← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အခန်း (၅၄) ဝိညာဉ်ကို လိုက်လံရှာဖွေပြီး အသက်ကို နှုတ်ယူမယ့် စက်ရုံထုတ်လုပ်မှုလိုင်း... မှောင်မိုက်ပြီး မှုန်ကုပ်ကုပ်ဖြစ်နေတဲ့ တစ္ဆေအလုပ်ရုံ

သေဆုံးမှုမရှိဘူး...

ထိုစကားလုံးတချို့က အဘိုးအိုများကို ကြက်သေသေသွားစေခဲ့ပြီး ကျိုးထျန်ချန်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

"မင်း ဘာပြောလိုက်တယ်... ဒီ SSSအဆင့် နယ်မြေမှာ သေဆုံးမှု သတ်မှတ်ချက် မရှိဘူးလား..."

ထန်ရုံက အံ့အားသင့်စွာဖြင့် မတ်တတ်ထရပ်လိုက်သည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဲ့ဒါက SSS-အဆင့် နယ်မြေလေ... ဘယ်လိုလုပ် သေဆုံးမှု မရှိတာလဲ...

သူ တွေးတောလိုက်မိသည်။

သာမန်အဆန်ဆုံး Cအဆင့် နယ်မြေများပင်လျှင် အလွန်မြင့်မားသော သေဆုံးမှုနှုန်း ရှိနေသည်။ ဤတုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများသည် လူအများကို ဝါးမျိုရန် တည်ရှိနေခြင်းပင်။ မည်သည်ကြောင့် သေဆုံးမှု မရှိသနည်း။

ထိုငါးလတာ ဖြစ်ရပ်များကို အကျဉ်းချုံးပြောပြရန် ကျိုးထျန်ချန်အတွက် နာရီဝက်ခန့် အချိန်ယူခဲ့ရလေ၏။

ဤမျှထိ ထူးဆန်းသော နယ်မြေအကြောင်း ကြားရသောအခါ အဘိုးအိုများ အလွန်အမင်း အံ့အားသင့်သွားကြသည်။

"သေဆုံးမှု သတ်မှတ်ချက် မရှိဘဲနဲ့ အဆက်မပြတ် စာသင်ရတာလား... ပြီးတော့ ထိပ်ဆုံးငါးယောက်စာရင်းဝင်ရုံနဲ့ နယ်မြေကနေ ထွက်သွားလို့ ရတယ်ပေါ့..."

"အဲ့ဒါတင် မကဘူး... ဆုလာဘ်တွေကလည်း အရမ်းများတယ်... ဒီနယ်မြေက လူသားတွေအတွက် ကောင်းချီးတစ်ခု သက်သက်ပဲ..."

"ဒီနယ်မြေကို ဘယ်သူဖန်တီးခဲ့လဲဆိုတာ ငါ တကယ် မသိဘူး... လူသားတစ်ယောက် ဖြစ်ရမယ်... ထူးဆန်းတဲ့ သတ္တဝါတွေက ငါတို့ကို ဒီလောက်ထိ နားလည်နိုင်မှာ မဟုတ်ဘူး..."

"ဒါပေမဲ့ ဒီနယ်မြေက နည်းနည်းတရားလွန်မနေဘူးလား... ငါတို့ရဲ့ ပညာရေးက အဲ့ဒီလောက် မကြမ်းတမ်းပါဘူး... အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားတွေက နေ့တိုင်း အားလပ်ရက်တွေ ရနေကြသေးတာပဲ... ဒီဖန်တီးသူက ဘယ်လိုလုပ်ပြီးတော့ ဒါကို တွေးမိတာလဲ..."

လက်တွေ့ကမ္ဘာတွင် အထက်တန်းနောက်ဆုံးနှစ်သည် အလွန်သာယာပြီး သက်တောင့်သက်သာ ရှိလှ၏။ ကျူရှင်ကျောင်းများနှင့် ကိုယ်ပိုင်ကျူရှင်ဆရာများကို တင်းကြပ်စွာ တားမြစ်ထားသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ပြစ်ဒဏ်များမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းမှ သေဒဏ်အထိ ရှိနေသည်။

လူတိုင်းသည် အသက်ဆယ့်ရှစ်နှစ်တွင် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေ တစ်ခုထဲသို့ ဝင်ရောက်ရနိုင်ပြီး သူတို့၏ ဘဝများ ထိုနေရာတွင် ပြီးဆုံးသွားနိုင်သောကြောင့် လူသားများ ပို၍ပျော်ရွှင်စေရန် ပညာရေးကို စောစီးစွာ ပြုပြင်ပြောင်းလဲထားခဲ့ခြင်းဖြစ်သည်။

"ဘာပဲဖြစ်ဖြစ်... နယ်မြေက ဒီလောက်ထိ လွယ်ကူနေမှတော့ လူတွေ ပိုပြီးသိလာအောင် ငါတို့ လုပ်ရမယ်... အထက်တန်းနောက်ဆုံးနှစ်ကို ပြန်စဖို့ အချိန်တန်ပြီလို့ ငါ ထင်တယ်..."

