← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

အခန်း (၆၀) ပထမဆုံးနေရာမှ ပြိုလဲခြင်း

အလုပ်ရုံမှူးမှ အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် လူတိုင်းသည် စက်ရုံထုတ်လုပ်မှုလိုင်းဆီသို့ ကပျာကယာ ပြေးသွားကြသည်။ အမည်မသိစက်များကို ကြည့်ရင်း သူတို့နှင့် သက်ဆိုင်သော ဝန်ထမ်းနံပါတ်များကို မျက်နှာပြင်များပေါ်တွင် စစ်ဆေးကာ သူတို့၏ နေရာများကို ရှာဖွေပြီး တစ်ယောက်ပြီးတစ်ယောက် ထိုင်လိုက်ကြ၏။

မကြာမီ နေရာတိုင်း ပြည့်သွားချိန်၌ အလုပ်ရုံမှူးက အေးစက်သော အသံဖြင့် ပြောဆိုသည်။

"မျက်နှာပြင်တွေပေါ်မှာ ပုံကြမ်းတွေနဲ့ လည်ပတ်မှု လုပ်ငန်းစဉ်တွေကို ပြထားလိမ့်မယ်... အဲ့ဒါတွေကို သေချာကြည့်ပြီး ကျွမ်းကျင်အောင် လုပ်ဖို့ မင်းတို့မှာ တစ်မိနစ် အချိန်ရှိတယ်... စက်ရုံထုတ်လုပ်မှုလိုင်းက မင်းတို့ကို စောင့်နေမှာ မဟုတ်ဘူး..."

သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် မတူညီသော ဗီဒီယိုများသည် မျက်နှာပြင်များပေါ်တွင် ထွက်ပေါ်လာပြီး ထိုအရာအားလုံးသည် နေရာတစ်ခုစီအတွက် လိုအပ်သော လည်ပတ်မှု လုပ်ငန်းစဉ်များကို ပြသနေကြသည်။

ကျိုးထျန်ချန်၏ နေရာမှာ အစိတ်အပိုင်းများ၏ အစွန်းများကို ကော်သုတ်ရန်ပင်။ တခြား မည်သည့်နေရာကိုမျှ ထိ၍မရချေ။ ထိုသို့မဟုတ်ပါက ပျက်စီးသွားသည်ဟု ယူဆပြီး ငွေဖြတ်ခံရပေမည်။

အစွန်းများမှာ ကျဉ်းမြောင်းသောကြောင့် ကြည့်ရသည်မှာ အလွန်ခက်ခဲပုံရလေ၏။ အကယ်၍ လက်အနည်းငယ် တုန်သွားပါက မှားယွင်းသော အစိတ်အပိုင်းများပေါ်သို့ ရောက်သွားနိုင်ချေ ရှိသဖြင့် အလွန်သတိထားရပေမည်။

အချိန်တစ်မိနစ်မှာ လျင်မြန်စွာ ကုန်လွန်သွားပြီး ဗီဒီယို ပြီးဆုံးသွားသည်။

"စလုပ်တော့... မင်းတို့ မြန်မြန်လုပ်ရမယ်..."

စကားအဆုံးတွင် စက်များထံမှ တုန်ခါသံတစ်သံ ထွက်ပေါ်လာသည်။ လူတိုင်းသည် စမှတ်ရှိ ပထမဆုံး စက်ဆီသို့ လှမ်းကြည့်လိုက်ရာ အစိတ်အပိုင်းများသည် ထိုအရာထဲမှ စတင်၍ ထွက်ပေါ်လာပေ၏။

ပထမဆုံးနေရာတွင် ထိုင်နေသူမှာ အမျိုးသမီးတစ်ဦးပင်။ သူမသည် အစိတ်အပိုင်းများကို မြင်လိုက်ရသည်နှင့် တပြိုင်နက် တစ်ခုကို မကောက်ယူမီ စက္ကန့်ဝက်ခန့် ကြက်သေသေသွားသည်။

"အသုံးမကျတဲ့ အမှိုက်ကောင်မ... ဘာတွေ ငေးနေတာလဲ... ကောက်ယူပြီး ဝက်အူတွေ တပ်စမ်း..."

