← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း (၄၅) သင်္ချာက တကယ်ပဲ အဲ့ဒီလောက်တောင် ခက်လို့လား

တရုတ်စာမေးပွဲ ပြီးဆုံးသွားချိန်၌ စားပွဲအံ့ဆွဲများထဲ၌ စာအုပ်များနှင့် မေးခွန်းလွှာများ ပြန်လည်ရောက်ရှိလာသည်။

အားလပ်ချိန်ရရှိသော နာရီအနည်းငယ် အချိန်ကို အခွင့်ကောင်းယူ၍ လူတိုင်းသည် သင်္ချာမေးခွန်းလွှာများကို လုပ်ခြင်း သင်္ချာ ဖတ်စာအုပ်များကို ဖတ်ခြင်းတို့ဖြင့် အတင်းအကျပ် စာလုပ်နေကြ၏။

ပုံမှန်အားဖြင့် ကြာရှည်သည်ဟု ထင်ရသော အချိန်သည် ယခုအချိန်၌ အလွန်လျှင်မြန်စွာ ကုန်လွန်သွားသည်။

သူတို့ သတိမထားမိမီမှာပင် သူတို့၏လက်ထဲရှိ မေးခွန်းလွှာများနှင့် စာအုပ်များအားလုံး ပျောက်ကွယ်သွားသည်။

ရုတ်ချည်းဆိုသလိုပင် မြေထဲပင်လယ်ပုံစံ ပြောင်နေသောခေါင်းနှင့် သင်္ချာဆရာ ဝင်ရောက်လာပေ၏။

ဤသည်ကို မြင်သောအခါ လူတိုင်း၏စိတ်နှလုံးသားများ လေးလံသွားသည်။

သင်္ချာစာမေးပွဲ စတင်လေပြီ။

"မင်းတို့အားလုံးက လုပ်ငန်းစဉ်တွေကို သိပြီးသားမို့လို့ ဆရာ အများကြီး မပြောတော့ဘူး... အချိန်ကျတာနဲ့ မေးခွန်းလွှာတွေကို ဝေမယ်..."

သင်္ချာဆရာက နာရီကို လှည့်ကြည့်လိုက်သည်။ အချိန်မှာ ၁နာရီ၅၉မိနစ်ဖြစ်ပြီး ၂နာရီတိတိတွင် တရားဝင် စတင်ပေမည်။

နာရီလက်တံ ၂နာရီသို့ ရောက်ရှိသွားချိန်၌ သင်္ချာဆရာသည် တရုတ်စာဆရာမကဲ့သို့ပင် မေးခွန်းလွှာများကို ငါးစုခွဲလိုက်ပြီး ပထမဆုံး ကျောင်းသား ငါးယောက်ကို ပေးလိုက်ရာ လူတိုင်း မေးခွန်းလွှာ ရရှိသည်အထိ အနောက်သို့ လက်ဆင့်ကမ်းသွားကြသည်။

လူတိုင်း မေးခွန်းလွှာကို ရရှိပြီးနောက် ပထမဆုံး လုပ်သောအရာမှာ မေးခွန်းများကို ကြည့်ခြင်းပင်။ သူတို့ မြင်လိုက်ရသည်နှင့် တပြိုင်နက် သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများ ချက်ချင်းပြိုကွဲသွားတော့သည်။

သူတို့သည် မေးခွန်းလွှာများကို မျှော်လင့်ချက်မဲ့သော မျက်လုံးများဖြင့် တစ်ယောက်ပြီးတစ်ယောက် ကြည့်နေကြပြီး သူတို့၏ခန္ဓာကိုယ်များ အထိန်းအကွပ်မဲ့စွာ တုန်ယင်နေကြ၏။

သူတို့၏ မျက်စိရှေ့တွင် မြင်တွေ့ရသည်မှာ ရွေးချယ်စရာ မေးခွန်းများပင်။

ဂဏန်းများနှင့် သင်္ကေတများကို ကြည့်ရင်း သူတို့ ခေါင်းမူးဝေခြင်းကိုသာ ခံစားလိုက်ရသည်။

သူတို့ စာကျက်ခဲ့ကြပြီး ဤဂဏန်း သင်္ကေတများက မည်သည့်အရာအား ကိုယ်စားပြုသည်ကို နားလည်ခဲ့ကြသော်လည်း ယခု ကြည့်လိုက်ချိန်၌ သူတို့၏ ဦးနှောက်များသည် ကမောက်ကမ ဖြစ်နေဆဲပင်။

