← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အခန်း (၄၃) မနက်ပိုင်း တရုတ်စာ... နေ့လယ်ပိုင်း သင်္ချာ

စာသင်ခန်းသည် အလွန်အမင်း တိတ်ဆိတ်နေပေ၏။

ကစားသမားများသည် မျှော်လင့်ချက်မဲ့နေသော မျက်လုံးများဖြင့် ကျောက်သင်ပုန်းပေါ်ရှိ စာသားများကို စိုက်ကြည့်နေကြပြီး မျှော်လင့်ချက်မဲ့မှုများက ဒီရေလှိုင်းတစ်ခုကဲ့သို့ ဝင်ရောက်လာသည်။

လူတချို့၏ ခန္ဓာကိုယ်များသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြပြီး တချို့မှာမူ သူတို့၏ ခေါင်းများကို ကိုင်ကာ ဆံပင်များကို ဆောင့်ဆွဲနေကြပြီး နာကျင်မှုကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားနေကြသည်။

ကျိုးထျန်ချန်နှင့်ဟန်ထျန်ယွီတို့ကဲ့သို့ ထိပ်တန်းကျောင်းသားများပင် တည်ငြိမ်မနေနိုင်ကြတော့ချေ။ သူတို့၏ နှုတ်ခမ်းများ တုန်ယင်နေပြီး သူတို့၏လက်ထဲရှိ ဖောင်တိန်များသည်လည်း အဆက်မပြတ် တုန်ခါနေသည်။

ရောက်လာပြီ....တကယ်ကြီး ရောက်လာပြီ....

ငါးလတိုင်တိုင် သူတို့ ခါးသီးစွာ စောင့်စားခဲ့ရသော တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် မနက်ဖြန် ရောက်လာတော့ပေမည်။

သူတို့ တကယ်ပဲ ထိပ်ဆုံးငါးယောက်စာရင်း ဝင်နိုင်ပါ့မလား....

"မနက်ဖြန်က... တက္ကသိုလ်ဝင်တန်းစာမေးပွဲပဲ..."

ကစားသမားတစ်ဦးက ငေးငိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။ သူ၏ဖောင်တိန်သည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသော်လည်း သူ သတိပင် မထားမိချေ။

ဤငါးရက်အတွင်း သူတို့သည် ကိုယ့်ကိုယ်ကိုယ် ထုံကျင်သွားစေရန် ရူးသွပ်သော 'အလွန်အကျွံ ယှဉ်ပြိုင်မှု' နှင့် ပြိုင်ဆိုင်မှုတို့ကို အသုံးပြုခဲ့ကြပြီး စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို အသုံးပြုရန် ကြိုးစားခဲ့သည်။

သူတို့သည် တောင်ကြီးတစ်တောင်ကဲ့သို့ များပြားသော စာမေးပွဲမေးခွန်းလွှာများကို ပြီးစီးခဲ့ကြပြီး ဖတ်စာအုပ်များကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အလွတ်ကျက်မှတ်ခဲ့ကြသည်။ ဤသို့လုပ်ခြင်းဖြင့် အသက်ကယ် ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်နိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်ခဲ့ကြခြင်း ဖြစ်ပေ၏။

သို့သော် ဤအချိန်အခိုက်အတန့်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ နောက်ဆုံးရက်စွဲကို ရှင်းလင်းစွာ မြင်လိုက်ရချိန်၌ သူတို့ ဖိနှိပ်ထားသမျှ မျှော်လင့်ချက်မဲ့မှုနှင့် ကြောက်ရွံ့မှုများအားလုံး ရေကာတာကျိုးပေါက်သကဲ့သို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

ဤသည်မှာ ရှေ့တွင် ခေါင်းဖြတ်စက်တစ်ခုက သူတို့ကို စောင့်ကြိုနေသကဲ့သို့ ဖြစ်ပြီး မနက်ဖြန်သည် သေဒဏ်ပေးမည့်ရက် ဖြစ်နေသည့်အလားပင်။

"ဒီနောက်ဆုံးနေ့မှာ ဆက်ပြီး အနားယူကြပါ... မင်းတို့အားလုံး အမှတ်ကောင်းကောင်းရဖို့ ဆရာမ မျှော်လင့်ပါတယ်... မနက်ဖြန် မနက် ၇ နာရီမှာ စာသင်ခန်းထဲ စုကြ... စာမေးပွဲက ၇နာရီခွဲမှာ စမယ်... ဖောင်တိန်တွေနဲ့ တွက်စရာ စာရွက်ကြမ်းတွေ ပြင်ဆင်လာဖို့ မမေ့နဲ့... တက္ကသိုလ်ဝင်တန်းစာမေးပွဲက သုံးရက်ကြာမယ်... ဒါတွေက အဲ့ဒီသုံးရက်အတွက် ဘာသာရပ်တွေ အားလုံးပဲ..."

