အခန်း ၅၇
Vol. 6 Ch. 57
အခန်း (၅၇) ကျား၊ မ ရောနှော နေထိုင်ခြင်းလား
ဆာရာ၏လက်ဖျောက်တီးသံနှင့်အတူ လူတစ်ရာ ချက်ချင်းပျောက်ကွယ်သွားသည်။
သူတို့၏မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်၌ သူတို့၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားလေ၏။ သူတို့သည် အလွန်အမင်း စိမ်းသက်သော ပတ်ဝန်းကျင်တစ်ခုသို့ ရောက်ရှိနေကြလေပြီ။
သူတို့သည် သိပ်သည်းစွာ စီရီထားသော သွပ်မိုးစက်ရုံ အဆောက်အအုံများ ဝန်းရံထားသည့် ရင်ပြင်တစ်ခုတွင် ရှိနေကြသည်။
ထိုရင်ပြင်အပေါ်တွင် အနီရောင်ဆိုင်းဘုတ်များကို ချိတ်ဆွဲထားသည်။
【အချိန်သည် ငွေ..ထိရောက်မှုသည် အသက်】
【ဒီနေ့ အလုပ်ကို ကြိုးကြိုးစားစား မလုပ်ရင် မနက်ဖြန် အလုပ်ရှာဖို့ ကြိုးစားရလိမ့်မယ်】
【သွေးနဲ့ချွေးတွေသာ ကျပါစေ မျက်ရည်မကျစေနဲ့ အရေခွံနဲ့ အသားတွေသာ ကွာပါစေ နောက်ကျမကျန်ခဲ့စေနဲ့】
【ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်အတွက် ကြိုးစားပါ】
ဆိုင်းဘုတ်တိုင်းသည် စိတ်အားထက်သန်မှု၊ ပြင်းပြသော ဆန္ဒများနှင့် လှုံ့ဆော်မှုများဖြင့် ပြည့်နှက်နေပေ၏။
သို့သော် ကျိုးထျန်ချန်နှင့်ဟန်ထျန်ယွီတို့ ဤဆိုင်းဘုတ်များကို မြင်လိုက်ရချိန်၌ သူတို့၏ နှလုံးသားများ တင်းကြပ်သွားပြီး အထက်တန်းနောက်ဆုံးနှစ် နယ်မြေတွင် သူတို့ ရှိခဲ့စဉ်က အချိန်အား ပြန်လည်သတိရသွားစေခဲ့သည်။
【တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကောင်းကောင်းမဖြေနိုင်ရင် မင်းရဲ့ဘဝ ပြီးဆုံးသွားပြီပဲ】
【စာသင်တာက ငါတို့အတွက် မဟုတ်ဘူး... မင်းတို့အတွက်ပဲ】
【တက္ကသိုလ်ကောင်းကောင်း တက်နိုင်မှသာ ဘဝကောင်းကောင်း ရနိုင်မယ်】
ထိုစကားလုံးများသည် ဤဆိုင်းဘုတ်များနှင့် မည်သို့မျှ ကွဲပြားခြားနားခြင်း မရှိချေ။ ဤသည်က လှုံ့ဆော်ပေးနေပုံရသော်လည်း အမှန်အားဖြင့် မမြင်နိုင်သော ကြီးမားသည့်ဖိအားများကို သက်ရောက်စေခြင်း ဖြစ်ပေ၏။
ဤသည်က သူတို့၏ ဦးရေပြားများကို ထုံကျင်သွားစေခဲ့သည်။
ဒီနယ်မြေက အထက်တန်းနောက်ဆုံးနှစ်ထက် ပိုခက်နိုင်မလား...