အထူးသဖြင့် အမှတ်နည်းသူများအတွက်မူ ဤသင်္ကေတများကို ကြည့်နေစဉ် ထိုအမှတ်အသားများသည် စာရွက်ပေါ်မှ ဖြည်းညင်းစွာ ပျံတက်လာပြီး သူတို့၏ရှေ့တွင် ပျံသန်းနေသော ငှက်များကဲ့သို့ ဝဲပျံနေသည်ဟု ထင်ရသည်။

"ဆုံမှတ်... တူတာတွေကို ရှာ... တူတာတွေကို..." ကစားသမားတစ်ဦးသည် တီးတိုးရေရွတ်နေပြီး သူ၏ လက်ချောင်းများ တုန်ယင်နေကာ အကြမ်းစာရွက်ပေါ်တွင် ရေးခြစ်နေသော်လည်း အဓိပ္ပာယ်မရှိသော ဂဏန်းများနှင့် မျဉ်းကြောင်းများ အပုံလိုက်ကိုသာ ရေးသားနေလေ၏။

ကျိုးထျန်ချန်သည်လည်း ခေါင်းမူးဝေခြင်းလှိုင်းလုံးတစ်ခုကို ခံစားလိုက်ရသော်လည်း သူသည် ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် တည်ငြိမ်အောင် လုပ်ပြီးပုဒ်စာဖြေရှင်းသည့် လုပ်ငန်းစဉ်ကို သူ၏ စိတ်ထဲတွင် တိတ်တဆိတ် ရွတ်ဆိုနေခဲ့သည်။

ထိပ်တန်းကျောင်းသားများအတွက်ပင် တည်ငြိမ်မှု၊ ရှင်းလင်းသော ယုတ္တိဗေဒနှင့် တိကျသော တွက်ချက်မှုများ လိုအပ်သည့် သင်္ချာကဲ့သို့ ဘာသာရပ်တစ်ခုကို ရင်ဆိုင်ရချိန်၌ ဤမျှပြင်းထန်သော ဖိအားအောက်တွင် သူတို့သည် အကူအညီမဲ့သကဲ့သို့ ခံစားရပေလိမ့်မည်။

သူတို့ တွက်ချက်လိုက်သော အဆင့်တိုင်းသည် တိကျရပေမည်။ အဆင့်တစ်ဆင့် မှားယွင်းသွားပါက အရာအားလုံး ဆုံးရှုံးသွားပေမည်။ ဤဖိအားကို ထမ်းပိုးထားရခြင်းက သူတို့ကို တည်ငြိမ်စွာ တွေးတောရန်အတွက် မဖြစ်နိုင်အောင် ပြုလုပ်ထားသည်။

ထို့ပြင် သူတို့သည် ငါးလသာ စာသင်ခဲ့ရပြီး ထိုငါးလအတွင်း နေ့တိုင်း သင်္ချာကို သင်ယူနေရခြင်း မဟုတ်ချေ။ ပို၍နက်နဲသော မေးခွန်းအမျိုးအစားများ သို့မဟုတ် ပို၍ပြောင်းလွယ်ပြင်လွယ်ရှိသော အသုံးချမှုများကို သူတို့ ထိတွေ့ခွင့်ပင် မရခဲ့ကြရာ ဤလုံးဝ အသစ်ဖြစ်နေသော မေးခွန်းများရှေ့တွင် သူတို့သည် ဖြူရော်ပြီး အစွမ်းအစမဲ့နေသကဲ့သို့ ဖြစ်နေပေ၏။

လီပင်း၏ မျက်လုံးများသည် တဖန်ပြန်၍ ဟာလာဟင်းလင်း ဖြစ်သွားပြီး တရုတ်စာစာမေးပွဲတွင် ရှိခဲ့သော ယုံကြည်မှုများ ပျောက်ကွယ်သွားသည်။

သင်္ချာသည် သူမ၏အားအနည်းဆုံးအပိုင်း အမြဲတစေ ဖြစ်ခဲ့သည်။ ဤအခြေခံကျပုံရသော ပထမဆုံး မေးခွန်းသည် သူမအတွက် ကျော်လွှား၍မရနိုင်သော တံတိုင်းမြင့်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး စာစီစာကုံးမှတဆင့် သူမ၏ စိတ်ခံစားမှုများကို ဖွင့်ဟခြင်းဖြင့် သူမ စုဆောင်းထားခဲ့သော အားနည်းသည့် ယုံကြည်မှု အနည်းငယ်ကို လုံးလုံးလျားလျား ရိုက်ချိုးပစ်လိုက်ကာ အစအနလေး တစ်ခုမျှပင် မကျန်ရစ်စေခဲ့ချေ။