【ပထမနေ့... မနက်ပိုင်း တရုတ်စာ】

【ပထမနေ့...နေ့လယ်ပိုင်း သင်္ချာ】

【ဒုတိယနေ့..မနက်ပိုင်း အင်္ဂလိပ်စာ】

【ဒုတိယနေ့...နေ့လယ်ပိုင်း ဇီဝဗေဒ】

【တတိယနေ့...မနက်ပိုင်း ရူပဗေဒ】

【တတိယနေ့... နေ့လယ်ပိုင်း ဓာတုဗေဒ】

ကျောက်သင်ပုန်းပေါ်တွင် စာမေးပွဲဘာသာရပ်များကို ရေးပြီးနောက် ဆရာမသည် ထွက်ခွာသွားလေ၏။

စာသင်ခန်းသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေဆဲပင်။ တိတ်ဆိတ်မှု တခဏအကြာတွင် လူတိုင်းသည် သူတို့၏ တရုတ်စာ ဖတ်စာအုပ်များကို ထုတ်ကာ အသေအလဲ စတင်၍ ဖတ်ကြတော့သည်။ သူတို့သည် မပြီးသေးသော စာမေးပွဲမေးခွန်းလွှာများကို ရူးသွပ်စွာ ရေးသားနေကြပြီး မနက်ဖြန် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရင်ဆိုင်နိုင်ရန်အတွက် ဤအသိပညာများကို မှတ်မိစေရန် သူတို့၏ ဦးနှောက်များကို အတင်းအကြပ် တွန်းအားပေးနေကြ၏။

...

ညအချိန်၌...

အဆောင်တွင်...

မီးများ လင်းထိန်နေပြီး တစ်ယောက်မျှ အိပ်မနေကြချေ။

လူတိုင်းသည် တရုတ်စာ ဖတ်စာအုပ်ကို ကိုင်ကာ ဖတ်နေကြသည် သို့မဟုတ် ရှေးဟောင်းကဗျာများကို သူတို့၏မှတ်ဉာဏ်မှ ပြန်လည်ရေးသားနေကြသည် သို့မဟုတ် စံပြစာစီစာကုံးများကို ထပ်ခါတလဲလဲ ပြန်လည်လေ့လာနေကြ၏။

ပတ်ဝန်းကျင်သည် စိတ်ရောဂါသည်များ စုဝေးနေသကဲ့သို့ ရူးသွပ်လုနီးပါး ရွတ်ဆိုသံများဖြင့် ပြည့်နှက်နေပြီး အသံများမှာ အတက်အကျ ဖြစ်နေသည်။

"ရွှင်ယန်မြစ်ခေါင်းရင်းမှာ ညဘက်ဧည့်သည်ကို ပို့ဆောင်တယ်... ဆောင်းဦးရာသီမှာ မေပယ်ရွက်တွေနဲ့ ကျူပင်တွေက တရှဲရှဲ မြည်နေတယ်..."

"ဒါကြောင့် ခြေလှမ်းသေးသေးလေးတွေ မစုဆောင်းဘဲနဲ့ မိုင်တစ်ထောင် ခရီးကို မရောက်နိုင်ဘူး... မြစ်ချောင်းလေးတွေ မစုဆောင်းဘဲနဲ့ မြစ်တွေ သမုဒ္ဒရာတွေ ဖြစ်မလာနိုင်ဘူး..."

"မျှော်လင့်ချက်ဆိုတာ ရှိတယ်လို့လည်း ပြောလို့မရသလို မရှိဘူးလို့လည်း ပြောလို့မရဘူး... အဲ့ဒါက မြေကြီးပေါ်က လမ်းတွေလိုပဲ... တကယ်တော့ မြေကြီးပေါ်မှာ အစကတည်းက လမ်းဆိုတာ မရှိဘူး... ဒါပေမဲ့ လူတွေ အများကြီး လျှောက်တဲ့အခါ လမ်းဖြစ်လာတာပဲ..."

