အခန်း ၆၂
Vol. 7 Ch. 62
အခန်း (၆၂) မယုံနိုင်လောက်အောင် ရှည်လျားတဲ့ အချိန်
အလုပ်ရုံမှူးသည် သူ၏ နယ်မြေကို လှည့်လည်စစ်ဆေးနေသော ခြင်္သေ့တစ်ကောင်အလား နောက်ထပ် အလုပ်နေရာတစ်ခုဆီသို့ ဆက်လျှောက်သွားလေ၏။
မကြာမီ သူ ဒုတိယလိုင်းသို့ ရောက်ရှိသွားသည်။
ပထမလိုင်းရှိ ကစားသမားများသည် ကန့်သတ်ချက်အထိ တင်းမာနေခဲ့သော သူတို့၏ အာရုံကြောများကို တစ်ပြိုင်နက်တည်းနီးပါး မသိမသာ ဖြေလျော့လိုက်ကြသည်။ သူတို့၏ လက်များ မရပ်တန့်ရဲကြသော်လည်း အနည်းဆုံးအနေဖြင့် ထိုကြောက်မက်ဖွယ်ကောင်းသော အကြည့်သည် သူတို့၏ ကျောပြင်များမှ ယာယီထွက်ခွာသွားလေပြီ။
"အရမ်း... အရမ်း သနားစရာကောင်းတာပဲ..." အမျိုးသမီး ကစားသမားတစ်ဦးက ငိုသံပါသော အသံဖြင့် ပြောလိုက်ရာ သူမ၏အသံမှာ ခြင်တစ်ကောင် မြည်သံကဲ့သို့ တိုးညှင်းနေပြီး စက်ယန္တရားများ၏ ဆူညံသံများကြားတွင် နစ်မြုပ်လုနီးပါး ဖြစ်နေပေ၏။
"ဒါက လူတွေနေရမယ့် နေရာမဟုတ်ဘူး... ငါ အရမ်းထွက်သွားချင်နေပြီ..."
သူမ၏ စကားများသည် အနီးအနားရှိ လူတချို့၏အတွေးများနှင့် ထပ်တူကျသွားသည်။
"ငါတို့ ဒီနေရာမှာ ရောက်နေတာ တော်တော်ကြာပြီနော်..."
အမျိုးသား ကစားသမားတစ်ဦး၏ အကြည့်များသည် အာရုံစူးစိုက်မှု ကင်းမဲ့နေပြီး နံရံပေါ်ရှိ နာရီကို စိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
"ဘာလို့... ဘာလို့ ဆယ့်ငါးမိနစ်ပဲ ရှိသေးတာလဲ..."
သူ၏ စကားများသည် ငြိမ်သက်နေသော ရေကန်ထဲသို့ ပစ်ချလိုက်သည့် ကျောက်ခဲတစ်လုံးအလား အားနည်းသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့သည်။
"အဲ့ဒါပြောတာ..."
တခြားကစားသမားတစ်ဦးသည် ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး အပြင်းအထန် ပြန်လည်အမှတ်ရရန် ကြိုးစားနေလေ၏။
"ငါ မှတ်မိတယ်... အထဲဝင်လာလာချင်း အလုပ်ရုံထဲမှာ ချိတ်ထားတဲ့ အဲ့ဒီနာရီကြီးကို ငါ မြင်လိုက်တယ်... မနက် ၆နာရီခွဲတိတိမှာ ရှိနေတယ်... ငါတို့ ဆောင်ပုဒ်တွေ အော်ခဲ့တယ်...သူ့ရဲ့ ခြိမ်းခြောက်တာတွေကို ခံခဲ့ရတယ်...ပြီးတော့ ဒီလောက်ကြာအောင် အသေအလဲ အလုပ်လုပ်ခဲ့တယ်... ဘယ်လိုလုပ်ပြီး ဆယ့်ငါးမိနစ်ပဲ ကြာသေးတာလဲ..."