အလုပ်ရုံမှူး၏ အေးစက်စက် ဟိန်းဟောက်သံက သူမ၏နောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

သူ ထိုနေရာသို့ မည်သည့်အချိန်က ရောက်သွားမှန်း မည်သူမျှ မသိလိုက်ကြချေ။ သူ၏လှုပ်ရှားမှုသည် အလွန်လျှင်မြန်ပြီး သူတို့ သတိမထားမိလိုက်ကြချေ။

ထိုအမျိုးသမီးသည် နှလုံးခုန်ရပ်လုမတတ် လန့်ဖျပ်သွားလေ၏။ သူမသည် ဝက်အူများ တပ်ဆင်ရန် အစိတ်အပိုင်းကို ကပျာကယာ ကောက်ယူလိုက်သော်လည်း သူမ အလောတကြီးဖြစ်ကာ ရှုပ်ထွေးနေသည်။ ဆယ်စက္ကန့်ကျော် ကုန်လွန်သွားသော်လည်း သူမ မတပ်ဆင်ရသေးချေ။ သို့သော် စက်ကမူ အစိတ်အပိုင်းများကို မှန်ကန်စွာ ဆက်လက်၍ ထုတ်လုပ်နေသည်။ အစိတ်အပိုင်းများစွာသည် သူမကို ကျော်လွန်၍ အနောက်ဘက်ရှိ လူများဆီသို့ စီးဆင်းသွားလေပြီ။

လူတချို့က အဆူခံရမည်ကို ကြောက်သဖြင့် မသိစိတ်မှ ကောက်ယူချင်စိတ် ဖြစ်သွားကြသော်လည်း သူတို့ လက်လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အလုပ်ရုံမှူးက သူတို့၏လက်များကို ရိုက်ချလိုက်၏။

"ချထားစမ်း... အဲ့ဒါ မင်း ကောက်ရမယ့်ဟာလား... အရှေ့ကလူတောင် မပြီးသေးဘူးလေ..."

ဤသည်က ထိုအမျိုးသားကို ထိတ်လန့်သွားစေပြီး သူ ကပျာကယာ ပြန်ချထားလိုက်သည်။ သူသည် အလုပ်ရုံမှူးကို ကြောက်ရွံ့စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ပထမဆုံးနေရာရှိ အမျိုးသမီးကို စိုးရိမ်တကြီးနှင့် ဂဏာမငြိမ်ဖြစ်စွာ ကြည့်နေသည်။ တခြားသူများလည်း ထိုနည်းတူစွာ ပြုလုပ်ကြသည်။

"မြန်မြန်လုပ်... ဒီအတိုင်းသာ ဆက်သွားရင် ဒီအစိတ်အပိုင်းတွေ အဆုံးထိ ရောက်သွားတော့မယ်..."

"အဲ့ဒါပြောတာ... နင် နည်းနည်း ပိုပြီးမြန်မြန် လုပ်လို့ မရဘူးလား... ဝက်အူတပ်တာလေးပဲကို... အဲ့ဒီလောက်တောင် ခက်လို့လား..."

"ငါ့ဟာက ဝက်အူတပ်တာထက် အများကြီး ပိုခက်တယ်လို့ ငါ ခံစားရတယ်..."

"ဒါက တကယ်ကို ငါ့ကို စိုးရိမ်လွန်းလို့ သေစေတော့မယ်..."

သူတို့ တစ်ယောက်ချင်းစီသည် အလွန်အမင်း စိုးရိမ်ပူပန်နေကြ၏။ ပထမဆုံးနေရာသည် တစ်ခုပြီးရန် ဆယ်စက္ကန့်ကျော် အချိန်ယူနေသည်ကို သူတို့ ကြည့်နေကြစဉ် စက်ကမူ သုံးစက္ကန့်ကို တစ်ခု ထုတ်လုပ်နေသည်။ သူမ တစ်ခုလုပ်ရန် အချိန်ယူနေတုန်းမှာတင် သုံးလေးခုလောက်က ဖြတ်သန်းသွားလေပြီ။

ဒီအတိုင်းသာ ဆက်သွားရင် ငါတို့ရဲ့လစာတွေ သေချာပေါက် အဖြတ်ခံရတော့မှာပဲ...

