အခန်း ၆၁
Vol. 7 Ch. 61
အခန်း (၆၁) တကယ်လို့ သူတို့ မသေရင်တောင် သေတဲ့အထိ ခိုင်းစေရမယ်
လီဖန်း၏ ပြိုလဲမှုနှင့် ငိုကြွေးသံများသည် အပ်တစ်ချောင်းအလား အလုပ်ရုံ၏ ထုံကျင်နေသော ဆူညံသံများကို အချိန်တခဏကြာမျှ ထိုးဖောက်သွားသည်။
ပတ်ဝန်းကျင်ရှိ ကစားသမားများသည် အံ့အားသင့်သွားကြပြီး သူမကို ကူကယ်ရာမဲ့စွာ ကြည့်နေကြစဉ်တွင် သူတို့၏လက်များ အလိုအလျောက် နှေးကွေးသွားလေ၏။
အစောပိုင်းက အကျယ်လောင်ဆုံး အော်ဟစ်ပြီး သူမကို လောဆော်နေခဲ့သော အမျိုးသား ကစားသမား၏ မျက်နှာပေါ်တွင်လည်း အပြစ်ရှိသကဲ့သို့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူ တောင်းပန်ချင်သကဲ့သို့ သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။
သို့သော် ဤတခဏကြာမျှ ရပ်တန့်မှုသည် ပို၍အစွမ်းထက်သော အကြမ်းဖက်မှု စွမ်းအားဖြင့် ချက်ချင်းဆိုသလိုပင် ရက်စက်စွာ ချေမှုန်းခံလိုက်ရလေ၏။
"မင်းတို့က ပုန်ကန်ချင်နေတာလား... ဒါက ငါ့ရဲ့နယ်မြေပဲ... မင်းတို့ အလုပ်ချိန်မှာ ရပ်လို့ရတယ်လို့ ထင်နေတာလား..."
အလုပ်ရုံမှူး၏ဟိန်းဟောက်သံသည် မိုးခြိမ်းသံတစ်သံကဲ့သို့ ဖြစ်နေသည်။ သူသည် လီဖန်း၏ အလုပ်နေရာသို့ ခြေလှမ်းအနည်းငယ်ဖြင့် ပြေးသွားလိုက်ပြီး သူ၏ မျက်နှာ ပြာနှမ်းနေကာ သူ၏မျက်လုံးများမှာ လူတစ်ယောက်ကို ဝါးမျိုချင်နေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းနေသည်။
ဖြောင်း...
ကြည်လင်ပြတ်သားသော အသံတစ်သံထွက်ပေါ်လာလေ၏။ သူသည် သူမ၏ မျက်နှာကို မရိုက်ခဲ့ချေ။ ထို့အစား သူသည် သူ၏ ကြီးမားသော လက်ကြီးကို အသုံးပြု၍ လီဖန်း၏နောက်စေ့ကို ရုတ်တရက် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
ကြီးမားသော ခွန်အားကြောင့် လီဖန်းက နာကျင်စွာ အော်ဟစ်လိုက်သည်။ ဤရက်စက်ကြမ်းကြုတ်သော ခွန်အားကြောင့် သူမ၏တစ်ကိုယ်လုံးသည် ပလတ်စတစ် ခွေးခြေပေါ်သို့ ပြင်းထန်စွာ ဖိချခံလိုက်ရပြီး သူမ၏ခေါင်းကိုလည်း အတင်းအကြပ် ငုံ့သွားစေခဲ့သည်။
"ငါ့အတွက် အလုပ်လုပ်စမ်း..."
အလုပ်ရုံမှူးသည် ခါးကိုင်းလိုက်ပြီး သူ၏ပါးစပ်ကို လီဖန်း၏နားနှင့် ကပ်လုမတတ် တေ့ထားကာ ဟိန်းဟောက်လိုက်ရာ သူ၏တံတွေးများသည် သူမ၏ နှာခေါင်းစည်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့မည့်အလားပင်။
"မင်းတို့ မသေသေးသရွေ့ သေတဲ့အထိ အလုပ်လုပ်ရမယ်... ဒီနေ့ ရည်မှန်းချက်တွေကို အချိန်မီ အရည်အသွေးမီမီ မပြီးရင် ဘယ်သူမှ အလုပ်ဆင်းဖို့ မစဉ်းစားနဲ့... ကြားလား..."