ထန်ရုံက တည်ငြိမ်သောအသံဖြင့် ပြောလိုက်၏။

သူ ဤစကားကို ပြောလိုက်သည်နှင့် တပြိုင်နက် အခြားသူများ၏သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားသည်။

အထက်တန်းနောက်ဆုံးနှစ်ကို ပြန်စသည်ဆိုခြင်းမှာ ယခင်ကအတိုင်း ပြန်ဖြစ်သွားမည်ဟု ဆိုလိုသည်။ နယ်မြေထဲကလောက် မကြမ်းတမ်းသော်လည်း ယခုလောက် သက်တောင့်သက်သာရှိမည် မဟုတ်တော့သည်မှာ သေချာပေါက်ပင်။

ဤSSSအဆင့် နယ်မြေသည် လူသားများအတွက် ကောင်းချီးတစ်ခုပင်။ ဤလူသားဖန်တီးသူက သူတို့ကို ပေးအပ်သော ဤအခွင့်အရေးကို သူတို့ ဆုပ်ကိုင်ထားရပေမည်။

"ကောင်းပြီ... ဒါဆို လူတွေက အထက်တန်းနောက်ဆုံးနှစ်နယ်မြေနဲ့ ကြိုတင်အသားကျနိုင်အောင် အထက်တန်းနောက်ဆုံးနှစ်ကို ပြန်စလိုက်ကြရအောင်... ဒါက ရှင်းလင်းနိုင်တဲ့နှုန်းကို အများကြီး တိုးလာစေလိမ့်မယ်..."

သို့သော် သူတို့ မသိသောအရာမှာ 【အထက်တန်းနောက်ဆုံးနှစ် နယ်မြေ】ရှိ အသိပညာ အများစုမှာ ဤကမ္ဘာတွင် မရှိကြောင်းပင်။ အထူးသဖြင့် တရုတ်စာဖြစ်ပြီး သူတို့ ကြိုတင်လေ့လာထားလျှင်ပင် အသုံးဝင်မည် မဟုတ်ချေ။

ထို့ပြင် မိသားစု ပညာရေးကို လက်တွေ့ဘဝတွင် လွယ်လင့်တကူ ပုံတူကူး၍ မရနိုင်ချေ။ သူတို့၏ ပတ်ဝန်းကျင်မှာ ကမ္ဘာမြေနှင့် လုံးလုံးလျားလျား ကွာခြားပေ၏။ လူတစ်ဦး၏ ဘဝကို ဆုံးဖြတ်ပေးသော တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုသောအရာ မရှိသောကြောင့် မိဘများသည်လည်း သူတို့၏ ကလေးများအပေါ် ဖိအားများစွာ မပေးကြချေ။

လူတိုင်း အချက်တစ်ချက်ကို သိထားကြသည်။ အသက်ဆယ့်ရှစ်နှစ် ကျော်လွန်ပြီးနောက် လူတစ်ယောက်၏ဘဝသည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်ပေ၏။ ထို့ကြောင့် ကမ္ဘာတဝှမ်းရှိ မိဘများသည် သူတို့၏ ကလေးများကို များစွာဆင်းရဲဒုက္ခခံစေမည် မဟုတ်ချေ။ သူတို့သည် ကလေးများကို မွေးဖွားလာကတည်းက ဂရုတစိုက် ပြုစုပျိုးထောင်ကြပြီး နေ့စဉ်နှင့်အမျှ ပျော်ရွှင်စွာ ကြီးပြင်းလာစေရန် မေတ္တာများစွာ ပေးကြသည်။

ဤအချက်တစ်ချက်တည်းကပင် ထိုအရာကို ပုံတူကူး၍ မဖြစ်နိုင်အောင် ပြုလုပ်ထားသည်။

...

တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာ၌...

လက်တွေ့ဘဝတွင် တစ်နာရီ ကုန်လွန်သွားခဲ့ပြီး ဤနေရာတွင် သုံးနာရီ ကုန်လွန်သွားခဲ့ကာ အောင်ပွဲခံ အခမ်းအနားလည်း ပြီးဆုံးသွားခဲ့လေပြီ။

နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်သို့ ပြန်ရောက်လာချိန်၌ ချန်လန်သည် ကြောက်ရွံ့မှုသတ်ဓားကို ကိုင်ဆောင်ထားဆဲပင်။

"ချန်လန်... အဲ့ဒါကို သိမ်းထားလို့ ရမလား... ဒီဓားက ကြည့်ရတာ တော်တော်လေး ကြောက်စရာကောင်းတယ်..."

