← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

အခန်း (၅၆) စက်ရုံထုတ်လုပ်မှုလိုင်း နယ်မြေ... စမ်းသပ်မှု စတင်ပြီ

သုံးရက်အကြာ၌...

"ချန်လန်... စက်ရုံထုတ်လုပ်မှုလိုင်း နယ်မြေက စစ်ဆေးမှု အောင်သွားပြီ... ငါတို့ အခု စမ်းသပ်မှုကို စတင်လို့ရပြီ..."

ဆာရာ၏ ခေါ်ဆိုသံကို ကြားရသည်နှင့် တပြိုင်နက် ချန်လန်သည် လက်တွေ့ကမ္ဘာမှ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာသို့ ခရီးသွားခဲ့သည်။

"နောက်ဆုံးတော့ ငါတို့ စမ်းသပ်လို့ ရပြီပဲ... လူဘယ်လောက် ပါဝင်နိုင်လဲ..."

"လူတစ်ရာ..."

"လူတစ်ရာလား... မဆိုးပါဘူး... စက်ရုံထုတ်လုပ်မှုလိုင်း နှစ်ခု သုံးခုလောက်ပေါ့... စမ်းသပ်မှု စလိုက်ကြရအောင်..."

"ကောင်းပြီ... နင့်မှာ သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေ ရှိလား..."

"ပထမဆုံးအနေနဲ့ အထက်တန်းနောက်ဆုံးနှစ် နယ်မြေကို ရှင်းလင်းခဲ့တဲ့သူတွေဆီ ဖိတ်စာပို့လိုက်..."

"ကျွတ်... ကျွတ်... ကျွတ်... နင့်က တကယ့်ကို နတ်ဆိုးပဲ... သူတို့ အခုမှ ထွက်လာတာကို အခု ပြန်ဝင်ခိုင်းတော့မလို့လား..."

"အတိအကျကြီးတော့ မဟုတ်ဘူး... သူတို့ ငြင်းလို့ရတဲ့ ဖိတ်စာမျိုး ပို့လိုက်... တကယ်လို့ သူတို့ ဆန္ဒရှိရင် သူတို့ ဝင်လာလိမ့်မယ်... ဒါပေမဲ့ သူတို့ထဲက တစ်ယောက်မှ ငြင်းမှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်..."

...

ကျန်းဟိုင်မြို့.....

အဆင့်မြင့် အိမ်ကြီးတစ်လုံး၌...

"ဖေဖေ... ဒါ သားတို့ရဲ့ အိမ်သစ်လားဟင်..."

ကျိုးထျန်ချန်သည် သူ၏သားလေးကို ငုံ့ကြည့်ပြီး ပြုံးကာ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"ဟုတ်တယ်... အခုကစပြီး ဒါက ငါတို့ရဲ့ အိမ်အသစ် ဖြစ်လာတော့မှာ..."

"ဝိုး... အရမ်းလှတာပဲ... ယာယာကို အလည်လာဖို့ ဖိတ်ချင်တယ်..."

"အင်း... နောက်နေ့ကျမှ ယာယာကို အလည်လာဖို့ ခေါ်လာခဲ့မယ်..."

"ယောကျာ်း... ရှင်က အရမ်းတော်တာပဲ..."

သူ၏ နူးညံ့သိမ်မွေ့ပြီး လှပသော ဇနီးဖြစ်သူသည် ကျိုးထျန်ချန်ကို ဖက်ထားလိုက်၏။

တစ်လကျော်ကြာအောင် သူမသည် ကျိုးထျန်ချန် နယ်မြေထဲတွင် သေဆုံးသွားပြီဟု ထင်မှတ်ကာ ကြောက်ရွံ့မှုများဖြင့် နေထိုင်ခဲ့ရသည်။ သူမ၏ သူငယ်ချင်းများနှင့် မိသားစုများကပင် ဆက်မစောင့်ရန် ပြောဆိုခဲ့ကြသည်။

ပထမလဝက်အတွင်း သူမ၏နှလုံးသားသည် သေဆုံးနေခဲ့လေ၏။ နောက်ပိုင်းတွင် ကျိုးထျန်ချန်ထံမှ ဖုန်းခေါ်ဆိုမှု ရရှိလိမ့်မည်ဟု သူမ လုံးဝထင်မှတ်မထားခဲ့ချေ။ ဤသည်က သူမကို ချက်ချင်းဆိုသလိုပင် မျှော်လင့်ချက်ရောင်ခြည်တစ်ခု ပေးခဲ့သည်။