ကျိုးထျန်ချန်သည် သူ၏နောက်ရှိ စက်ရုံထုတ်လုပ်မှုလိုင်းကို တစ်ချက်ကြည့်လိုက်သည်။ တခြားတစ်ဖက်တွင်လည်း အလားတူ အခက်အခဲကို ကြုံတွေ့နေရပေ၏။ သူတို့လည်း ပထမဆုံး နေရာမှာတင် ပိတ်မိနေပြီး ဟန်ထျန်ယွီက ထိုနေရာတွင် ရှိနေသည်။

"မြန်မြန်လုပ်စမ်း... မင်းရဲ့ လက်မြန်နှုန်းက တကယ်ကို နှေးလွန်းတယ်... မင်းရဲ့ အဲ့ဒီ ထိုင်းမှိုင်းနေတဲ့ လက်တွေနဲ့ဆို မင်္ဂလာဆောင်မှာတောင် ဟင်းကောင်းကောင်းတစ်ပွဲကို မင်း လုနိုင်မှာ မဟုတ်ဘူး..."

အလုပ်ရုံမှူးက သူမကို သနားညှာတာမှုကင်းမဲ့စွာ စော်ကားလိုက်သည်။

အမျိုးသမီးသည် သူမ၏ နှုတ်ခမ်းကို ကိုက်ထားပြီး အလွန်အမင်း မတရားခံရသကဲ့သို့ ခံစားနေရသည်။ သူမလည်း ကြိုးစားချင်သည့်တိုင် သူမ၏နောက်တည့်တည့်တွင် ရှိနေသော အလုပ်ရုံမှူးက သူမအပေါ် ကြီးမားသည့် ဖိအားများကို သက်ရောက်စေသည်။

သူမသည် အလုပ်သေချာ မလုပ်နိုင်ဘဲ ဆူခံရမည်ကိုလည်း ကြောက်ရွံ့နေပေ၏။ ဤမျှထိ ပြင်းထန်သော ဖိအားအောက်တွင် သူမ လုံးဝအရှိန်မတင်နိုင်ခဲ့ချေ။

"အသုံးမကျတဲ့ အကောင်... ဒီအစိတ်အပိုင်းလေးကိုတောင် မင်း ဖျက်ဆီးပစ်နိုင်တယ်ပေါ့... မြန်မြန်လုပ်စမ်း... အမှားမခံဘူးနော်... မဟုတ်ရင် မင်းကို လစာ ဖြတ်မယ်..."

"ပြီးတော့ မင်း... မင်းကလည်း ဟိုဘက်လိုင်းက လူတွေလိုပဲ အသုံးမကျတာပဲ... ဘာလို့ ဒီလောက်ထိ နှေးနေရတာလဲ... မြန်မြန်လုပ်စမ်း... မြန်မြန်..."

"ဘာတွေ ကြည့်နေတာလဲ... ပထမလူက တစ်ခုပြီးသွားပြီဆိုတော့ ဒုတိယလူ ဖြစ်တဲ့ မင်းက အလုပ်လုပ်ရမှာ မဟုတ်ဘူးလား... ကောက်ကိုင်ပြီး လုပ်စမ်း..."

"သောက်ရမ်း အသုံးမကျတဲ့ အမှိုက်ကောင်တွေ... တစ်ခုလေးတောင် သေချာ မလုပ်နိုင်ကြဘူး... အများကြီး ပျက်စီးသွားပြီ... ငါ မင်းတို့ကို သတိပေးလိုက်မယ်... အဲ့ဒီ မပြီးသေးတဲ့ အစိတ်အပိုင်းတွေကို စစ်ဆေးတဲ့နေရာဆီ မရောက်သွားစေနဲ့... မဟုတ်ရင် မင်းတို့အားလုံး ပိုက်ဆံ အဖြတ်ခံရမယ်..."

