အခန်း ၄၉
Vol. 5 Ch. 49
အခန်း (၄၉) ဒုတိယနယ်မြေက အထက်တန်းနောက်ဆုံးနှစ်ထက် မလွယ်ပါဘူး
နေ့လယ်ပိုင်း ဇီဝဗေဒစာမေးပွဲ၌...
မေးခွန်းလွှာပေါ်ရှိ မေးခွန်းများသည် နက်နဲပြီး နားလည်ရခက်နေဆဲပင်။ ဆဲလ်တည်ဆောက်ပုံ ပုံကြမ်းများ၊ မျိုးရိုးဗီဇမျိုးနွယ်စုများနှင့် ဂေဟစနစ် ခွဲခြမ်းစိတ်ဖြာမှုများသည် သူတို့ကို ခေါင်းမူးဝေသွားစေပြီ မည်သည့်နေရာမှ စတင်ဖြေဆိုရမည်ကိုပင် မသိအောင် ဖြစ်နေစေသည်။
သို့သော် တရုတ်စာ၏ ညှဉ်းပန်းနှိပ်စက်မှု၊ သင်္ချာ၏ ချေမှုန်းမှုနှင့် အင်္ဂလိပ်စာ၏ နှိပ်စက်မှုတို့ကို ခံစားခဲ့ရပြီးနောက် ကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများတွင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ပေ၏။
စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုတို့နေရာတွင် လက်မြှောက်အရှုံးပေးခြင်းနှင့် နီးစပ်သော တည်ငြိမ်မှုတစ်ခုက အစားထိုး ဝင်ရောက်လာသည်။
ခက်ခဲသော မေးခွန်းများကို ကြည့်ရင်း သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့မှု မရှိတော့ဘဲ အားနည်းသော စွမ်းအားမဲ့မှုနှင့် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်မှု အရိပ်အယောင်လေးတစ်ခုသာ ရှိနေတော့သည်။
"ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်နေပြီပဲဟာကို..."
"ငါ အကောင်းဆုံး ကြိုးစားခဲ့တယ်... တကယ် ကြိုးစားခဲ့တယ်... ကျန်တာကတော့ ကံကြမ္မာအပေါ်မှာပဲ မူတည်တော့တယ်..."
"ဒါက ငါ့ရဲ့ ကန့်သတ်ချက်ပဲ ဖြစ်နိုင်တယ်..."
ဤသည်မှာ သူတို့တစ်ယောက်ချင်းစီ၏ နှလုံးသားထဲတွင် တွေးတောနေသောအရာများပင်။
ကြိုးစားအားထုတ်ရုံသက်သက်ဖြင့် မရနိုင်သော အရာတချို့ရှိကြောင်းကို သူတို့ နားလည်သွားကြ၏။ ပါရမီ၊ အချိန်နှင့် ကံတရားတို့သည် မရှိမဖြစ် လိုအပ်နေသည်။
ဤငါးလတာ အလွန်အမင်း ဖိနှိပ်ချုပ်ချယ်မှုအတွင်း သူတို့၏ခွန်အားများ လုံးလုံးလျားလျား ညှစ်ထုတ်ခံခဲ့ရလေပြီ။
ဇီဝဗေဒ စာမေးပွဲ ပြီးဆုံးကြောင်း ခေါင်းလောင်းသံ မြည်လာချိန်၌ လူတိုင်း တည်ငြိမ်စွာဖြင့် ဖောင်တိန်များကို ချလိုက်ကြသည်။ ယခင်ကဲ့သို့ သူတို့ ပြိုလဲသွားခြင်းမရှိသလို ငိုကြွေးခြင်းလည်း မပြုကြတော့ချေ။ သူတို့သည် တိတ်ဆိတ်စွာ မတ်တပ်ရပ်ပြီး စာသင်ခန်းထဲမှ ထွက်ခွာသွားကြ၏။
...
ကန်တင်း၌....