သူမ၏ယောကျာ်း မသေသေးချေ။

နောက်ဆုံး၌ ကျိုးထျန်ချန် နယ်မြေထဲမှ အသက်ရှင်ရက် ပြန်ထွက်လာမည့်အချိန်ကို သူမ စောင့်နေနိုင်ခဲ့သည်။ သူသည် သူမတို့မိသားစု၏ဘဝကို တိုးတက်စေနိုင်သည့် တစ္ဆေဒင်္ဂါး အမြောက်အများကိုလည်း သယ်ဆောင်လာပေ၏။

ကျိုးထျန်ချန် စကားပြောရန် ဟန်ပြင်လိုက်ချိန်မှာပင် သူ၏ရှေ့တွင် ပုံရိပ်ယောင်မျက်နှာပြင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး နယ်မြေ၏ အထင်ကရ အမှတ်အသားသည်လည်း သူ၏လက်မောင်းပေါ်တွင် တစ်ချိန်တည်းမှာပင် ထွက်ပေါ်လာသည်။

သူ၏ဇနီးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ယောကျာ်း... ရှင် ထပ်ပြီး ရွေးချယ်ခံရပြန်ပြီလား..."

ကျိုးထျန်ချန်က ခါးသီးစွာ ပြုံးလိုက်၏။

"ဟုတ်တယ်... ပြီးတော့ အရင်လူကပဲ ပြန်ရွေးတာ..."

【မစ္စတာ ကျိုးထျန်ချန်... သင်သည် SSSအဆင့် အထက်တန်းနောက်ဆုံးနှစ် နယ်မြေကို ရှင်းလင်းခဲ့သောကြောင့် ဖန်တီးသူက သင့်ကို သဘောကျပြီး နယ်မြေသစ်တစ်ခုတွင် ပါဝင်ရန် ဖိတ်ကြားလိုပါသည်... အလားတူပင် သေဆုံးမှု သတ်မှတ်ချက် မရှိပါ... သင် ပါဝင်လိုပါသလား...】

ကျိုးထျန်ချန်သည် နယ်မြေ၏မက်ဆေ့ချ်ကို ဇနီးဖြစ်သူအား အသိပေးလိုက်သည်။ သူမက သူ့ကို ကြည့်ပြီး ပြောဆိုသည်။

"ရှင် သွားချင်လား... ရှင် သွားချင်ရင် ကျွန်မ ထောက်ခံပါတယ်... ကလေးနဲ့ကျွန်မက ရှင် ပြန်လာမယ့်အချိန်ကို စောင့်နေပါ့မယ်..."

ကျိုးထျန်ချန် အလွန်အမင်း တွေဝေနေခဲ့လေ၏။ တစ်ဖက်တွင် သူသည် ဇနီးနှင့်သားကို ခွဲခွာရန် မရက်စက်နိုင်သလို ဤနယ်မြေသည် အထက်တန်းနောက်ဆုံးနှစ် နယ်မြေကဲ့သို့ ဖြစ်လာမည်ဟုတ်မဟုတ်ကို သူ မသိချေ။ တာဝန်မပြီးမချင်း သူ ထွက်ခွာ၍မရသော နယ်မြေမျိုး ဖြစ်နေမည်ကို သူ စိုးရိမ်နေသည်။ အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက ဇနီးနှင့်ကလေးကို သူ ပြန်တွေ့ရန် အချိန်မည်မျှ ကြာဦးမည်နည်း။

တခြားတစ်ဖက်တွင်မူ သူ၏ စွမ်းအားမှာ အလွန် အားနည်းနေဆဲပင်။ သူ၏ စွမ်းအားကို မြှင့်တင်ရန်အတွက် သူသည် နယ်မြေများတွင် ပါဝင်ရပေမည်။ တခြားနယ်မြေများအားလုံးတွင် သေဆုံးမှု သတ်မှတ်ချက်များ ရှိနေပြီး သူ၏စွမ်းရည်ဖြင့် ကျော်ဖြတ်ရန်မှာ အလွန်ခက်ခဲလွန်းနေသည်။

ဤနယ်မြေနှစ်ခုသာလျှင် သေဆုံးမှုသတ်မှတ်ချက် မရှိဘဲ အလွန်ဆုံး ညှဉ်းပန်းနှိပ်စက်မှုမျှသာ ဖြစ်ပေ၏။ နှိုင်းယှဉ်ကြည့်လျှင် ဤနယ်မြေနှစ်ခုသည် များစွာရိုးရှင်းပြီး များပြားသော ဆုလာဘ်များကို ပေးစွမ်းနိုင်ရာ သွေးဆောင်နိုင်မှုမှာ အလွန်ကြီးမားလှသည်။

အချိန်တခဏကြာမျှ တွေဝေနေပြီးနောက် သူက ဇနီးဖြစ်သူကို ကြည့်လိုက်သည်။

"မင်းနဲ့ ကလေး ဘေးကင်းကင်း နေနိုင်ဖို့အတွက် ငါ နယ်မြေထဲကို ဝင်ရမယ်..."

