အခန်း ၅၃
Vol. 6 Ch. 53
အခန်း (၅၃) ချက်ချင်း ကျော်ကြားသွားပြီး ကမ္ဘာတဝှမ်းလုံးရဲ့ ချီးကျူးမှုကို ရရှိခြင်း
အချိန်တခဏအတွင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ရုတ်တရက် ကျဆင်းလာသည်။
လက်ရှိနေရာရှိ တစ္ဆေများသည် ကြမ်းပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်လိုက်ကြပြီး တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။
"အရှင့်ကို ကြိုဆိုပါတယ်..."
ချန်လန် မော့ကြည့်လိုက်ရာ တုန်လှုပ်ချောက်ချားနတ်ဘုရား မိုကာ မိုးကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏နံဘေးရှိ ဆာရာကလည်း ကပျာကယာ ဒူးထောက်ကာ အော်ဟစ်လိုက်သည်။
ဤနေရာတစ်ခုလုံးတွင် ချန်လန်တစ်ဦးတည်းသာ ဒူးမထောက်ခဲ့ချေ။
ဤအတွက် မိုကာသည် မည်သည့် မကျေနပ်မှု အရိပ်အယောင်ကိုမျှ မပြသခဲ့ချေ။ ထို့အစား သူသည် ချန်လန်၏ရှေ့တွင် ဖြည်းညှင်းစွာ ဆင်းသက်လာပြီး သူ၏နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားလေ၏။
"SSSအဆင့် နယ်မြေကို ဖန်တီးနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်..."
ဤစကားကို ကြားသောအခါ ချန်လန်က သူ၏စိတ်ထဲမှ အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။ မိုကာ၏ ပုံစံမှာ သူ အမုန်းဆုံး လုပ်ဖော်ကိုင်ဖက်တစ်ဦး ရာထူးတိုးသွားသဖြင့် သူဌေးက အတင်းအကျပ် ဂုဏ်ပြုခိုင်းနေသကဲ့သို့ ဖြစ်ပြီး သူ မလုပ်၍ မရသောကြောင့်သာ လုပ်နေရခြင်းဖြစ်သည်။
ကြည့်ရသည်မှာ တုန်လှုပ်ချောက်ချားနတ်ဘုရားပင်လျှင် ဤအခမ်းအနားအတွင်း သူ့ကို တစ်ခုခု မလုပ်ရဲပုံရသည်။
"ကျေးဇူးတင်ပါတယ် တုန်လှုပ်ချောက်ချားနတ်ဘုရား အရှင်..."
ချန်လန်က ခေါင်းညိတ်လိုက်၏။
သူတို့ကြားတွင် မကျေနပ်မှုများ ရှိနေသော်လည်း အပြင်ပန်းတွင် သူ၏ရှေ့မှ သတ္တဝါသည် တုန်လှုပ်ချောက်ချားနတ်ဘုရား ဖြစ်နေဆဲပင်။ လူပုံအလယ်တွင် တစ်ဖက်လူနှင့် သူ ပွင့်ပွင့်လင်းလင်း ပြဿနာတက်၍ မရနိုင်ချေ။
သူ၏ စကားအဆုံးတွင် ကြောက်ရွံ့မှုနှင့် အတုအယောင်များအားလုံးကို ဖြတ်တောက်နိုင်စွမ်းရှိပုံရသော မျက်စိကျိန်းစရာကောင်းအောင် တောက်ပသည့် စိန်ကဲ့သို့ အလင်းတန်းတစ်တန်းသည် မိုးကောင်းကင်ယံမှ ကျဆင်းလာပြီး ချန်လန်၏ရှေ့တွင် ဖြည်းညှင်းစွာ လွင့်မျောနေပေ၏။
ထိုအလင်းတန်းသည် တဖြည်းဖြည်း စုစည်းသွားပြီး အမြင့်ဆုံး ဂုဏ်ကျက်သရေများကို ထုတ်လွှတ်နေသော ရှေးဟောင်းပုံစံ ဓားရှည်တစ်လက်၏ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဓားသွားအတွင်း၌ ကြယ်မြစ်များ စီးဆင်းနေသကဲ့သို့ ထင်ရပြီး တုန်လှုပ်ချောက်ချားဖွယ် သဘောတရားအားလုံးကို သတ်ဖြတ်နိုင်သော အစွမ်းထက်သည့် စွမ်းအားတစ်ခု ပါဝင်နေသည်။
ဤဓားကို ကြည့်ရင်း လက်ရှိနေရာရှိ မရေမတွက်နိုင်သော တစ္ဆေများသည် ကြောက်ရွံ့မှု၊ မနာလိုမှုနှင့် အံ့အားသင့်မှု အမူအရာများကို ပြသနေကြ၏။
ကြောက်ရွံ့မှုသတ်ဓား...