"ငါ့ကိုလွှတ်... သောက်ခွေးကောင်... ငါ ဒါကို ဆက်မလုပ်တော့ဘူး... လွှတ်စမ်း..."
လီဖန်းသည် အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ချေ။ ပြင်းထန်သော နာကျင်မှုနှင့် အရှက်ရမှုတို့က သူမ၏ခွန်အားများကို ပေါက်ကွဲထွက်လာစေသည်။ သူမ၏လက်များသည် အလုပ်ရုံမှူး၏ လက်ကောက်ဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး အားကုန်သုံး၍ ရုန်းကန်ကာ သူမ၏ခြေထောက်များကိုလည်း ရမ်းခါနေလေ၏။
"မင်းက ပြန်ခုခံရဲသေးတယ်ပေါ့..."
အလုပ်ရုံမှူး၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတန်းတစ်တန်း လင်းလက်သွားပြီး သူ၏တခြားလက်တစ်ဖက်ကိုလည်း ဖိနှိပ်လိုက်သည်။ သူ၏လက်နှစ်ဖက်လုံးမှ ရုတ်တရက် အားကုန်သုံးလိုက်ခြင်းနှင့်အတူ သူသည် ရုန်းကန်နေသော လီဖန်း၏ ခန္ဓာကိုယ် အထက်ပိုင်း တစ်ခုလုံးကို အရှိန်ပြင်းစွာ လည်ပတ်နေသော ရွေ့လျားစက်ခါးပတ်ပေါ်သို့ အတင်းအကြပ် ဖိနှိပ်လိုက်၏။
"အား..."
လီဖန်းထံမှ အလွန်အမင်း စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ သူမ၏ပါးပြင်နှင့် မျက်နှာတစ်ခြမ်းသည် အေးစက်ပြီး လျှင်မြန်စွာ ရွေ့လျားနေသည့် ကြမ်းတမ်းသော ရွေ့လျားစက်ခါးပတ် မျက်နှာပြင်ပေါ်တွင် ပြင်းထန်စွာ ပွတ်တိုက်ခံရပြီး "တရှဲရှဲ" အသံတစ်သံ ထွက်ပေါ်လာသည်။
သူမ၏ဖုန်ကာဝတ်စုံမှ ဦးထုပ်သည် ပွတ်တိုက်မှုကြောင့် ကျွတ်ထွက်သွားပြီး သူမ၏ဆံပင်များ ညပ်ပါသွားကာ ဆုတ်ဖြဲခံရသကဲ့သို့ နာကျင်မှုကို ဖြစ်ပေါ်စေသည်။
ရွေ့လျားစက်ခါးပတ်၏ တည်ဆောက်ပုံသည် ပြင်းထန်စွာ ရစ်ပတ်ခံရမည့် အန္တရာယ်မှ ကင်းဝေးစေပုံရသော်လည်း အေးစက်သော စက်ယန္တရားများပေါ်တွင် သူမ၏မျက်နှာကို အတင်းအကျပ် ပွတ်တိုက်ခံရခြင်း၏ နာကျင်မှုနှင့် အရှက်ရမှုသည် မည်သူ့ကိုမဆို စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးများ ပြိုကွဲသွားစေရန် လုံလောက်ပေ၏။
ရှီး...
ဤမြင်ကွင်းကို မြင်လိုက်ရသော ကစားသမားများအားလုံး လေအေးတစ်ချက် ရှူသွင်းလိုက်မိပြီး သူတို့၏ဆံပင်များ ထောင်ထသွားသည်။
အရိုးထိအောင် အေးစိမ့်သွားသော အေးစိမ့်မှုတစ်ခုသည် သူတို့၏ခြေဖျားမှ ငယ်ထိပ်အထိ တိုက်ရိုက်စီးဆင်းသွားသည်။
သေဆုံးမှု သတ်မှတ်ချက် မရှိဘူး... ဒါပေမဲ့ လူတွေကို မရိုက်ဘူး...ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်မပေးဘူးလို့ပြောမထားဘူးလေ....