ပတ်ဝန်းကျင်အခြေအနေ ယခင်ကနှင့် လုံးလုံးလျားလျား ကွာခြားနေသည်။
မေးခွန်းလွှာများ ထပ်လုပ်ရန်အတွက် ကပျာကယာ ထမင်းစားရသော အလျင်လိုမှုများ မရှိတော့သည့်အပြင် ထမင်းစားရင်း အသံကျယ်ကျယ်ဖြင့် စာဖတ်နေခြင်းမျိုးလည်း မရှိတော့ချေ။ ထို့အစား အတော်လေး အေးအေးဆေးဆေး ဖြစ်နေသော စားသောက်နေသည့် အခြေအနေတစ်ခုသာ ရှိနေသည်။
"ဒါနဲ့... ငါတို့ ဒီမှာ ရောက်နေတာ အတော်ကြာပြီကို... ငါက မေးခွန်းလွှာတွေပဲ အလုပ်များနေလို့ မင်းရဲ့နာမည်ကိုတောင် မသိသေးဘူး..."
ကစားသမားတစ်ဦးသည် ဗန်းတစ်ခုကို ကိုင်ကာ ချန်ထျန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။
"ဟူး... အဲ့ဒါကို မပြောပါနဲ့တော့... လူတော်တော်များများရဲ့ မျက်နှာတွေကိုပဲ ငါ မှတ်မိတော့တယ်... နာမည်တွေနဲ့ လုံးဝတွဲမသိတော့ဘူး..."
ချန်ထျန်က ပြုံးလိုက်ရာ သူ၏ အပြုံးတွင် စိတ်သက်သာရာရသွားသော အမူအရာတစ်ခု ပါဝင်နေသည်။
"ညီအစ်ကို... ငါက ဝမ်တာယုံ ပါ... မင်းက ချန်ထျန် ဆိုတာ ငါ သိတယ်..."
နံဘေးရှိ တောင့်တင်းကြံ့ခိုင်သော အမျိုးသားတစ်ဦးက ချန်ထျန်၏ပခုံးကို ပုတ်လိုက်၏။
"ငါတို့အားလုံး ဒီနယ်မြေကနေ ထွက်သွားနိုင်ဖို့... ငါ မျှော်လင့်မိတယ်..."
အချိန်တခဏအတွင်း ကန်တင်းတွင် ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သော စစ်မှန်သည့် စကားပြောသံများ ပဲ့တင်ထပ်သွားသည်။
သူတို့ ဘယ်ကလာသလဲ၊ နယ်မြေထဲ မဝင်လာခင်က သူတို့ရဲ့ အလုပ်အကိုင်တွေ၊ သူတို့ရဲ့ မိသားစုတွေ၊ ပြီးတော့ သူတို့ အကြိုက်ဆုံး အစားအစာတွေနဲ့ ဝါသနာတွေ အကြောင်းကို ပြောဖြစ်ခဲ့ကြသည်။
"တက္ကသိုလ်ဝင်တန်းစာမေးပွဲ" ဟူသော တောင်ကြီးအောက်တွင် ဖိနှိပ်ခံထားရသည့် သာမန်ဘဝနှင့် သက်ဆိုင်သော မှတ်ဉာဏ်များနှင့် ခံစားချက်များသည် ဤအချိန်အခိုက်အတန့်တွင် တိတ်တဆိတ် ပြန်လည်၍ နိုးထလာပေ၏။
အမှတ်များနှင့်အဆင့်များကို ဘေးဖယ်ထားလိုက်လျှင် သူတို့သည် ပြိုင်ဘက်များသက်သက် မဟုတ်ဘဲ စကားစမြည်ပြောနိုင်သော "ဘဝတူ ဒုက္ခသည်များ" လည်း ဖြစ်နိုင်သေးသည်ကို သူတို့ တွေ့ရှိသွားကြသည်။
သူတို့ ထွက်သွား၍ မရနိုင်တော့သည်ကို သိလိုက်ရသဖြင့် သူတို့၏စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထားလိုက်ကြခြင်းဖြစ်သည်။
သူတို့၏ စိတ်ခံစားမှုများ တည်ငြိမ်သွားချိန်၌ အရာအားလုံးသည် ဤမျှထိ ကြောက်မက်ဖွယ် မကောင်းတော့ဟု သူတို့ ခံစားမိသည်။
နောက်ထပ် ငါးလလောက် ဆက်နေရုံလေးပဲ မဟုတ်လား....