စိန်အဆင့် တုန်လှုပ်ချောက်ချားလက်နက်တစ်ခု..
တုန်လှုပ်ချောက်ချားလက်နက်များကို ကြေး၊ ငွေ၊ ခရမ်းရွှေ၊ အနီရောင်ဖန်သား၊ စိန်၊ အင်ပါယာဘုရင်၊ ပျက်စီးခြင်းနှင့် အိပ်မက်ဟူ၍ ခွဲခြားထားသည်။
ဈေးကွက်တွင် ကြေးအဆင့် တုန်လှုပ်ချောက်ချား လက်နက်တစ်ခုလျှင် အနုတ်လက္ခဏာစွမ်းအင် တစ်ရာ ကျသင့်ပြီး အနီရောင်ဖန်သားအဆင့် လက်နက်တစ်ခုလျှင် တစ်သန်း ကျသင့်နေလေပြီ။ စိန်အဆင့် တုန်လှုပ်ချောက်ချား လက်နက်တစ်ခုသည် သန်းနှစ်ဆယ်မှ စတင်သည့်အပြင် ဈေးသာရှိပြီး ပစ္စည်းမရှိချေ။
ဤကြောက်ရွံ့မှုသတ်ဓား၏ စွမ်းအားသည် တစ္ဆေဘုရင်အောက်ရှိ မည်သည့်သက်ရှိကိုမဆို သတ်ဖြတ်ရန် လုံလောက်သည်။ လက်ရှိ တစ္ဆေအများစုမှာ တစ္ဆေဘုရင်များ ဖြစ်ကြ၏။
တစ်နည်းအားဖြင့် ပြောရလျှင် ဤဓားသည် သူတို့အားလုံး၏ ခေါင်းများကို ဖြတ်ပစ်ရန် လုံလောက်နေသည်။
ထို့ပြင် ထိုလက်နက်ကို လူသားတစ်ယောက်က ယူဆောင်သွားခဲ့သလော....
"ဂုဏ်ပြုပါတယ်... အမြင့်မြတ်ဆုံး တုန်လှုပ်ချောက်ချားနတ်ဘုရားက ချီးမြှင့်တဲ့ ကြောက်ရွံ့မှုသတ်ဓားကို မင်း ရရှိသွားပြီ... အရင်တုန်းက ငါ SSSအဆင့် နယ်မြေကို ဖန်တီးခဲ့တုန်းကတောင် ဒီလောက်ကောင်းတဲ့ ရတနာမျိုး မရခဲ့ဘူး..."
တုန်လှုပ်ချောက်ချားနတ်ဘုရားသည် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုဖြင့် ကြောက်ရွံ့မှုသတ်ဓားကို ချန်လန်ထံ လက်ကမ်းပေးလိုက်၏။
သူ၏ လေသံမှာ အလွန်တည်ငြိမ်နေသော်လည်း တစ္ဆေအများအပြားသည် တုန်လှုပ်ချောက်ချားနတ်ဘုရား မနာလိုဖြစ်နေကြောင်းကို ကြားသိနိုင်ကြသည်။
သို့သော် ဤသည်မှာ အဓိပ္ပာယ် ရှိပေ၏။ ယခင်က မည်သူသည် ဤမျှထိ ကောင်းမွန်သော ရတနာမျိုးကို ရရှိခဲ့ဖူးသနည်း။ ဤလူသားသည် SSSအဆင့် နယ်မြေတစ်ခုကို ဖန်တီးလိုက်ရုံဖြင့် မည်သည်ကြောင့် ကြောက်ရွံ့မှုသတ်ဓားကို ရခဲ့သနည်း။
သူသည် အပြာရောင်ကြယ်ပေါ်မှာရှိသော အမြင့်မြတ်ဆုံး မဟာတုန်လှုပ်ချောက်ချားနတ်ဘုရား၏ တရားမဝင်သား ဖြစ်နေသလောဟု သူတို့ တွေးတောမိကြ၏။
"ကျေးဇူးတင်ပါတယ်..."
