← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

အခန်း (၄၇) အင်္ဂလိပ်စာ နားထောင်ခြင်း စွမ်းရည်စစ်ဆေးမှုမှာ ဘာအဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာလဲ

နောက်တစ်နေ့၌....

လူတိုင်း စာသင်ခန်းသို့ ရောက်ရှိလာကြသည်။ ယနေ့ စာမေးပွဲမှာ အင်္ဂလိပ်စာ ဖြစ်ပေ၏။ သူတို့၏ မျက်နှာများ တည်ငြိမ်နေပုံရသော်လည်း သူတို့၏ မျက်လုံးများတွင်မူ ဖုံးကွယ်ထားသော ကြောက်ရွံ့မှုတစ်ခု ရှိနေသည်။

အင်္ဂလိပ်စာဆရာမ ရောက်ရှိလာခြင်းနှင့်အတူ အင်္ဂလိပ်စာမေးပွဲ စတင်ကြောင်း ကြေညာလိုက်သည်။

စာမေးပွဲမေးခွန်းလွှာများ သူတို့၏လက်ထဲ ရောက်လာချိန်၌ ကြောက်မက်ဖွယ်ကောင်းသော အမူအရာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေ၏။ သူတို့ ဆက်လက်၍ တည်ငြိမ်အောင် မနေနိုင်တော့ချေ။

ပထမဆုံး သူတို့ မျက်စိကျသွားသောအရာမှာ သူတို့ အကြောက်ဆုံးအပိုင်းဖြစ်သည့် အင်္ဂလိပ်စာ နားထောင်ခြင်း စွမ်းရည်စစ်ဆေးမှုအပိုင်းပင်။

အသံထွက်မှန်သော်လည်း ဝါးနေသော ချိတ်ဆက်သံများနှင့် တိုးညှင်းသောအသံများကို မဆိုထားနှင့်...

အင်္ဂလိပ်စာဆရာမ အတန်းထဲ၌ ဖွင့်ပြလေ့ရှိသော အတော်အသင့် ရှင်းလင်းသည့် အသံဖိုင်များပင်လျှင် တစ်ဝက်ခန့်သာ နားလည်ပြီး ထပ်ခါတလဲလဲ စဉ်းစားရန် လိုအပ်သည်။

အစပိုင်းတွင် အင်္ဂလိပ်စာသည် အလွန်ရိုးရှင်းမည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသော်လည်း တဖြည်းဖြည်းနှင့် ပို၍ခက်ခဲလာခဲ့လေ၏။ သဒ္ဒါနှင့်ဝါကျတည်ဆောက်ပုံများမှာ ပို၍ရှုပ်ထွေးလာပြီး ငါးလတည်းဖြင့် အပြည့်အဝ ကျွမ်းကျင်နိုင်သောအရာ မဟုတ်ချေ။

တခြားဘာသာရပ်များ ရှိနေသေးသည်ကိုပင် ထည့်မပြောသေးချေ။ ဤအချိန်ပမာဏသည် မည်သို့မျှ မလုံလောက်ပေ။

သူတို့၏ နှလုံးသားများကို ပို၍ကြက်သီးထသွားစေသောအရာမှာ မေးခွန်းလွှာတွင်ပါဝင်သော မေးခွန်းအရေအတွက် များပြားလွန်းနေခြင်းပင်။

စာဖတ်ခြင်းနှင့် နားလည်သဘောပေါက်ခြင်းစာပိုဒ်များသည် မျှော်လင့်ချက်မဲ့လောက်အောင် ရှည်လျားပြီး ကွက်လပ်ဖြည့် စာမေးပွဲအတွက် ရွေးချယ်စရာများမှာလည်း ဝေဝါးနေကာ ထောင်ချောက်များကဲ့သို့ ခံစားရပေ၏။

