"လီပင်းလိုမျိုး စာလုပ်ရမှာကို ရှောင်ဖို့ မိဘတွေကို လှည့်စားပြီး ဖျားချင်ယောင်ဆောင်တဲ့ လူတွေက အရှက်မရှိဆုံးပဲ... သားက သူ့လို ဖြစ်လို့မရဘူး... တကယ်လို့ သားက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကောင်းကောင်း မဖြေနိုင်ရင် သားရဲ့ဘဝ ပြီးဆုံးသွားပြီပဲ... သားအတွက် အမေ ကျူရှင်ကျောင်းတစ်ခု စီစဉ်ထားပြီးပြီ... ထမင်းစားပြီးရင် အဲ့ဒီကို သွားတော့..."

ချန်ထျန်သည် လက်သီးများကို ဆုပ်ထားပြီး ခေါင်းငုံ့ကာ အမောတကော အသက်ရှူနေသည်။ သူသည် ဧရာမ ဖိအားကြီးတစ်ခုကို ခံစားလိုက်ရပြီး အသက်ရှူရန်ပင် မဖြစ်နိုင်သလောက်နီးပါး ဖြစ်သွားလေ၏။

သူ၏ နှလုံးသားထဲရှိ အသံတစ်သံက လက်မလျှော့ရန်နှင့် အဆုံးထိ တောင့်ခံရန် အဆက်မပြတ် ပြောဆိုနေသည်။

အချိန်အတော်ကြာပြီးနောက် သူ ဖြည်းညှင်းစွာ သတိပြန်ဝင်လာပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့..."

စကားတစ်ခွန်းတည်းနှင့်ပင် သူ၏လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့မှုနှင့် အကူအညီမဲ့မှုကို ဖော်ပြနေသည်။

"လိမ္မာတဲ့ ကလေးလေး... မြန်မြန်စားတော့..."

...

အိမ်သို့ ပြန်ရောက်သော ကစားသမားတိုင်းသည် လီပင်း ရူးသွပ်သွားပြီဟူသော သတင်းကို သိရှိသွားကြပြီး သူတို့အားလုံး အလွန်အမင်း မျှော်လင့်ချက်မဲ့သွားကြသည်။

ဒီနယ်မြေက လူတွေကို တကယ်ကြီး ရူးသွပ်သွားစေနိုင်တာပဲ....

သူတို့ကရော နောက်တစ်ယောက် ဖြစ်လာမလား...

ဤမေးခွန်းကို တွေးမိသောအခါ သူတို့အားလုံး အလွန်အမင်း စိုးရိမ်ပူပန်လာကြသည်။ ဖိအားများ အလွန်အမင်း ကြီးမားလွန်းသဖြင့် သူတို့ ရုတ်တရက် ရူးသွပ်သွားခြင်းရှိမရှိကို မည်သူမျှ မသိနိုင်ကြချေ။

သို့သော် သူတို့၏ မိဘများသည် လီပင်းကို နားမလည်နိုင်ကြချေ။ ထို့အစား သူမသည် စာကျက်ခြင်းကို ရှောင်ရှားရန် ဟန်ဆောင်နေခြင်းသာဖြစ်ကြောင်း တညီတညွတ်တည်း ယုံကြည်နေကြသည်။

လီပင်း၏အခြေအနေမှာ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သူမ အမှန်တကယ် ပြိုလဲသွားခဲ့ပြီဖြစ်ကြောင်း သူတို့အားလုံး မျက်မြင်တွေ့ရှိခဲ့ကြသော်လည်း မည်သူမျှ မငြင်းခုံကြချေ။ ဤ 'မိဘများ' သည် သူတို့၏ကလေးများကို လူသားများအဖြစ် လုံးဝမဆက်ဆံကြောင်း သူတို့အားလုံး သိထားကြ၏။

နှစ်ရက်တာ ညှဉ်းပန်းနှိပ်စက်မှုအတွင်း မည်သည့် ကစားသမားမျှ တစ်စက္ကန့်လေးပင် မအိပ်ခဲ့ရချေ။ လုတချို့ဆိုလျှင် သူတို့၏ ဆံပင်များကို ယက်မတန်းတွင် ချည်နှောင်ထားပြီး ပေါင်များကို စူးဖြင့် ထိုးကာ စာကျက်ရန်ပင် ပြုလုပ်ခဲ့ကြသည်။ အကယ်၍ သူတို့သည် တစ်စက္ကန့်မျှ ခေါင်းငုံ့လိုက်ပါက သူတို့၏ စိတ်ဓာတ်များ နိုးကြားလာစေရန် ပြင်းထန်သော နာကျင်မှုကို ခံစားရပေမည်။

