အခန်း ၄၀
Vol. 4 Ch. 40
အခန်း (၄၀) တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ၅ ရက်ပဲ လိုတော့တယ်
နောက်တစ်နေ့တွင် လပတ်စာမေးပွဲ ရောက်လာသည်။
ယောကျာ်းလေးများ၏ ထူးခြားသော အခြေအနေကို မိန်းကလေးများ သတိပြုမိသွားကြသည်။ သူတို့အားလုံး ဒဏ်ရာများ ရရှိထားကြပြီး သူတို့၏မျက်လုံးများတွင်လည်း မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုမျှ မရှိတော့ချေ။
စုံစမ်းမေးမြန်းကြည့်ပြီးနောက် ယောကျာ်းလေးများသည် မနေ့ညက ရန်ဖြစ်ခဲ့ကြကြောင်း သိရှိလိုက်ရသည်။ ထို့ပြင် သူတို့သည် ကျောင်းတွင် ဆက်နေခွင့်မရတော့ဘဲ ယနေ့ညကစပြီး အိမ်ပြန်ရမည်ဖြစ်ကာ မနက်တိုင်း ငါးနာရီမတိုင်ခင် ကျောင်းသို့ ပြန်လာရမည် ဖြစ်ကြောင်းကိုလည်း သိလိုက်ရလေ၏။
ဒါက ငရဲပဲ...
မည်သူမျှ ထို 'မိဘများ' ဆိုသူများကို ရင်မဆိုင်ရဲကြသော်လည်း ဤလူများသည် တစ်လကျော်ကြာအောင် သူတို့ကို နေ့တိုင်း ရင်ဆိုင်ရတော့ပေမည်။
ဤသည်က အလွန်ကြောက်စရာကောင်းလွန်းလှသည်။
...
လပတ်စာမေးပွဲ စတင်ချိန်၌...
စာမေးပွဲမေးခွန်းလွှာများကို ဝေငှလိုက်သော်လည်း ယောကျာ်းလေး အများစု၏ စိတ်ထဲတွင် ယနေ့ညအတွက် ကြောက်ရွံ့မှုများဖြင့်သာ ပြည့်နှက်နေသည်။
သူတို့သည် လွယ်ကူသော မေးခွန်းများကို စိုက်ကြည့်နေကြသော်လည်း စာလုံးများသည် သူတို့၏ရှေ့တွင် လိမ်ကောက်ပြီး ဝါးတားတား ဖြစ်နေပေ၏။ သူတို့၏ ဦးနှောက်များသည် လုံးလုံးလျားလျား ဟာလာဟင်းလင်း ဖြစ်နေပြီး မည်သည့် တွေးခေါ်မှုကိုမျှ မလုပ်ဆောင်နိုင်တော့ချေ။
အထူးသဖြင့် လီတာတုန်းနှင့် တခြားသူအချို့အတွက်မူ ယနေ့ညမှ အိမ်ပြန်ရောက်ပြီးနောက် ဖြစ်လာမည့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများသည် သူတို့၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပေါ်လာခဲ့သည်။
ထိုအမည်မသိရဘဲ တဖြည်းဖြည်း နီးကပ်လာသော မျှော်လင့်ချက်မဲ့မှုသည် မမြင်နိုင်သော ဧရာမ လက်ကြီးတစ်ဖက်က သူတို့၏နှလုံးသားများကို ဆုပ်ကိုင်ထားသကဲ့သို့ ဖြစ်နေပြီး သူတို့ကို အသက်ရှူမွန်းကြပ်လုမတတ် ဖြစ်စေသည်။
ဤသည်မှာ သူတို့ကိုယ်တိုင် ရှာဖွေခဲ့သော ပြဿနာ၏အကျိုးဆက်ပင်။
အကယ်၍ သူတို့သာ မကောင်းသော ရည်ရွယ်ချက်များကို မမွေးမြူခဲ့ပါက အခုအချိန်တွင် လူတိုင်း "လှပသော" အဆောင်၌ အသက်ရှူချောင်နေဆဲ ဖြစ်ပေမည်။
ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်အတွင်း တရုတ်စာဆရာမသည် စာမေးပွဲအဖြေလွှာ အထပ်လိုက်ကို ကိုင်ဆောင်ကာ စာသင်ခန်းထဲသို့ ဝင်ရောက်လာသည်။ သူမ၏အမူအရာသည် ရေစက်များ ကျလာနိုင်လောက်အောင် အုံ့မှိုင်းနေပေ၏။
သူမက စာမေးပွဲအဖြေလွှာများကို စင်မြင့်ပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ချလိုက်သည်။
"စုတ်ပြတ်သတ်နေတာပဲ..."
