အခန်း ၅၂
Vol. 6 Ch. 52
အခန်း (၅၂) SSSအဆင့် နယ်မြေကို ဖန်တီးနိုင်တဲ့အတွက် ချန်လန်ကို ဂုဏ်ပြုပါတယ်... အထက်တန်းနောက်ဆုံးနှစ်
"ပဉ္စမ စတုတ္ထနဲ့ တတိယနေရာ ရတဲ့သူတွေက တစ္ဆေဒင်္ဂါးပြား ၅၀ ၁၀၀နဲ့ ၁၅၀ အသီးသီး ရရှိမယ်..."
ဤစကားကို ကြားသောအခါ ဆွန်းမေ၊ထန်ဟောင်နှင့် ချန်ချွန်းတို့ လန့်ဖျပ်သွားပြီးနောက် အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားကြ၏။
တစ္ဆေဒင်္ဂါးပြားတွေ အများကြီးပါလား...
တစ္ဆေဒင်္ဂါးပြားတစ်ပြားကို ယွမ်တစ်သန်းတန်ဖိုးရှိရာ ၅၀ ဆိုလျှင် ယွမ် သန်း ၅၀ပင်။ သူတို့သည် နယ်မြေထဲတွင် ငါးလတိုင်တိုင် နေခဲ့ရသော်လည်း ပြင်ပကမ္ဘာတွင်မူ အလွန်ဆုံး နှစ်လပင် မပြည့်သေးချေ။
တစ်နည်းအားဖြင့် ပြောရလျှင် သူတို့သည် တစ်လကျော်လေးအတွင်းမှာပင် ယွမ်သန်းပေါင်းများစွာ သို့မဟုတ် သန်းတစ်ရာအထိပင် ရရှိခဲ့ခြင်း ဖြစ်ပေ၏။
ဤမျှထိ များပြားသော ငွေကြေးသည် သူတို့၏ လက်ရှိဘဝများကို တိုးတက်စေရန်နှင့် ကြွယ်ဝချမ်းသာစွာ နေထိုင်နိုင်ရန် လုံလောက်သည်။
အကယ်၍ သူတို့သည် နောက်ထပ် နယ်မြေတစ်ခုထဲသို့ ထပ်မဝင်လျှင်ပင် သူတို့သည် ပျော်ရွှင်စွာဖြင့် တသက်လုံး နေထိုင်သွားနိုင်ပေမည်။
ဤမျှများပြားသော တစ္ဆေဒင်္ဂါးများအကြောင်း ကြားရသောအခါ တခြားသူများသည် အလွန်အမင်း အံ့အားသင့်သွားပြီး မနာလို ဖြစ်သွားကြ၏။
"သောက်ကျိုးနည်း... ပဉ္စမနေရာတောင်မှ တစ္ဆေဒင်္ဂါး၅၀ တဲ့လား... အဲ့ဒါက ယွမ်သန်း ၅၀ လေ... ဒီနယ်မြေက အရမ်းကို ရက်ရောလွန်းတယ်..."
"ဆုလာဘ်တွေ ပိုများလေလေ နယ်မြေရဲ့ အဆင့်က ပိုမြင့်လေပဲ... ဒါက စမ်းသပ်ကာလပဲ ရှိသေးတာတောင် ဒင်္ဂါးတွေ ဒီလောက်ထိ အများကြီး ပေးတယ်ဆိုတော့... အနာဂတ်မှာ သေချာပေါက် SSSအဆင့် နယ်မြေ ဖြစ်လာမှာပဲ..."
"မဖြစ်နိုင်တာ... သေဆုံးမှုသတ်မှတ်ချက် မရှိတဲ့ SSSအဆင့် နယ်မြေလား... အဲ့ဒါက တကယ်ကြီးလား..."
"ချက်ချင်း သူဌေးဖြစ်တာပဲ... တကယ်ကို ချက်ချင်း သူဌေးဖြစ်တာပဲ... ဒီလိုကြည့်ရင် ဒီနယ်မြေက တကယ့်ကို သဘောကောင်းတယ်... တခြားနယ်မြေတွေမှာ မင်းရဲ့အသက်ကို ပေးရင်တောင် ဒီလောက်ထိ ပိုက်ဆံ အများကြီး မရနိုင်ဘူး... ဒါပေမဲ့ ဒီမှာကျတော့ မင်း သေမှာ မဟုတ်ဘူး... အလွန်ဆုံး ငါးလလောက် ညှဉ်းပန်းနှိပ်စက်ခံရမယ်... တကယ်လို့ အောင်မြင်ရင် အနည်းဆုံး သန်း ၅၀ ရမယ်..."