တိုတောင်းလှသော နှစ်ရက်အတွင်း သူတို့၏ စိတ်ဝိညာဉ်များသည် အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ရပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ကျောင်းသို့ တဖန်ပြန်လည်ရောက်ရှိလာချိန်၌ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြသည်။

ကျောင်းအဝင်ဝတွင် လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများတွင် အလင်းရောင် လုံးဝ မရှိတော့ဘဲ အဆုံးမရှိသော မျှော်လင့်ချက်မဲ့မှုများသာ ရှိနေတော့သည်။

သူတို့သည် ခေါင်းငုံထားကာ လမ်းလျှောက်နေသော အလောင်းကောင်များအလား ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များကို ဆွဲငင်၍ ကျောင်းထဲသို့ ဝင်ရောက်လာကြသည်။

ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်အတွင်း လူတိုင်းသည် စာသင်ခန်းတံခါးကို အမူအရာကင်းမဲ့စွာ ကြည့်နေကြသည်။ တရုတ်စာဆရာမ စာသင်ခန်းထဲ ဝင်လာချိန်၌ သူတို့သည် စက်ရုပ်များကဲ့သို့ မတ်တပ်ရပ်လိုက်ကြသည်။

"မင်္ဂလာပါ ဆရာမ..."

"မင်္ဂလာပါ ကျောင်းသားတို့... ပထမဆုံး သတင်းဆိုး တစ်ခုပြောမယ်... လီပင်းရဲ့ အမှတ်တွေက ဆိုးရွားလွန်းတဲ့အတွက် သူ့ရဲ့ မိဘတွေက သူ့ကို စာကျက်ဖို့ အိမ်မှာပဲ ထားထားတယ်... သန်ဘက်ခါလောက်မှ သူ ကျောင်းကို ပြန်လာနိုင်လိမ့်မယ်..."

ဘာတွေဖြစ်ခဲ့လဲဆိုတာ သူတို့အားလုံး သိထားပြီးဖြစ်သောကြောင့် မည်သူမျှ စကားမပြောသလို လီပင်း၏ နေရာကိုပင် လှမ်းမကြည့်ကြချေ။

အမှတ်တွေ ဆိုးလို့တဲ့လား... သူက အိမ်မှာ အကျဉ်းကျနေပြီး အပြင်ထွက်လို့ မရတော့တာ မဟုတ်လား...

"ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်အတွက် စာမေးပွဲမေးခွန်းလွှာသုံးစုံပြီးရင် မင်းတို့ ထွက်သွားလို့ရပြီ..."

စာမေးပွဲမေးခွန်းလွှာသုံးစုံသည် စားပွဲများပေါ်တွင် ချက်ချင်းထွက်ပေါ်လာပေ၏။ လူတိုင်းသည် မေးခွန်းလွှာများကို စက်ရုပ်များကဲ့သို့ ငုံ့ကြည့်လိုက်ကြပြီး သူတို့၏ ဖောင်တိန်များကို ကောက်ကိုင်ကာ စတင်ရေးသားကြတော့သည်။

တရွှပ်ရွှပ်အသံများသည် လေထုထဲတွင် ပြည့်နှက်နေပြီး တရုတ်စာဆရာမက စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။

"အဲ့ဒီလိုမျိုး လုပ်စမ်းပါ... ဆက်ကြိုးစားကြ..."

...

နှစ်ရက် ကုန်လွန်သွားခဲ့သည်။

ယနေ့တွင် လီပင်း ပြန်ရောက်လာလေ၏။

သူမ၏ အခြေအနေမှာ ယခင်ကလောက် မဆိုးရွားတော့သော်လည်း ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့်အတူ သူမသည် စိတ်လွင့်နေသူတစ်ဦးနှင့် အလွန်တူညီနေသည်။

သူမသည် လွန်ခဲ့သော နှစ်ရက်က သတိပြန်လည်လာခဲ့သော်လည်း ထိုနှစ်ရက်တာအတွင်း မျှော်လင့်ချက်မဲ့မှုနှင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတို့က သူမကို နက်ရှိုင်းစွာ ထိခိုက်စေခဲ့ပြီး ရေတွက်၍မရနိုင်သော နာကျင်ဖွယ်ရာများနှင့် မျှော်လင့်ချက်မဲ့စရာ အခိုက်အတန့်များကို မကြာခဏ ပြန်လည်အမှတ်ရလာစေကာ သူမကို နာကျင်မှုများစွာ ဖြစ်ပေါ်စေခဲ့လေ၏။

သူမ၏နေရာတွင် ထိုင်နေစဉ် သူမ၏ခေါင်းသည် တဆတ်ဆတ် တုန်နေပြီး ခန္ဓာကိုယ်မှာလည်း တစ်ခါတစ်ရံ တုန်ယင်နေသည့် အဆင့်အထိပင် ရောက်ရှိနေသည်။ ဤအရာများသည် သူမ၏ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုကြောင့် ဖြစ်ပေါ်လာသော နောက်ကြောင်းပြန်လှည့်မရသည့် ထိခိုက်မှုများဖြစ်ပြီး သူမ၏ရုပ်ခန္ဓာကိုယ်ကိုလည်း သက်ရောက်မှုရှိနေခြင်း ဖြစ်သည်။