ထိုအချိန်၌ သပ်ရပ်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေကိုင်းမျက်မှန်တပ်ကာ အေးစက်ကြမ်းတမ်းသော အမူအရာရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် စူးရှသော ဆူညံသံကို အဆက်မပြတ် ထုတ်လွှင့်နေသည့် အသံချဲ့စက်တစ်ခုကို ကိုင်ဆောင်ကာ သူတို့၏ရှေ့ရှိ စင်မြင့်ပေါ်သို့ တက်လာလေ၏။
မျက်မှန်မှန်ဘီလူးနောက်ကွယ်ရှိ သူ၏ အကြည့်များသည် စွန်ရဲတစ်ကောင်ကဲ့သို့ အောက်ဘက်ရှိ ဝေဝါးနေသော "သိုးငယ်လေး" တစ်ရာကို ဝေ့ကြည့်လိုက်ပြီးနောက် နားစည်များကို ခြစ်မိလုမတတ် စူးရှသောအသံဖြင့် အော်ဟစ်လိုက်သည်။
" 'ရှင်းလန်' အီလက်ထရွန်းနစ် စက်ရုံကနေ ကြိုဆိုပါတယ်... မင်းတို့က ပထမဆုံး အလုပ်သမား အသုတ်ပဲ... နောင်တစ်ချိန်မှာ မင်းတို့က ငါတို့ရဲ့ သစ္စာအရှိဆုံး ဝါရင့်ဝန်ထမ်းတွေ ဖြစ်လာလိမ့်မယ်..."
"မှတ်ထား... ဒီနေရာမှာ မင်းတို့ရဲ့ ချွေးပေါက်တိုင်းက မင်းတို့ရဲ့ အနာဂတ်ကို ပုံဖော်ပေးလိမ့်မယ်... မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေက အလကား ဖြစ်မသွားဘူး... ထိတွေ့နိုင်တဲ့ ဆုလာဘ်တွေ ရရှိလိမ့်မယ်..."
"ငါ သတ်မှတ်ပေးတဲ့ ရည်မှန်းချက်တွေကို မင်းတို့ နေ့တိုင်း ပြီးစီးအောင် လုပ်ရမယ်... မင်းတို့ရဲ့ လစာတွေကို မင်းတို့ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး လစဉ် ပေးချေလိမ့်မယ်... ရည်မှန်းချက်တွေ မပြည့်ဘူးလား... ဒဏ်ငွေတပ်မယ်... အရည်အသွေး မမီဘူးလား... ဒဏ်ငွေတပ်မယ်... ပျင်းနေလား... ဒဏ်ငွေတပ်မယ်... အထက်လူကြီးတွေကို ပြန်ပြောလား... မင်းတို့ ဒေဝါလီခံရတဲ့အထိ ဒဏ်ငွေတပ်မယ်..."
လူလတ်ပိုင်းအမျိုးသား၏ စကားများကို နားထောင်ရင်း လူတချို့က တာဝန်မှာ ရိုးရှင်းသည်ဟု ထင်ကာ လုံးဝဂရုမစိုက်ကြသော်လည်း လူတချို့ကမူ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ခံစားမိကာ ကြောက်ရွံ့စွာဖြင့် တံတွေးများကို ခက်ခက်ခဲခဲ မျိုချလိုက်ကြသည်။
"ကဲ... အားလုံး သတိ..."
လူလတ်ပိုင်းအမျိုးသားက အော်ဟစ်လိုက်၏။
"အခုကစပြီး ငါက မင်းတို့ရဲ့ အလုပ်ရုံမှူးပဲ... နောက်ကျရင် မင်းတို့ရဲ့ အုပ်စုခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ငါ ခေါ်သွားမယ်... ဒါပေမဲ့ အရင်ဆုံး မင်းတို့ရဲ့ ခန္ဓာကိုယ် ခံနိုင်ရည်ကို ငါ စမ်းသပ်မယ်..."
လူတိုင်း မသိစိတ်မှ သတိအနေအထားဖြင့် ရပ်လိုက်ကြပြီး လူလတ်ပိုင်းအမျိုးသားကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။
ဒါက ဘာလဲ....ငါတို့ရဲ့ ခံနိုင်ရည်ကို စမ်းသပ်မယ်.... ဟုတ်လား...
"ထိုင်ထ အကြိမ်ငါးဆယ်... ဒိုက်ထိုး အကြိမ်ငါးဆယ်နဲ့ ဖားခုန် အကြိမ်သုံးဆယ်... အခု စလုပ်..."