အဆိုးဆုံးအနေဖြင့် အသစ်ကနေ ပြန်စပြီး နောက်တစ်ကြိမ်ကျလျှင် ထိပ်ဆုံးငါးယောက်စာရင်းဝင်ရန် ရည်မှန်းလိုက်ရုံပင်။
အဆိုးရွားဆုံး ရလဒ်ကို မျှော်လင့်ထားပြီး လက်ခံလိုက်ချိန်၌ လက်ရှိအချိန်သည် အမှန်တကယ်ကို သူတို့အတွက် ပို၍သက်တောင့်သက်သာ ဖြစ်လာသည်။
နောက်ဆုံးမိနစ်တွင် အတင်းအကြပ် စာကျက်နေသည်က အသုံးမဝင်သဖြင့် ဤနောက်ဆုံးအချိန်လေးတွင် ပျော်ပျော်ရွှင်ရွှင်နေပြီး နယ်မြေထဲသို့ ဝင်မလာခင်က ခံစားချက်များကို ပြန်ရှာသည်က ပိုကောင်းပေမည်။
...
ညအချိန်....
အဆောင်၌...
မီးရောင်အောက်တွင် ညဉ့်နက်သည်အထိ စာကျက်ခြင်းများ မရှိတော့သလို ရူးသွပ်စွာ အလွန်အကျွံ ယှဉ်ပြိုင်ခြင်းများလည်း မရှိတော့ချေ။
လူတိုင်းသည် အတူတကွ ထိုင်ကာ သို့မဟုတ် သူတို့၏ ကုတင်များပေါ်တွင် လှဲလျောင်းရင်း နေ့လယ်က စကားဝိုင်းများကို ဆက်လက်၍ ပြောဆိုနေကြသည်။
တစ်စုံတစ်ဦးက သူ၏ အဆော့မက်သော ကလေးအကြောင်း ပြောပြသည်။ တစ်စုံတစ်ဦးက သူ၏ ဇာတိမြေမှ သရေစာများကို လွမ်းဆွတ်ကြောင်း ပြောပြနေကာ တစ်စုံတစ်ဦးက လူတိုင်းကို အားရပါးရ ရယ်မောစေမည့် ရယ်စရာကောင်းသော ဟာသတစ်ခုကိုပင် ပြောပြနေပေ၏။ သူတို့၏ရယ်မောသံများသည် ကျယ်လောင်သော်လည်း ခါးသီးမှု အနည်းငယ်ကမူပုန်းကွယ်၍ ကျန်ရစ်နေဆဲပင်။
နှုတ်ဆက်စကားမပြောမီ ထုံးတမ်းစဉ်လာတစ်ခုကို ပြုလုပ်နေသကဲ့သို့ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ဇာတ်လမ်းများကို မျှဝေနေကြသည်။
အသံများ တဖြည်းဖြည်း တိမ်ဝင်သွားပြီး နောက်ဆုံးတွင် တည်ငြိမ်သော အသက်ရှူသံများဖြင့် အစားထိုး ဝင်ရောက်သွားလေ၏။
ဤနယ်မြေသို့ ရောက်ရှိပြီးကတည်းက ပင်ပန်းနွမ်းနယ်မှုကြောင့် မဟုတ်ဘဲ လူအများအပြား အမှန်တကယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခြင်းမှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်ပင်။
မနက်ခင်း နေရောင်ခြည်၏ ပထမဆုံး ရောင်ခြည်လေးများ စာသင်ခန်းထဲသို့ ဝင်ရောက်လာချိန်၌ ကစားသမားများသည် သူတို့၏နေရာများတွင် ရောက်ရှိနေကြလေပြီ။
သူတို့၏ မျက်လုံးများတွင် ဟာလာဟင်းလင်းနှင့် မျှော်လင့်ချက်မဲ့မှုများ မရှိတော့သလို စိတ်ရောဂါဆန်သော ရူးသွပ်မှုများလည်း မရှိတော့ချေ။ ထို့အစား စိတ်သက်သာရာရမှု အရိပ်အယောင် အနည်းငယ် ပါဝင်သော ရှုပ်ထွေးသည့် တည်ငြိမ်မှုတစ်ခုသာ ရှိနေတော့သည်။