စာစီစာကုံးခေါင်းစဉ်မှာလည်း အလွန်ထူးဆန်းနေသည်။

【သင်သည် လီဟွာ ဖြစ်သည်ဟု ယူဆပါ... သင့်ကျောင်း၏ အင်္ဂလိပ်သတင်းစာ 'ဇာတ်ကောင်ပရိုဖိုင်' ကဏ္ဍအတွက် ဆောင်းပါးများ စုဆောင်းနေသည်... သင်လေးစားရသော သူတစ်ဦးအကြောင်း မိတ်ဆက်ပြီး အကြောင်းအရင်းများကို ဖော်ပြထားသော စာစီစာကုံးတိုလေးတစ်ပုဒ် ရေးသားပါ】

【စကားလုံး အရေအတွက်မှာ စာလုံးရေ ၁၀၀ ခန့် ဖြစ်သင့်သည်】

စာစီစာကုံး ခေါင်းစဉ်ကို မြင်လိုက်ရချိန်၌ လူတိုင်း၏ ဦးရေပြားများ ထုံကျင်သွားသည်။ သူတို့က လူတစ်ယောက်အကြောင်း မည်သို့ မိတ်ဆက်ပေးရမည်နည်း။ ထို့ပြင် စာလုံးရေ တစ်ရာခန့် လိုအပ်သေးသည်ဖြစ်ရာ ဤသည်မှာ အလွန်ခက်ခဲလွန်းလှ၏။

"ဒါ... ဒါကို ဘယ်လိုရေးရမှာလဲ..."

"စာလုံးရေ တစ်ရာတဲ့လား... သေချာတဲ့ စာကြောင်း ဆယ်ကြောင်းတောင် ငါ ဆက်စပ်ပြီး မရေးတတ်ဘူး..."

"လေးစားတာကို မေ့ထားလိုက်တော့... အသက်ရှင်နေသေးတဲ့ ငါ့ကိုယ်ငါပဲ လေးစားတယ်..."

မျှော်လင့်ချက်မဲ့သော တီးတိုးစကားပြောသံများ စတင်ထွက်ပေါ်လာချိန်မှာပင်....

【အင်္ဂလိပ်စာ နားထောင်ခြင်း စွမ်းရည်စစ်ဆေးမှု စာမေးပွဲကို တစ်မိနစ်အတွင်း စတင်ပါမည်... ကျောင်းသားများ ကျေးဇူးပြု၍ အဆင်သင့် ပြင်ထားပါ...】

စာသင်ခန်း အသံချဲ့စက်မှ ရုတ်တရက် အသံထွက်လာလေ၏။ အေးစက်သော အီလက်ထရွန်းနစ်အသံသည် သေဒဏ်ပေးစာတစ်စောင်ကဲ့သို့ ဖြစ်ပြီး နောက်ခံဆူညံသံများအားလုံးကို ချက်ချင်းငြိမ်းသတ်လိုက်သည်။

လူတိုင်း မတ်မတ် ထိုင်လိုက်ကြပြီး သူတို့၏ မေးခွန်းလွှာများကို ပထမစာမျက်နှာသို့ ကပျာကယာ ပြန်လှန်လိုက်ကြသည်။ သူတို့၏ မျက်လုံးများသည် နားထောင်သဘောပေါက်ခြင်း မေးခွန်းများပေါ်တွင် ရပ်တန့်သွားပြီး အချိန်တိုအတွင်း မေးခွန်းများနှင့် ရွေးချယ်စရာများကို အလွတ်ကျက်မှတ်ရန် ကြိုးစားနေကြသည်။

သူတို့ တည်ငြိမ်နေရမည်ဟု သူတို့ကိုယ်သူတို့ ပြောရင်း အမောတကော အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြသည်။ အလွန်အမင်း ကြီးမားသော ဖိအားများအောက်တွင် နားထောင်နိုင်စွမ်းသည် များစွာထိခိုက်နိုင်ပေ၏။ နားကြားမှားမည်ကို သို့မဟုတ် နားမလည်မည်ကို သူတို့ ကြောက်ရွံ့နေကြပြီး ဤသည်က အဖြေများကို ခန့်မှန်းရန်ပင် မဖြစ်နိုင်အောင် ပြုလုပ်နိုင်သည်။

