အခန်း ၄၈
Vol. 5 Ch. 48
အခန်း (၄၈) ပို၍လျှို့ဝှက်ဆန်းကြယ်သော ဝဲဂယက်ထဲသို့ နစ်မြုပ်သွားခြင်း
"အရှင်... အဲ့ဒီ 【အထက်တန်းနောက်ဆုံးနှစ် နယ်မြေ】ရဲ့ အနုတ်လက္ခဏာစွမ်းအင်က သုံးသိန်းနီးပါး ရောက်နေပြီ... စမ်းသပ်ကာလ ပြီးဆုံးသွားတာနဲ့ အဲ့ဒါက SSS-အဆင့် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခု ဖြစ်လာမှာကို ကျွန်တော် စိုးရိမ်မိပါတယ်..."
တုန်လှုပ်ချောက်ချားနတ်ဘုရား၏ ဟင်းလင်းပြင်၌...
သခင်ဟေးယွီက ခေါင်းငုံ့ကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည်။ သူ၏ရှေ့ရှိ မြင့်မားသော ပလ္လင်ပေါ်တွင် ထိုင်နေသူမှာ တုန်လှုပ်ချောက်ချားနတ်ဘုရားပင်။
"အို... မင်းမှာ ဖြေရှင်းနည်း ရှိလား..."
တုန်လှုပ်ချောက်ချားနတ်ဘုရားက သခင်ဟေးယွီကို ငုံ့ကြည့်လိုက်၏။
သူ၏မျက်နှာမှာ တည်ငြိမ်နေပြီး လေသံအေးတိအေးစက် ဖြစ်နေသော်လည်း သူ၏စိတ်ထဲတွင်မူ ဒေါသထွက်နေသည်။
ထိုအဘိုးကြီးသုံးယောက်က သူ၏ အာဏာကို ရုပ်သိမ်းလိုက်ပြီး 【အထက်တန်းနောက်ဆုံးနှစ်】 နယ်မြေကို မပိတ်ပင်နိုင်အောင် တားဆီးခဲ့ကြသည်။ ထိုအဘိုးကြီးသုံးယောက်သည် ချန်လန်၏ အလားအလာနှင့် 【အထက်တန်းနောက်ဆုံးနှစ်】 နယ်မြေ၏ အလားအလာကို စိတ်ဝင်စားသွားကြသောကြောင့် ချန်လန်ကို မည်သို့ပင်ပေးဆပ်ရပါစေ ကာကွယ်ပေးနေခြင်း ဖြစ်ပေ၏။
သောက်ချေးပဲ... ငါသာ မာစတာသော့ကို ရှာတွေ့ရင် အဲ့ဒီအဘိုးကြီး သုံးယောက်ကို သတ်ပစ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာကို လုံးလုံးလျားလျား လွှမ်းမိုးထားလိုက်မယ်...
အဲ့ဒီအချိန်ကျရင် ဘယ်သူကမှ ငါ့ကို အမိန့်ပေးရဲမှာ မဟုတ်တော့ဘူး...
"အရှင်... ကျွန်တော့်မှာ နည်းလမ်းတစ်ခု ရှိပါတယ်... လောလောဆယ် ချန်လန်မှာ စမ်းသပ်နယ်မြေ တစ်ခုပဲ ရှိသေးတာ... ဘာလို့ ကျွန်တော်တို့က အတင်းအကျပ် မယူနိုင်ရမှာလဲ... နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်က အခကြေးငွေပေးရတဲ့ စနစ်ကို အကောင်အထည်ဖော်လို့ ရတယ်လို့ ကျွန်တော် မှတ်မိတယ်... ချန်လန် နဲ့ ဆာရာကို ဆက်သုံးဖို့အတွက် အခကြေးငွေ ပေးခိုင်းလို့ ရတယ်... အဲ့ဒီလိုမှမဟုတ်ရင် သူတို့က 【အထက်တန်းနောက်ဆုံးနှစ်】နယ်မြေရဲ့ ပိုင်ဆိုင်ခွင့်ကို ဆုံးရှုံးသွားလိမ့်မယ်..."