"အင်း... ရှင် ဘာပဲလုပ်လုပ် ကျွန်မ ထောက်ခံပါတယ်..."

ဤစကားကို ကြားသောအခါ ကျိုးထျန်ချန်သည် နယ်မြေတွင် ပါဝင်ရန် ပြတ်ပြတ်သားသား အတည်ပြုလိုက်သည်။

【စက်ရုံထုတ်လုပ်မှုလိုင်းနယ်မြေမှ ကြိုဆိုပါတယ်】

အချိန်တခဏအတွင်း ကျိုးထျန်ချန် ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံတဝှမ်းမှ လူတစ်ရာ ပျောက်ကွယ်သွားခဲ့လေ၏။

...

စက်ရုံထုတ်လုပ်မှုလိုင်း နယ်မြေကမ္ဘာ....

အဖြူရောင် ဟင်းလင်းပြင်တစ်ခု၌...

ကျိုးထျန်ချန်အပါအဝင် ပုံရိပ် တစ်ရာ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။

"ဟင့်အင်း... ဘာလို့ ငါလဲ... ငါ မပါဝင်ချင်ဘူး... ငါ့ကို ပေးထွက်ပါ..."

"ငါ့ရဲ့သားလေးကို အခုမှ မွေးတာ... ငါ သူနဲ့ အချိန်တောင် မကုန်ဆုံးရသေးဘူး... ဘာလို့ ငါ့ကို ရွေးရတာလဲ..."

"ကံဆိုးမှုက အမြဲတမ်း ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကို ရွေးချယ်တာပဲ..."

"ဝါး... မေမေ... သမီး မေမေ့ကို နောက်တစ်ခါ မြင်ရတော့မှာ မဟုတ်ဘူး..."

တစ်ချက်ကြည့်လိုက်သည်နှင့် လူတချို့သည် ငိုကြွေးကာ ပြိုလဲနေကြပြီး လူတချို့က မျှော်လင့်ချက်မဲ့စွာ အော်ဟစ်နေကြကာ လူတချို့ကမူ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားရင်း ကြမ်းပြင်ကို ဒေါသတကြီး ထုရိုက်နေကြသည်။

ကျိုးထျန်ချန်ကမူ အမူအရာကင်းမဲ့နေလေ၏။ ဤနယ်မြေတွင် သေဆုံးမှု သတ်မှတ်ချက် မရှိကြောင်း သိသော တစ်ဦးတည်းသောသူမှာ သူသာလျှင် ဖြစ်ပေလိမ့်မည်။

"အစ်ကိုကျိုး..."

ထိုအချိန်၌ အသံတစ်သံ ထွက်ပေါ်လာသည်။ ကျိုးထျန်ချန်က အသံလာရာဆီသို့ လှမ်းကြည့်လိုက်ပြီး အချိန်တခဏကြာမျှ ကြက်သေသေသွားပြီးနောက် အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားသည်။

"ထျန်ယွီ..."

သူ့ထံသို့ လျှောက်လှမ်းလာသော ဟန်ထျန်ယွီကို သူ မြင်လိုက်ရပြီး သူတို့နှစ်ဦး တင်းကြပ်စွာ ပွေ့ဖက်လိုက်ကြ၏။

ဟန်ထျန်ယွီလည်း နယ်မြေထဲဝင်ရန် ရွေးချယ်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

"ကြည့်ရတာ ဒီနယ်မြေက ငါတို့ ငါးယောက်လုံးကို ဖိတ်ခဲ့ပုံရတယ်... ဒါပေမဲ့ ငါတို့ နှစ်ယောက်ပဲ ဝင်လာဖို့ သတ္တိရှိခဲ့ပုံရတယ်..."

ဟန်ထျန်ယွီက အပြုံးနှင့် ပြောလိုက်သည်။

နယ်မြေတစ်ခုထဲတွင် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့ရခြင်းထက် ပို၍ပျော်ရွှင်စရာကောင်းသောအရာ မရှိတော့ချေ။

"အင်း... ငါ့မှာ မိသားစု ရှိတယ်... တကယ်လို့ ငါသာ ပိုပြီးသန်မာမလာရင် အသက်ရှင်သန်နိုင်မှာ မဟုတ်ဘူး... ပြီးတော့ နယ်မြေတွေထဲကို ဆက်ပြီးဝင်နေရဦးမှာပဲ..."