စာသင်ခန်းအတွင်း စာရွက်လှန်သံများနှင့် ပို၍လေးလံလာသော အသက်ရှူသံများသာ ကျန်ရှိတော့သည်။ စောင့်ဆိုင်းနေရသော စက္ကန့်တိုင်းသည် ညှဉ်းပန်းနှိပ်စက်ခံနေရသကဲ့သို့ ခံစားရသည်။

【နားထောင်ခြင်း စွမ်းရည်စစ်ဆေးမှု စာမေးပွဲကို ယခု စတင်ပါမည်...】

သတိပေးသံ ပြီးဆုံးသွားသည်နှင့် အသံချဲ့စက်မှ ထွက်ပေါ်လာသောအရာမှာ ရှင်းလင်းပြီး သွက်လက်သော စာဖတ်သံ မဟုတ်ဘဲ ဝါးတားတားနှင့် လျင်မြန်သော ဇာတ်ကြောင်းပြောသံဖြစ်ပြီး လေယူလေသိမ်း အနည်းငယ်ပင် ပါဝင်နေပေ၏။

အချိန်တခဏအတွင်း ကစားသမားအားလုံးနီးပါး ခေါင်းကို ဆတ်ခနဲ မော့လိုက်ကြပြီး မျက်လုံးများ ပြူးကျယ်ကာ စာသင်ခန်းရှေ့ရှိ အသံချဲ့စက် စပီကာကို မျှော်လင့်ချက်မဲ့လုနီးပါး အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ သူတို့၏ အကြည့်များဖြင့် ထိုအရာကို ရိုက်ခွဲချင်နေသကဲ့သို့ ဖြစ်နေသည်။

မဖြစ်နိုင်တာ...

ဒီအဓိပ္ပာယ်မရှိတဲ့ စကားတွေက ဘာတွေ ပြောနေတာလဲ...

ဒါက မန္တန် ရွတ်နေတာလား ဒါမှမဟုတ် စကားထစ်နေတာလား....

ဘာလို့ စကားတစ်လုံးမှ မမီသလို ပြီးပြည့်စုံတဲ့ ဝါကျတစ်ကြောင်းတောင် နားမလည်နိုင်သလို ခံစားနေရတာလဲ....

ဤအခိုက်အတန့်တွင် လူတိုင်း လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သွားကြပြီး သူတို့ အကွက်ဆင်ခံလိုက်ရသလောဟု တွေးတောလိုက်သည်။

အင်္ဂလိပ်စာ နားထောင်ခြင်းက ဘာလို့ ဒီလောက် ခက်နေရတာလဲ....

သူတို့ လုံးဝနားမလည်နိုင်ကြချေ။

အမှတ်နည်းသော ကျောင်းသားများ ထိတ်လန့်နေချိန်တွင် ကျိုးထျန်ချန်က အမြန်ဆုံး တုံ့ပြန်လိုက်သည်။ အာရုံစိုက်ပြီး သေချာနားထောင်နိုင်ရန် သူ၏ပေါင်ကို အားကုန်သုံး၍ ဆွဲလိမ်ထားလိုက်၏။ သူ၏ ဦးနှောက်ကို အပြည့်အဝ အာရုံစိုက်ထားခြင်းဖြင့် သူ ဖြည်းဖြည်းချင်း စတင်၍ နားလည်လာနိုင်ခဲ့သည်။

ဟန်ထျန်ယွီ၏မျက်နှာ ဖြူရော်နေသည်။ သူသည် ထိုဝါးတားတားဖြစ်နေသော အသံများကြားမှ အဓိက စကားလုံးများကို ဖမ်းယူနိုင်ရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း ထိုထူးဆန်းသော ချိတ်ဆက်သံများနှင့် လေယူလေသိမ်းများက သူ၏ ပုံမှန် နားထောင်ခြင်းစွမ်းရည်များကို လုံးလုံးလျားလျား အသုံးမဝင် ဖြစ်သွားစေခဲ့သည်။