"ဒီက အချိန်က အတုများ ဖြစ်နေမလား... အချိန်မရွေး နောက်ကြောင်းပြန် သွားနိုင်တာများလား..." တစ်စုံတစ်ဦးက ကြောက်မက်ဖွယ်ကောင်းသော သဘောတရားတစ်ခုကို အဆိုပြုလိုက်သည်။
"နင် ဆိုလိုတာက အရင်ကဖြစ်ခဲ့တာတွေ အားလုံးက အစတောင် မဟုတ်သေးဘူးပေါ့..."
ပထမဆုံး စကားပြောခဲ့သော အမျိုးသမီး ကစားသမားက မေးလိုက်ရာ သူမ၏ အသံ တုန်ယင်နေလေ၏။
"ဒါကမှ အစစ်အမှန် အစပဲလား... အိုး ဘုရားရေ... တစ်နေကုန် ကုန်သွားပြီလို့ ငါ ခံစားနေရပြီးတော့ ငါ့အရိုးတွေတောင် ပြုတ်ထွက်တော့မယ်... မော့ကြည့်လိုက်တော့ သောက်ကျိုးနည်း ဆယ်မိနစ်ကျော်လေးပဲ ရှိသေးတယ်တဲ့လား..."
သူမသည် ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။
"ဒါ... ဒါက ဘယ်တော့မှ ပြီးဆုံးမှာလဲ... ငါးလ... ငါးလတောင်လေ..."
ငါးလတိုင်တိုင် ဤမျှထိ ရှည်လျားသော အချိန်ကာလတစ်ခုကို သည်းခံရမည်ဟု တွေးလိုက်မိချိန်၌ သူမသည် ပြိုလဲမှုနှင့် မျှော်လင့်ချက်မဲ့မှုကို ခံစားလိုက်ရသည်။
အချိန်တွေ အများကြီး ကုန်သွားပြီလို့ ထင်ရပေမဲ့ ဆယ်မိနစ်ကျော်လေးပဲ ကုန်သေးတာ... ဒီနေရာမှာ တစ်ရက်က တစ်နှစ်လိုပဲ တကယ်ကြီး ခံစားရတယ်....
သူတို့ တွေးတောမိကြသည်။
ကျိုးထျန်ချန်သည် သူ၏ လက်ထဲရှိ အစိတ်အပိုင်းများကို ကြည့်ကာ ခေါင်းငုံ့ပြီး ကော်ကို ဂရုတစိုက် သုတ်နေလေ၏။ သူသည်လည်း တူညီသော ခံစားချက်မျိုးကို ခံစားနေရသည်။
ဤနေရာရှိ အချိန်သည် အထက်တန်းနောက်ဆုံးနှစ် နယ်မြေထက် ပို၍ရှည်လျားပြီး ညှဉ်းပန်းနှိပ်စက်မှု ရှိသည်ဟု ခံစားရသည်။ ဤသည်က သူ၏စိတ်ဝိညာဉ်ကို ကြိတ်ဆုံတစ်ခုထဲသို့ ပစ်ထည့်လိုက်ပြီး အဆက်မပြတ် ကြိတ်ချေဖျက်ဆီးခံနေရသကဲ့သို့ အလွန်အမင်း နာကျင်ရပေ၏။
ဤအချိန်အာရုံခံစားမှု ဆိုးရွားစွာ ပုံပျက်သွားခြင်းသည် စက်ရုံထုတ်လုပ်မှုလိုင်း၏ ညှဉ်းပန်းနှိပ်စက်မှုများထဲတွင် အကောက်ကျစ်ဆုံးအပိုင်းပင်။