"ငါလည်း အတူတူပဲ... ဒီလိုနယ်မြေမျိုးက ရှားတယ်... နောင်တစ်ချိန် သေဆုံးမှုရှိတဲ့ နယ်မြေတစ်ခုနဲ့ ကြုံလာရင် သေသွားတဲ့အထိ မဖြစ်အောင် ငါတို့ တတ်နိုင်သမျှ များများပါဝင်သင့်တယ်..."

ဟန်ထျန်ယွီ၏ အတွေးများသည် ကျိုးထျန်ချန်နှင့် တစ်ထပ်တည်းကျနေလေသည်။ သေဆုံးမှု သတ်မှတ်ချက် မရှိသော နယ်မြေများတွင် ပါဝင်ပြီး ကိုယ့်ကိုယ်ကိုယ် ပို၍သန်မာလာအောင် ပြုလုပ်ရန်မှာ အလွနအရေးကြီးပေ၏။

ထိုသို့ပြုလုပ်မှသာ နောင်တစ်ချိန် သေဆုံးမှုသတ်မှတ်ချက်ရှိသော နယ်မြေများနှင့် ကြုံတွေ့ရချိန်၌ ထိုအရာများကို ရှင်းလင်းနိုင်မည့် စွမ်းရည် ရှိလာပေမည်။

【စက်ရုံထုတ်လုပ်မှုလိုင်း တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေမှ မင်းတို့အားလုံးကို ကြိုဆိုပါတယ်... ငါက ဒီနယ်မြေရဲ့ စာမေးပွဲစစ်ဆေးသူ ဆာရာပါ...】

ထိုအချိန်မှာပင် လေထုထဲတွင် အသံတစ်သံ ပဲ့တင်ထပ်သွားသည်။ ကျိုးထျန်ချန်နှင့်ဟန်ထျန်ယွီတို့ မော့ကြည့်လိုက်ရာ ရင်းနှီးနေသော ဆာရာကို မြင်တွေ့လိုက်ရသည်။

【ဒီနယ်မြေက စမ်းသပ်နယ်မြေတစ်ခုပါ... အဆင့်သတ်မှတ်ချက် မရှိသလို သေဆုံးမှု သတ်မှတ်ချက်လည်း မရှိပါဘူး...】

သေဆုံးမှု သတ်မှတ်ချက် မရှိကြောင်း ကြားရသောအခါ လူတိုင်း၏ တုံ့ပြန်မှုသည် အထက်တန်းနောက်ဆုံးနှစ် နယ်မြေတွင် ကျိုးထျန်ချန်တို့ ပါဝင်ခဲ့စဉ်ကအတိုင်း အတိအကျပင်။

မျှော်လင့်ချက်မဲ့မှုမှ ဝေဝါးမှု ထို့နောက် အလွန်အမင်း ဝမ်းသာပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားကြ၏။

"သေဆုံးမှု မရှိဘူးလား... သောက်ကျိုးနည်း... ဒီတစ်ခါတော့ ငါတို့ တကယ့်ကို ကံထူးတာပဲ..."

"မိုက်တယ်... ဒါက အထက်တန်းနောက်ဆုံးနှစ် နယ်မြေလိုမျိုး မဟုတ်ဘူးလား..."

"မနေ့ကမှ ဒီလိုနယ်မြေမျိုးထဲ ဝင်ရပါစေလို့ ငါ ဆုတောင်းနေခဲ့တာ... ဒီနေ့ ငါ့ရဲ့ဆုတောင်း ပြည့်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး..."

"ဒါဆို စကြရအောင်... နယ်မြေကို စတင်ဖို့ ငါ မစောင့်နိုင်တော့ဘူး..."

ဤလူများ၏ စကားများကို ကြားသောအခါ ကျိုးထျန်ချန်နှင့်ဟန်ထျန်ယွီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ခါးသီးသော အပြုံးများဖြင့် ခေါင်းခါယမ်းလိုက်ကြ၏။

ဤလူများသည် နယ်မြေများက မည်မျှထိ ကြောက်စရာကောင်းနိုင်ကြောင်း မသိကြချေ။ ထိုအချိန်က သူတို့အားလုံး ပြိုလဲခဲ့ကြဖူးပြီး သေဆုံးမှု မရှိသော နယ်မြေသည် အမှန်တကယ်ကို အကြောက်ရဆုံးပင်။