"သေဆုံးမှု မရှိဘူး" ဆိုသည်ကို "ဘေးကင်းတယ်"ဟု ယခင်က သူတို့ ရိုးအစွာ ထင်မှတ်ထားခဲ့ကြခြင်းသာဖြစ်သည်။
ဤအချိန်အခိုက်အတန့်တွင် အလုပ်ရုံမှူး ပြသလိုက်သော ဗြောင်ကျကျ အကြမ်းဖက်မှုသည် သူတို့၏ စိတ်ကူးယဉ်အိပ်မက်များကို ရက်ရက်စက်စက် ရိုက်ချိုးလိုက်သည့် လေးလံသော တူတစ်လက်အလားပင်။
ကျိုးထျန်ချန်၏မျက်လုံးသူငယ်အိမ်များ ကျုံ့သွားပြီး သူ၏နှလုံးခုန်သံများ ပြင်းထန်စွာ မြန်ဆန်လာခဲ့ပေ၏။
ဤသည်မှာ ဖန်တီးသူတစ်ဦးတည်းထံမှ နယ်မြေတစ်ခု ဖြစ်သော်လည်း ပုံစံမှာ 【အထက်တန်းနောက်ဆုံးနှစ်】နှင့် လုံးလုံးလျားလျား ကွာခြားနေသည်။
【အထက်တန်းနောက်ဆုံးနှစ်】တွင် ဆရာများသည် အေးစက်သော်လည်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဘယ်တော့မှ တိုက်ရိုက်အသုံးမပြုခဲ့ချေ။ တစ်ခုရှိသည်မှာ မိဘများကမူ အသုံးပြုခဲ့ကြသည်။
သို့သော် ဤနေရာတွင် အလုပ်ရုံမှူးသည် စည်းကမ်းထိန်းသိမ်းရန်အတွက် အကြမ်းတမ်းဆုံး နည်းလမ်းများကို တိုက်ရိုက်အသုံးပြုနေခြင်း ဖြစ်ပေ၏။
ရုတ်တရက် ကျိုးထျန်ချန် နားလည်သွားပြီး ခါးသီးကာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးတစ်ခု သူ၏နှုတ်ခမ်းထောင့်များတွင် ထွက်ပေါ်လာသည်။
ကျောင်းနှင့်လူမှုအသိုင်းအဝိုင်း....
ဤအရာနှစ်ခုသည် မတူညီချေ။
"အထက်တန်းနောက်ဆုံးနှစ်"သည် မည်မျှထိ ဖိနှိပ်ချုပ်ချယ်မှုရှိနေပါစေ အဆုံးသတ်၌ ဤသည်က "ပညာရေး" ဆိုသော အပေါ်ယံအခွံတစ်ခုကို ဝတ်ဆင်ထားပြီး နှိုင်းယှဉ်ချက်အရ "ယဉ်ကျေး"သည့် ကျောင်းဝင်းနယ်ပယ်ထဲ၌ ရှိနေဆဲပင်။
ဤနေရာသည် စက်ရုံတစ်ရုံမျှသာ မဟုတ်ဘဲ ဗြောင်ကျကျ တည်ရှိနေသော ‘လူမှုအသိုင်းအဝိုင်း’ ပင်။
ဤနေရာ၌ ကျင့်သုံးသည်က ‘ထိရောက်မှုသည်သာ အရာအားလုံးထက် အရေးကြီးသည်’ ဆိုသော အခြေခံအကျဆုံးနှင့် အအေးစက်ဆုံး ဥပဒေဖြစ်ပေ၏။
လုပ်ငန်စထိရောက်မှုရှိရန်သာ ပဓာနဖြစ်ပြီး တခြားမည်သည့်အရာမျှ အရေးမကြီးချေ။
ထို့ပြင် အလုပ်ရုံမှူး၌ အကြွင်းမဲ့အာဏာရှိသဖြင့် ဆန့်ကျင်သူမှန်သမျှသည် အရက်စက်ဆုံးသော ရုပ်ပိုင်းဆိုင်ရာနှိမ်နင်းမှုနှင့် ချက်ချင်းရင်ဆိုင်ရပေလိမ့်မည်။
ဤနေရာ၏ ရက်စက်ကြမ်းကြုတ်မှုသည် ‘အထက်တန်းနောက်ဆုံးနှစ်’ ထက်ပင် ပို၍တိုက်ရိုက်ကျကာ ဖုံးကွယ်ထားခြင်းလည်း မရှိချေ။
"ဘာကြည့်နေကြတာလဲ... မင်းတို့အားလုံး စမ်းကြည့်ချင်လို့လား..."