အလွန်အမင်း ထပ်ခါတလဲလဲဖြစ်ပြီး ပျင်းစရာကောင်းကာ ပြင်းထန်သော လုပ်အားနှင့်အတူ စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း တင်းမာမှုနှင့် အဆက်မပြတ်ဖြစ်ပေါ်နေသော အနုတ်လက္ခဏာ စိတ်ခံစားမှုများ ပေါင်းစပ်လိုက်သောအခါ ဦးနှောက်၏ အချိန်အပေါ် အကဲဖြတ်မှုသည် ဆိုးရွားစွာ သွေဖည်သွားပေလိမ့်မည်။ မိနစ်တိုင်းနှင့် စက္ကန့်တိုင်းသည် အဆုံးမရှိ ဆန့်ထုတ်ခံလိုက်ရပြီး အချိန်ရွှံ့ညွန်တစ်ခုထဲတွင် ပိတ်မိနေသည့်အလားပင်။ သူတို့သည် ပို၍ရုန်းကန်လေလေ ပို၍နှေးကွေးစွာ နစ်မြုပ်လေလေဖြစ်ပြီး နာကျင်မှုက ပို၍ရှည်ကြာလေလေပင်။
ထို့ကြောင့်ပင် လူအများအပြားသည် စက်ရုံထုတ်လုပ်မှုလိုင်းတစ်ခုသို့ ရောက်ရှိဖူးပါက နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မသွားချင်ကြတော့ချေ။ ဤသည်မှာ လူတစ်ယောက်ကို အလွန်အမင်း ညှဉ်းပန်းနှိပ်စက်လွန်းပေ၏။
အကျဉ်းထောင်ကျဖူးသူ သို့မဟုတ် စစ်မှုထမ်းဖူးသူ တချို့ပင်လျှင် စက်ရုံထုတ်လုပ်မှုလိုင်းတစ်ခုထဲသို့ ဝင်ရောက်ပြီးနောက် ချက်ချင်းပစ္စည်းသိမ်းကာ ထွက်ပြေးလေ့ရှိကြသည်။
ကျိုးထျန်ချန်သည် အထက်တန်းနောက်ဆုံးနှစ်ကဲ့သို့သော နယ်မြေမျိုးကို သူ ဖြတ်သန်းခဲ့ဖူးသော်လည်း ဤနေရာသို့ လာရခြင်းမှာ နာကျင်နေဆဲဟု ခံစားရသည်။ တခြားသူများကမူ ပို၍ပင် ဆိုးရွားနေကြ၏။
...
အချိန်များ တရွေ့ရွေ့ ရွေ့လျားသွားခဲ့ကာ တစ်နာရီ ကုန်လွန်သွားခဲ့လေပြီ။
ဤရှည်လျားသော အချိန်ကလအတွင်း လူတိုင်း အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် ပြင်းထန်သော အလုပ်များကို များများစားစား မလုပ်ခဲ့ရသော်လည်း မာရသွန်ပြေးပွဲတစ်ခု ပြီးဆုံးသွားသကဲ့သို့ မယုံနိုင်လောက်အောင် ပင်ပန်းနေသည်ကို သူတို့ ခံစားနေကြရသည်။
ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုထက် ပို၍ ပင်ပန်းပြီး နာကျင်ရပေ၏။
"ငါ... ငါ့ဦးနှောက်က ဂျုံပြဲကြီးတစ်ခုလို ဖြစ်နေတယ်လို့ ခံစားရတယ်..."
ကစားသမားတစ်ဦးက ပြောလိုက်သည်။ သူ၏ မျက်လုံးများ မှိုင်းဝေနေပြီး သူ၏လက်များ အနည်းငယ် တုန်ယင်နေကာ သူကိုင်ထားသော အစိတ်အပိုင်းမှာ ပြုတ်ကျလုမတတ် ဖြစ်နေသည်။
"ငါ ပြင်းထန်တဲ့ အလုပ်တွေ ဘာမှ မလုပ်ရသေးဘူး... ဒါပေမဲ့ ဘာလို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဘိလပ်မြေ သယ်ရတာထက် ပိုပြီးပင်ပန်းနေရတာလဲ..."