ဤအစီအစဉ်ကို ကြားသောအခါ တုန်လှုပ်ချောက်ချားနတ်ဘုရားက ခေါင်းခါယမ်းလိုက်သည်။
"ဒီမတိုင်ခင် သူတို့က အနုတ်လက္ခဏာစွမ်းအင်တွေ အများကြီး ရှာထားပြီးပြီ... ငါတို့ ကန့်သတ်ချက်ကို အရမ်းမြင့်အောင် သတ်မှတ်လို့ မရဘူး... မဟုတ်ရင် အဓိက နတ်ဘုရား သုံးပါးရဲ့ အာရုံစိုက်မှုကို ခံရလိမ့်မယ်..."
"အဲ့ဒီလိုဆိုရင် ကျွန်တော်တို့က သူတို့ရဲ့ အနုတ်လက္ခဏာစွမ်းအင်တွေကို ဆိုင်းငံ့ထားလိုက်လို့ ရတယ်... အဆင့်မသတ်မှတ်ရသေးတဲ့ နယ်မြေတွေက အနုတ်လက္ခဏာစွမ်းအင်တွေကို အသုံးမပြုနိုင်အောင် လုပ်လိုက်မယ်... သူတို့ကို ဘယ်သူကမှ ကူညီပေးမယ်လို့ ကျွန်တော် မထင်ဘူး..."
"ဒီနည်းလမ်းက သာမန်ပါပဲ... ဒါပေမဲ့ စမ်းကြည့်သင့်တယ်... တကယ်လို့ မင်းက 【အထက်တန်းနောက်ဆုံးနှစ်】ရဲ့ ပိုင်ဆိုင်ခွင့်ကို ယူလာနိုင်ရင် မင်းက ကြီးမားတဲ့ အကျိုးပြုမှုတစ်ခုလုပ်ခဲ့တယ်လို့ ငါ အသိအမှတ်ပြုပေးမယ်..."
"ဟုတ်ကဲ့ပါ အရှင်..."
သခင်ဟေးယွီသည် တုန်လှုပ်ချောက်ချားနတ်ဘုရား၏ ဟင်းလင်းပြင်မှ စိတ်လှုပ်ရှားစွာ ထွက်ခွာသွားခဲ့သော်လည်း အထက်တွင် ထိုင်နေသော တုန်လှုပ်ချောက်ချားနတ်ဘုရားထံတွင်မူ စိတ်အနှောင့်အယှက်ဖြစ်နေသော အမူအရာ ရှိနေလေ၏။
သူ အလွန် စိတ်ပျက်နေခဲ့သည်။ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာ၏ နတ်ဘုရားတစ်ပါး ဖြစ်နေသည့်တိုင် သူသည် သာမန်လူတစ်ဦးကို မည်သည့်ထိခိုက်မှုမျှဖြစ်အောင် မပြုလုပ်နိုင်ခဲ့ချေ။
လောလောဆယ်တွင် သူ့ထံ၌ ရွေးချယ်စရာ နှစ်ခုသာ ရှိတော့သည်။ ဤသည်မှာ မာစတာသော့ကို ရှာဖွေရန် သို့မဟုတ် တခြား SSSအဆင့် နယ်မြေတစ်ခုကို ဖန်တီးရန်ပင်။ ထိုသို့ဆိုလျှင် သူသည် အဓိက နတ်ဘုရား လေးပါးထဲမှ တစ်ပါးအဖြစ် ရာထူးတိုးခံရနိုင်ပြီး အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်နိုင်ပေမည်။
...
နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်...
ဇီဝဗေဒ စာမေးပွဲမစတင်မီ နာရီဝက်သာ လိုတော့ချိန်၌ ချန်လန်နှင့် ဆာရာတို့သည် ပုံရိပ်ယောင်မျက်နှာပြင်ကို အေးအေးဆေးဆေး ကြည့်နေကြ၏။ တခြားသူများ ဆင်းရဲဒုက္ခရောက်နေသည်ကို ကိုယ်တိုင်မပါဝင်ဘဲ ကြည့်နေရခြင်းက အတော်လေး စိတ်ကျေနပ်စရာ ကောင်းလှသည်။
ရုတ်တရက် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် ပြောင်းလဲသွားသည်။ သူတို့နှစ်ဦးသည် ချက်ချင်းပျောက်ကွယ်သွားပြီး တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာအတွင်း၌ ထွက်ပေါ်လာသည်။
ချန်လန်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ..."