ဤထူးဆန်းပြီး အဓိပ္ပာယ်မရှိသော တောင်းဆိုမှုကို ကြားရသောအခါ ဇဝေဇဝါ ဖြစ်နေကြသော်လည်း လူတိုင်း လိုက်နာကာ ထိုနေရာမှာပင် ထိုင်ထများကို စတင်လုပ်ဆောင်ပြီးနောက် ဒိုက်ထိုးခြင်းများကိုလည်း ဆက်လက်လုပ်ဆောင်ကြသည်။
ဤရိုးရှင်းသော လေ့ကျင့်ခန်းများကို မလုပ်နိုင်သူဟူ၍ မရှိသလောက်နီးပါးပင်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာသည် တုန်လှုပ်ချောက်ချားဖွယ်နယ်မြေများဖြင့် ပြည့်နှက်နေသောကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းသည် လူများအတွက် အရေးပါသော ကိစ္စတစ်ခု ဖြစ်နေသည်မှာ ကြာမြင့်နေလေပြီ။ အဝလွန်သူ အလွန်နည်းပါးပြီး လူတိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ကြ၏။
သူတို့်ထံ၌ တောင့်တင်းသန်မာသော ခန္ဓာကိုယ်ရှိမှသာ သဘာဝလွန် သတ္တဝါများကို သတ်ဖြတ်နိုင်ပေမည်။
မကြာမီ လူတိုင်း လေ့ကျင့်ခန်းလုပ်ပြီးသွားကြသည်။
"မဆိုးဘူး... မင်းတို့ရဲ့ ခံနိုင်ရည်က အရမ်းကောင်းတယ်... အခု မင်းတို့ရဲ့ ခရီးဆောင်အိတ်တွေကို ယူပြီး စက်ရုံဝင်းကို လှည့်ကြည့်ဖို့ ငါ့နောက်က လိုက်ခဲ့တော့..."
သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် လူတိုင်း၏ ညာဘက်တွင် သွားတိုက်ဆေး၊ သွားတိုက်တံ၊ မျက်နှာသုတ်ပုဝါ၊ ဖိနပ်၊ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာရည်စသည့် ရေချိုးခန်းသုံးပစ္စည်းများ ပါဝင်သော အနီရောင် ပလတ်စတစ်ပုံးတစ်ပုံး ထွက်ပေါ်လာသည်။ သို့သော် လဲစရာ အဝတ်အစားများ မပါဝင်ချေ။
တစ်ချိန်တည်းမှာပင် သူတို့၏ဘယ်ဘက်တွင် မှိုတက်နေသောအနံ့ ထွက်နေသည့် ဖောင်းကားနေသော ဖျင်အိတ်တစ်အိတ် ထွက်ပေါ်လာပြီး အတွင်း၌ ပါးလွှာသော စောင်တစ်ထည်နှင့် ကျောက်တုံးကဲ့သို့ မာကျောသော ခေါင်းအုံးတစ်လုံး ပါဝင်လေ၏။
လူအုပ်ကြီးသည် သူတို့၏အနီရောင်ပုံးများကို ကောက်ကိုင်လိုက်ကြပြီး ဖျင်အိတ်များကို ပခုံးပေါ်တင်ကာ အလုပ်ရုံမှူး၏နောက်သို့ တိတ်တဆိတ်စွာ လိုက်သွားကြသည်။ စက်ရုံဝင်းအတွင်း၌ လှုံ့ဆော်မှုပေးသော ဆိုင်းဘုတ်များ နေရာအနှံ့အပြား၌ ရှိနေပြီး ဦးနှောက်ဆေးခံရသကဲ့သို့ သူတို့၏အမြင်အာရုံကို တိုက်ခိုက်နေသည်။ အံ့သြစရာကောင်းသည်မှာ ကစားသမား အနည်းငယ်သည် ထိုအခြေအနေကြောင့် အမှန်တကယ် စိတ်လှုပ်ရှားသွားပြီး လက်သီးများကို ဆုပ်ကာ တီးတိုးရေရွတ်လိုက်ကြခြင်းပင်။
"အရမ်းကို လှုံ့ဆော်မှုပေးတာပဲ... ငါ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ဒီနေရာကနေ မြန်မြန် ထွက်သွားရမယ်..."