ပထမအကြိမ် အင်္ဂလိပ်စာ နားထောင်ခြင်း ပြီးဆုံးသွားချိန်၌ လူအများအပြား၏ မျက်နှာများတွင် မျှော်လင့်ချက်မဲ့သော အမူအရာများ ထွက်ပေါ်လာပြီး သေလူများကဲ့သို့ ဖြူရော်နေကြ၏။

သွားပြီ....

အရာအားလုံး ပြီးဆုံးသွားလေပြီ...

ကစားသမား အများအပြားက နည်းစနစ်များနှင့် ခန့်မှန်းမှုများကို အသုံးပြု၍ အမှတ်ယူနိုင်မည်ဟု ထင်မှတ်ထားခဲ့သော နားထောင်ခြင်းအပိုင်းသည် ယခုအချိန်၌ လုံးလုံးလျားလျား ဟာသတစ်ခု ဖြစ်သွားခဲ့သည်။ သူတို့၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးများ လုံးလုံးလျားလျား ပြိုကွဲသွားတော့သည်။

ထိုနားထောင်ခြင်းအပိုင်းက အတိအကျ မည်သည့်အရာအား ဖတ်နေသည်ကို သူတို့ လုံးဝနားမလည်ခဲ့ကြချေ။ မေးခွန်းများနှင့် ဘာမှမဆိုင်သော ရင်းနှီးသည့် စကားလုံး အနည်းငယ်ကိုသာ သူတို့ ကြားနိုင်ခဲ့ကြသည်။

သူတို့ နောင်တရသွားကြ၏။ အကယ်၍ မနေ့ညက အင်္ဂလိပ်စာအုပ်များဖတ်ရန် အချိန်ပိုပေးခဲ့မည်ဆိုပါက ယနေ့ သူတို့ နားလည်နိုင်မည်လောဟု တွေးတောလိုက်ကြသည်။

ဤသည်မှာ ချန်လန်က သူတို့အတွက် ဆင်ထားသော ထောင်ချောက်တစ်ခုဖြစ်ကြောင်း သူတို့ မသိခဲ့ကြချေ။

ကံကောင်းထောက်မစွာဖြင့် ဒုတိယအကြိမ် အခွင့်အရေး ရှိနေဆဲပင်။ ဒုတိယအကြိမ် အင်္ဂလိပ်စာ နားထောင်ခြင်း စတင်သည်နှင့် လူတိုင်း စိတ်အာရုံကို ပြန်လည်၍ စုစည်းလိုက်ကြသည်။

ဤတစ်ကြိမ်တွင် လူအများအပြား နားလည်သွားကြပြီး အထူးသဖြင့် ကျိုးထျန်ချန်ကဲ့သို့ ထိပ်တန်းကျောင်းသားများပင်။ မေးခွန်းများ၏ အဖြေဖြစ်သော အဓိက စကားလုံးများစွာကို သူတို့ ကြားလိုက်ရသဖြင့် သူတို့။မျက်နှာများ ပြုံးရွှင်သွားကြ၏။

မကြာမီ အင်္ဂလိပ်စာ နားထောင်ခြင်း နှစ်ကြိမ် ပြီးဆုံးသွားခဲ့ပြီး နောက်ထပ် မရှိတော့ချေ။

အလွန်အမင်း တိတ်ဆိတ်မှုနှင့် မျှော်လင့်ချက်မဲ့မှုများကြားတွင် နားထောင်ခြင်းအပိုင်း နောက်ဆုံးတွင် ပြီးဆုံးသွားချိန်၌ ကစားသမားများသည် သူတို့၏ အစိတ်အပိုင်းတစ်ခု သေဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့သည် သူတို့၏ စာမေးပွဲမေးခွန်းလွှာများကို ပြာနှမ်းနေသော မျက်နှာများဖြင့် ကြည့်နေကြ၏။ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော နက်ရှိုင်းသည့် စွမ်းအားမဲ့မှု ခံစားချက်တစ်ခုက သူတို့ကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည်။

သွားပြီ....