သူတို့၏အသံများ အက်ကွဲနေသော်လည်း သူတို့၏ မျက်လုံးများ ထူးထူးခြားခြား တောက်ပနေကြသည်။ ဤသည်မှာ သေခါနီးလူတစ်ယောက်၏ နောက်ဆုံး စိတ်ကြည်လင်လာမှုကဲ့သို့ စိတ်လှုပ်ရှားမှုမျိုးပင်။

နောက်ဆုံးမိနစ်တွင် အတင်းအကျပ် စာကျက်ခြင်းက အကျိုးသက်ရောက်မှု အကန့်အသတ်ရှိကြောင်း သူတို့အားလုံး သိထားကြသော်လည်း ဤသည်မှာ သူတို့ လုပ်နိုင်သည့် တစ်ခုတည်းသောအရာပင်။

ရွတ်ဆိုခြင်းကို ရပ်တန့်လိုက်ခြင်းသည် ထိုအဆုံးမရှိသော ကြောက်ရွံ့မှုကို ရင်ဆိုင်ရခြင်းဟု ဆိုလိုသည်။ သူတို့ မရပ်တန့်ရဲကြချေ။ သူတို့ အနည်းငယ်ပို၍မှတ်မိခြင်းက မျှော်လင့်ချက်အနည်းငယ် ပိုများလာခြင်းဟု ဆိုလိုပေ၏။

...

နောက်တစ်နေ့၌...

မနက် ခုနစ်နာရီတွင်...

ကစားသမားများသည် လမ်းလျှောက်နေသော အလောင်းကောင်များကဲ့သို့ စာသင်ခန်းထဲသို့ ဝင်ရောက်လာကြပြီး သူတို့၏နေရာများတွင် အမူအကင်းမဲ့စွာ ထိုင်နေကြသည်။

နေရောင်ခြည်သည် ပြတင်းပေါက်များမှတဆင့် ဝင်ရောက်လာသော်လည်း မည်သည့် နွေးထွေးမှုကိုမျှ ယူဆောင်လာခြင်း မရှိချေ။ ထို့အစား ထိုအရာသည် ဖြူရော်ပြီး ကြောက်ရွံ့နေသော မျက်နှာတိုင်းကို အလွန်ပြတ်သားစွာ လင်းထိန်စေခဲ့သည်။

လူတိုင်းသည် အလွန်အမင်း ညှိုးနွမ်းနေပုံရပြီး မျက်လုံးအောက်တွင် အမည်းရောင်ကွင်းကြီးများ ရှိနေကာ သူတို့၏စိတ်ဓာတ်များမှာ သေခါနီး လူတစ်ယောက်နှင့် လုံးလုံးလျားလျား ခြားနားခြင်း မရှိချေ။

တစ်ညလုံး အချိန်ယူ၍ စားပွဲများကို တိကျသော အကွာအဝေးများဖြင့် စီစဉ်ထားခဲ့လေ၏။ စာသင်ခန်းသည် ပို၍ကြီးမားသွားပုံရပြီး စားပွဲတစ်ခုနှင့်တစ်ခုကြား အကွာအဝေးမှာ သိသိသာသာ ကျယ်ဝန်းသွားသည်။ နံဘေးစားပွဲမှ အဖြေကို ကြည့်ရန် ကြိုးစားခြင်းမှာ ကောင်းကင်ပေါ် တက်ရသကဲ့သို့ ခက်ခဲသွားလေပြီ။

စားပွဲများပေါ်တွင် တွက်စရာ စာရွက်ကြမ်း အလွတ်တစ်ရွက်နှင့် တစ်ပုံစံတည်းဖြစ်သော အမည်းရောင် မင်ဖောင်တိန်တစ်ချောင်းသာ ရှိတော့သည်။ ယခင်က အထပ်လိုက် ပုံနေသော စာအုပ်များ ပျောက်ကွယ်သွားပြီး အံ့ဆွဲများထဲရှိ စာမေးပွဲမေးခွန်းလွှာများ အားလုံးလည်း ပျောက်ကွယ်သွားလေ၏။ အရာအားလုံးသည် သူတို့ ပထမဆုံး ရောက်ရှိလာချိန်ကအတိုင်း ပြန်လည်ရောက်ရှိသွားသည့်အလားပင်။