သူမသည် ထိုသင်္ကေတများကို ကြည့်လိုက်ရာ မသိမသာဖြင့် ဂဏန်းများနှင့် သင်္ကေတများသည် သူမကို အရပ်လေးမျက်နှာမှ ဝန်းရံထားသော လှောင်ချိုင့်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမကို အထဲတွင် ပိတ်လှောင်ထားလေ၏။ အကယ်၍ သူမ အဖြေမရှာနိုင်ဘဲ အဖြေမှန် မပေးနိုင်ပါက သူမ သေသည်အထိ ဤနေရာတွင် ပိတ်မိနေပေမည်။

တရုတ်စာ စာစီစာကုံးကြောင့် ယုံကြည်မှု မြင့်တက်လာခဲ့သော လူအများအပြားသည် ယခုအချိန်၌ သင်္ချာပုဒ်စာအနည်းငယ်ကြောင့် ကြေမွှသွားပြီး ယုံကြည်မှု လုံးဝမကျန်တော့ချေ။

သင်္ချာသည် တရုတ်စာနှင့် မတူချေ။ ဝေဝါးသော စိတ်ခံစားမှုများ သို့မဟုတ် ဆင်တူသော စကားစုများကို အသုံးပြု၍ အလွယ်တကူ ဖြေဆို၍ မရနိုင်ချေ။

မှန်လျှင် မှန်ပြီး မှားလျှင် မှားသည်ဖြစ်ကာ ဝေဝါးနေရန် အခွင့်အရေး လုံးဝမရှိပေ။

တရုတ်စာတွင် အနည်းဆုံးအနေဖြင့် သူတို့ သိသော စာလုံးများ ပါဝင်ပေ၏။ သူတို့၏ စိတ်ကူးဉာဏ်ကို အသုံးပြုသရွေ့ အမြဲတစေ အဖြေမှန် ရနိုင်သည်။

သို့သော် သင်္ချာ၏ သင်္ကေတများနှင့် ဂဏန်းများသည် တခြားကမ္ဘာတစ်ခုမှ နတ်ဘုရားစာများကဲ့သို့ သူတို့၏မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။ သူတို့ ပို၍အာရုံစိုက်ပြီး နားလည်အောင် ကြိုးစားလေလေ ထိုသင်္ကေတများသည် ပို၍ရှုပ်ထွေးပြီး လိမ်ကောက်လာကာ သူတို့၏ ဦးနှောက်များကို နှောင့်ယှက်လာလေလေပင်။

ဤနားမလည်နိုင်မှုက ပို၍အသက်ရှူကြပ်စရာကောင်းသော မျှော်လင့်ချက်မဲ့မှုကို ယူဆောင်လာပေးခဲ့သည်။

ဤသည်မှာ သူတို့ ရုန်းကန်ရန် လားရာတစ်ခုကိုပင် ရှာမတွေ့နိုင်တော့သည့် စွမ်းအားမဲ့မှု ခံစားချက်မျိုးပင်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။

ချန်ထျန်က ရုတ်တရက် သူ၏ခေါင်းကို ကိုင်လိုက်ပြီး မျက်ရည်များ မိုးပေါက်များကဲ့သို့ ကျဆင်းလာသည်။

"အမေ... သား မသိဘူး... သား အဖြေကို မသိဘူး... သား ထွက်သွားလို့ရမှာ မဟုတ်တော့ဘူး... သား ထွက်သွားလို့ မရတော့ဘူး..."

"ယောကျာ်း... တောင်းပန်ပါတယ်... ငါ ထွက်လာလို့ ရမှာမဟုတ်တော့ဘူး..."

"မိန်းမရယ်... ကလေးတွေရယ်... နောက်ငါးလနေရင် ပြန်တွေ့ကြတာပေါ့..."