နှစ်ကြိမ်ပြီးသွားသည့်တိုင် သူတို့ နားမလည်သေးသဖြင့် ဖြစ်သလို ဖြည့်လိုက်ရုံသာ တတ်နိုင်ပေမည်။

အခက်ခဲဆုံး အင်္ဂလိပ်စာ နားထောင်ခြင်းအပိုင်း ပြီးဆုံးသွားပြီးနောက် အချိန်များ တရွေ့ရွေ့ ကုန်လွန်နေစဉ် လူတိုင်း မေးခွန်းများကို စတင်ဖြေဆိုကြသည်။

စာမေးပွဲ ပြီးဆုံးရန် နာရီဝက်သာ လိုတော့ချိန်၌ ကျိုးထျန်ချန်သည် စာစီစာကုံးသို့ ပထမဆုံး ရောက်ရှိသွားသူပင်။

သူ ခေါင်းစဉ်ကို ကြည့်ပြီး မည်သို့စရေးရမည်ကို မသိဖြစ်နေကာ ခေါင်းကုတ်နေလေ၏။

သူ၏ဘဝတွင် သူ လေးစားရသောသူ သိပ်မရှိခဲ့ချေ။ သူ အလေးစားဆုံးသူမှာ Cအဆင့် နယ်မြေတစ်ခုမှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူအဖြစ် လွတ်မြောက်နိုင်ခဲ့သော သူကိုယ်တိုင်ပင်။

ခဏလေး... သူ့ကိုယ်သူ ဟုတ်လား...

ကျိုးထျန်ချန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။

အင်္ဂလိပ်စာ အတန်းချိန်အတွင်းတွင် သူတို့၏အားသာချက် အားနည်းချက်များအကြောင်းပြောရန် တစ်ယောက်ချင်းစီ အခေါ်ခံရပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခဲ့ရသည်။

အဲ့ဒီတုန်းက စကားလုံးတွေနဲ့ ဝါကျတွေကို ငါ သင်ခဲ့ရတာပဲ...

တကယ်လို့ ငါက ငါ့ရဲ့ ကိုယ်ပိုင် အားသာချက်တွေကို ရေးပြီး ငါလေးစားတဲ့သူရဲ့ နေရာမှာ နာမည်တစ်ခုကို ဖြစ်သလို ထည့်လိုက်ရင် အလုပ်မဖြစ်ဘူးလား...

ဘာပဲဖြစ်ဖြစ် ငါရေးထားတဲ့ ဒီလူက ဘယ်သူလဲ၊ သူတို့က ဘယ်လိုလူမျိုးလဲဆိုတာ ဆရာမ သိမှာမဟုတ်ဘူးလေ... စကားလုံး အရေအတွက် လုံလောက်ပြီး စကားလုံးတွေနဲ့ ဝါကျတွေ မှန်ကန်နေသရွေ့ ငါ အမှတ်ရနိုင်တာပဲ...

ဤအချက်ကို စဉ်းစားမိပြီးနောက် ကျိုးထျန်ချန် ရယ်မောမိလုမတတ် ဖြစ်သွားသည်။ သူသည် သူအလေးစားဆုံးသူအဖြစ် သူ၏ဖခင်ကို အမည်တပ်ကာ အလျင်အမြန် စတင်ရေးသားတော့သည်။ ထို့နောက် သူ၏ကိုယ်ပိုင်အားသာချက်များအားလုံးနှင့် လေးစားရသည့် အကြောင်းရင်းများကို ထည့်သွင်းရေးသားလိုက်ရာ အလွန်လျှင်မြန်စွာ ရေးသားနိုင်ခဲ့လေ၏။

...