ဤသည်က အလကားရသော အရာများသည် မကြာခဏဆိုသလို တန်ဖိုးအကြီးဆုံး ဖြစ်နေတတ်သည့်အလားပင်။

သေဆုံးမှုမရှိဟုဆိုသည်က တခြားရှုထောင့်တွေမှတဆင့် တစ်စုံတစ်ယောက်ကို သေချင်လာအောင် လုပ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်ပေ၏။

သို့သော် အထက်တန်းနောက်ဆုံးနှစ်ကို သူတို့ ကျော်ဖြတ်နိုင်ခဲ့သဖြင့် ဤ【စက်ရုံထုတ်လုပ်မှုလိုင်း】ကိုလည်း သေချာပေါက် ကျော်ဖြတ်နိုင်မည်ဟု သူတို့ ယုံကြည်ကြသည်။

ဆာရာသည် လူတိုင်း၏ တုံ့ပြန်မှုများကို စောင့်ကြည့်နေပြီး သူမ၏နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။

【ဒီနယ်မြေက အရမ်းရိုးရှင်းပါတယ်... စုစုပေါင်း ကြာချိန်က ငါးလပါ... နောက်ထပ် ငါးလအကြာ နောက်ဆုံးအကဲဖြတ်မှုမှာ မင်းတို့က စွမ်းဆောင်ရည် အကောင်းဆုံး ထိပ်ဆုံးငါးယောက်ထဲ ဝင်ရမယ်... ထိပ်ဆုံးငါးယောက်က ကြီးမားတဲ့ ဆုလာဘ်တွေနဲ့အတူ နယ်မြေကနေ ထွက်သွားနိုင်မှာ ဖြစ်ပြီး မဝင်ရင်တော့ နောက်တစ်ကျော့ ပြန်စရလိမ့်မယ်...】

ဤစကားကို ကြားသောအခါ ကျိုးထျန်ချန်နှင့် ဟန်ထျန်ယွီတို့၏ နှလုံးသားများ လေးလံသွားသည်။

ငါးလ ထပ်ပြီးတော့လား....

မဟုတ်ဘူး... ဒါက အရမ်းကို မှားယွင်းနေပုံရတယ်...

ဤနယ်မြေသည် အထက်တန်းနောက်ဆုံးနှစ်ထက် ပို၍ကြောက်စရာကောင်းနိုင်ကြောင်း သူတို့ ဝိုးတဝါး ကြိုတင်ခံစားမိနေကြ၏။

သူတို့နှင့်မတူဘဲ တခြားကစားသမားများကမူ လုံးဝဂရုမစိုက်ကြချေ။

"ငါးလတည်းပဲ... အေးဆေးပါ..."

"ဘာပဲဖြစ်ဖြစ်... သေဆုံးမှုမှ မရှိတာ... ဘာပဲဖြစ်ဖြစ် ငါတို့ ကျော်ဖြတ်နိုင်မှာပါ..."

"စက်ရုံထုတ်လုပ်မှုလိုင်းဆိုတာ ဘာလဲတော့ ငါ မသိဘူး... ဒါပေမဲ့ ရိုးရှင်းမယ်လို့တော့ ထင်တယ်..."

ဤကမ္ဘာတွင် စက်ရုံထုတ်လုပ်မှုလိုင်းများ မရှိချေ။ တစ်နည်းအားဖြင့် ပြောရလျှင် မျှော်လင့်ချက်မဲ့ပြီး ဖိနှိပ်ချုပ်ချယ်မှုရှိသော ပတ်ဝန်းကျင် အများစုမှာ ဤနေရာတွင် မရှိဘဲ လူတိုင်း ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ကြ၏။

မည်သို့ပင်ဆိုစေကာမူ လူအများ၏အသက်များ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်။ လူတိုင်း ပျော်ရွှင်စွာ နေထိုင်နိုင်စေရန်အတွက် နိုင်ငံတော်က အမျိုးမျိုးသော "အလွန်အကျွံ ယှဉ်ပြိုင်မှု" များကို တားမြစ်ထားပြီး ဆင်းရဲသားများအတွက် ထောက်ပံ့ကြေး အများအပြားကိုပင် ပေးအပ်ထားသည်။

ထို့ကြောင့် 【စက်ရုံထုတ်လုပ်မှုလိုင်း】ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သူတို့ သိရန် မဖြစ်နိုင်ချေ။

ဆာရာသည် သူတို့၏ယုံကြည်မှုရှိသော အမူအရာများကို ကြည့်ကာ လက်ဖျောက်တီးလိုက်၏။

【ဒါဆိုရင်... နယ်မြေ စတင်ပါပြီ...】

All Chapters