ချန်လန်သည် ကြောက်ရွံ့မှုသတ်ဓားကို ကိုင်လိုက်သည်နှင့် တပြိုင်နက် စကြဝဠာတစ်ခုကို ဆုပ်ကိုင်ထားရသည့်အလား အဆုံးမရှိသော စွမ်းအားတစ်ခုကို ချက်ချင်းခံစားလိုက်ရသည်။
သူ၏လက်ထဲရှိ ဓားကို ကြည့်ရင်း ချန်လန်၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။ မည်မျှထိ အစွမ်းထက်သော တုန်လှုပ်ချောက်ချားလက်နက် ဖြစ်သနည်း။ ထိုအရာကို ကိုင်ဆောင်ထားရုံဖြင့် တစ္ဆေများအားလုံးကို သူ သုတ်သင်ပစ်နိုင်မည်ဟု ခံစားလိုက်ရသည်။
တုန်လှုပ်ချောက်ချားနတ်ဘုရားသည် ချန်လန်ကို ကြည့်ခြင်းမှ ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်တဝိုက်လုံးကို လှည့်ကြည့်ကာ သူ၏ကြီးကျယ်ခမ်းနားသော အသံသည် ကြယ်တာရာကောင်းကင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
"အခု... တုန်လှုပ်ချောက်ချားနတ်ဘုရားရဲ့ နာမည်နဲ့... နယ်မြေ 'အထက်တန်းနောက်ဆုံးနှစ်' ကို တရားဝင် SSSအဆင့် အဖြစ် ငါ ကြေညာတယ်..."
"ကမ္ဘာတဝှမ်းလုံး အောင်ပွဲခံကြစမ်း..."
သူ စကားပြောပြီးသည်နှင့် တပြိုင်နက် မိုကာက လက်ဖျောက်တီးလိုက်သည်။
အချိန်တခဏအတွင်း တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာ တစ်ခုလုံးတွင် မည်သည့်နေရာ၌ပင် ရှိနေစေကာမူ လူသား ကစားသမားများနှင့် တစ္ဆေသတ္တဝါများ အားလုံးသည် ကောင်းကင်ယံတွင် ပွင့်လန်းနေသော အဆုံးမရှိ တောက်ပပြီး ကြက်သီးထဖွယ် လှပသည့် သွေးရောင်မီးရှူးမီးပန်းများကို မြင်တွေ့လိုက်ကြရသည်။
မီးရှူးမီးပန်းများသည် ဧရာမ "SSS" စာလုံးများနှင့် နယ်မြေ၏ အမည်ဖြစ်သော 'အထက်တန်းနောက်ဆုံးနှစ်' ကို ဖန်တီးထားသည်။
"အို ဘုရားရေ... ဒါက အောင်ပွဲခံ မီးရှူးမီးပန်းတွေပဲ... နောက်ထပ် SSSအဆင့် နယ်မြေသစ်တစ်ခု မွေးဖွားလာပြန်ပြီပဲ..."
"နှစ်ရာနဲ့ချီနေပြီ... နောက်ဆုံးတော့ ထွက်ပေါ်လာပြန်ပြီပဲ... ဘယ်ဆရာရဲ့ လက်ရာများ ဖြစ်မလဲ မသိဘူး..."
"ဆရာရော်ဂျာကာများ တရားကျင့်တာ ပြီးသွားလို့လား... ဒါမှမဟုတ် ရှေးဟောင်းခေတ်ကတည်းက ပုန်းအောင်းနေတဲ့ သတ္တဝါတစ်ကောင်ကောင်များလား..."
" 'အထက်တန်းနောက်ဆုံးနှစ်' တဲ့လား... ဒီနာမည်က နည်းနည်းတော့... ထူးဆန်းတယ်..."
တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာတစ်ခုလုံးမှ သက်ရှိငတ္တဝါများသည် ချန်လန်၏ 'အထက်တန်းနောက်ဆုံးနှစ်' ကြောင့် လုံးလုံးလျားလျား တုန်လှုပ်သွားခဲ့သည်။ သူ၏အမည်သည် SSSအဆင့် သတ်မှတ်ချက်၊ အောင်ပွဲခံ မီးရှူးမီးပန်းများနှင့်အတူ ကမ္ဘာတဝှမ်းလုံးရှိ ထောင့်တစ်နေရာတိုင်းသို့ ချက်ချင်းပျံ့နှံ့သွားသည်။
ထို့ပြင် အပြာရောင်ကြယ်မှ လူသားများသည် ဤနယ်မြေ၏ အမည်ကို မြင်လိုက်ရချိန်၌ ရုတ်တရက် အံ့အားသင့်သွားကြ၏။
"အထက်တန်းနောက်ဆုံးနှစ်... အဲ့ဒါက ငါတို့ အပြာရောင်ကြယ်မှာပဲ ရှိတာမဟုတ်ဘူးလား..."
"ဒီဖန်တီးသူက အပြာရောင်ကြယ်က နောက်ထပ် လူသားတစ်ယောက်များ ဖြစ်နေမလား..."
"ဘယ်သူလဲ... ဒီကိစ္စက သေးသေးမွှားမွှား ကိစ္စမဟုတ်ဘူး... ငါတို့ လူသားတွေက SSSအဆင့် နယ်မြေတစ်ခုကို တကယ်ကြီး ဖန်တီးနိုင်ခဲ့တာပဲ... တကယ်လို့ ငါတို့က ဒီလူကို ရှာတွေ့ပြီး နယ်မြေရှင်းလင်းမယ့် လျှို့ဝှက်ချက်ကို ပေးခိုင်းနိုင်ရင် အပြာရောင်ကြယ်အတွက် ကြီးမားတဲ့ ကောင်းချီးတစ်ခု ဖြစ်လာမှာပဲ..."
အပြာရောင်ကြယ်၏ အဆင့်မြင့် အရာရှိတစ်ဦးအဖြစ် သတ်မှတ်ခံထားရသော လူသားတစ်ဦးသည် ကောင်းကင်ယံရှိ 【အထက်တန်းနောက်ဆုံးနှစ်】 ဟူသော စာသားများကို ကြည့်ရင်း လုံးလုံးလျားလျား အံ့အားသင့်သွားခဲ့သည်။ သူသည် ဤကိစ္စကို လက်တွေ့ကမ္ဘာသို့ သတင်းပို့ရန် တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှ အလျင်အမြန် ထွက်ခွာသွားသည်။
...
မိုးကောင်းကင်ယံကို ကြည့်ရင်း ချန်လန်က သူ၏မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။
မိုကာ၏ လုပ်ရပ်များသည် SSSအဆင့် နယ်မြေသစ်တစ်ခု ထွက်ပေါ်လာကြောင်းကို တုန်လှုပ်ချောက်ချားကမ္ဘာတစ်ခုလုံးကို သိရှိစေခဲ့ပြီး နယ်မြေဖန်တီးသူမှာ လူသားတစ်ဦးဖြစ်ကြောင်းကိုလည်း အပြာရောင်ကြယ်မှ လူသားများအား သိရှိစေခဲ့လေ၏။
မည်သို့ပင်ဖြစ်စေကာမူ 【အထက်တန်းနောက်ဆုံးနှစ်】သည် တုန်လှုပ်ချောက်ချားကမ္ဘာ၏ ထုတ်ကုန်တစ်ခု မဟုတ်ချေ။ အပြာရောင်ကြယ်မှ လူသားများသည် သူ့ကို သေချာပေါက် သံသယဝင်ကြပေမည်။
သူသည် တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာတွင် ကာလရှည်ကြာ နေထိုင်နိုင်သော်လည်း လူသားကမ္ဘာတွင်သာ အသားကျနေဆဲပင်။ နယ်မြေ စမ်းသပ်သည့် ကာလအတွင်းမှာပင် သူသည် အိပ်ရန်အတွက် လက်တွေ့ကမ္ဘာသို့ တစ်ခါတစ်ရံ ပြန်လေ့ရှိပြီး ထိုနေရာတွင် ပို၍လုံခြုံသည်ဟု ခံစားရပေ၏။
"ပိုများပြီး ပိုကောင်းတဲ့ လက်ရာတွေကို မင်း ဖန်တီးနိုင်ဖို့ ငါ မျှော်လင့်တယ်..."