"ငါ နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်ထဲ ဝင်လို့မရတော့ဘူး..."
ဆာရာက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
ချန်လန်၏မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့သွားသည်။
ဒါက ဘာအခြေအနေလဲ...
တုန်လှုပ်ချောက်ချားနတ်ဘုရားက လှုပ်ရှားလိုက်တာများလား...
"မင်းတို့နှစ်ယောက်... မတွေ့ရတာ ကြာပြီပဲ..."
ထိုအချိန်၌ သူတို့၏နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ချန်လန်နှင့်ဆာရာ နောက်သို့လှည့်ကြည့်လိုက်ပြီး ဧည့်သည်ကို မြင်သောအခါ သူတို့၏ မျက်လုံးများ အေးစက်တင်းမာသွားလေ၏။
ယခုရောက်လာသူမှာ တခြားသူမဟုတ်ဘဲ သခင်ဟေးယွီပင်။
"သခင်ဟေးယွီ..."
ချန်လန်က အေးစက်စက်လေသံဖြင့် ခေါ်လိုက်သည်။
"ဟီးဟီး... သတ်ဖြတ်လိုစိတ်တွေ အပြည့်ပါတဲ့ မျက်လုံးတွေပဲ... နှမြောစရာကောင်းတာက မင်း ငါ့ကို သတ်လို့ မရဘူး..."
သခင်ဟေးယွီက ပါးစပ်ကို အုပ်ကာ ရယ်မောပြီး ဆာရာ့ကို ကြည့်လိုက်သည်။
"မင်း နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်ထဲ ဝင်လို့မရလို့ စိုးရိမ်နေတာလား..."
"ဒါက နင့်ရဲ့လက်ချက်လား... အဆင့်မြင့် နယ်မြေစီမံခန့်ခွဲသူ တစ်ယောက်မှာ ဒီလို နည်းလမ်းမျိုး ရှိမယ်လို့ ငါ မသိခဲ့ဘူး..."
ဆာရာက အံ့အားသင့်စွာ ပြောလိုက်သည်။
သူမ၏ နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်ကို ပိတ်ပစ်နိုင်ခြင်းမှာ အလွန်အမင်း လွန်ကဲလွန်းလှ၏။
"မင်းက တကယ်ကို စိတ်ရှည်တာပဲ... လှုပ်ရှားဖို့အတွက် ငါးလတိတိ စောင့်နေခဲ့တာကိုး..."
ချန်လန်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။
"လူသား... မင်းကို အဓိက နတ်ဘုရားတွေက ကာကွယ်ပေးထားရုံနဲ့ ငါ့ကို အဲ့ဒီလို လာပြောလို့ရမယ် မထင်နဲ့... မင်းကို ဒုက္ခပေးဖို့ ငါ့မှာ နည်းလမ်းပေါင်း တစ်သောင်းလောက် ရှိတယ်..."
သခင်ဟေးယွီက ချန်လန်ကို အေးစက်သောအကြည့်ဖြင့် ကြည့်ကာ အေးတိအေးစက် လေသံဖြင့် ပြောဆိုသည်။
ချန်လန်၏နှလုံးသား ဆတ်ခနဲ တုန်ရီသွားသည်။ အစောပိုင်းက သူ မည်သည့်အရာအား ကြားလိုက်ရသနည်း။
အဓိကနတ်ဘုရားတွေရဲ့ ကာကွယ်မှု...
အော်... ဒါကြောင့်ကိုး
တုန်လှုပ်ချောက်ချားနတ်ဘုရားဆိုတာ အာဏာအကန့်အသတ်ရှိတဲ့ ဝန်ထမ်းတစ်ယောက်ပဲ... တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာကို တကယ်အုပ်ချုပ်နေတာက အဓိက နတ်ဘုရားတွေပဲ...