အလုပ်ရုံမှူးသည် သူတို့ကို သံချေးတက်နေသော သွပ်များဖြင့် လုံးလုံးလျားလျား ဖုံးအုပ်ထားသည့် အဆောက်အအုံငယ်တစ်လုံးဆီသို့ ခေါ်ဆောင်သွားသည်။
"ဒါက မင်းတို့ရဲ့ အဆောင်ပဲ... ကျား မ ရောနှောနေရမယ်..."
"ဘာ..."
"ကျား မ ရောနှောပြီးလား..."
"နောက်နေတာပဲ ဖြစ်ရမယ်..."
"ဟင့်အင်း... လုံးဝ မဖြစ်နိုင်ဘူး..."
မိန်းကလေးများသည် ထိတ်လန့်မှု၊ ရှက်ရွံ့မှုနှင့် ငြင်းဆန်လိုစိတ်များ ပြည့်နှက်နေသော မျက်နှာများဖြင့် ချက်ချင်းပွက်လောညံသွားသည်။ ယောကျာ်းလေးများတွင်မူ အမျိုးမျိုးသော အမူအရာများ ရှိကြသည်။ လူတချို့က ရှက်ရွံ့နေကြပြီး လူတချို့ကမူ သူတို့၏ မျက်လုံးများတွင် မကောင်းသော ရည်ရွယ်ချက် အရိပ်အယောင်လေးများ ရှိနေကြသည်။
"ပါးစပ်ပိတ်ထားစမ်း...."
အလုပ်ရုံမှူးသည် နောက်သို့ လှည့်လိုက်ပြီး မျက်စိပျက်မျက်နှာပျက်ဖြင့် ကန့်ကွက်နေသော မိန်းကလေးများ၏ မျက်နှာများဆီသို့ သူ၏အသံချဲ့စက်ကို ထိုးလိုက်လုမတတ် ဖြစ်နေလေ၏။
"ဘယ်အချိန်ကစပြီး မင်းတို့က ဈေးဆစ်ခွင့် ရှိသွားတာလဲ... မင်းတို့ရဲ့ အဆင့်အတန်းကို မှတ်ထား... မင်းတို့က ဒီကို အလုပ်လာလုပ်တာ... နာခံမှုဆိုတာ မင်းတို့ရဲ့ မြင့်မြတ်တဲ့ တာဝန်ပဲ... ငါက ဒီနေမှာ အမြင့်ဆုံး ခေါင်းဆောင်... ငါ့ရဲ့စကားက ဥပဒေပဲ... မင်းတို့ ခြွင်းချက်မရှိ နာခံရမယ်... အခု ခရီးဆောင်အိတ်တွေ ထားဖို့နဲ့ မင်းတို့ရဲ့ ကုတင်တွေကို ရွေးဖို့ ငါ့နောက်ကို လိုက်ခဲ့စမ်း..."