ထိုစကားများက သူတို့ကို အိပ်မက်မှ လန့်နိုးသွားစေခဲ့သည်။

ကျိုးထျန်ချန်သည် အထက်တန်းနောက်ဆုံးနှစ်ကို ဖြတ်သန်းခဲ့ဖူးသူ တစ်ဦးဖြစ်ရာ သူ၏ စိတ်ပိုင်းဆိုင်ရာ လျင်မြန်မှုမှာ ပျမ်းမျှထက် ပိုမြန်သည်။ သူသည် နောက်ဆုံးနေရာရှိ အမျိုးသားကို ချက်ချင်းကြည့်ကာ အေးစက်စက် အော်ဟစ်လိုက်၏။

"မြန်မြန်... အဲ့ဒီ အစိတ်အပိုင်းတွေကို တားထား... စစ်ဆေးတဲ့ နေရာကို မရောက်သွားစေနဲ့... အနောက်ကနေ အရှေ့ကို အကုန်လုံး ပုံထားလိုက်..."

ကျိုးထျန်ချန်၏ စကားကို ကြားသောအခါ ထိုအမျိုးသား ချက်ချင်းနားလည်သွားသည်။ သူသည် စက်ရုံထုတ်လုပ်မှုလိုင်းပေါ်ရှိ အစိတ်အပိုင်းများကို တားဆီးရန် ကပျာကယာ မတ်တပ်ရပ်လိုက်ပြီးနောက် ထိုအရာများကို ပထမဆုံး နေရာသို့ သယ်ဆောင်သွားကာ ဖိထားလိုက်သည်။ "မြန်မြန်လုပ်... အခု အရာအားလုံးက မင်းအပေါ်မှာပဲ မူတည်တော့တယ်... မဟုတ်ရင် ငါတို့အားလုံး ပိုက်ဆံ အဖြတ်ခံရတော့မယ်..."

ဤမျှထိ များပြားသော အစိတ်အပိုင်းများကို မြင်ရသောအခါ အမျိုးသမီးသည် ဖိအားများ ပေါက်ကွဲထွက်လာသည်ကို ခံစားရလေ၏။ တခြားသူများအားလုံးက စိုက်ကြည့်နေပြီး သူမကို အလောတကြီး ခိုင်းစေနေခြင်းအပြင် နားကွဲမတတ် ဆက်တိုက်ထွက်ပေါ်နေသော စက်များ၏ တုန်ခါသံများနှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် စိတ်အနှောင့်အယှက် ဖြစ်လာပြီး သူမ၏ဖိအားများ ပို၍ပင် ကြီးမားလာခဲ့သည်။

【လီဖန်း...စိတ်ခံစားမှု တန်ဖိုး ၈၀%】

ဤဖိနှိပ်ချုပ်ချယ်ပြီး အရေးပေါ်ဖြစ်နေသော ပတ်ဝန်းကျင်တွင် ပထမဆုံးနေရာရှိ အမျိုးသမီး၏ စိတ်ခံစားမှု တန်ဖိုးသည် မြင့်တက်သွားပြီး အနုတ်လက္ခဏာစွမ်းအင် အမြောက်အများကို ထုတ်လွှတ်ပေးခဲ့သည်။

"အရမ်းအစွမ်းထက်တာပဲ... ဒီနယ်မြေက အထက်တန်းနောက်ဆုံးနှစ် နယ်မြေထက်တောင် ပိုကောင်းသေးတယ်... အခုမှ စတာလေးပဲ ရှိသေးတယ်... ငါတို့ အနုတ်လက္ခဏာစွမ်းအင် ၁၀၀၀ တောင် စုဆောင်းနိုင်ခဲ့ပြီ... ပြီးတော့ လူတချို့ရဲ့ စိတ်ခံစားမှု တန်ဖိုးတွေက ၇၀ ရာခိုင်နှုန်း ကျော်နေပြီ... အရင်တုန်းက အထက်တန်းနောက်ဆုံးနှစ်နယ်မြေက ဒီလောက် မမြန်ခဲ့ဘူး..."