ငါ ကစားခဲ့တဲ့ အဲ့ဒီအန္တရာယ်များတဲ့ အကွက်က မှန်ကန်သွားခဲ့တာပဲ...
သူ တွေးတောလိုက်မိသည်။
သူ၏ 【အထက်တန်းနောက်ဆုံးနှစ်】နယ်မြေသည် အလားအလာ ကောင်းမွန်သောကြောင့် အဓိက နတ်ဘုရားများ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်းလည်း ဖြစ်ပေ၏။
ထိုအချိန်၌ ချန်လန်က နောက်ထပ် ဘာဆက်လုပ်ရမည်ကို နားလည်သွားသည်။ အဓိက နတ်ဘုရားများ၏ အသိအမှတ်ပြုမှုနှင့် ကာကွယ်မှုကို ဆက်လက်ရရှိထားရန်အတွက် အလားအလာကောင်းသော နယ်မြေများကို သူ ပို၍ဖန်တီးရပေမည်။ ဤသည်က သူ တုန်လှုပ်ချောက်ချားနတ်ဘုရား ဖြစ်မလာမီအထိ သူ့ကို ဘေးကင်းစေပေမည်။
"မင်းတို့က အလုပ်သင် ဖန်တီးသူနဲ့ အလုပ်သင် စီမံခန့်ခွဲသူ ဖြစ်တဲ့အတွက် နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်ကို ဆက်သုံးဖို့ နေ့စဉ် အနုတ်လက္ခဏာစွမ်းအင် တစ်ထောင် ပေးဆောင်ရမယ်... မင်းတို့က အဲ့ဒါကို ငါးလတောင် သုံးခဲ့ပြီးပြီဆိုတော့ တရားဝင် စီမံခန့်ခွဲသူနဲ့ ဖန်တီးသူ မဖြစ်လာခင်အထိ ဆက်သုံးဖို့ အခု အနုတ်လက္ခဏာစွမ်းအင် တစ်သိန်းငါးသောင်း ပေးဆောင်ရမယ်..."
ဤစကားကို ကြားသောအခါ ဆာရာက အေးစက်စက် လှောင်ပြုံးပြုံးလိုက်၏။
"ဟီးဟီး... တစ်သိန်းငါးသောင်းတည်းလား... ငါက ပိုများမယ်တောင် ထင်နေတာ... ငါတို့ ဘယ်လောက်ရထားလဲဆိုတာ နင် သိလား..."
လက်ဝှေ့ယမ်းမှုတစ်ခုနှင့်အတူ ဆာရာသည် သခင်ဟေးယွီ၏ မျက်နှာကို ဖြတ်ရိုက်ရန်အတွက် တစ်သိန်းငါးသောင်းကို ထုတ်ယူရန် ဟန်ပြင်လိုက်သည်။
သို့သော် ရုတ်တရက် သူမ၏မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။ သူမသည် ချန်လန်ဘက်သို့ တောင့်တင်းစွာ လှည့်ကြည့်လိုက်ပြီး ငိုတော့မည့်ပုံစံဖြင့် မျှော်လင့်ချက်မဲ့စွာ ပြောလိုက်၏။
"ချန်လန်... ငါတို့ရဲ့ အနုတ်လက္ခဏာစွမ်းအင်တွေ... ငါတို့ သုံးလို့ မရတော့ဘူး..."
ချန်လန်၏နှလုံးခုန်နှုန်း တစ်ချက်ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။ သူ အလျင်အမြန် စစ်ဆေးကြည့်ရာ အသိပေးချက်တစ်ခုကို တွေ့လိုက်ရသည်။
【အဆင့်မသတ်မှတ်ရသေးသော နယ်မြေများမှ အနုတ်လက္ခဏာစွမ်းအင်များကို အသုံးမပြုနိုင်ပါ... ယာယီ ဆိုင်းငံ့ထားသည်】
ဒါ တကယ်ပဲ ဒီနေရာမှာ စောင့်နေတဲ့ ထောင်ချောက်တွေ ဆက်တိုက်ဖြစ်နေတာပဲ...