တုန်လှုပ်ချောက်ချားနတ်ဘုရားက ထိုစကားကို ပြောဆိုပြီးနောက် သူ ထွက်ခွာသွားသည်။
ထို့နောက် တခြားတစ္ဆေများသည် ချန်လန်အား တက်ကြွစွာ ဂုဏ်ပြုစကားများဆိုရန် အုံနှင့်ကျင်းနှင့် ရောက်လာကြပြီး သူတို့အားလုံး သူ့ထံမှ မျက်နှာသာပေးမှုကို ရယူလိုကြသည်။
ချန်လန်သည် ချက်ချင်းနာမည်ကျော်ကြားသွားပြီး ကမ္ဘာတဝှမ်းလုံး၏ ချီးကျူးမှုကို ရရှိခဲ့လေ၏။
...
အပြာရောင်ကြယ်...
ဟွာရှား၏မြို့တော်ဖြစ်သော နဂါးမြို့တော်ရှိ...
စစ်ဘက်ဆိုင်ရာ ခြံဝင်းတစ်ခုအတွင်း၌...
"လူသားတစ်ယောက်က SSSအဆင့် တုန်လှုပ်ချောက်ချားဖွယ်နယ်မြေတစ်ခုကို တကယ်ကြီး ဖန်တီးခဲ့တာလား..."
အသက်အိုမင်းနေသော အမျိုးသားချို့သည် ဖုန်းမျက်နှာပြင်ကိုကြည့်ကာ အလွန်အမင်း အံ့အားသင့်နေကြသည်။
ဗီဒီယိုကောလ်ကို ခေါ်ဆိုခဲ့သူမှာ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာရှိ ထိုအဆင့်မြင့် အရာရှိပင်။ သူသည် လက်တွေ့ကမ္ဘာတွင်လည်း အလွန်မြင့်မားသော အဆင့်အတန်းရှိပြီး ဟွာရှား၏ ထိပ်တန်းပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပေ၏။
ဆံဖြူအဘိုးအိုတစ်ဦးက လေသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။
"ဒါက သေးသေးမွှားမွှား ကိစ္စမဟုတ်ဘူး... ဒီနယ်မြေဖန်တီးသူကို ရှာဖို့အတွက် တုန်လှုပ်ချောက်ချားဖွယ်ဖွကမ္ဘာထဲကိုဝင်ဖို့ ဝန်ထမ်းတွေအများကြီးကို ချက်ချင်း စီစဉ်လိုက်... ပြီးတော့ SSSအဆင့် နယ်မြေသစ်တစ်ခု ထွက်ပေါ်လာပြီဆိုတဲ့အကြောင်း တစ်နိုင်ငံလုံးကို ကြေညာချက် ထုတ်ပြန်လိုက်... ပြီးရင် 【အထက်တန်းနောက်ဆုံးနှစ်】 နယ်မြေကို သတိထားဖို့ သူတို့ကို ပြောလိုက်စမ်း..."
ဆွန်ယက်ဆင်ဝတ်စုံ ဝတ်ဆင်ထားသော တခြားလူအိုကြီးတစ်ဦးက ပြောလိုက်သည်။
"ဒါတင် မကဘူး... နယ်မြေတိုင်းမှာ စမ်းသပ်ကာလ ရှိတယ်... ဒီနယ်မြေက အဲ့ဒါကို ဖြတ်သန်းပြီးပြီ ဖြစ်ရမယ်... ဒီနယ်မြေမှာ ပါဝင်ခဲ့ဖူးတဲ့သူတွေကို ကွန်ရက်တစ်ခုလုံးမှာ ငါတို့ ရှာသင့်တယ်... ပြီးတော့ အသက်ရှင်ရက် ပြန်ထွက်လာတဲ့သူ ဘယ်လောက်ရှိလဲဆိုတာ ကြည့်ရမယ်..."
"လောလောဆယ် ဟွာရှားမှာ SSSအဆင့် နယ်မြေတစ်ခုကို ရှင်းလင်းနိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး... ဒီလို နယ်မြေမျိုးက သေဆုံးမှု အမြင့်ဆုံးပဲ... အခု နောက်တစ်ခု ထပ်လာပြန်ပြီ... ကောင်းကင်ဘုံက ငါတို့ကို တကယ်ကြီး ဖျက်ဆီးချင်နေတာပဲ..."