အလုပ်ရုံမှူးက ရုတ်တရက် မော့ကြည့်လိုက်ပြီး သူ၏ စူးရဲသော အကြည့်များသည် လူစားသောသားရဲတစ်ကောင်အလား အခန်းတစ်ခုလုံးသို့ ဝေ့ကြည့်သွားလေ၏။
"အားလုံး ဆက်ပြီးအလုပ်လုပ်ကြစမ်း... ထပ်ရပ်ရဲတဲ့ ဘယ်သူမဆို သူလိုပဲ ဖြစ်သွားမယ်..."
အလုပ်ရုံမှူးက သူ၏လက်ကို လွှတ်လိုက်သည်။
လီဖန်းသည် သူမ၏အလုပ်နေရာတွင် ခွေကျသွားပြီး သူမ၏မျက်နှာကို အုပ်ကာ တီးတိုးလေး ရှိုက်ငိုနေလေ၏။ သူမ၏ပါးပြင်သည် အနီရောင်သန်းနေကာ ရောင်ရမ်းမှုများနှင့် ပွန်းပဲ့မှုများဖြင့် ကြောက်မက်ဖွယ်ကောင်းအောင် ဖြစ်နေပြီး သူမ၏ ဆံပင်များမှာလည်း ရှုပ်ပွနေသည်။ သူမ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများနှင့် ပြိုလဲပြီးနောက် ဖြစ်ပေါ်လာသော ထုံကျင်မှုများ ပြည့်နှက်နေသည်။
သူမ ထပ်မံ၍ မခုခံရဲတော့သလို အလုပ်ရုံမှူးကိုပင် ထပ်မကြည့်ရဲတော့ချေ။ သူမသည် တုန်ယင်စွာဖြင့် သူမ၏လက်ကို ထပ်မံဆန့်တန်းကာ နောက်ထပ် အစိတ်အပိုင်းတစ်ခုကို ကောက်ယူပြီး ခေါင်းငုံ့၍ အသေအလဲ အလုပ်လုပ်နေတော့သည်။
ရိုးရှင်းပြီး ကြမ်းတမ်းသော အကြမ်းဖက်မှု တစ်ကြိမ်တည်းဖြင့် သပိတ်မှောက်လိုသော အလုပ်သမားတစ်ဦးကို "ဆန္ဒအလျောက်" အလုပ်ပြန်လုပ်သွားစေရန် တိုက်ရိုက်ပြုလုပ်နိုင်ခဲ့သည်။
အလုပ်ရုံတစ်ခုလုံးသည် ကြောက်ရွံ့မှုမှ ဖြစ်ပေါ်လာသော အလွန်အမင်း တိတ်ဆိတ်မှုထဲသို့ ကျဆင်းသွားပြီး စက်ယန္တရားများ၏ ပို၍စူးရှသော တုန်ခါသံများသာ ကျန်ရှိတော့ပေ၏။
ကစားသမားများသည် လန့်ဖျပ်နေသော ငှက်များကဲ့သို့ ဖြစ်နေပြီး အနည်းငယ်မျှပင် မပေါ့ဆရဲတော့ချေ။ နောက်ထပ်သားကောင် ဖြစ်သွားမည်ကို ကြောက်ရွံ့သောကြောင့် သူတို့၏လှုပ်ရှားမှုများ ယခင်ကထက် ပို၍မြန်ဆန်ပြီး စက်ရုပ်ဆန်လာသည်။
သို့သော် သူတို့၏ ကျွမ်းကျင်မှုမရှိသော စွမ်းရည်များနှင့် အတွင်းစိတ်မှ ထိတ်လန့်မှုများကြောင့် သူတို့၏ ထိရောက်မှုမှာ အရည်အသွေးပိုင်းဆိုင်ရာ တိုးတက်မှု မရှိခဲ့ချေ။ ထို့အစား သူတို့၏အလျင်လိုမှုက ပို၍များပြားသော အမှားများကိုသာ ဖြစ်ပေါ်စေခဲ့သည်။