"ငါလည်း အတူတူပဲ... ငါ့ရဲ့မျက်ခွံတွေက အရမ်း လေးလံနေပြီးတော့ ငါ အရမ်းအိပ်ချင်နေပြီ... ဒါပေမဲ့ စက်တွေရဲ့ စူးရှတဲ့ တုန်ခါသံတွေက ငါ့ကို ဂဏာမငြိမ်ဖြစ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေတယ်..."
"ငါ့ရဲ့လက်တွေက ငါ့ဟာ မဟုတ်တော့သလိုပဲ... စက်ရုပ်လိုမျိုး အလိုအလျောက် လှုပ်ရှားနေတာ..."
"သောက်ကျိုးနည်း... အလယ်တန်းတုန်းက ငါ့ရဲ့ QQ ပတ်စ်ဝက်ဒ်ကို ငါ ခုလေးတင် ပြန်မှတ်မိသွားတယ်... ဒါက လွန်လွန်းတယ်..."
"ပြောမနဲ့တော့... ငါ့ရဲ့ဘဝတစ်ခုလုံး ငါ့မျက်စိရှေ့မှာ ဖြတ်ပြေးသွားသလိုပဲ ငါ ခံစားနေရတယ်..."
ဤပင်ပန်းနွမ်းနယ်မှုသည် တိတ်ဆိတ်နေပြီး ကစားသမားများကို သူတို့၏ လုပ်အားကို ရောင်းချနေရုံသာမက သူတို့၏ကိုယ်ပိုင်စိတ်စွမ်းအားများကိုလည်း အလွန်အကျွံ အသုံးပြုနေရကြောင်း ရှင်းလင်းစွာ သိမြင်စေခဲ့သည်။
ကျိုးထျန်ချန်၏အခြေအနေမှာ တခြားသူများထက် အနည်းငယ် ပို၍ကောင်းမွန်ပေ၏။ သူ၏ အစွမ်းထက်သော စိတ်ဓာတ်ခွန်အားသည် သူ့ကို ဆက်လက်ရပ်တည်နိုင်ရန်အတွက် အပြင်းအထန် ရုန်းကန်စေခဲ့သည်။
သို့သော် သူ၏တွေးခေါ်မှု အမြန်နှုန်း နှေးကွေးလာခြင်းနှင့် သူ၏ ရိုးတွင်းခြင်ဆီများမှ စိမ့်ထွက်လာသော နက်ရှိုင်းသည့် ပင်ပန်းနွမ်းနယ်မှု တစ်ခုကိုလည်း သူ ခံစားနေရသည်။
ဤနယ်မြေသည် သူတို့၏ ခန္ဓာကိုယ်များကို တိုက်စားနေရုံသာမက ပို၍ကြီးမားသော အတိုင်းအတာဖြင့် သူတို့၏စိတ်ဝိညာဉ်များကိုလည်း တိုက်စားနေကြောင်း သူ သဘောပေါက်လိုက်၏။ အကယ်၍ သူတို့ ဤအတိုင်း အချိန်ကြာမြင့်စွာ ဆက်သွားပါက သူတို့ သေချာပေါက် ပျက်စီးသွားမည်ဖြစ်ပြီး အတွေးအမြင်ကင်းမဲ့ကာ နေ့စဉ်နှင့်အမျှ တူညီသော လှုပ်ရှားမှုများကိုသာ ထပ်ခါတလဲလဲ လုပ်ဆောင်နိုင်သော လမ်းလျှောက်နေသည့် အလောင်းကောင်များအဖြစ်သို့ ပြောင်းလဲသွားပေမည်။
ဒါက လုံးဝကို ကြောက်စရာကောင်းတယ်....