သူတို့သည် သူတို့၏ စားပွဲများကို သပ်ရပ်အောင် ရှင်းလင်းထားပြီး နောက်ဆုံး စာမေးပွဲနှစ်ခုနှင့် နောက်ဆုံး တရားစီရင်မှုကို စောင့်ဆိုင်းနေကြ၏။
မနက်ပိုင်းတွင် ရူပဗေဒ စာမေးပွဲကို ကျင်းပခဲ့သည်။
မေးခွန်းလွှာများကို ဝေငှလိုက်ရာ ရင်းနှီးနေသော စက်ကိရိယာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများ၊ ရှုပ်ထွေးသော ဆားကစ်များ၊ လျှပ်စစ်သံလိုက် လျှပ်ညွှန်းနှင့် အက်တမ် ရူပဗေဒတို့ ပါဝင်သည်။ ဖော်မြူလာများနှင့် ပုံကြမ်းများကို နတ်ဘုရားစာများကဲ့သို့ ပြသထားလေ၏။
သို့သော် ကစားသမားများ၏ တုံ့ပြန်မှုမှာ ယခင်ကနှင့် လုံးလုံးလျားလျား ကွာခြားနေသည်။
မည်သူမျှ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းမကုတ်ကြတော့ချေ။ မည်သူမျှ တီးတိုးမကျိန်ဆဲကြတော့ပေ။ ထို့ပြင် မည်သူမျှ အလွန်အမင်း နာကျင်နေသော အမူအရာကိုပင် မပြသကြတော့ချေ။
သူတို့သည် ရှည်လျားစွာ ကြိုတင်သတ်မှတ်ထားသော နိဂုံးချုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်နေသည့်အလား တည်ငြိမ်စွာဖြင့် ဖောင်တိန်များကို ကောက်ကိုင်လိုက်ကြရုံသာ ဖြစ်ပေ၏။
သူတို့ သိပါက အဆင့်များနှင့် အဖြေများကို ရေးချလိုက်ကြသည်။
သူတို့ မသိပါက ထိုအရာကို အလွတ်ထားခဲ့ကြသည် သို့မဟုတ် သူတို့ စဉ်းစားနိုင်သမျှ အသက်ဆိုင်ဆုံး ဖော်မြူလာများကို ရေးချခဲ့ကြသည်။
ရုန်းကန်နေခြင်းက အဓိပ္ပာယ်မရှိတော့ချေ။ သူတို့သည် သူတို့၏အစွမ်းအစမဲ့မှုကို လက်ခံလိုက်ကြပြီး အဖြေများ ရေးချနိုင်ရန် အတင်းအကြပ် မကြိုးစားကြတော့ချေ။
ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပြီး ညှဉ်းပန်းနှိပ်စက်နေမည့်အစား လွှတ်ချထားလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် လွတ်လပ်ခွင့် ပေးလိုက်ခြင်းက ပိုကောင်းပေ၏။
ကျိုးထျန်ချန်သည် အလေးအနက်ထား၍ ဖြေဆိုနေဆဲဖြစ်သော်လည်း သူ၏ အမြန်နှုန်းမှာ နှေးကွေးသွားသည်။ သူသည် ထွက်ခွာခွင့်ရရန် အမျှော်လင့်ရဆုံးသူ ဖြစ်သောကြောင့် ဤအခွင့်အရေးကို တခြားသူများထက် ပို၍တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့ခြင်းဖြစ်သည်။
ကျိုးထျန်ချန်အပြင် တခြားထိပ်တန်းကျောင်းသားများသည်လည်း အလေးအနက်ထား၍ ဖြေဆိုနေကြ၏။ သူတို့ထဲမှ မည်သူမျှ ဤထွက်ခွာခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ချေ။ မျှော်လင့်ချက်အရှိဆုံး ကစားသမားများအားလုံး အပြင်းအထန် ဖြေဆိုနေကြသည်။