သူ တွေးတောလိုက်မိသည်။
"တကယ်လို့ မင်းတို့က နာရီဝက်အတွင်း အနုတ်လက္ခဏာစွမ်းအင် တစ်သိန်းငါးသောင်းကို မထုတ်ပေးနိုင်ဘူးဆိုရင် နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်ကို ဝင်ရောက်ခွင့် လုံးဝဆုံးရှုံးသွားလိမ့်မယ်... ပြီးတော့ အဲ့ဒီထဲမှာ ဖန်တီးထားတဲ့ နယ်မြေတွေရဲ့ ပိုင်ဆိုင်ခွင့်ကိုလည်း ဆုံးရှုံးသွားလိမ့်မယ်..."
ဤသို့ပြောပြီးနောက် သခင်ဟေးယွီက စတင်၍ အေးစက်စက် လှောင်ပြုံးပြုံးလိုက်၏။ သူသတ်မှတ်ထားသော အနုတ်လက္ခဏာစွမ်းအင် တစ်ထောင်ဆိုသည့် အခကြေးငွေမှာ များလည်းမများ နည်းလည်းမနည်းပေ။ ထို့ပြင် အဓိကနတ်ဘုရားများမှာ ဤဘက်သို့ကြည့်ရန် အလွန်အလုပ်ရှုပ်နေကြ၏။ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာက အလွန်ကျယ်ဝန်းရာ သူတို့ မည်သို့ သတိထားမိနိုင်မည်နည်း။
ချန်လန်သည် အလွန်ဆုံး အလားအလာတချို့ရှိသော ပါရမီရှင်တစ်ဦးသာဖြစ်ပြီး အဓိက နတ်ဘုရားများက သူ့ကို အချိန်ပြည့် စောင့်ကြည့်နေလောက်အောင်တော့ မဟုတ်ချေ။ သူသည် ယခုအချိန်တွင် အန္တရာယ်ဖြင့်ရင်းပြီး စွန့်စားနေခြင်း ဖြစ်သည်။
သခင်ဟေးယွီ၏ မကောင်းဆိုးဝါးအပြုံးကို မြင်သောအခါ ဆာရာ ဒေါသထွက်နေသော်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေလေ၏။ သူမက ချန်လန်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ချန်လန်လည်း နည်းလမ်းကို မစဉ်းစားတတ်တော့ချေ။
ငါတို့က နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင် ပျောက်ကွယ်သွားမယ့် အချိန်အထိ တကယ်ပဲ ထိုင်စောင့်နေရတော့မှာလား...
"ဒါဆို ငါ့ရဲ့ အနုတ်လက္ခဏာစွမ်းအင်တွေကို သုံးလိုက်..."
ထိုအချိန်မှာပင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ချန်လန်၊ ဆာရာနှင့် သခင်ဟေးယွီတို့ကြက်သေသေသွားကြပြီး အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။
ယခုရောက်လာသူကို မြင်သောအခါ ချန်လန်နှင့် ဆာရာတို့၏ မျက်လုံးများ အလွန်အမင်း ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြူးကျယ်သွားသော်လည်း သခင်ဟေးယွီကမူ လုံးလုံးလျားလျား အံ့အားသင့်သွားလေ၏။
"မင်းက ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ..."
ယခုရောက်လာသူမှာ စာကြည့်တိုက်မှ ယုန်ပင်။ သူ အမှန်တကယ်ကို ရောက်လာခဲ့သည်။
သခင်ဟေးယွီက ယုန်ကို ထိတ်လန့်တကြား ကြည့်ကာ နောက်သို့ဆုတ်သွားသည်။
"ယုန်နတ်ဆိုး မာဆက်ခ်... မင်းက ဒီလူသားကို ကူညီဖို့ တကယ်ကြီး ရွေးချယ်လိုက်တာလား..."