သူမ၏ အကြည့်များသည် ဓားတစ်လက်ကဲ့သို့ အခန်းတစ်ခုလုံးကို ဝေ့ကြည့်သွားပြီး ယောကျာ်းလေးများအပေါ်တွင် အထူးတလည် ရပ်တန့်သွားသည်။
"မနေ့က အစမ်းစာမေးပွဲတုန်းက တော်တော်လေး ကောင်းသေးတယ်... ဒါပေမဲ့ ဒီနေ့တော့... မင်းတို့ထဲက အများကြီး ကျတယ်... ယောကျာ်းလေးတွေ အားလုံး ကျရှုံးတယ်... မင်းတို့ထဲက တစ်ယောက်မှ စုစုပေါင်းအမှတ် ၅၀၀ ကိုတောင် မမီဘူး..."
သူမက အေးစက်စက် ကြေညာလိုက်၏။
"ခဏနေရင် မင်းတို့ရဲ့ အမှတ်စာရင်းတွေကို မင်းတို့ ရဲ့မိဘတွေဆီ တစ်ယောက်ချင်းစီ ငါ ပို့ပေးမယ်..."
ထိုနောက်ဆုံး စကားလုံး အနည်းငယ်သည် သေမင်းခေါင်းလောင်းသံကဲ့သို့ ထွက်ပေါ်လာသည်။
ယောကျာ်းလေးများ၏ မျက်နှာပေါ်ရှိ နောက်ဆုံးသွေးရောင်လေးမှာ ချက်ချင်းပျောက်ကွယ်သွားသည်။
အမှတ်များ ဆိုးရွားနေသည့်အပြင် မိဘများကိုလည်း ဆရာမကိုယ်တိုင် အကြောင်းကြားလိုက်သဖြင့်...
အိမ်ပြန်ရောက်ချိန်၌ သူတို့ကို မည်သည့်အရာများ စောင့်ကြိုနေမည်ကို သူတို့ ဆက်မတွေးရဲတော့ချေ။
မျှော်လင့်ချက်မဲ့မှုသည် အေးစက်သော ဒီရေလှိုင်းတစ်ခုအလား ယောကျာ်းလေးများအားလုံးကို လုံးလုံးလျားလျား နစ်မြုပ်သွားစေသည်။
လူတိုင်းသည် ခဲဆွဲထားသကဲ့သို့ လေးလံနေသော ခြေထောက်များကို ဆွဲငင်ကာ စာသင်ခန်းထဲမှ ထွက်လာကြ၏။ သို့သော် သူတို့၏ရှေ့ရှိ မြင်ကွင်းက သူတို့ကို ဆွံ့အသွားစေပြီး အသက်ရှူမွန်းကြပ်လုမတတ် ဖြစ်သွားစေခဲ့သည်။
မှိန်ပျပျစင်္ကြန်လမ်းတွင် ပုံရိပ်များ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။
သူတို့သည် အနည်းငယ် ဟောင်းနွမ်းနေသော အနက်ရောင် အဝတ်အစားများကို တစ်ပုံစံတည်း ဝတ်ဆင်ထားကြပြီး တောင့်တင်းနေသော အပြုံးတစ်ခုကို သူတို့၏မျက်နှာပေါ်တွင် ပုံသေတပ်ဆင်ထားကြသည်။
ကြက်သီးထစရာ အကောင်းဆုံးမှာ သူတို့၏ မျက်လုံးများပင်။ စင်္ကြန်လမ်းမီးရောင်အောက်တွင် သွေးရောင်လွှမ်းနေသော အလင်းရောင်များ ထွက်ပေါ်နေပြီး အမှောင်ထုထဲမှ ချောင်းကြည့်နေသော နတ်ဆိုးများနှင့် တူညီနေပေ၏။
သူတို့သည် အကြောင်းကြားစာကို ရရှိပြီးနောက် သူတို့၏ ကလေးများကို အိမ်ပြန်ခေါ်ရန် အချိန်မီ ရောက်ရှိလာကြသော "မိဘများ"ပင်။
ထိုအချိန်၌ သူတို့သည် တပြိုင်နက်တည်း သူတို့၏လက်များကို မြှောက်လိုက်ကြပြီး အေးစက်သော စက်ရုပ်ဆန်ဆန် လှုပ်ရှားမှုများဖြင့် သူတို့၏ "ကလေးများ" ထံသို့ ဖြည်းညင်းစွာ လက်ယပ်ခေါ်လိုက်ကြသည်။
အော်ဟစ်သံ မရှိသသည့်အပြင် စကားသံလည်း မရှိချေ။ အလွန်အမင်း တိတ်ဆိတ်မှုထဲတွင် အသံတိတ် ခေါ်ယူခြင်းသာ ဖြစ်ပေ၏။
"အင့်..."
လီတာတုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ စိတ်ခံစားမှု တန်ဖိုးမှာ ၉၉ ရာခိုင်နှုန်းသို့ ချက်ချင်း ရောက်ရှိသွားသည်။
အသက်ရှူကျပ်နေသော ညည်းသံတစ်သံ သူ၏ လည်ချောင်းမှ ထွက်ပေါ်လာပြီး သူသည် စာသင်ခန်းထဲသို့ ပြန်ဝင်လိုစိတ်ဖြင့် မသိစိတ်မှ နောက်သို့ ဆုတ်လိုက်သည်။
"လီတာတုန်း... မင်းရဲ့မိဘတွေ ရောက်နေပြီလေ... ဘာလို့ မသွားသေးတာလဲ..."
တရုတ်စာဆရာမ၏ အသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လီတာတုန်း၏ ခန္ဓာကိုယ်သည် မိဘများထံသို့ အထိန်းအကွပ်မဲ့စွာ ရွေ့လျားသွားလေ၏။ သူသည် ထိတ်လန့်တကြား အော်ဟစ်ကာ ရူးသွပ်စွာ ရုန်းကန်နေသော်လည်း အချည်းနှီးသာဖြစ်သည်။
"ဟင့်အင်း... ကျွန်တော် အိမ်မပြန်ချင်ဘူး... ကယ်ကြပါအုံး..."
သို့သော် အခြားသူများသည် သူ့ကို လုံးဝမကယ်တင်နိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည်လည်း သူတို့ကိုယ်သူတို့ ကယ်တင်ရန် ရုန်းကန်နေကြရသောကြောင့်ပင်။
မိဘများရှေ့ထွက်လာကြပြီး သူတို့၏ "ကလေးများ" ကို ခေါ်ဆောင်သွားကာ တရွတ်တိုက်ဆွဲပြီး အမှောင်ထုထဲသို့ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားကြ၏။
မိန်းကလေးများက ဤမြင်ကွင်းကို ထိတ်လန့်တကြား စောင့်ကြည့်နေကြပြီး သူမတို့၏ နှလုံးခုန်သံများ ရပ်တန့်လုမတတ် ဖြစ်နေသည်။
"မင်းတို့အားလုံး အဆောင်ကို မပြန်ကြသေးဘူးလား..."
ဆရာမ စကားပြောလိုက်သည်နှင့် တပြိုင်နက် မိန်းကလေးများသည် အလွန်အမင်း ထိတ်လန့်သွားကြပြီး အဆောင်သို့ ကပျာကယာ အပြေးပြန်သွားကြကာ တစ်စက္ကန့်မျှပင် မနေရဲကြတော့ချေ။
ယောကျာ်းလေးများ အိမ်သို့ ခေါ်ဆောင်ခံရပြီးနောက် သူတို့၏ စိတ်ခံစားမှု တန်ဖိုးများ စတင်၍မြင့်တက်လာခဲ့သည်။ လီတာတုန်းသည် ပထမဆုံး စိတ်ခံစားမှုတန်ဖိုး တစ်ရာပြည့်သွားသူပင်။ အိမ်သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် သူသည် မိဘနှစ်ပါးစလုံးထံမှ "ပူးပေါင်းနှစ်ယောက်တွဲ" ရိုက်နှက်မှုကို ခံရသည်။ အဆိပ်အတောက်ဖြစ်စေသော ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်များအောက်တွင် သူသည် သူ၏လပတ်စာမေးပွဲ မေးခွန်းလွှာမှ အမှားများကို ပြင်ဆင်ပြီး အခေါက်တစ်ရာ ကူးရေးခဲ့ရသည်။
ဒုတိယတစ်ယောက်မှာ ချန်ထျန် ဖြစ်ပြီး သူ၏ အတွေ့အကြုံမှာလည်း လီတာတုန်းနှင့် များစွာမကွာခြားလှချေ။
တစ်ချိန်တည်းမှာပင် ပြင်ပကမ္ဘာ၌ ချန်လန်သည် ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
"ဟက်... သူတို့ စိုက်ပျိုးခဲ့တဲ့အတိုင်း သူတို့ ပြန်ရိတ်သိမ်းရတာပဲ... ဒါပေမဲ့ ဒါက ကောင်းပါတယ်... ငါ့အတွက် အနုတ်လက္ခဏာစွမ်းအင်တွေ အများကြီး ပေးစွမ်းနိုင်တာပေါ့..."