အလုပ်ရုံမှူး၏ အာဏာရှင်ဆန်မှုနှင့် နယ်မြေ စည်းမျဉ်းများ၏ ဖိအားအောက်တွင် ကစားသမားများသည် အရှက်တကွဲဖြင့် ခေါင်းငုံ့ကာ သံချေးတက်နေသော သံတံခါးမှတစ်ဆင့် သူ့နောက်သို့ လိုက်သွားရုံသာ တတ်နိုင်ကြတော့သည်။
သို့သော် တံခါး၏နောက်ကွယ်ရှိ မြင်ကွင်းက လူတိုင်းကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခုအား ပေးလိုက်၏။
မှို၊ ချွေးနှင့် အညစ်အကြေးများ ရောနှောနေသော နောက်ကျိသည့် လေလှိုင်းတစ်ခုက သူတို့ကို ရိုက်ခတ်လာပြီး အော့အန်ချင်စိတ်များ ဖြစ်ပေါ်စေခဲ့သည်။
မည်းနက်ပြီး ဟောင်းနွမ်းနေသော နံရံများပေါ်တွင် အင်္ဂတေများ အတုံးလိုက်အခဲလိုက် ကွာကျနေပြီး အောက်ဘက်ရှိ စိုစွတ်နေသော အုတ်ခဲများကို မြင်တွေ့နေရသည်။
ထောင့်များတွင် ပင့်ကူအိမ်များ ပြည့်နှက်နေပြီး ကြွက်တွင်းများနှင့် ပြေးလွှားနေသော အရိပ်မည်းများကိုပင် မြင်တွေ့နိုင်လေ၏။
အထက်တွင် အဆီများ ဖုံးလွှမ်းနေသော မျက်နှာကြက် ပန်ကာအချို့သည် မလှုပ်မယှက် လည်ပတ်နေပြီး အချိန်မရွေး ပြုတ်ကျလာနိုင်သည့်အလား အံ့ကြိတ်သံကဲ့သို့ "တကျွီကျွီ" အသံများကို ထုတ်လွှတ်နေသည်။
ကြမ်းပြင်သည် ကြမ်းတမ်းပြီး အေးစက်သော ကွန်ကရစ်ဖြစ်ကာ အစွန်းအထင်းများဖြင့် ဖုံးလွှမ်းနေသည်။
မျှော်လင့်ချက်မဲ့စရာ အကောင်းဆုံးမှာ ကုတင်များပင်။ အခြေခံမွေ့ရာများပင် မရှိဘဲ ညီညာမှုမရှိသည့် ဆူးငြောင့်များပြည့်နေသော သစ်သားပြားများ တင်ထားသည့် သံချေးတက်နေသော သံဘောင်များသာ ဖြစ်ပေ၏။
သူတို့၏လက်ထဲရှိ စက္ကူကဲ့သို့ ပါးလွှာသော စောင်များနှင့် ကျောက်တုံးကဲ့သို့ မာကျောသော ခေါင်းအုံးများနှင့် ပေါင်းစပ်လိုက်ပါက ဤနေရာတွင် အစစ်အမှန် အနားယူခြင်းနှင့် အိပ်စက်ခြင်းမှာ မဖြစ်နိုင်ကြောင်း သိသာထင်ရှားသည်။
ဒါက ဘယ်လိုလုပ် အဆောင်ဖြစ်မှာလဲ....
ဒါက ရှင်းရှင်းလင်းလင်းကို ကျူးကျော်ရပ်ကွက် အချုပ်ခန်းပဲလေ....
သူတို့ တွေးတောလိုက်ကြသည်။
"ဘယ်လို... ဘယ်လိုလုပ်ပြီး ဒီနေရာမှာ လူနေလို့ရမှာလဲ..."
မိန်းကလေးတစ်ဦးက ငိုသံပါသော အသံဖြင့် တီးတိုးရေရွတ်လိုက်သည်။
အလုပ်ရုံမှူးက မကြားသကဲ့သို့ ပြုမူကာ အသံချဲ့စက်ဖြင့် အတွင်းသို့ ညွှန်ပြလိုက်၏။
"မင်းတို့ ကုတင်တွေကို မင်းတို့ဘာသာ ရွေး... ဆယ်မိနစ်နေရင် အလုပ်စဖို့ ရင်ပြင်မှာ လာစုကြ... နောက်ကျတဲ့သူတွေကို တစ်နေ့စာလစာရဲ့ တစ်ဝက် ဖြတ်မယ်..."