သူတို့ တစ်ယောက်ပြီးတစ်ယောက် မျှော်လင့်ချက်မဲ့စွာ ငိုကြွေးကြလေ၏။ သင်္ချာသည် အမှန်တကယ်ကို ခက်ခဲလွန်းလှသည်။ သူတို့၏စာကျက်ချိန်သည် လုံးဝမလုံလောက်ခဲ့ချေ။ ဤစာမေးပွဲမေးခွန်းများသည် လူသားများ ဖြေရှင်းနိုင်သောအရာများ မဟုတ်ချေ။

ညည်းညူသံများ၊ ငိုကြွေးသံများနှင့် မျှော်လင့်ချက်မဲ့စွာ တီးတိုးရေရွတ်သံများ စတင်၍ ထွက်ပေါ်လာသည်။

သင်္ချာသည် ဧရာမတောင်ကြီးတစ်လုံးအလား သူတို့၏ နောက်ဆုံး စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးမျဉ်းကို အပြီးတိုင် ချေမှုန်းလိုက်၏။

ထိုနက်ရှိုင်းသော စွမ်းအားမဲ့မှုနှင့် ကျရှုံးမည်ကို ကြောက်ရွံ့မှုတို့က သူတို့ကို ဒီရေလှိုင်းတစ်ခုကဲ့သို့ နစ်မြုပ်သွားစေသည်။

ငါတို့ တကယ်ပဲ ထွက်သွားလို့ မရတော့ဘူး...

...

မိနစ် တစ်ရာ့ငါးဆယ် ပြီးဆုံးသွားချိန်၌ စာမေးပွဲအဖြေလွှာများအားလုံး သင်္ချာဆရာ၏ လက်ထဲသို့ ရောက်ရှိသွားသည်။

"စာမေးပွဲပြီးပြီ... မင်းတို့အားလုံး စောစော နားကြတော့... မနက်ဖြန် အမှတ်ကောင်းကောင်းရဖို့ ကြိုးစားကြ..."

သင်္ချာဆရာ ထွက်သွားသည်နှင့် တပြိုင်နက် ကစားသမားများသည် ကျောက်သင်ပုန်းကို သစ်သားကြက်များကဲ့သို့ ငေးငိုင်စွာ စိုက်ကြည့်နေကြသည်။

ရုတ်တရက် ကျောင်းသားတစ်ယောက်သည် အထိန်းအကွပ်မဲ့စွာ စတင်၍ ငိုကြွေးလိုက်၏။

"ငါ မပြီးဘူး... မေးခွန်းလွှာရဲ့ တစ်ဝက်ကျော်ကိုတောင် ငါ မပြီးခဲ့ဘူး... ငါ ထွက်သွားလို့ မရတော့ဘူး... ငါ ထွက်သွားလို့ မရတော့ဘူး..."

"ဟားဟားဟား... သင်္ချာ... တက္ကသိုလ်ဝင်တန်းစာမေးပွဲ... အရမ်းခက်တယ်... အရမ်းခက်တာပဲ..."

"ဒါက တမင်တကာ ညှဉ်းပန်းနှိပ်စက်နေတာပဲ... သင်္ချာက ဒီလောက် ခက်နေတာကို ငါတို့က ဘယ်လိုလုပ် အဖြေမှန်အောင် ဖြေနိုင်မှာလဲ... ငါတို့ထဲက ဘယ်သူမှ ထွက်သွားလို့ ရမှာမဟုတ်ဘူး..."

"ငါ့ကို ပေးထွက်ပါ... ငါ စာမေးပွဲ ဆက်မဖြေချင်တော့ဘူး..."

ယခုလေးတင် ပြီးသွားသော သင်္ချာစာမေးပွဲတွင် လူအများအပြားသည် သူတို့၏ မေးခွန်းလွှာများကို မပြီးစီးခဲ့ကြချေ။ လူတချို့ဆိုလျှင် မေးခွန်း သုံးပုံနှစ်ပုံခန့်ကို အလွတ်ထားခဲ့ကြသည်။

တစ်စုံတစ်ခုကို ဖြစ်သလို ဖြည့်လိုက်ရန် သူတို့ကို ပြောလျှင်ပင် အဖြေများကို လုံးလုံးလျားလျား မသိသောကြောင့် ဘာရေးရမည်ကို သူတို့ သိမည်မဟုတ်ချေ။

ကျိုးထျန်ချန်နှင့် တခြားထိပ်တန်းကျောင်းသားများမှလွဲ၍ တခြားသူများအားလုံး၏ စိတ်ခံစားမှု တန်ဖိုးများ လျင်မြန်စွာ မြင့်တက်သွားလေ၏။ မကြာမီ လူငါးယောက် ခြောက်ယောက်ခန့်သည် ၁၀၀ ရာခိုင်နှုန်း သို့ ရောက်ရှိသွားပြီး လုံးလုံးလျားလျား ပြိုလဲသွားကာ အနုတ်လက္ခဏာစွမ်းအင် အမြောက်အများကို ထုတ်လွှတ်ပေးနေသည်။

ယခင် တရုတ်စာမေးပွဲနှင့် လုံးလုံးလျားလျား ကွာခြားစွာဖြင့် ဤသင်္ချာစာမေးပွဲသည် ကစားသမားအားလုံးကို ချေမှုန်းလိုက်သည်။

...