သူတို့ လက်လျှော့လိုက်ပြီဟု ထင်ရသော်လည်း အမှန်အားဖြင့် သူတို့ လုံးဝလက်မလျှော့ခဲ့ကြချေ။ မျှော်လင့်ချက်လေးတစ်မျှင်ကို အမြဲတစေ ဆုပ်ကိုင်ထားကြဆဲပင်။
အကယ်၍ လူတစ်ယောက်ထံ၌ မျှော်လင့်ချက် မရှိတော့လျှင် ထိုလူသည် အမှန်တကယ် ပျက်စီးသွားပေမည်။ သူသည် လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင်နှင့် ဘာမှကွာခြားတော့မည် မဟုတ်ချေ။
မိနစ်တစ်ရာ့ငါးဆယ် အကြာတွင် ရူပဗေဒ စာမေးပွဲ ပြီးဆုံးသွားလေ၏။
အဖြေလွှာများကို သိမ်းဆည်းလိုက်ချိန်၌ လူတိုင်း ရယ်မောလိုက်ကြပြီးနောက် ကန်တင်းဆီသို့ ဦးတည်သွားကြသည်။
သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။ လူတိုင်း၏ စိတ်ခံစားမှု တန်ဖိုးများပင် ၅၀ ရာခိုင်နှုန်းဝန်းကျင်တွင် တည်ငြိမ်သွားခဲ့လေပြီ။
ဆာရာပင်လျှင် အံ့အားသင့်သွားခဲ့သည်။
"ညတွင်းချင်း သူတို့ရဲ့ အပြောင်းအလဲက ဒီလောက်ထိ ကြီးမားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... သူတို့ စာကျက်တာကို ရပ်လိုက်တယ်... အလွန်အကျွံ ယှဉ်ပြိုင်တာကို ရပ်လိုက်တယ်... ပြီးတော့ အနုတ်လက္ခဏာစွမ်းအင် တိုးလာတာကတောင် နှေးသွားတယ်..."
ဆာရာက ချန်လန်ကို ကြည့်လိုက်ပြီး အခက်အခဲကို မြှင့်တင်ကာ သူတို့ကို ပြိုလဲသွားစေရန် အချက်ပြလိုက်သည်။
ချန်လန်က ခေါင်းခါယမ်းလိုက်သည်။
"ဒါက နောက်ဆုံးနေ့ပဲ... သူတို့ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့် ပေးလိုက်ပါ... ဘာပဲဖြစ်ဖြစ် သူတို့ကို နောက်ထပ် ငါးလ စောင့်နေသေးတယ်လေ... ပြီးတော့... ငါတို့အားလုံးက လူသားတွေပဲ မဟုတ်လား..."
သူသည် ငါးလတိုင်တိုင် အလွန်အမင်း ရက်စက်ခဲ့ပြီး နတ်ဆိုးတစ်ကောင်ကဲ့သို့ ပြုမူခဲ့သော်လည်း ဤနောက်ဆုံးနေ့လေးတွင်မူ ဤသနားစရာကောင်းသော လူများကို အနည်းငယ် ပို၍ သက်တောင့်သက်သာ ဖြတ်သန်းခွင့် ပေးလိုက်ပေမည်။
သူ၏လူသားဆန်မှု လုံးလုံးလျားလျား ပျောက်ကွယ်မသွားသေးချေ။
"ကောင်းပြီလေ...နင့်ရဲ့စကားကို ငါ နားထောင်ပါ့မယ်... ဘာပဲဖြစ်ဖြစ် တစ်ရက်တည်းနဲ့ အနုတ်လက္ခဏာစွမ်းအင်တွေ အများကြီးတော့ တိုးမလာနိုင်ပါဘူး... ငါတို့ မနက်ဖြန် အဆင့်သတ်မှတ်ချက် ရနိုင်တယ်... ငါတို့က သေချာပေါက် SSSအဆင့် ရမှာပဲ... ပြီးတော့ ကမ္ဘာတစ်ဝန်းလုံးအတွက် ဖွင့်ပေးလိုက်တာနဲ့ အနုတ်လက္ခဏာစွမ်းအင်က တစ်ရက်တည်းနဲ့တင် သိန်းနဲ့ချီပြီး တက်လာမှာ..."
ဆာရာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ သူမသည် အလုပ်သင် စီမံခန့်ခွဲသူ တစ်ယောက်သာ ဖြစ်သော်လည်း SSSအဆင့် နယ်မြေတစ်ခုကို ပိုင်ဆိုင်ရတော့ပေမည်။
အကယ်၍ တခြားစီမံခန့်ခွဲသူများသာ သိသွားလျှင် သူမကို မနာလိုဖြစ်လွန်းသဖြင့် သူတို့ကိုယ်သူတို့ သတ်သေသွားနိုင်သည်။
"အင်း... ငါ့ရဲ့နယ်မြေအသစ်လည်း ပြီးလုနီးပါး ဖြစ်နေပြီ... မနက်ဖြန်လောက်ဆို တင်ပြလို့ ရပြီ... ငါ အဲ့ဒါကို အရင်ဆုံး ပြီးပြည့်စုံအောင် လုပ်လိုက်ဦးမယ်... မင်း အထက်တန်းနောက်ဆုံးနှစ်ကို ဆက်ပြီးစောင့်ကြည့်နေလိုက်..."
ထိုသို့ပြောဆိုပြီးနောက် ချန်လန်သည် သူ၏ ရှေ့ရှိ လေဟာနယ်ထဲတွင် လက်များကို လှုပ်ရှားကာ ဒုတိယနယ်မြေကို စိတ်ကြိုက်ဖန်တီးနေလေ၏။
ဒုတိယနယ်မြေသည်လည်း သူ၏ အတိတ်ဘဝတွင် သူ ကြုံတွေ့ခဲ့ဖူးသော အရာတစ်ခုပင်။ ထိုစဉ်က သူသည် ရက်အနည်းငယ်မျှသာ ကြုံတွေ့ခဲ့ရသော်လည်း ပြိုလဲလုနီးပါး ဖြစ်ခဲ့သည်။ ဤသည်မှာ အထက်တန်းနောက်ဆုံးနှစ်ထက် မလွယ်ကူသလို အနည်းငယ် ပို၍ပင် မျှော်လင့်ချက်မဲ့စရာ ကောင်းနေပေ၏။
ဒုတိယနယ်မြေသည်လည်း SSSအဆင့် သတ်မှတ်ခံရမည်မှာ သေချာကြောင်း သူ ယုံကြည်ထားသည်။
"ကောင်းပြီလေ... အေးအေးဆေးဆေး ပြီးပြည့်စုံအောင် လုပ်ပါ... မလောပါနဲ့... ဖြည်းဖြည်းချင်း သွားပြီး ဒုတိယနယ်မြေက အထက်တန်းနောက်ဆုံးနှစ်ထက် သာလွန်ပြီး ပိုကောင်းလာအောင် ကြိုးစားပါ..." ဆာရာသည် ချန်လန်ကို အားပေးလိုက်၏။
ချန်လန်က ခေါင်းညိတ်လိုက်ပြီး ဆာရာ့ကို ထပ်မံ၍ ဂရုမစိုက်တော့ချေ။
ဆာရာ၏အကြည့်များ အထက်တန်းနောက်ဆုံးနှစ် နယ်မြေဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
နောက်ဆုံးစာမေးပွဲဖြစ်သော ဓာတုဗေဒဘာသာရပ်စတင်လေပြီ။