သူသည် ဒုတိယလိုင်းရှိ ဟန်ထျန်ယွီကို နောက်သို့ လှမ်းကြည့်လိုက်သည်။ တစ်ဖက်လူ၏ အမူအရာမှာလည်း မှားယွင်းနေပေ၏။ သူ၏ မျက်လုံးများ အောက်သို့စိုက်နေပြီး သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေပုံရသည်။ စက်ရုံထုတ်လုပ်မှုလိုင်း တစ်ခုလုံးတွင် မည်သည့် တက်ကြွမှု အရိပ်အယောင်မျှ မရှိချေ။
လူတိုင်း ခေါင်းငုံ့ထားကြပြီး ရယ်မောသံ သို့မဟုတ် ပျော်ရွှင်မှု မရှိချေ။ အထက်တန်းနောက်ဆုံးနှစ်နှင့် နှိုင်းယှဉ်ပါက အနည်းဆုံးအနေဖြင့် ထိုနေရာတွင် မနက်ခင်း စာဖတ်သံများနှင့် လူတိုင်း၏ တက်ကြွသော အော်ဟစ်သံများ ရှိနေသေးသည်ဟု သူ တွေးလိုက်မိသည်။
ဤနေရာက အေးစက်သော ရေခဲတိုက်တစ်ခုနဲ့ ပို၍တူညီပြီး လူအများကို အသက်ရှုကြပ်စေကာ ထူးဆန်းပြီး ဖိနှိပ်ချုပ်ချယ်မှုရှိသည့်အပြင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။
ဤနယ်မြေဖန်တီးသူသည် အမှန်တကယ်ကို အပြာရောင်ကြယ်က လူသားတစ်ယောက် ဟုတ်ပါသလော....
ဒီလို ညှဉ်းပန်းနှိပ်စက်တဲ့ နယ်မြေနှစ်ခုကို သူ ဘယ်လိုများ စဉ်းစားနိုင်ခဲ့တာလဲ...
...
မနက် ၉ နာရီ။
လူတိုင်း အလုပ်စတင်ခဲ့သည်မှာ နှစ်နာရီခွဲ ကြာမြင့်သွားပြီဖြစ်သော်လည်း သူတို့၏နှလုံးသားထဲတွင် တစ်နေကုန် ကုန်လွန်သွားသကဲ့သို့ ခံစားနေရသည်။
"ငါ ဆေးလိပ် အရမ်းသောက်ချင်နေပြီ... ဒီလောက် ဖိနှိပ်ချုပ်ချယ်မှုရှိတဲ့ ပတ်ဝန်းကျင်မှာ ဆေးလိပ်တစ်လိပ်လောက် တကယ်ကြီး သောက်ချင်တယ်..." အမျိုးသား ကစားသမားတစ်ဦးက ပျက်ယွင်းနေသော အမူအရာဖြင့် ပြောလိုက်၏။
သူသည် အနှစ်သုံးဆယ်ကြာ ဆေးလိပ်သောက်လာခဲ့သော ဝါရင့်ဆေးလိပ်သမားတစ်ဦးဖြစ်ပြီး ဖြတ်၍မရသော လူစားမျိုးပင်။ သူ၏ အမြင့်ဆုံးအချိန်တွင် တစ်နေ့ကို ဆေးလိပ်လေးဘူး သောက်လေ့ရှိပြီး ပုံမှန်အားဖြင့် နှစ်ဘူး သို့မဟုတ် စိတ်အခြေအနေ မကောင်းပါက သုံးဘူး သောက်လေ့ရှိသည်။
အတိုချုပ်ဆိုရလျှင် သူသည် အသက်ကို စွန့်လွှတ်နိုင်သော်လည်း ဆေးလိပ်မသောက်ဘဲ မနေနိုင်ချေ။
ယခုအချိန်၌ သူသည် ဤနေရာတွင် ဆေးလိပ်တစ်လိပ်မျှမပါဘဲ ရောက်ရှိနေပြီး နာရီအတော်ကြာ ဆေးလိပ်မသောက်ရသေးသဖြင့် ပုရွက်ဆိတ်များ သူ၏ တစ်ကိုယ်လုံးတွင် တွားသွားနေသကဲ့သို့ ခံစားနေရပေ၏။ ဤသည်မှာ အလွန်နာကျင်ရပြီး သူ၏ လည်ချောင်း အလွန်အမင်း ခြောက်သွေ့နေကာ နီကိုတင်း၏ ကယ်တင်ခြင်းကို အသည်းအသန် လိုအပ်နေသည်။
"ငါ အိမ်သာသွားချင်တယ်... ဒီမှာ အိမ်သာသွားခွင့် ပြုမလား မသိဘူး..."