ဆာရာက အံ့အားသင့်စွာ ပြောလိုက်သည်။

ဤ【စက်ရုံထုတ်လုပ်မှုလိုင်း】နယ်မြေသည် အထက်တန်းနောက်ဆုံးနှစ် နယ်မြေထက် များစွာပိုမြန်ပေ၏။ အထက်တန်းနောက်ဆုံးနှစ် နယ်မြေသည် အဆုံးပိုင်းရောက်မှသာ အရှိန်ရလာပြီး ထိုအချိန်ကျမှ အနုတ်လက္ခဏာစွမ်းအင်များ ရူးသွပ်စွာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ဤနယ်မြေတွင်မူ ပထမဆုံးနေ့သာ ရှိသေးပြီး စတင်ပြီးနောက် နှစ်နာရီသာ ကြာသေးသော်လည်း အနုတ်လက္ခဏာစွမ်းအင် ၁၀၀၀ကို စုဆောင်းရရှိပြီးလေပြီ။

ဤလူတစ်ရာလုံးသည် အနုတ်လက္ခဏာစွမ်းအင်များကို ထုတ်လွှတ်ပေးနေကြ၏။ သူတို့ ဝင်ရောက်ပြီး နာရီဝက်အတွင်းမှာပင် သူတို့သည် နှေးကွေးသော ဖိနှိပ်ချုပ်ချယ်မှု ခံစားချက်တစ်ခုကို စတင်၍ ခံစားလာရလေပြီ။

ဤသည်က အထက်တန်းနောက်ဆုံးနှစ်ထက် ပိုမြန်ပြီး ပို၍သေစေနိုင်လောက်သည်။

"စက်ရုံထုတ်လုပ်မှုလိုင်းတွေက သဘာဝအရကို အရမ်းဖိနှိပ်ချုပ်ချယ်မှုများတယ်... အရင်က ငါလည်း အဲ့ဒီလိုမျိုး လုပ်ဖူးတယ်... တစ်လလောက် အတင်းအကြပ် တောင့်ခံပြီး နေခဲ့ရတယ်... အပြင်ရောက်ပြီးတဲ့နောက်မှာ ငါ နောက်တစ်ခါ ဘယ်တော့မှ ပြန်မဝင်တော့ဘူးလို့ ကျိန်ဆိုခဲ့တယ်..."

ချန်လန်က ခေါင်းခါယမ်းပြီး ပြောလိုက်သည်။

ထိုအတွေ့အကြုံကို ပြန်လည်အမှတ်ရလာချိန်၌ လောကတွင် စက်ရုံထုတ်လုပ်မှုလိုင်းထက် ပို၍ဆင်းရဲဒုက္ခရောက်ရသော အလုပ်မရှိဟု သူ ခံစားလိုက်ရသည်။

ထိုစဉ်က သူ အလုပ်ဝင်ခဲ့သော နေရာမှာ တရားမဝင် စက်ရုံတစ်ခုပင်။ ဖုန်းတစ်လုံးဝယ်ရန်အတွက် ပိုက်ဆံရှာချင်၍သာ မဟုတ်ခဲ့လျှင် သူ လုံးဝသွားခဲ့မည် မဟုတ်ချေ။

ပထမဆုံးနေ့တွင် သူ သေလုမတတ် ပင်ပန်းခဲ့လေ၏။ အဆောင်သို့ ပြန်ရောက်ပြီး ကုတင်ပေါ်တွင် လှဲလိုက်ချိန်၌ သူသည် မျက်နှာကြက်ကို စိုက်ကြည့်နေပြီး ဘဝ၏အဓိပ္ပာယ်ကို တွေးတောနေခဲ့သည်။

စက်ရုံထုတ်လုပ်မှုလိုင်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု သက်သက်မဟုတ်ချေ။ ဤသည်က စိတ်ပိုင်းဆိုင်ရာ ဖျက်ဆီးမှုနှင့် ပို၍တူညီသည်။ အချိန်အကြာကြီး နေထိုင်သူများသည် ဇွန်ဘီများကဲ့သို့ ဖြစ်လာပြီး သူတို့၏စိတ်များ သိပ်မကြည်လင်တော့ချေ။