အထူးသဖြင့် ကျိုးထျန်ချန်ပင်။ သူက အံ့အားသင့်နေသော မျက်နှာဖြင့် ဆရာမကို ကြည့်လိုက်သည်။ ဆုလာဘ်များက ဤမျှထိ ကောင်းမွန်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
ယခင်က သူ Cအဆင့် နယ်မြေကို ရှင်းလင်းခဲ့စဉ်က ဆုလာဘ်သည် အလွန်နည်းပါးလှ၏။ ဤနယ်မြေသည် တစ္ဆေဒင်္ဂါးသုံးရာကို အမှန်တကယ် ပေးအပ်ခဲ့ပြီး ပထမနေရာရရှိသူအဖြစ် သူ၏ဆုလာဘ်မှာ ပို၍ပင် များပြားပေလိမ့်မည်။
ဤတစ်ကြိမ်တွင် သူ အမှန်တကယ် ချမ်းသာလေပြီ။
သူတို့ မသိသောအရာမှာ ဤတစ္ဆေဒင်္ဂါးများသည် သူတို့အတွက် ကြီးမားသောပိုင်ဆိုင်မှုတစ်ခု ဖြစ်ပုံရသော်လည်း ချန်လန်အတွက်မူ ပင်လယ်ထဲမှ ရေတစ်စက်မျှသာ ဖြစ်ပေ၏။
သူ၏ အနုတ်လက္ခဏာစွမ်းအင်များဖြင့် တစ္ဆေဒင်္ဂါး သန်းပေါင်းများစွာနှင့် လဲလှယ်နိုင်သည်။
"ဒုတိယနေရာက ဟန်ထျန်ယွီ... တစ္ဆေဒင်္ဂါးသုံးရာနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်ရေး ဆေးရည် တစ်ပုလင်း ရရှိပါတယ်..."
ဤစကားကို ကြားသောအခါ ဟန်ထျန်ယွီ ချက်ချင်း ပြုံးလိုက်သည်။ လွန်ခဲ့သော ငါးလတာအတွင်းရှိ သူ၏မျှော်လင့်ချက်မဲ့မှုများ ချက်ချင်းပျောက်ကွယ်သွားပြီး အလွန်အမင်း စိတ်လှုပ်ရှားမှုက အစားထိုး ဝင်ရောက်လာပေ၏။
ဘာတစ်ခုမှ အလကား မဖြစ်ခဲ့ဘူး....တစ်လကျော်လေးအတွင်းမှာ ဒီလောက် ဆုလာဘ်တွေ အများကြီး ရခဲ့တယ်...ငါ ထွက်သွားပြီးတဲ့နောက်မှာ ငါ့ရဲ့ဘဝက လုံးဝကို ပြောင်းလဲသွားတော့မှာပဲ...
သူ တွေးတောလိုက်သည်။
လူတိုင်း ဆရာမကို အလွန်အမင်း ကြီးမားသော မျှော်လင့်ချက်များဖြင့် ကြည့်လိုက်ကြပြီး ကျိုးထျန်ချန်၏ဆုလာဘ် ဘာဖြစ်မည်ကို မြင်တွေ့လိုကြသည်။ ကျိုးထျန်ချန်ကိုယ်တိုင်လည်း စိုးရိမ်ပူပန်ပြီး စိတ်လှုပ်ရှားနေလေ၏။
"ကျိုးထျန်ချန်... မင်းက တစ္ဆေဒင်္ဂါးငါးရာနဲ့ ကြေးအဆင့် တုန်လှုပ်ချောက်ချားလက်နက်ဖြစ်တဲ့ ဆန်းကြယ်လက်သည်းကို ရရှိတယ်..."
ဤစကားကို ကြားလိုက်ရသည်နှင့် တပြိုင်နက် ကျိုးထျန်ချန် အလွန်အမင်း ဝမ်းသာသွားသည်။ တုန်လှုပ်ချောက်ချားလက်နက်က မည်သည့်အရာဖြစ်သည်ကို သူ ကောင်းစွာသိရှိထားသည်။ ဤသည်မှာ လူသားများက သဘာဝလွန်သတ္တဝါများကို ရင်ဆိုင်ရာတွင် အသုံးပြုသော ထက်ရှသည့် လက်နက်တစ်ခုပင်။ တုန်လှုပ်ချောက်ချားလက်နက်တစ်ခုကို သူ အမှန်တကယ် ရရှိခြင်းမှာ အလွန်အံ့အားသင့်ဖွယ်ကောင်းပေ၏။
တခြားသူများ ပို၍ပင် မနာလိုဖြစ်သွားကြသည်။ ဤသည်မှာ တုန်လှုပ်ချောက်ချားလက်နက်ပင်။ ကျိုးထျန်ချန်သည် သူ့ဘဝ၏ အမြင့်ဆုံးနေရာသို့ ခြေချနိုင်လေပြီ။
"ဆုလာဘ်တွေကို ကြေညာပြီးပြီ... မင်းတို့ ထွက်သွားလို့ရပြီ..."