ချန်လန်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။
ဤလူများသည် အချင်းချင်း တိုက်ခိုက်ခြင်းဖြင့် နယ်မြေကို ရှင်းလင်းရန် ကြိုးစားကြလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။ သူသည် သူတို့ကို ဤအတိုင်း ဆက်လုပ်ခွင့်ပေးမည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေကာမူ ဤသည်မှာ 【အထက်တန်းနောက်ဆုံးနှစ်】 ဖြစ်ပြီး သူတို့သည် စာသင်ခြင်းမှတဆင့်သာ နယ်မြေမှ ထွက်ခွာရပေမည်။
"ချန်လန်... နယ်မြေက မကြာခင် ပြီးတော့မယ်... ဒုတိယနယ်မြေက ဘာဖြစ်မလဲဆိုတာ နင် စဉ်းစားပြီးပြီလား..."
ဆာရာက သိချင်စိတ်ဖြင့် မေးလိုက်သည်။
ချန်လန်က သူ မည်ကဲ့သို့နယ်မြေမျိုး ဖန်တီးမည်ကို ဆုံးဖြတ်ပြီးပြီဟု လွန်ခဲ့သောအကြိမ် ပြောဆိုကတည်းက သူမ အလွန်အမင်း သိချင်နေခဲ့မိခြင်း ဖြစ်ပေ၏။
"သေချာတာပေါ့... အခု ငါ ဖန်တီးနေတယ်... ဒုတိယနယ်မြေကို ပြီးပြည့်စုံအောင် ဖန်တီးပြီးသွားရင် အထက်တန်းနောက်ဆုံးနှစ်နယ်မြေ ပြီးတာနဲ့ ချက်ချင်း အဲ့ဒါကို ပြောင်းသွားအောင် လုပ်လိုက်မယ်..."
"ကောင်းတယ်... နင့်ရဲ့ ဒုတိယနယ်မြေကို ငါ မျှော်လင့်နေမယ်... နင် ဆက်ပြီး SSSအဆင့် နယ်မြေတွေ ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်..."
...
အချိန်စီးဆင်းမှုကို ညှိနှိုင်းထားသောကြောင့် နယ်မြေကမ္ဘာအတွင်းရှိ ရက်များသည် အမြန်ရစ်ထားသော ရုပ်ရှင်တစ်ကားကဲ့သို့ ပို၍ပို၍မြန်ဆန်စွာ ကုန်လွန်သွားသည်။
ဤအရှိန်မြှင့်ထားသော မျှော်လင့်ချက်မဲ့မှုအတွင်း အနုတ်လက္ခဏာစွမ်းအင်များသည် ရူးသွပ်စွာ စုဆောင်းမိလာပြီး နောက်ဆုံးတွင် အမှတ်ကိုးသောင်းကို ကျော်လွန်သွားခဲ့လေ၏။
အတန်းထဲရှိ လူ ၄၇ ယောက်တွင် ၄၀ သည် စိတ်ပိုင်းဆိုင်ရာ လုံးလုံးလျားလျား ပြိုလဲသွားကြပြီး ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားကြသည်။
အထူးသဖြင့် ယောကျာ်းလေးများပင်။ ကျိုးထျန်ချန်နှင့် ဟန်ထျန်ယွီကဲ့သို့သော အမှတ်ကောင်းသဖြင့် အိမ်တွင် ခဏတာ အနားရနိုင်သည့် ထိပ်တန်းကျောင်းသား အနည်းငယ်မှလွဲ၍ တခြားသူများအားလုံးသည် အဆုံးမရှိသော မျှော်လင့်ချက်မဲ့မှုထဲသို့ ကျဆင်းသွားခဲ့သည်မှာ ကြာမြင့်နေလပြီ။
အမှတ်စာရင်းများပေါ်ရှိ ကိန်းဂဏန်းများသည် ညတိုင်း အိမ်ပြန်ရောက်ပြီးနောက် သူတို့၏ သေဒဏ်ပေးစာများ ဖြစ်လာခဲ့သည်။
သူတို့ကို စောင့်ကြိုနေသည်မှာ လူသားများ၏ ခံနိုင်ရည်ထက် များစွာကျော်လွန်သော "မိဘများ" ၏ အဆုံးမရှိသည့် ရိုက်နှက်မှုများနှင့် "စည်းကမ်းကြပ်မတ်သော သင်ကြားမှု" ပင်။
သူတို့၏မျှော်လင့်ချက်များ ရိုက်ချိုးခံရပြီး စိတ်ဝိညာဉ်များ ဟာလာဟင်းလင်း ဖြစ်သွားသည်။ ထို့ပြင် သူတို့၏ခန္ဓာကိုယ်များလည်း အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည်။ သူတို့၏ ပြိုလဲမှု အမြန်နှုန်းမှာ စိတ်ကူးယဉ်တွေးတောသည်ထက် ပို၍မြန်ဆန်နေပေ၏။