တစ်ရက်ပြီးတစ်ရက် အလုပ်လုပ်ရခြင်း၊ လူမှုရေးဘဝ လုံးဝမရှိခြင်း၊ ထုံကျဉ်နေသော စိတ်ဝိညာဉ်နှင့်ဘဝ တို့သည် လူတစ်ဦး၏တက်ကြွမှုကို ဖျက်ဆီးပစ်ပေလိမ့်မည်။ လူတစ်ဦးတွင် တက်ကြွမှု မရှိတော့ပါက သေနေသောလူတစ်ဦးနှင့် မည်သို့ ကွာခြားတော့မည်နည်း။

"ဒါဆို ဒီနယ်မြေက နောက်ထပ် ကာလရှည် ညှဉ်းပန်းနှိပ်စက်တဲ့ နယ်မြေတစ်ခုပေါ့..."

ဆာရာက မေးလိုက်သည်။

ကစားသမားများကို လူနှင့်ပင် မတူတော့သည့်အထိ ပြိုလဲပြီး မျှော်လင့်ချက်မဲ့သွားအောင် ငါးလကြာ အချိန်ယူပြီး ညှဉ်းပန်းနှိပ်စက်ခဲ့သော အထက်တန်းနောက်ဆုံးနှစ်လိုမျိုးပဲလားဟု သူမ တွေးလိုက်မိသည်။

ချန်လန်က ခေါင်းညိတ်လိုက်သည်။

"အင်း... အဲ့ဒါက သူတို့မှာ စိတ်ဓာတ်ခွန်အား ရှိမရှိ ဆိုတဲ့အပေါ်မှာ မူတည်တယ်... ဒါပေမဲ့ သူတို့မှာ ရှိမယ်လို့တော့ ငါ မထင်ဘူး..."

ဤကမ္ဘာမှ လူများသည် အလွန်သက်တောင့်သက်သာရှိသော ဘဝများကို နေထိုင်ခဲ့ကြသည်။ စက်ရုံထုတ်လုပ်မှုလိုင်းကဲ့သို့အရာကို သူတို့ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။ သူတို့ သေချာပေါက် ကိုင်တွယ်နိုင်မည် မဟုတ်ချေ။

ထိုအချိန်၌ လီဖန်း၏အော်ဟစ်သံက ပုံရိပ်များထဲတွင် ထွက်ပေါ်လာသည်။

"ငါ မပြီးနိုင်တော့ဘူး... ငါ့ကို မလောပါနဲ့... ငါ့ကို လောတာ ရပ်လိုက်ကြစမ်း..."

လီဖန်းသည် သူမ၏ခေါင်းကို ကိုင်ကာ အသံကုန် အော်ဟစ်နေသည်ကို တွေ့လိုက်ရလေ၏။ စက်ရုံထုတ်လုပ်မှုလိုင်းကို ကြည့်လိုက်ရာ အစိတ်အပိုင်းများ အထပ်လိုက် ပုံနေလေပြီ။

အလုပ်ရုံမှူးသည် သူမ၏နောက်တွင် ရပ်ကာ စကားများ ဆက်တိုက်ပြောနေပြီး တာဝန်ကို မြန်မြန် အပြီးသတ်ရန် အဆက်မပြတ် လောဆော်နေသည်။ တခြားသူများ၏ စိုးရိမ်တကြီး လောဆော်မှုများက သူမကို ပေါက်ကွဲသွားစေသည်။

"အိမ်မှာဆိုရင် ငါ့ရဲ့ယောကျာ်းနဲ့ ယောက္ခမက ငါ့ကို ဒီလိုမျိုး ဘယ်တော့မှ မလောခဲ့ဖူးဘူး... ဒီကို ရောက်ကတည်းက နင်တို့က ဘာလို့ ငါ့ကို အမြဲတမ်း လောနေရတာလဲ... နင်တို့မှာ အဲ့ဒီလောက်တောင် အရည်အချင်းရှိရင် နင်တို့ကိုယ်တိုင် လာလုပ်ကြလေ..."

Book 6 end.

All Chapters