စကားအဆုံးတွင် တရုတ်စာဆရာမက လက်ဖျောက်တီးလိုက်ရာ စာသင်ခန်းတံခါးဝတွင် အဖြူရောင်တံခါးတစ်ချပ် ထွက်ပေါ်လာသည်။
"ဒီတံခါးကတစ်ဆင့် မင်းတို့က လက်တွေ့ကမ္ဘာကို ပြန်ရောက်သွားလိမ့်မယ်... ကျန်တဲ့သူတွေ မလှုပ်နဲ့..."
စကားတစ်ခွန်းတည်းဖြင့် ပြေးထွက်သွားချင်နေသော အခြားသူများကို သူမက ဟန့်တားလိုက်သည်။ ထိုလူများသည် သူတို့၏ကုလားထိုင်များတွင် အေးခဲတောင့်တင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး မလှုပ်ရှားနိုင်တော့ချေ။ သူတို့သည် ထွက်ပေါက်က သူတို့၏မျက်စိရှေ့တွင် ရှိနေသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဆွန်းမေသည် ထွက်ပေါက်ကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ထွက်ပြေးသွားလေ၏။ သူမ တံခါးကို ဖြတ်ကျော်သွားသည်နှင့် တပြိုင်နက် အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်။
ဤသည်ကို မြင်သောအခါ ထန်ဟောင်နှင့် ချန်ချွန်းတို့လည်း လက်တွေ့ကမ္ဘာသို့ပြန်ရန် အပြေးသွားကြသည်။
နောက်ဆုံးတွင် ကျိုးထျန်ချန်နှင့်ဟန်ထျန်ယွီတို့ တပြိုင်နက်တည်း မတ်တပ်ရပ်လိုကသည်။ သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြ၏။
"လက်တွေ့ကမ္ဘာမှာ တွေ့ကြတာပေါ့..."
ဟန်ထျန်ယွီ ဝင်သွားပြီးနောက် ကျိုးထျန်ချန်သာ ကျန်ရစ်ခဲ့တော့သည်။ သူက လူအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။
"နှုတ်ဆက်ပါတယ်... မင်းတို့ မြန်မြန် ထွက်လာနိုင်ဖို့ ငါ မျှော်လင့်ပါတယ်..."
ထိုသို့ပြောပြီးနောက် သူ အတွင်းသို့ ဝင်ရောက်သွားပြီး တံခါးသည် ချက်ချင်းပိတ်သွားလေ၏။
တံခါး ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လူတိုင်း ရုတ်တရက် တစ်စုံတစ်ခု ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဆရာမ၏အပြုံးသည် ပျောက်ကွယ်သွားပြီး သူမက အေးစက်သော အကြည့်ဖြင့် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။
"အခု အားလပ်ရက် ရောက်ပြီ... ကျောင်းပိတ်တယ်... မင်းတို့ အိမ်ပြန်ပြီး ကျောင်းပြန်ဖွင့်မယ့် အချိန်ကို စောင့်ရမယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူတိုင်း မျှော်လင့်ချက်မဲ့သွားကြသည်။ သူတို့ အိမ်ပြန်ပြီး ကျောင်းပြန်ဖွင့်မည့်အချိန်ကို စောင့်ရပေမည်။
"နောက်တစ်ခါ ပြန်တွေ့ကြတာပေါ့..."
သူမ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် ဆရာမသည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး အခြားသူများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သူတို့၏ သက်ဆိုင်ရာ အိမ်များသို့ အသီးသီး ပြန်လည်ရောက်ရှိသွားကြ၏။
"ဟင့်အင်း..."
စူးရှပြီး ငြင်းဆန်လိုက်သော အော်ဟစ်သံတစ်သံသည် ဤစာသင်ခန်းအတွင်း၌ နောက်ဆုံးပဲ့တင်ထပ်သံ ဖြစ်လာခဲ့သည်။
...
ပြင်ပကမ္ဘာ၌...
နယ်မြေသည် အဆုံးသတ်သို့ ရောက်ရှိသွားလေပြီ။
"ပြီးသွားပြီ..."