ဆာရာက တံတွေးကို ခက်ခက်ခဲခဲမျိုချရင်း ပြောလိုက်သည်။

ထိုဓား၏နံဘေးတွင် ရပ်နေစဉ် သူမသည် ဓားမှ ထုတ်လွှတ်နေသော ထက်ရှမှုကြောင့် အချိန်မရွေး ဖြတ်တောက်ခံရနိုင်သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို ခံစားနေရပေ၏။

ချန်လန်က ခေါင်းညိတ်လိုက်သည်။ အတွေးတစ်ခုနှင့်အတူ ဓားသည် သူ၏လက်သူကြွယ်ပေါ်ရှိ လက်စွပ်တစ်ကွင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

"နယ်မြေအဆင့်သတ်မှတ်ချက် ပြီးသွားပြီ... ကမ္ဘာလုံးဆိုင်ရာ ကစားသမား ရွေးချယ်မှုက မနက်ဖြန် စတင်မယ်... ပြီးတော့ နယ်မြေဟင်းလင်းပြင် နေရာတစ်ထောင် ဖွင့်လှစ်ထားတယ်..."

ဆာရာက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

ဤစကားကို ကြားသောအခါ ချန်လန်က မျက်မှောင်ကြုတ်လိုက်သည်။

"နယ်မြေ နေရာတစ်ထောင်တည်းလား... အဲ့ဒါက အရမ်းနည်းလွန်းတယ်..."

"နင် မှားနေပြီ... အဲ့ဒါတွေက နေရာတွေလေ...နင်က လူအရေအတွက်ကို တွေးနေတာ... အစတုန်းက နင်က နယ်မြေရဲ့ လူဦးရေကို ငါးဆယ် သတ်မှတ်ခဲ့တယ်လေ...အဲ့ဒါက စာသင်ခန်း နယ်မြေအတွက်ပဲ... အဲ့ဒါလည်း နယ်မြေဟင်းလင်းပြင်တစ်ခုပဲလေ... နေရာ တစ်ထောင်ဆိုတာ တစ်ခန်းကို လူငါးဆယ်စီပါတဲ့ စာသင်ခန်း တစ်ထောင် ဖန်တီးလို့ရတယ်လို့ ဆိုလိုတာ..."

ချန်လန်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

"တစ်နည်းအားဖြင့် ပြောရရင် ငါးလတစ်ခါ...အပြာရောင်ကြယ်မှာဆို တစ်လတစ်ခါမှာ လူငါးသောင်းကို နယ်မြေထဲဝင်ဖို့ ရွေးချယ်နိုင်တယ်ပေါ့..."

"ဟုတ်တယ်... လတိုင်း လူငါးသောင်း... ငါတို့ အရင်လူ ၄၇ ယောက်ကနေ အနုတ်လက္ခဏာစွမ်းအင် သုံးသိန်း စုဆောင်းနိုင်ခဲ့တယ်... တကယ်လို့ လူငါးသောင်းဆိုရင် အဲ့ဒါက..."

ဤနေရာတွင် ဆာရာက ရပ်တန့်သွားပြီး စတင်၍ တွက်ချက်တော့သည်။

"အနုတ်လက္ခဏာစွမ်းအင် သန်းသုံးရာတစ်ဆယ့်ကိုးသိန်းကျော်..."

ချန်လန်က အံ့အားသင့်စွာ ပြောလိုက်သည်။

"ဟုတ်တယ်... သန်းသုံးရာတစ်ဆယ့်ကိုးသိန်း ကျော်... ဒါပေမဲ့ ငါတို့ အဲ့ဒီလောက် အများကြီး ရမှာ မဟုတ်ဘူး..."

"ဟင်... ဘာလို့လဲ..."

"ဘာလို့လဲဆိုတော့ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာက အခွန်ကောက်လို့လေ..."

"ဟင်..."