အစိတ်အပိုင်းများကို သေချာမကိုင်နိုင်သဖြင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်၊ ဝက်အူများ လိမ်ကောက်ပြီး ညပ်သွားသည်၊ ကော်များ နေရာအနှံ့ ပေကျံသွားသည်စသဖြင့် အရှုပ်အထွေးများသည် ကြောက်ရွံ့မှုကြောင့် ငြိမ်ကျမသွားဘဲ တိတ်တဆိတ် ပျံ့နှံ့နေလေ၏။
မည်သူမျှ ပထမဆုံးနေ့တွင် စက်ရုံထုတ်လုပ်မှုလိုင်းပေါ်၌ လျှင်မြန်စွာ မလည်ပတ်နိုင်ချေ။ စက်ရုံထုတ်လုပ်မှုလိုင်းမှာ အသားကျရန် လိုအပ်သည်။
တခြားစက်ရုံထုတ်လုပ်မှုလိုင်းပေါ်ရှိ ကစားသမားများသည် ပွင့်ပွင့်လင်းလင်း မကြည့်ရဲကြသော်လည်း သူတို့၏ မျက်လုံးထောင့်များမှတဆင့် ယခုလေးတင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု မြင်ကွင်းတစ်ခုလုံးကို တွေ့လိုက်ရသည်။
မျှဝေခံစားရသော ဝမ်းနည်းမှုနှင့် ကြောက်ရွံ့မှုတစ်ခုက သူတို့၏စိတ်နှလုံးသားများထဲတွင် ပျံ့နှံ့သွားလေ၏။ လူတိုင်းသည် ခေါင်းငုံ့ထားကြပြီး သူတို့၏ လက်ချောင်းများ လျှင်မြန်စွာ လှုပ်ရှားနေကာ ထိုနတ်ဆိုးဆန်သော အလုပ်ရုံမှူး၏ အာရုံစိုက်မှုကို မဆွဲဆောင်မိစေရန်အတွက် သူတို့ကိုယ်သူတို့ အလုပ်နေရာတွင် ဂဟေဆော်ထားလိုက်ချင်စိတ်များပင် ဖြစ်ပေါ်နေကြသည်။
သို့သော် တိတ်ဆိတ်မှုသည် မုန်တိုင်းများကြားရှိ လှိုင်းလေငြိမ်သက်မှု၏ ထင်ယောင်ထင်မှား သက်သက်သာ ဖြစ်ပေ၏။
"အသုံးမကျတဲ့ အမှိုက်ကောင်..."
အလုပ်ရုံမှူး၏ ဟိန်းဟောက်သံက ပထမလိုင်းတွင် ထပ်မံ၍ ပေါက်ကွဲထွက်လာသည်။
သူသည် လှုပ်ရှားမှု အနည်းငယ် နှေးကွေးနေသော လူငယ် အမျိုးသား ကစားသမားတစ်ဦး၏ နောက်တွင် ရပ်လိုက်ပြီး သူ၏အသံချဲ့စက်ကို ထိုအမျိုးသား၏ နောက်စေ့နားသို့ ကပ်လုမတတ် ထားလိုက်သည်။
"ဆယ်မိနစ်တောင် ရှိသွားပြီ... မင်းရဲ့ အမြန်နှုန်းက ခရုတွားနေသလိုပဲ... မင်းက လိပ်လား... မြန်မြန်လုပ်... မြန်မြန်လုပ်..."
အမျိုးသား ကစားသမားသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ၏လက်ချော်သွားကာ ယခုလေးတင် ကောက်ယူထားသော အစိတ်အပိုင်းသည် ရွေ့လျားစက်ခါးပတ်ပေါ်သို့ "ဒေါင်" ခနဲ အသံနှင့်အတူ ပြုတ်ကျသွားပြီး ခုန်ထွက်ကာ လိမ့်ထွက်သွားလေ၏။
"အစိတ်အပိုင်းလေး တစ်ခုကိုတောင် သေချာမကိုင်နိုင်ဘူးလား... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အသုံးမကျရတာလဲ..."