"သင်္ချာစာမေးပွဲလေး တစ်ခုတည်းက လူတိုင်းကို ချေမှုန်းပစ်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... အဲ့ဒါက တကယ်ပဲ အဲ့ဒီလောက်တောင် ခက်လို့လား..."

ဆာရာ အနည်းငယ် သိချင်သွားလေ၏။

တရုတ်စာစာမေးပွဲ အချိန်တုန်းက ဤလူများ၏ တုံ့ပြန်မှုများမှာ များစွာမကြီးမားခဲ့သည့်အပြင် သူတို့၏ စိတ်ခံစားမှု တန်ဖိုးများမှာလည်း တစ်ရာ မပြည့်ခဲ့ချေ။

သို့သော် ယခု သင်္ချာတွင်မူ လူတိုင်း၏ ကာကွယ်ရေးများ ပြိုကျသွားပြီး ငါးယောက် ခြောက်ယောက်ခန့်သည် တစ်ရာပင် ပြည့်သွားခဲ့သည်။ ဤသည်က အမှန်တကယ်ကို ထိုမျှထိ ကြောက်မက်ဖွယ်ကောင်းသလော။

"မင်း စမ်းလုပ်ကြည့်လို့ ရတယ်လေ..."

ချန်လန်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး လက်ဖျောက်တီးလိုက်ရာ အဖြူရောင် စာမေးပွဲမေးခွန်းလွှာတစ်ရွက်က သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။

ဆာရာသည် ထိုအရာကို ဂရုမစိုက်သကဲ့သို့ လှမ်းယူလိုက်သော်လည်း ပထမဆုံး မြင်လိုက်ရသည်နှင့် တပြိုင်နက် သူမ ကြက်သေသေသွားလေ၏။

"ဒါက ဘာကြီးလဲ... သင်္ချာမှာ ဘာလို့ သင်္ကေတတွေနဲ့ အင်္ဂလိပ်စာလုံးတွေ ဒီလောက် အများကြီး ပါနေရတာလဲ... ဒါက သင်္ချာရော ဟုတ်ရဲ့လား..."

ဆာရာ ပိုကြည့်လေလေ သူမ၏ခေါင်း ပို၍ကိုက်လာလေလေပင်။ နောက်ဆုံးတွင် သူမသည် ဆက်မကြည့်တော့ဘဲ သူမ၏ နားထင်များကို ပွတ်သပ်ကာ သူမ၏ စိတ်များ အနည်းငယ် ရှုပ်ထွေးနေပြီး အနားယူရန် လိုအပ်ကြောင်း ပြောလိုက်သည်။

သူမ ထွက်သွားသည်ကို မြင်သောအခါ ချန်လန်၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားလေ၏။

သင်္ချာကို သဘာဝလွန် တစ္ဆေသတ္တဝါများပင် ကြောက်ရွံရသည်။

ဤအချက်ကို တွေးမိသည်နှင့် သူသည် သင်္ချာမေးခွန်းလွှာကို တစ်ချက်ကြည့်လိုက်ရာ ရုတ်တရက် ကြက်သီးထသွားသည်။

ဤသည်မှာ သူ ဖန်တီးထားသော စာမေးပွဲမေးခွန်းလွှာ ဖြစ်သော်လည်း ထိုအရာကို ကြည့်လိုက်ရုံဖြင့် ရွံရှာမှုနှင့် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ သူ အရာကို ထပ်မံ၍ရင်မဆိုင်ချင်တော့ဘဲ အလျင်အမြန် ဖျက်ဆီးလိုက်၏။

အတိတ်က သူ အကြောက်ဆုံးအရာမှာ သင်္ချာဖြစ်ကြောင်း သိထားသင့်ပေ၏။ အကယ်၍ လူတစ်ဦးတွင် ထိုအရာအတွက် ပါရမီ မရှိပါက သူတို့သည် ထိုဘာသာရပ်ကို လုံးလုံးလျားလျား မသင်ယူနိုင်ချေ။

ထို့ပြင် ပါရမီရှိသူများသည် အခြေခံအားဖြင့် သင်္ချာပညာရှင်တွေ ဖြစ်ကြပြီး နိုင်ငံအတွက် ကြီးမားတဲ့ အကျိုးပြုမှုများ လုပ်နိုင်သူများဖြစ်သည်။

All Chapters