တခြားသူများ မသိလိုက်ဘဲ သူတို့သည် အိမ်တွင် အကြိမ်များစွာ ရူးသွပ်သွားခဲ့ကြသော်လည်း ပေါက်ကွဲပြီးနောက်တွင်မူ သူတို့၏ စာမေးပွဲမေးခွန်းလွှာများကို တိတ်တဆိတ် ဆက်လက်လုပ်ဆောင်နေကြဆဲပင်။
ယနေ့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ၅ ရက်သာ ကျန်ရှိတော့သည်။
စာသင်ခန်းထဲတွင် လူတိုင်းသည် ပရိုဂရမ်ဆွဲထားသော စက်ရုပ်များကဲ့သို့ ဖြစ်နေကြပြီး ခံစားချက်မဲ့နေသော မျက်လုံးများ ထုံထိုင်းသော အမူအရာများဖြင့် ဖတ်စာအုပ်များကို အသံနေအသံထားကင်းမဲ့စွာ တစ်သံတည်း ဖတ်နေကြ၏။
သူတို့၏အသံများမှာ ကျယ်လောင်သော်လည်း သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေပြီး မည်သည့် လူသားဆန်သော ခံစားချက်မျှ မပါဝင်ချေ။
ထိုအချိန်၌ တရုတ်စာဆရာမသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် စာသင်ခန်းထဲသို့ ဝင်ရောက်လာပြီး သူမ၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ရှိနေသည်။
"ဒီနေ့ အားလုံးအတွက် သတင်းကောင်းလေးတစ်ခု ရှိတယ်..."
စာဖတ်သံများ ရုတ်တရက် ရပ်တန့်သွားလေ၏။
ကစားသမားအားလုံး တပြိုင်နက်တည်း တောင့်တင်းစွာ မော့ကြည့်လာကြပြီး သူမကို ငေးငိုင်စွာ စိုက်ကြည့်နေကြသည်။
သူတို့သည် ဤသတင်းကောင်းကို စိတ်မဝင်စားကြချေ။ ထိုသို့မဟုတ်ပါက ပို၍မှန်အောင် ပြောရလျှင် သတင်းကောင်းဆိုသောအရာကို ဂရုစိုက်ရန် သူတို့တွင် စိတ်အခြေအနေ လုံးဝမရှိတော့ချေ။
"ပြီးခဲ့တဲ့ ငါးလအတွင်း ပညာရေးဖိအားတွေက အရမ်းကြီးမားခဲ့တဲ့အတွက် ကျောင်းက မင်းတို့ကို နောက်ငါးရက်အတွက် အားလပ်ရက် ပေးဖို့ ဆုံးဖြတ်လိုက်တယ်... စာမေးပွဲမေးခွန်းလွှာတွေ လေ့ကျင့်ခန်းစာအုပ်တွေ အတန်းတွေ ဘာမှမရှိတော့ဘူး... မင်းတို့ အိပ်ချင်ရင် အိပ်လို့ရတယ်... လုပ်ချင်တာ အကုန်လုပ်လို့ရတယ်... ပြီးတော့ စိတ်ကြိုက်အနားယူလို့ရပြီ..."
ဆရာမက တဆက်တည်း ပြောဆိုလိုက်ပြီး လူတိုင်း၏ တုံ့ပြန်မှုကို မျှော်လင့်တကြီး စောင့်ကြည့်နေသည်။
သေလုမတတ် တိတ်ဆိတ်ခြင်း...
စာသင်ခန်းသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားလေ၏။
လူတိုင်း၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာသောအရာမှာ ပျော်ရွှင်မှု သို့မဟုတ် စိတ်လှုပ်ရှားမှု မဟုတ်ဘဲ နက်ရှိုင်းသော စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများ သူတို့၏ မျက်လုံးများတွင် ပြည့်နှက်လာခြင်းပင်။
အကြောင်းအရင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် နောက်ငါးရက်နေလျှင် ရောက်လာတော့မည် ဖြစ်သောကြောင့်ပင်။
Book 4 end.