ဤစကားကို ကြားသောအခါ လူအိုကြီးများသည် တပြိုင်နက်တည်း သက်ပြင်းချလိုက်ကြ၏။
မကြာမီ သူတို့သည် တစ်နိုင်ငံလုံး သိရှိစေရန်နှင့် ဤနယ်မြေကို ရှင်းလင်းခဲ့သူများကို ရှာဖွေရန်အတွက် အွန်လိုင်းတွင် အချက်အလက်များ ထုတ်ပြန်ခဲ့သည်။
နာရီဝက်အကြာတွင် တစ်စုံတစ်ဦးက သူတို့ကို ဆက်သွယ်လာခဲ့သည်။
"ကျွန်တော့်နာမည် ကျိုးထျန်ချန်ပါ... ကျွန်တော်က အထက်တန်းနောက်ဆုံးနှစ်နယ်မြေကို ရှင်းလင်းခဲ့ပါတယ်..."
ဤစကားကို ကြားသောအခါ လူအိုကြီးများသည် ချက်ချင်းစိတ်လှုပ်ရှားသွားပြီး ကျိုးထျန်ချန်ကို ဗီဒီယိုကောလ် ချက်ချင်းခေါ်ဆိုလိုက်ကြသည်။
"လူကြီးမင်း... မင်းက SSSအဆင့် အထက်တန်းနောက်ဆုံးနှစ်နယ်မြေကို ရှင်းလင်းခဲ့တာလား..."
ဆံဖြူအဘိုးအိုက ကျိုးထျန်ချန်ကို ကြည့်ပြီး မေးမြန်းသည်။ ကျိုးထျန်ချန်သည် အဘိုးအိုကို မြင်လိုက်ချိန်၌ သူ၏ခန္ဓာကိုယ် ရုတ်တရက် ဆတ်ခနဲ တုန်ရီသွားသည်။
ဒါက ထိပ်တန်း ပုဂ္ဂိုလ် ထန်ရုံ... အဘိုးထန် မဟုတ်လား...
"အဘိုးထန်... ကျွန်တော် ရှင်းလင်းခဲ့ပါတယ်..."
"SSSအဆင့် နယ်မြေဆိုတာ လွယ်ကူတဲ့ အလုပ်မဟုတ်ဘူး... အဲ့ဒါက ရာနှုန်းပြည့် သေဆုံးမှုနှုန်းရှိတဲ့ နယ်မြေလို့ လူသိများတယ်... တစ်နိုင်ငံလုံးမှာ ရှင်းလင်းနိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး... ပြီးတော့ မင်းက လုပ်နိုင်ခဲ့တယ်ပေါ့..."
ဆွန်ယက်ဆင်ဝတ်စုံ ဝတ်ဆင်ထားသော တခြားအဘိုးအိုက အံ့အားသင့်စွာ ပြောဆိုလိုက်ရာ သူ၏လေသံတွင် သံသယ အရိပ်အယောင် အနည်းငယ် ပါဝင်နေပေ၏။
ကျိုးထျန်ချန်သည် ဆွန်ယက်ဆင်ဝတ်စုံ ဝတ်ဆင်ထားသော ဤအဘိုးအိုကို ကြည့်ကာ အံ့အားသင့်သွားသည်။ ထိုအဘိုးအိုသည် လီထျန်စီအမည်ရှိသော ဗိုလ်ချုပ်တစ်ဦးပင်။
ဤနေရာတွင် ထိုင်နေသော အဘိုးအိုများအားလုံးသည် အခြေခံအားဖြင့် နိုင်ငံ၏ ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းသည် မရှိမဖြစ် အရေးပါသူများ ဖြစ်ပေ၏။
"ကျွန်တော် တကယ် ရှင်းလင်းခဲ့ပါတယ်... မှတ်တမ်းတွေကို အတည်ပြုဖို့ ကျွန်တော်နဲ့အတူ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာကို လိုက်ခဲ့လို့ ရပါတယ်... ဒါ့ပြင် ဒီ SSSအဆင့် နယ်မြေမှာ သေဆုံးမှု မရှိပါဘူး..."