လီပင်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အတန်းဖော်တိုင်းသည် သေဆုံးပြီးသော လူများကဲ့သို့ ထိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။ အကယ်၍ လူတိုင်း၏ အမောတကော အသက်ရှူသံများကိုသာ မကြားရပါက သူတို့အားလုံး သေဆုံးနေကြပြီဟု သူမ ထင်မှတ်မိပေမည်။

သူမက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ စာသင်ခန်း၏ ထောင့်တိုင်းတွင် ကင်မရာများ ထပ်တိုးထားကြောင်း တွေ့ရှိလိုက်ရသည်။

"စာသင်ခန်းထဲမှာ ကင်မရာတွေ အများကြီး ပိုများလာတယ်... အနည်းဆုံး ဆယ်လုံးလောက် ရှိမယ်..."

လီပင်း၏ စကားကို ကြားသောအခါ လူတိုင်း မော့ကြည့်လိုက်ကြ၏။ အမှန်တကယ်ကိုပင် ကင်မရာများ ပိုများလာပြီး အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ သူတို့ ခိုးချရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်တော့ချေ။

ဤသည်က သူတို့၏ နှလုံးသားများကို လေးလံသွားစေခဲ့သည်။ အကယ်၍ သူတို့ ခိုးချ၍မရပါက သူတို့ကိုယ်သူတို့သာ အားကိုးရပေမည်။ သူတို့ တကယ်ပင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်နိုင်မည်လော။

ကျိုးထျန်ချန်တို့လူစုကဲ့သို့ ထိပ်တန်းကျောင်းသားများပင် ယုံကြည်မှု သိပ်မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ငါးလအတွင်း သူတို့ အများဆုံး ကြားခဲ့ရသောအရာမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် မည်မျှထိ ခက်ခဲကြောင်း ဖြစ်နေသောကြောင့်ပင်။

တဖြည်းဖြည်းနှင့် ထိုစကားများသည် သူတို့၏ အိပ်မက်ဆိုး ဖြစ်လာခဲ့ပေ၏။ စာမေးပွဲ မစတင်မီကတည်းက သူတို့၏ခန္ဓာကိုယ်များ တုန်ယင်နေကြလေပြီ။

မည်သို့ပင်ဖြစ်စေကာမူ ဤသည်မှာ သူတို့၏ အနာဂတ်ကို ဆိုလိုခြင်းပင်။ အကယ်၍ သူတို့ ကောင်းစွာ မဖြေဆိုနိုင်ပါက သူတို့သည် ဤနေရာတွင် နောက်တစ်ခေါက် ထပ်နေရပေမည်။

အချိန်များသည် အလွန်အမင်း ညှဉ်းပန်းနှိပ်စက်မှုများကြားမှ နှေးကွေးစွာ ရွေ့လျားသွားသည်။

ကစားသမားတစ်ယောက်ချင်းစီသည် သူတို့၏ နေရာများတွင် သံမှိုရိုက်ခံထားရသကဲ့သို့ နံရံပေါ်ရှိ နာရီကိုသာ စိုက်ကြည့်နေကြပြီး အနီရောင် စက္ကန့်တံလေး ရွေ့လျားသွားသည်ကို ကြည့်နေကြသည်။ စက္ကန့်တံ ရွေ့သွားသည့် တစ်ချက်ချင်းစီသည် သူတို့၏ နှလုံးသားများကို နင်းချနေသကဲ့သို့ ခံစားရသည်။

မိနစ်တံသည် နောက်ဆုံးတွင် ၇နာရီခွဲသို့ တုန်ယင်စွာ ရောက်ရှိသွားချိန်၌....

"ဒေါက်... ဒေါက်... ဒေါက်..."