သို့သော် မည်သူမျှ သူမကို ဂရုမစိုက်ကြချေ။ သူတို့သည် ခေါင်းငုံ့ကာ သူတို့၏ မေးခွန်းလွှာများကိုသာ ဆက်လက်၍ လုပ်ဆောင်နေကြသည်။

"လီပင်း ပြန်ရောက်လာပြီပဲ... အချိန်ကိုက်ပဲ... ဒီကာလအတွင်းက စာမေးပွဲမေးခွန်းလွှာတွေအားလုံးကို အရင်အပြီးလုပ်လိုက်..."

အင်္ဂလိပ်စာဆရာမက လီပင်းကို အပြုံးနှင့် ကြည့်လိုက်သည်။

သူမက လက်ဖျောက်တစ်ချက် တီးလိုက်ရုံဖြင့် လီပင်း၏ စားပွဲပေါ်တွင် စာမေးပွဲမေးခွန်းလွှာများ အထပ်လိုက် ထွက်ပေါ်လာသည်။ ဘာသာရပ်ခြောက်ခုလုံးမှ အနည်းဆုံး မေးခွန်းလွှာတစ်ရာခန့် ရှိပေမည်။

မေးခွန်းလွှာများကို ကြည့်ရင်း လီပင်းသည် ရုတ်တရက် အော်ဟစ်လိုက်ပြီး ခေါင်းကို ကိုင်ကာ အလွန်အမင်း နာကျင်နေပုံရသည့်အလား သူမ၏ ခန္ဓာကိုယ် တုန်ရီသွားလေ၏။

ထိုအော်ဟစ်သံကို ကြားရသောအခါ ၂ခြားသူများသည် ရှင်းပြ၍မရအောင် စိတ်အနှောင့်အယှက်ဖြစ်မှု၊ စိုးရိမ်ပူပန်မှု၊ မျှော်လင့်ချက်မဲ့မှုနှင့် ကြောက်ရွံ့မှုတို့ကို ခံစားလိုက်ရသည်။

နောက်ထပ် လီပင်းတစ်ယောက် သူတို့ မဖြစ်ချင်ကြချေ။

သို့သော် မကြာမီ လီပင်း၏အခြေအနေမှာ နှစ်မိနစ်ခန့်သာ ကြာမြင့်ပြီးနောက် ငြိမ်ကျသွားသည်။

သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေသော မျက်လုံးများဖြင့် သူမသည် ဖောင်တိန်ကို ကောက်ကိုင်ကာ မေးခွန်းလွှာများကို စတင်ဖြေဆိုတော့သည်။ တခြားကျောင်းသားများနည်းတူ သူမ၏မျက်လုံးများတွင် စိတ်ခံစားမှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိတော့ချေ။

...

တစ်ရက်ပြီးတစ်ရက် အချိန်များ ကုန်လွန်သွားခဲ့သည်။

လူတိုင်း၏ စားပွဲများပေါ်ရှိ မေးခွန်းလွှာများသည် အချိန်နှင့်အမျှ လျော့နည်းမသွားချေ။ ထို့အစား ထိုအရာများသည် ဘယ်တော့မှ ပြီးဆုံးမည်မဟုတ်သော အောက်ခြေမရှိသည့် တွင်းနက်ကြီးတစ်ခုကဲ့သို့ အဆုံးမရှိ တိုးပွားလာသည်။

ဤသည်မှာတတိယလ ကုန်ဆုံးသည်အထိပင်။ မနက်ဖြန်သည် နောက်ထပ် လပတ်စာမေးပွဲတစ်ခု ဖြစ်လာပေမည်။

"အား...."

ရုတ်တရက် လီတာတုန်းက အော်ဟစ်လိုက်ပြီး သူ၏ စားပွဲပေါ်ရှိ စာမေးပွဲမေးခွန်းလွှာများ အားလုံးကို ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားအောင် တိုက်ချလိုက်၏။

"ငါ မပြီးနိုင်တော့ဘူး... ငါ ဘယ်လိုမှ မပြီးနိုင်တော့ဘူး... ငါ့ရဲ့မေးခွန်းလွှာတွေက တစ်နေ့ထက်တစ်နေ့ ပိုပိုများလာတယ်... ငါက အဲ့ဒါတွေကို ဘယ်လိုလုပ် ပြီးအောင် လုပ်နိုင်မှာလဲ... ငါ့ကို သေခွင့်ပေးပါ... ငါ တောင်းပန်ပါတယ်... ငါ့ကို သေခွင့်ပေးပါ... ငါ ဒီနယ်မြေထဲမှာ ဆက်မနေချင်တော့ဘူး..."