ချန်လန် ကြက်သေသေသွားသည်။ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာက အခွန်ကောက်သေးသလော။

သူသည် လက်စွဲစာအုပ်ကို ကပျာကယာ ထုတ်ပြီး ရှာဖွေလိုက်၏။ မကြာမီ အခွန်ဆိုင်ရာစည်းမျဉ်းကို သူ တွေ့လိုက်ရသည်။ အမှန်တကယ်ကို အခွန်အခများ ရှိနေသည်။

အငယ်တန်းဖန်တီးသူများသည် နယ်မြေ အကျိုးအမြတ်၏ ၇၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမည်ဖြစ်ပြီး အလယ်အလတ်အဆင့် ဖန်တီးသူများသည် ၅၀ ရာခိုင်နှုန်း ပေးဆောင်ရကာ အဆင့်မြင့် နယ်မြေဖန်တီးသူများကမူ ၂၀ ရာခိုင်နှုန်းသာ ပေးဆောင်ရပေမည်။

အခွန်ပေးဆောင်ပြီးနောက် သူသည် ကျန်ရှိသော ပမာဏ၏ ၆၀ ရာခိုင်နှုန်းကိုသာ ရရှိမည်ဖြစ်ပြီး ထိုအထဲမှ ၄၀ ရာခိုင်နှုန်းကို ဆာရာ့အား ပေးရပေမည်။ သို့သော် ထိုသို့ဆိုလျှင်ပင် သူ ရရှိနိုင်သော ပမာဏမှာ ကိုးသန်းခွဲကျော် ရှိနေပေမည်။

ဤသည်မှာ နည်းပါးသော ပမာဏ မဟုတ်သော်လည်း သူ၏ပန်းတိုင်နှင့် အလှမ်းကွာဟနေဆဲပင်။

"နယ်မြေက SSSအဆင့် မဟုတ်ဘူးလား... ဘာလို့ နေရာတွေက ဒီလောက် နည်းနေရတာလဲ..."

"နင်က အဲ့ဒါကို နည်းတယ်လို့ ခေါ်တာလား... တခြား နယ်မြေတွေက အလွန်ဆုံး လူရာဂဏန်း ဒါမှမဟုတ် ထောင်ဂဏန်းလောက်ပဲ ရွေးချယ်နိုင်တဲ့အချိန်မှာ နင်က နင်ရဲ့ နယ်မြေထဲဝင်ဖို့ လူငါးသောင်းတောင် ရွေးချယ်လို့ရတယ်ဆိုတာ နင် သိသင့်တယ်... တချို့ Cအဆင့် နယ်မြေတွေဆို တစ်ကြိမ်ကို လူငါးယောက် ဒါမှမဟုတ် လူဆယ်ယောက်ကျော်လောက်ပဲ ရွေးလို့ရတာ... အခုဆိုရင် တုန်လှုပ်ချောက်ချားဖွယ်နယ်မြေတွေ အများကြီး ရှိနေပြီ... နင့်ဟာက အမြင့်ဆုံး ဖြစ်နေပြီပဲ..."

"ငါ့အတွက်တော့ နည်းနေသေးတယ်... ဘယ်လိုလုပ်ရင် တိုးလို့ရမလဲ..."

"လွယ်ပါတယ်... အဆင့်မြင့် နယ်မြေဖန်တီးသူအဖြစ် ရာထူးတိုးလိုက်... အဲ့ဒီအချိန်ကျရင် နယ်မြေတစ်ခုတည်းအတွက် လူတစ်သိန်း ရွေးချယ်ခွင့် ပြုလာနိုင်တယ်..."

"အဲ့ဒီလိုဆိုရင် ဒုတိယနယ်မြေကို မြန်မြန်တင်ပြလိုက်ကြရအောင်... ငါ မစောင့်နိုင်တော့ဘူး..."

"အို... ဟုတ်သားပဲ... ငါ နင့်ရဲ့ ဒုတိယနယ်မြေကိုတောင် မကြည့်ရသေးဘူး..."

ထိုသို့ပြောဆိုပြီးနောက် ဆာရာသည် အစောပိုင်းက သူမ ဖတ်၍မပြီးသေးသော ဒုတိယနယ်မြေ၏ အသေးစိတ် အချက်အလက်များကို ဖွင့်လိုက်၏။

စာလုံးအနည်းငယ်က သူမ၏မျက်စိထဲသို့ ဝင်ရောက်လာသည်။

【စက်ရုံထုတ်လုပ်မှုလိုင်း】

"ဟင်... စက်ရုံထုတ်လုပ်မှုလိုင်း... အဲ့ဒါက ဘာလဲ... စက်ရုံထုတ်လုပ်မှုလိုင်းတဲ့လား... အဲ့ဒါက ဘာတွေများ ကြောက်စရာကောင်းလို့လဲ..."

【ဝိညာဉ်ကို လိုက်လံရှာဖွေပြီး အသက်ကို နှုတ်ယူမယ့် စက်ရုံထုတ်လုပ်မှုလိုင်း... မှောင်မိုက်ပြီး မှုန်ကုပ်ကုပ်ဖြစ်နေတဲ့ တစ္ဆေအလုပ်ရုံ...