ယုန်သည် သခင်ဟေးယွီကို အေးစက်ပြီး သုန်မှုန်သော အကြည့်ဖြင့် ကြည့်လိုက်၏။
"ဘာလဲ... မင်းမှာ အဲ့ဒါနဲ့ ပတ်သက်ပြီး ပြဿနာ ရှိလို့လား..."
ဤစကားကို ကြားသောအခါ သခင်ဟေးယွီက သူ၏လက်သီးများကို ဆုပ်ကာ အံ့ကြိတ်လိုက်သည်။ ချန်လန်သည် ဤကောင်နှင့် အဆက်အသွယ် ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
"ဒီမှာ တစ်သိန်း ငါးသောင်း နှစ်ထောင် ရှိတယ်... အဲ့ဒါက ကျန်နေတဲ့ ကြွေးတွေနဲ့ နောက်ထပ် နှစ်ရက်စာ ပေါင်းပြီးသားပဲ..."
ယုန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးရောင်လွှမ်းနေသော စွမ်းအင်ကြိုးမျှင်များဖြစ်သည့် အနုတ်လက္ခဏာစွမ်းအင်များအားလုံး သခင်ဟေးယွီ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားလေ၏။
ချန်လန်သည် တိကျသော ပမာဏကို ကြားလိုက်ရချိန်၌ သူ၏မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။
တစ်သိန်းငါးသောင်း မဟုတ်ဘဲ တစ်သိန်းငါးသောင်းနှစ်ထောင် အတိအကျ ဖြစ်နေသည်။
တစ်ရက်ကို တစ်ထောင်... သူ၏နယ်မြေသည် နောက်နှစ်ရက်အကြာတွင် အတိအကျ အဆင့်သတ်မှတ်ရန် အရည်အချင်းပြည့်မီပေမည်။ မနက်ဖြန် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြီးဆုံးကာ သန်ဘက်ခါ၌ ရလဒ်များ ထွက်ပေါ်လာပေမည်။ ထို့နောက် နယ်မြေသည် သံသရာတစ်ပတ်ကို အဆုံးသတ်ပြီး အဆင့်သတ်မှတ်ခြင်း လုပ်ငန်းစဉ်ကို စတင်ပေမည်။
ဒီယုန်က ငါ့ရဲ့နယ်မြေ ဘယ်အချိန် ပြီးမလဲဆိုတာ အတိအကျ သိနေတာပဲ...
သူ တွေးတောလိုက်သည်။
ဆိုလိုသည်မှာ ယုန်၏နောက်ကွယ်ရှိ လူသည် သေးငယ်သော ပုဂ္ဂိုလ် မဟုတ်ချေ။ သူတို့သည် သူ၏ နယ်မြေထဲသို့ လှမ်းကြည့်နိုင်စွမ်း ရှိပေ၏။
အဆင့်မြင့် စီမံခန့်ခွဲသူ အဆင့်ထက် မြင့်မားသူသာလျှင် ဤကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိပေမည်။
ဘယ်သူများ ဖြစ်နေမလဲ...
"ချန်လန်... မင်းကိုယ်မင်း ကံကောင်းတယ်လို့သာ မှတ်လိုက်တော့..."
သခင်ဟေးယွီက နှာခေါင်းရှုံ့လိုက်ပြီး ထွက်သွားသည်။
ဤသည်ကို မြင်သောအခါ ချန်လန်က ယုန်ကို ကျေးဇူးတင်ရန် ဟန်ပြင်လိုက်သော်လည်း သူ လှည့်ကြည့်လိုက်ချိန်၌ ယုန်သည်လည်း ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရပြီး ကြမ်းပြင်ပေါ်တွင် စာရွက်တစ်ရွက်သာ ကျန်ရစ်ခဲ့တော့သည်။
【ဆက်ကြိုးစားပါ... ကြီးမြတ်တဲ့သူက မင်းကို အရမ်း အထင်ကြီးနေတယ်...】
"ကြီးမြတ်တဲ့သူ..."
ချန်လန်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူသည် ပို၍လျှို့ဝှက်ဆန်းကြယ်သော ဝဲဂယက်တစ်ခုထဲသို့ နစ်မြုပ်သွားခဲ့လေပြီ။