ထိုသို့ပြောပြီးနောက် သူသည် အေးစက်စက်နှာခေါင်းရှုံ့လိုက်ကာ နောက်လှည့်၍ ထွက်သွားပြီး လေးလံသော သံတံခါးကို ကျယ်လောင်သော "ဂျိန်း" ခနဲ အသံနှင့်အတူ ဆောင့်ပိတ်လိုက်သည်။
အလုပ်ရုံမှူး၏ခြေသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်၌ အဆောင်သည် ဖိနှိပ်ချုပ်ချယ်သော အမှောင်ထုထဲသို့ ကျဆင်းသွားပြီး ယိမ်းယိုင်နေသော မျက်နှာကြက် ပန်ကာများမှ ကျရောက်လာသည့် လှုပ်ရှားနေသော အရိပ်များသာ ရှိတော့သည်။
အချိန်တခဏကြာမျှ အလွန်အမင်း တိတ်ဆိတ်သွားပြီးနောက် ကြောက်ရွံ့မှု၊ ဒေါသနှင့် ဝေဝါးမှုများ ပြည့်နှက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒါက တကယ်ပဲ လူနေတဲ့ နေရာလား..."
မျက်မှန်နှင့် လူငယ်လေးတစ်ဦးက ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။ သူသည် ကုတင်ဘောင်တစ်ခုမှ သံချေးများကို လက်ညှိုးဖြင့် ပွတ်သုတ်လိုက်ရာ သူ၏လက်ထိပ်တွင် အနီရင့်ရောင် ချက်ချင်းစွန်းထင်းသွားလေ၏။
"ဒီအပေါ်မှာ အိပ်ရင် ငါ မေးခိုင်ရောဂါ မရနိုင်ဘူးလား..."
"ကျား မ ရောနှော နေထိုင်တာ... သူက ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရက်တာလဲ..."
ဆံပင်ကို ကျစ်ဆံမြှီးစည်းထားသော မိန်းကလေးတစ်ဦးသည် သူမ၏ အနီရောင်ပလတ်စတစ်ပုံးကို တင်းကျပ်စွာ ဖက်ထားပြီး သူမ၏မျက်နှာ ဖြူရော်နေသည်။ သူမသည် အမျိုးမျိုးသော အမူအရာများ ရှိနေကြသည့် အဆောင်တွင်းရှိ အမျိုးသား ကစားသမားများကို သတိဝီရိယရှိသော မျက်လုံးများဖြင့် အကဲခတ်ကြည့်ရှုနေလေ၏။
"ဒါက အရမ်းကို လုံခြုံမှု မရှိဘူး..."
"သောက်ကျိုးနည်း... ငါက အပြင်မှာ ရုံးဝန်ထမ်း တစ်ယောက်ကွ... ငါ ဘယ်တုန်းက ဒီလိုဆင်းရဲဒုက္ခမျိုး ခံခဲ့ရဖူးလို့လဲ..."
ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် သံကုတင်ဘောင်တစ်ခုကို ဒေါသတကြီး ကန်လိုက်ရာ "ဂျိန်း" ခနဲ အသံကျယ်ကြီး ထွက်ပေါ်လာပြီး ဖုန်မှုန့်များ လွင့်စင်လာသည်။
"ညည်းညူမနေကြနဲ့တော့... ဒါက တုန်လှုပ်ချောက်ချားဖွယ်နယ်မြေတစ်ခုလေ... ညည်းညူနေလို့လည်း အလကားပဲ..."
ထိုအချိန်၌ ကျိုးထျန်ချန်က အေးအေးဆေးဆေး ပြောလိုက်သည်။ သူသည် သူ၏ ဖျင်အိတ်ကို ဖွင့်ကာစောင်နှင့်ခေါင်းအုံးတို့ကိုထုတ်ပြီး ခင်းလိုက်ကာ ပလတ်စတစ်ပုံးကို ကုတင်အောက်သို့ ထည့်ပြီးနောက် တံခါးကိုဖွင့်ကာ အပြင်သို့ ထွက်သွားလေ၏။
ဟန်ထျန်ယွီလည်း အနောက်မှကပ်၍ လိုက်သွားသည်။ သူတို့နှစ်ဦး အလွန်တည်ငြိမ်နေသည်ကို မြင်သောအခါ တခြားသူများလည်း အလျင်အမြန် လိုက်လုပ်ကာ သူတို့၏ကုတင်များကို ရွေးချယ်ကြသည်။ သို့သော် ဤသည်က သူတို့၏ ပထမဆုံး အငြင်းပွားမှုကို ဖြစ်ပေါ်စေခဲ့သည်။