နယ်မြေမျက်နှာပြင်ပေါ်တွင် စာသားတစ်ကြောင်း ထွက်ပေါ်လာသည်ကို ကြည့်ရင်း ဆာရာက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
【နယ်မြေ ပြီးဆုံးပါပြီ... တွက်ချက်ခြင်းနှင့် အဆင့်သတ်မှတ်ခြင်း... ကျေးဇူးပြု၍ စောင့်ဆိုင်းပါ...】
ယခုလောလောဆယ်တွင် နယ်မြေသည် အနုတ်လက္ခဏာစွမ်းအင် သုံးသိန်းကျော်ကို စုဆောင်းရရှိခဲ့လေပြီ။ ထိုကြောင့် SSSအဆင့် သတ်မှတ်ချက်က သေချာပေါက် ရရှိပေမည်။
"ဆာရာ... ငါ့ရဲ့ ဒုတိယနယ်မြေလည်း အပြီးသတ်ပြီးပြီ... တင်ပြလိုက်တော့..."
"တကယ်ပြောနေတာလား... ငါ့ကို ပြပါဦး..."
ဆာရာသည် ဒုတိယနယ်မြေကို ကြည့်လိုသဖြင့် နယ်မြေဖိုင်များကို ကပျာကယာ ဖွင့်လိုက်သည်။
သို့သော် သူမ မကြည့်နိုင်မီ သူမ၏ရှေ့တွင် ဖိတ်စာတစ်စောင် ထွက်ပေါ်လာသည်။
【တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှ သင့်အား အဆင့်သတ်မှတ်ခြင်း အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားအပ်ပါသည်】
အလားတူပင် ချန်လန်လည်း ဤမက်ဆေ့ချ်ကို ရရှိခဲ့ပြီး အနည်းငယ် ကြက်သေသေသွားလေ၏။
"အဲ့ဒါက တုန်လှုပ်ချောက်ချားနတ်ဘုရားကို ကျော်လွန်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာက တိုက်ရိုက် ပို့တဲ့ ဖိတ်စာပဲ..."
ဆာရာသည် ချန်လန်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။
"ပုံမှန်အရဆိုရင် SSSအဆင့် ဖန်တီးသူတွေကိုမှ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာက ဖိတ်ကြားတာ... ငါတို့ အောင်မြင်သွားပြီ..."
အချိန်တခဏအတွင်း အဆင့်သတ်မှတ်ချက် စတင်ခဲ့ပြီး နောက်တခဏတွင် ဖိတ်စာ ရောက်ရှိလာသည်။ သူတို့ကို တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာတစ်ခုလုံးက သိရှိလာတော့မည်ဖြစ်ပြီး ကမ္ဘာတဝှမ်း၌ ကျော်ကြားမှုကို ရရှိတော့ပေမည်။
"သွားကြစို့..."
ချန်လန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ ဤသို့ဖြစ်လာသဖြင့် သူတို့ တက်ရောက်ရပေမည်။
နောက်တစ်စက္ကန့်တွင် ချန်လန်နှင့် ဆာရာတို့ အတည်ပြုသည်ကို နှိပ်လိုက်ပြီး ချက်ချင်းပျောက်ကွယ်သွားကြ၏။
..
အခမ်းအနား ကျင်းပရာနေရာ၌...