ရင်းနှီးကျွမ်းဝင်နေသော ဒေါက်မြင့်ဖိနပ်သံသည် စင်္ကြန်လမ်းမှ ရှင်းလင်းစွာ ထွက်ပေါ်လာပြီး အဝေးမှ တဖြည်းဖြည်း နီးကပ်လာလေ၏။

အချိန်ကျပြီ။

လူတိုင်း၏ ခန္ဓာကိုယ်များ ချက်ချင်းတောင့်တင်းသွားပြီး သူတို့၏ နှလုံးသားများမှာ လည်ချောင်းဝအထိ ခုန်ထွက်လာလုမတတ် ဖြစ်သွားသည်။

သူတို့၏ အကြည့်များသည် စာသင်ခန်းတံခါးဆီသို့ တပြိုင်နက်တည်း ရောက်ရှိသွားပြီး တောင်းပန်ခြင်းနှင့် နီးစပ်သော ကြောက်ရွံ့မှုမျိုး ပါဝင်နေသည်။

ဤတစ်ကြိမ် မေးခွန်းများ သိပ်မခက်ပါစေနှင့်ဟု သူတို့ ဆုတောင်းနေကြ၏။

တရုတ်စာဆရာမ၏ ပုံရိပ်သည် တံခါးဝတွင် ထွက်ပေါ်လာပြီး ထိုကျောချမ်းဖွယ်ကောင်းသော အပြုံးသည် သူမ၏ မျက်နှာပေါ်တွင် ရှိနေဆဲပင်။ ထို့ပြင် သူမ၏ လက်ထဲတွင် နှင်းကဲ့သို့ ဖြူဖွေးသော စာမေးပွဲမေးခွန်းလွှာ အထပ်လိုက်ကို ကိုင်ဆောင်ထားသည်။

စာမေးပွဲမေးခွန်းလွှာများကို မြင်လိုက်ရသည်နှင့် တပြိုင်နက် စာသင်ခန်းအတွင်း အသက်ရှူမှားသွားသံများ တပြိုင်နက်တည်း ထွက်ပေါ်လာလေ၏။

တစ်စုံတစ်ဦးသည် တံတွေးများကို မသိစိတ်မှ မျိုချလိုက်မိသည်၊။ တစ်စုံတစ်ဦးသည် အလွန်အမင်း ထိတ်လန့်မှုကြောင့် အသက်ရှူရန်ပင် မေ့သွားပြီး သူ၏ရင်ဘတ် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ခေါင်းမူးဝေလာချိန်မှသာ သူသည် ပါးစပ်ကို ရုတ်တရက် ဖွင့်လိုက်ပြီး ကုန်းပေါ်သို့ ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ အမောတကော အသက်ရှူလိုက်သည်။ ထိုအသံသည် တိတ်ဆိတ်မှုထဲတွင် ထူးထူးခြားခြား ရှင်းလင်းပြီး သနားစဖွယ် ကောင်းနေပေ၏။

တရုတ်စာဆရာမသည် စင်မြင့်ပေါ်သို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် တက်လာပြီး စာမေးပွဲမေးခွန်းလွှာများကို ညင်သာစွာ ချလိုက်သည်။ သူမ၏ အကြည့်များသည် သူမ၏ လက်ရာကို အားရကျေနပ်စွာ ကြည့်ရှုနေသကဲ့သို့ အောက်ဘက်ရှိ မျှော်လင့်ချက်မဲ့နေသော မျက်နှာတိုင်းကို ဝေ့ကြည့်သွားသည်။

"ကျောင်းသားတို့..."

သူမ၏အသံမှာ ယခင်ကဲ့သို့ နူးညံ့နေသော်လည်း လူတိုင်းအတွက်မူ အလွန်အမင်း အေးစက်နေသကဲ့သို့ ခံစားရပေ၏။

"တက္ကသိုလ်ဝင်တန်းစာမေးပွဲ... ပထမဆုံး ဘာသာရပ်... တရုတ်စာ... စာမေးပွဲအချိန်က မိနစ်တစ်ရာ့ငါးဆယ်..."

"အခု... စာမေးပွဲမေးခွန်းလွှာတွေကို ဝေမယ်..."

သူမသည် လူတိုင်း၏ ကံကြမ္မာနှင့် သက်ဆိုင်နေသော မေးခွန်းလွှာ အထပ်လိုက်ကို ကောက်ယူလိုက်ပြီး အစုငါးစု ခွဲကာ တန်းစီနေသော ပထမဆုံးလူများ၏ စားပွဲများပေါ်တွင် တင်လိုက်သည်။

"အနောက်ကို လက်ဆင့်ကမ်းလိုက်..."