မေးခွန်းလွှာတွေက နေ့တိုင်း တိုးလာတယ်.. ငါက တစ်နေ့ကို စာရွက်တစ်ရာ ဆုတ်ဖြဲပစ်ရင်တောင် မနက်ဖြန်ကျရင် နောက်ထပ် တစ်ရာ ထပ်ရောက်လာဦးမှာပဲ....ဒီမေးခွန်းလွှာတွေကို ငါ ဘယ်တော့မှ ပြီးနိုင်မှာ မဟုတ်ဘူး...

သူ တွေးတောလိုက်မိသည်။

သို့သော် သူ၏ ရုတ်တရက် ပြိုလဲမှုနှင့် ပေါက်ကွဲမှုသည် တခြားမည်သူ၏စိတ်အာရုံကိုမျှ ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ချေ။ လူတိုင်းသည် နားမကြား မျက်မမြင်များကဲ့သို့ တခြားအရာအားလုံးကို စိတ်ထဲမှ ဖယ်ထုတ်ထားပြီး သူတို့၏မေးခွန်းလွှာများတွင်သာ ဆက်လက်၍ ခေါင်းငုံ့ထားကြ၏။

ထိုသို့မဟုတ်ပါက ပို၍မှန်ကန်အောင် ပြောရလျှင် သူတို့သည် ဦးနှောက်ထဲတွင် စာမေးပွဲမေးခွန်းလွှာများကို ဖြေဆိုရန် ပရိုဂရမ်တစ်ခုသာ ရှိပြီး တခြားမည်သည့် စိတ်ခံစားမှု သို့မဟုတ် လူသားဆန်မှုမျှ မရှိတော့သော စက်ရုပ်များနှင့် ပို၍တူညီနေသည်။

ထူးဆန်းသည်မှာ လီတာတုန်းသည်လည်း တခြားမည်သူ့ကိုမျှ မကြည့်ခြင်းပင်။ သူ ပေါက်ကွဲပြီးနောက် သူသည် မေးခွန်းလွှာများအားလုံးကို တိတ်တဆိတ် ကောက်ယူပြီး ဆက်လက်၍ ရေးသားနေသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် စာသင်ခန်းသည် တဖန်ပြန်၍ တိတ်ဆိတ်သွားသည်။ စာရွက်ပေါ်တွင် ဖောင်တိန်သွားနေသည့် ရွှပ်ရွှပ်အသံမှလွဲ၍ တခြားမည်သည့်အသံမျှ မရှိတော့ချေ။

ယခုလေးတင် ဖြစ်ပျက်ခဲ့သောအရာမှာ တစ်ခါမျှ မဖြစ်ပျက်ခဲ့ဖူးသကဲ့သို့ လီတာတုန်းလည်း မပြိုလဲခဲ့ဖူးသကဲ့သို့ ဖြစ်နေပေ၏။

အရာအားလုံးသည် အလွန်ထူးဆန်းနေသော်လည်း အလွန်သာမန်ဆန်ကယ ရိုးရှင်းနေပုံလည်းရသည်။

အတိအကျ ပြောရလျှင် မေးခွန်းလွှာများနှင့် အိမ်စာများ၏ အဆုံးမရှိသော ဖိအားများကြောင့် ကစားသမားများသည် အနာဂတ်အတွက် မျှော်လင့်ချက်များအားလုံးကို ဆုံးရှုံးသွားခဲ့လေပြီ။

အကယ်၍ လူတစ်ယောက်၏မျက်လုံးများတွင် အလင်းရောင် မရှိတော့ပါက သူတို့၏ စိတ်ဝိညာဉ်သည် ကျိုးပဲ့သွားလေပြီ။ တစ်ကြိမ် ထိခိုက်သွားပါက ထိုအရာကို ပြုပြင်ရန် အခြေခံအားဖြင့် မဖြစ်နိုင်တော့ချေ။

ကစားသမား ၄၇ ယောက်သည် လက်ရှိတွင် ဤအခြေအနေသို့ ရောက်ရှိနေကြလေပြီ။ သူတို့၏ စိတ်ဝိညာဉ်များသည် မည်သည့် မျှော်လင့်ချက်ကိုမျှ မမြင်နိုင်တော့သော အနာဂတ်တစ်ခုကြောင့် ကြာမြင့်စွာကတည်းက တိုက်စားခံခဲ့ရပြီးဖြစ်ပေ၏။

ထို့ထက်ပို၍ တိတိကျကျပြောရလျှင် သူတို့သည် ယဉ်ပါးအောင် လေ့ကျင့်ခြင်း ခံလိုက်ရလေပြီ။

All Chapters