နာရီဝက် အကြာ၌...

အင်္ဂလိပ်စာမေးပွဲ ပြီးဆုံးသွားသည်။

စာမေးပွဲအဖြေလွှာများကို သိမ်းဆည်းလိုက်ချိန်၌ လူတချို့သည် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖယ်ရှားခံလိုက်ရသကဲ့သို့ ကုလားထိုင်ပေါ်သို့ မှီကျသွားပြီး အမောတကော အသက်ရှူနေကြသည်။ လူတချို့သည် ထွက်ခွာသွားသော ဆရာမ၏ ကျောပြင်ကို မျှော်လင့်ချက်မဲ့စွာ ကြည့်နေကြပြီးနောက် စားပွဲပေါ်တွင်မှောက်ကာ အသံထွက်၍ ငိုကြွေးနေတော့သည်။ တခြားသူများကမူ မျက်နှာကြက်ကို ငေးငိုင်စွာ စိုက်ကြည့်နေကြပြီး မျှော်လင့်ချက် လုံးဝမကျန်တော့သော လမ်းလျှောက်နေသည့် အလောင်းကောင်များကဲ့သို့ ဖြစ်နေကြ၏။

"ဒီနယ်မြေက အရမ်းညှဉ်းပန်းနှိပ်စက်တာပဲ... ဒီနယ်မြေရဲ့ နောက်ကွယ်က အရာက ငါတို့ကို လုံးဝ ထွက်မသွားစေချင်ဘူး... အင်္ဂလိပ်စာဆရာမ တစ်ယောက်တောင် အဲ့ဒီ အင်္ဂလိပ်စာ နားထောင်ခြင်းကို နားလည်နိုင်မှာ မဟုတ်ဘူး..."

စာမေးပွဲကို ဖြတ်သန်းပြီးနောက် သူတို့ အကွက်ဆင်ခံလိုက်ရကြောင်း တစ်စုံတစ်ဦးက နားလည်သဘောပေါက်သွားသည်။ ဤအင်္ဂလိပ်စာ နားထောင်ခြင်းသည် ပုံမှန်အစမ်းစာမေးပွဲတစ်ခုနှင့် လုံးလုံးလျားလျား ကွာခြားနေပြီး ငရဲအဆင့် အခက်အခဲ ဖြစ်နေပေ၏။

"ဒီသတ္တဝါတွေက အစကတည်းက နတ်ဆိုးတွေပဲလေ... ငါတို့ သဘောကျအောင် သူတို့က ဘယ်လိုလုပ်ပြီး ခွင့်ပြုမှာလဲ... ငါတို့ လုပ်နိုင်တာက စာကျက်ဖို့ပဲ ရှိတယ်... ဒီနေ့ နေ့လယ် ဇီဝဗေဒ စာမေးပွဲ ရှိတယ်... အားလုံးပဲ မြန်မြန် စာကျက်ကြတော့..."

ဟန်ထျန်ယွီက သက်ပြင်းချလိုက်ပြီး သူ၏ ဇီဝဗေဒစာအုပ်ကို ထုတ်ကာ အသိပညာများကို ရူးသွပ်စွာ စတင်စုပ်ယူလိုက်တော့သည်။

တခြားသူများလည်း ခေါင်းညိတ်လိုက်ကြပြီး အသေအလဲ စာကျက်ရန် သူတို့၏ စာအုပ်များကို ထုတ်ယူလိုက်ကြသည်။ ရူးသွပ်သော ပညာရေး ပြိုင်ဆိုင်မှု မြင်ကွင်းသည် တဖန်ပြန်၍ ရောက်ရှိလာပေ၏။

ပြင်ပကမ္ဘာတွင် ချန်လန်သည် ဤမြင်ကွင်းကို ကြည့်ကာ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... ဒါကမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ထားရှိရမယ့် မှန်ကန်တဲ့ သဘောထားပဲ..."

All Chapters