ပထမဆုံးလူသည် စားပွဲပေါ်ရှိ မေးခွန်းလွှာများကို ကြည့်လိုက်ပြီး တုန်ယင်နေသော လက်များဖြင့် ကောက်ယူကာ သူ့အတွက် တစ်ရွက်ချန်ထားပြီး ကျန်အရာများကို အနောက်သို့ လက်ဆင့်ကမ်းလိုက်၏။

ဤသည်မှာ တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းပြီး လူတိုင်း မေးခွန်းလွှာတစ်စောင်စီ ရရှိသွားသည့် အချိန်အထိပင်။

စာမေးပွဲမေးခွန်းလွှာသည် အလွန်ရှည်လျားပြီး ခြောက်မျက်နှာရှိကာ စာမျက်နှာတိုင်းတွင် နတ်ဘုရားစာအုပ်တစ်အုပ်ကဲ့သို့ အမျိုးမျိုးသော မေးခွန်းများဖြင့် ပြည့်နှက်နေသည်။

"စဖြေတော့... ခိုးချတာ မလုပ်ရဘူး... ဟိုကြည့်ဒီကြည့် မလုပ်ရဘူး... မဟုတ်ရင် သုညအဖြစ် သတ်မှတ်မယ်..."

သူမ စကားပြောပြီးသည်နှင့် တပြိုင်နက် လူတိုင်းသည် မေးခွန်းလွှာများကို ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားပြီး လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

ပထမဆုံး မေးခွန်းကပင် သူတို့ကို ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။

'မေးခွန်း ၁...စာဖတ်ခြင်းနှင့် နားလည်သဘောပေါက်ခြင်း

အောက်ပါစာသားကို ဖတ်ပြီး မေးခွန်း ၁ မှ ၅ အထိ ဖြေဆိုပါ။'

ဤသည်မှာ စာလုံးရေ ရှစ်ရာကျော်ရှိသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပြီး သူတို့သည် ထိုစာအားလုံးဖတ်ပြီးမှ မေးခွန်းငါးခုကို ဖြေဆိုရပေမည်။

ပထမဆုံး မေးခွန်းမှာ ကွက်လပ်ဖြည့်ဖြစ်ပြီး ကွက်လပ်တွင် အဖြေမှန်ကို ဖြည့်စွက်ရပေမည်။

လူတိုင်း တစ်ချက်သာ ကြည့်လိုက်ရသေးသော်လည်း သူတို့၏ ဦးရေပြားများ ထုံကျဉ်သွားလေ၏။

အဘယ်ကြောင့်ဆိုသော် သူတို့၏ မှတ်ဉာဏ်များ ကမောက်ကမ ဖြစ်နေပြီဖြစ်ရာ ပထမဆုံး မေးခွန်းက မည်သည့်အကြောင်းဖြစ်သည်ကို သူတို့ လုံးလုံးလျားလျား မသိသောကြောင့်ပင်။

သို့သော် သူတို့အားလုံး ဆိုရိုးစကားတစ်ခုကိုမူ သိထားကြသည်။ ဤသည်မှာ 'မသိရင် ကျော်ထားပြီး နောက်မေးခွန်းကို ကြည့်ရန်'ပင်။

သို့သော် နောက်မေးခွန်းကို ကြည့်လိုက်ချိန်၌ သူတို့ ပို၍ပင် မျှော်လင့်ချက်မဲ့သွားသည်။ အဘယ်ကြောင့်ဆိုသော် ဒုတိယမေးခွန်းကိုလည်း သူတို့ မသိသောကြောင့်ပင်။

ဤမေးခွန်းများသည် ယခင် စာမေးပွဲမေးခွန်းလွှာများတွင် မပါဖူးခဲ့သလောက်နီးပါးပင်။ သူတို့ စာမေးပွဲမေးခွန်းလွှာများစွာကို ကူးရေးခဲ့ကြသော်လည်း ဤမေးခွန်းမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

ဤသည်မှာ ပိုမိုခက်ခဲပြီး လုံးဝအသစ်ဖြစ်နေသော စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေကာ အကယ်၍ သူတို့ အမှားတစ်ခုခု လုပ်မိပါက လွတ်မြောက်နိုင်မည်မဟုတ်သော ငရဲထဲသို့ ခြေချမိပေမည်။

All Chapters