ချန်လန်နှင့် ဆာရာတို့ အမြင်အာရုံ ပြန်လည်ရရှိချိန်၌ သူတို့သည် ဖော်ပြ၍မရနိုင်လောက်အောင် ခမ်းနားထည်ဝါလွန်းသော နေရာတစ်ခုသို့ ရောက်ရှိနေလေပြီ။
ဤသည်မှာ သီးခြားကြယ်တာရာကောင်းကင်တစ်ခုနှင့် တူညီပြီး သူတို့၏ ခြေအောက်တွင် နဂါးငွေ့တန်း ဂလက်ဆီတစ်ခု စီးဆင်းနေကာ သူတို့၏ ခေါင်းပေါ်တွင် လှည်ပတ်နေသော ကြယ်စင်တန်းများ ရှိနေပေ၏။
အစွမ်းထက်သော သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို ထုတ်လွှတ်နေသည့် မရေမတွက်နိုင်သော ပုံရိပ်များက အတွင်း၌ လွင့်မျောနေကြသည်။ ပုံရိပ်တချို့သည် တွန့်လိမ်နေသော အရိပ်များကဲ့သို့ ဖြစ်ပြီး တချို့က ကြော့ရှင်းသော လူသားပုံစံများဖြစ်ကာ တချို့မှာမူ လုံးလုံးလျားလျား နားလည်၍မရနိုင်သော သတ္တဝါများ ဖြစ်သည်။
သူတို့အားလုံးသည် အစွမ်းထက်သော သဘာဝလွန် သတ္တဝါများ၊ ဝါရင့်နယ်မြေဖန်တီးသူများနှင့် တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာတွင် အဆင့်အတန်းရှိသော စီမံခန့်ခွဲသူများ ဖြစ်ကြ၏။
ပတ်ဝန်းကျင်နေရာတဝိုက်သည် မနာလိုမှုနှင့်လောဘစသည့် ရှုပ်ထွေးသော စိတ်ခံစားမှုများကဲ့သို့ အမျိုးမျိုးသော အနုတ်လက္ခဏာစွမ်းအင်များ၏ အငွေ့အသက်များ ထူထပ်သိပ်သည်းစွာ ရှိနေသည်။
ချန်လန်နှင့်ဆာရာတို့၏ ထွက်ပေါ်လာမှုက ပတ်ဝန်းပကျင်နေရာတွင် ရှိနေသူများ၏ စိတ်အာရုံကို ချက်ချင်းဆွဲဆောင်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် လက်ရှိတွင် အလယ်တည့်တည့်ရှိ ဆုပေးစင်မြင့်ပေါ်တွင် မတ်တတ်ရပ်နေသောကြောင့်ပင်။
ချန်လန်သည် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာတချို့ကို တွေ့လိုက်ရလေ၏။ ဤဿည်မှာ သခင်ဟေးယွီနှင့် သူ တုန်လှုပ်ချောက်ချားဖွယ် အစည်းအဝေးခန်းမတွင် တွေ့ခဲ့ဖူးသော အဆင့်မြင့် စီမံခန့်ခွဲသူနှစ်ဦးပင်။
ဤနေရာရှိ သဘာဝလွန် သတ္တဝါအားလုံးသည် အတင်းအကျပ် ရွှေ့ပြောင်းခံရပြီး ဤအခမ်းအနားကို တက်ရောက်ခဲ့ရခြင်း ဖြစ်ပေ၏။
SSSအဆင့် နယ်မြေတစ်ခု ထွက်ပေါ်လာတိုင်း သူတို့သည် ဤကဲ့သို့ ပါဝင်ရန် အတင်းအကျပ် ခိုင်းစေခြင်းခံရလေ့ရှိသည်။ ဤသည်မှာ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာ၏ နည်းလမ်းတစ်ခုဖြစ်ပြီး ပို၍တိကျအောင် ပြောရလျှင် မဟာနတ်ဘုရား၏ နည်းလမ်းတစ်ခုပင်။
ဤသည်မှာ SSSအဆင့် နယ်မြေသစ်တစ်ခု ထွက်ပေါ်လာပြီး ပါရမီရှင်ဖန်တီးသူအသစ်တစ်ဦး ထွက်ပေါ်လာပြီဖြစ်ကြောင်း သူတို့အားလုံးကို ပြသရန်ဖြစ်ပြီး ပို၍ကောင်းမွန်သော နယ်မြေများကို သင်ယူရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖိအားများကို ခံစားရစေရန်ပင်။
【SSSအဆင့် နယ်မြေကို ဖန်တီးနိုင်တဲ့အတွက် ချန်လန်ကို ဂုဏ်ပြုပါတယ်...အထက်တန်းနောက်ဆုံးနှစ်နယ်မြေ】
【အလယ်အလတ်အဆင့် နယ်မြေဖန်တီးသူအဖြစ် ရာထူးတိုးမြှင့်ခြင်း】
【ဆာရာ..... အလယ်အလတ်အဆင့် နယ်မြေစီမံခန့်ခွဲသူအဖြစ် ရာထူးတိုးမြှင့်ခြင်း】
【အထက်တန်းနောက်ဆုံးနှစ် နယ်မြေ၏ အလားအလာသည် SSSအဆင့်ထက် များစွာ သာလွန်သောကြောင့် နယ်မြေနေရာများ ပို၍ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ကမ္ဘာတဝှမ်းလုံးအတွက် ရရှိနိုင်ပေမည်】
【ဤမျှထိ အလားအလာကောင်းသော နယ်မြေတစ်ခုကို လူသားတစ်ယောက်က ဖန်တီးနိုင်သည့်အတွက် ချန်လန်ကို စိန်အဆင့် တုန်လှုပ်ချောက်ချားလက်နက် ကြောက်ရွံ့မှုသတ်ဓားအား အထူးဆုချီးမြှင့်ပါသည်】