အမျိုးသမီး ကစားသမားတစ်ဦးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"သည်းခံလိုက်ပါ... အခု ၉ နာရီ ရှိပြီဆိုတော့... မကြာခင် အလုပ်ဆင်းရတော့မှာပါ... ထမင်းစားဖို့ ငါတို့ကို အပြင်မလွှတ်တာမျိုးတော့ မဖြစ်နိုင်ပါဘူး..."
"အဲ့ဒါလည်း ဟုတ်တာပဲ... ငါ နည်းနည်းလောက် ထပ်ပြီး အောင့်ထားလိုက်ဦးမယ်... ဒါပေမဲ့ ထမင်းစားဖို့ ပိုက်ဆံကို ငါတို့ ဘယ်ကနေ ရမှာလဲ..."
အမှန်တကယ်ကိုပင် လစာများကို နေ့စဉ် ပေးချေမည်ဟု ထင်ရပြီး အလုပ်ဆင်းပြီးမှသာ ရရှိနိုင်ဖွယ် ရှိပေ၏။
ဒါဆို ငါတို့ ဘယ်လိုလုပ်ပြီး ထမင်းစားရမှာလဲ...
သူတို့ အလုပ်ရုံမှူးကို မမေးရဲကြချေ။
နောက်ဆုံးတွင် အလုပ်ဆင်းချိန်၌ ဘာပြောမည်ကို သူတို့ စောင့်ကြည့်ရုံသာ တတ်နိုင်ကြတော့သည်။
...
မနက် ၁၁နာရီခွဲ၌...
ဆာလောင်မှုသည် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများနှင့် ရောယှက်လာပြီး ကစားသမားများကို ပို၍ညှဉ်းပန်းနှိပ်စက်နေလေ၏။
မျက်နှာပြင်များအားလုံးပေါ်တွင် လူတိုင်း ပြီးစီးခဲ့သော ယူနစ်အရေအတွက်သည် တစ်ထောင်ကိုပင် မကျော်လွန်သေးချေ။ တစ်သောင်းဟူသော အလှမ်းဝေးသည့် ရည်မှန်းချက်မှာ မမီနိုင်လောက်အောင် ဖြစ်နေသည်။
ဆိုလိုသည်မှာ သူတို့သည် အခြေခံ ရှင်သန်မှုအတွက် လိုအပ်သော နေ့လယ်စာကိုပင် ဝယ်ယူနိုင်မည် မဟုတ်ချေ။
မျှော်လင့်ချက်မဲ့မှုလေထုသည် အလုပ်ရုံအတွင်း ပျံ့နှံ့နေသော သတ္တုဖုန်မှုန့်များအလား ပို၍ထူထပ်လာခဲ့သည်။
ထိုအချိန်၌ အလုပ်ရုံမှူးက စကားပြောဆိုသည်။
"အလုပ်ဆင်းပြီ... မင်းတို့မှာ အနားယူချိန် မိနစ် ၃၀ ရှိတယ်... ဒီအချိန်ကို ထမင်းစားဖို့ အိမ်သာသွားဖို့ ဒါမှမဟုတ် တစ်ရေးအိပ်ဖို့ သုံး... ၁၂နာရီ တိတိမှာ အလုပ်ပြန်စမယ်... မင်းတို့ ထမင်းစားဖို့ ပိုက်ဆံအတွက် ကန်တင်းမှာ အကြွေးဝယ်ပြီး နောက်မှ ပြန်ဆပ်လို့ ရတယ်..."
"တကယ်လို့ မင်းတို့က ဒီနေ့ ရည်မှန်းချက်ကို မပြည့်မီဘူးဆိုရင်... ပြည့်မီတဲ့အထိ မင်းတို့ အချိန်ပို ဆင်းရမယ်..."