အလုပ်ရုံမှူးသည် အနီးအနားရှိ ယခုလေးတင် တပ်ဆင်ထားပြီးဖြစ်သော်လည်း အနည်းငယ် ချို့ယွင်းချက်ရှိပုံရသော အစိတ်အပိုင်းတစ်ခုကို ကောက်ယူကာ အမျိုးသား ကစားသမား၏ ရှေ့ရှိ အလုပ်လုပ်သည့်နေရာသို့ ပြင်းပြင်းထန်ထန် ပစ်ချလိုက်သည်။
"ကြည့်စမ်း... ကွာဟချက်က ဒီလောက်ကြီးတာ... မင်းရဲ့မျက်လုံးတွေ ဘယ်ရောက်နေတာလဲ... သေချာ အလေးအနက်ထားပြီး ဂရုစိုက်စမ်း... အမှားတစ်ခုတောင် အဖြစ်မခံနိုင်ဘူး..."
"ကျွန်တော်... တောင်းပန်ပါတယ် အလုပ်ရုံမှူး... ကျွန်တော်..."
အမျိုးသား ကစားသမား၏မျက်နှာ ဖြူရော်နေပြီး ဗလုံးဗထွေးဖြင့် တောင်းပန်ရန် ကြိုးစားနေလေ၏။
ဖြောင်း...
ပြတ်သားသော ရိုက်နှက်သံတစ်သံက သူ၏စကားများကို ဖြတ်တောက်လိုက်သည်။
အလုပ်ရုံမှူးသည် အားကုန်မသုံးခဲ့သော်လည်း သူ၏ မှတ်တမ်းကဒ်ပြားကို အသုံးပြု၍ အမျိုးသား ကစားသမား၏ကျောကို ပြင်းပြင်းထန်ထန် ရိုက်နှက်လေသည်။ သူ၏ခွန်အားမှာ မပေါ့ပါးဘဲ ခပ်အုပ်အုပ် အသံတစ်သံ ထွက်ပေါ်လာလေ၏။
"တောင်းပန်နေလို့ အလကားပဲ... အလုပ်ကို သေသေချာချာ အလေးအနက်ထားပြီး လုပ်စမ်း..."
"အား..."
အမျိုးသား ကစားသမားသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ် ရှေ့သို့ ယိမ်းယိုင်သွားကာ အလုပ်ခုံနှင့် သွားဆောင့်မိသည်။ ထို့နောက် သူသည် ခေါင်းမော့ကာ အလုပ်ရုံမှူးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ငါတို့လို လူတွေက ဘယ်တုန်းက ဒီလို ဆက်ဆံခံရဖူးလို့လဲ...တကယ်လို့ အပြာရောင်ကြယ်မှာသာ ဒီလို ခေါင်းပုံဖြတ်တဲ့ စက်ရုံမျိုး ရှိနေရင် ငါတို့ ရဲကို တိုင်တာ ကြာပြီပေါ့..
သူ တွေးတောလိုက်မိသည်။
"ဘာကြည့်နေတာလဲ..."
အလုပ်ရုံမှူးက သူ့ကို ပြန်လည်၍ စိုက်ကြည့်လိုက်ပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် နားစွင့်နေကြသော ပတ်ဝန်းကျင်ရှိ ကစားသမားများအားလုံးကိုလည်း သတိပေးလိုက်သကဲ့သို့ ဖြစ်နေပေ၏။
"ငါ မင်းကို ရိုက်လိုက်လို့ မင်းက မကျေနပ်ဘူးလား... ဒါက ငါ့ရဲ့နယ်မြေပဲ... ငါက စည်းမျဉ်းတွေကို သတ်မှတ်တယ်... မကျေနပ်ဘူးလား... ဒါဆိုရင် မျိုသိပ်ထား... သည်းခံလိုက်... အရိုက်မခံချင်ရင် အလုပ်ကို ကောင်းကောင်းနဲ့ မြန်မြန် ပြီးအောင်လုပ်ဖို့ မင်းရဲ့ ခွန်အားတွေ အကုန်လုံးကို ထည့်သွင်းလိုက်စမ်း..."