အသက်ရှင်ခြင်းနဲ့သေခြင်းတရား သံသရာထဲက နေ့ဆိုင်းနဲ့ ညဆိုင်း... အဆုံးမရှိတဲ့ တိတ်ဆိတ်မှုထဲမှာ အိပ်ရေးပျက် အစားပျက်နဲ့...

အပိုကြေးမရဘဲ အချိန်ပိုဆင်းရမယ်... မနက်ဖြန်ကျရင် ပုံးကိုထမ်းပြီး ထွက်ပြေးရမယ်...

ပထမဆုံး မြင်လိုက်ချိန်မှာ 'ပုံးကိုထမ်းခြင်း' ရဲ့ အဓိပ္ပာယ်ကို မသိပေမဲ့... နောက်တစ်ခါ ထပ်မြင်ရတဲ့အချိန်မှာတော့ မင်းကိုယ်တိုင်က ပုံးကိုထမ်းနေတဲ့သူ ဖြစ်နေပြီ...】

ဤကဗျာလေးကို ဖတ်ပြီးနောက် ဆာရာ အချိန်တခဏကြာမျှ ကြက်သေသေသွားပြီးနောက် ရယ်မောလိုက်သည်။

"ချန်လန်... နင့်မှာ ကဗျာလေးတွေ ဖန်တီးတဲ့ ပါရမီရှိတယ်ဆိုတာ ငါ မသိခဲ့ဘူး..."

သို့သော် မကြာမီ သူမ အံ့အားသင့်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် ဤနယ်မြေတွင်လည်း သေဆုံးမှု သတ်မှတ်ချက် မရှိသောကြောင့်ပင်။

သေဆုံးမှု သတ်မှတ်ချက် မရှိသည်ကို မြင်သောအခါ ဆာရာ နားလည်သွားသည်။ ဤနယ်မြေသည်လည်း 【အထက်တန်းနောက်ဆုံးနှစ်】ကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှုကိုသာ အဓိကထားပေမည်။

"ဒီနယ်မြေက အထက်တန်းနောက်ဆုံးနှစ်ထက် ပိုပြီး ကြောက်စရာကောင်းမှာလား..."

ဆာရာက ချန်လန်ကို ကြည့်လိုက်သည်။

ချန်လန်က ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်... ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုလည်း ပါဝင်တယ်... အထက်တန်းနောက်ဆုံးနှစ်လိုပဲ အဲ့ဒါကလည်း SSSအဆင့် နယ်မြေတစ်ခု ဖြစ်လာနိုင်တယ်လို့ ငါ ယုံကြည်တယ်..."

"ကျွတ်... ကျွတ်... ကျွတ်... နင်က တကယ့်ကို အစစ်အမှန် နတ်ဆိုးတစ်ကောင်ပဲလို့ ငါ ပြောရမယ်... တကယ်လို့ ကောင်းကင်ဘုံကသာ နင် ချန်လန်ကို မမွေးဖွားခဲ့ဘူးဆိုရင်... တုန်လှုပ်ချောက်ချားဖွယ်နယ်မြေတွေက အဆုံးမရှိတဲ့ ညလိုပဲ ဖြစ်နေမှာ..."

"..."

"စကားပြောတာ တော်လောက်ပြီ... ငါ တင်ပြလိုက်ပြီ... နောက် နှစ်ရက် သုံးရက်လောက်နေရင် စမ်းသပ်မှု စတင်သင့်တယ်..."

"အင်း..."

ဆာရာသည် 【စက်ရုံထုတ်လုပ်မှုလိုင်း】 ကို တင်ပြလိုက်ပြီး မကြာမီ ပြန်လည်သုံးသပ်သည့် အဆင့်သို့ ရောက်ရှိသွားသည်။

...

အချိန်တစ်ရက် လျှင်မြန်စွာ ကုန်လွန်သွားခဲ့သည်။

နောက်တစ်နေ့၌...

အထက်တန်းနောက်ဆုံးနှစ်နယ်မြေသည် ကစားသမားများကို အကြီးအကျယ် စတင်၍ ရွေးချယ်တော့သည်။

【အထက်တန်းနောက်ဆုံးနှစ် နယ်မြေသည် ဝင်ရောက်မည့် ကစားသမားများကို ကျပန်းစတင်ရွေးချယ်နေပါပြီ... ကန့်သတ်ချက် ...လူငါးသောင်း... အတိုင်းအတာ - ကမ္ဘာတဝှမ်းလုံး...】

All Chapters