အခန်း ၆၃
Vol. 7 Ch. 63
အခန်း (၆၃) စားစား မစားစား ငါ ဂရုမစိုက်ဘူး
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အလုပ်ရုံမှူးသည် ပထမဆုံး ထွက်သွားလေ၏။
အချိန်တခဏအတွင်း လူတိုင်း မတ်တပ်ထရပ်ပြီး တံခါးဆီသို့ ပြေးသွားကြသည်။
"မြန်မြန်... နောက်ဆုံးတော့ ငါတို့ ထမင်းစားလို့ ရပြီ... ငါ သောက်ရမ်းဆာလွန်းလို့ သေတော့မယ်..."
"ငါ သားရဲတစ်ကောင်လို စားပစ်မယ်... မဟုတ်ရင် ဒီနာရီပေါင်းများစွာ အလုပ်လုပ်ခဲ့ရတာနဲ့ မတန်ဘူး..."
"နောက်ဆုံးတော့ အလုပ်ဆင်းပြီ... ငါ သေလုမျောပါးဖြစ်နေပြီ..."
"ဟင့်အင်း... ငါ ဒီနယ်မြေကို တကယ်ကြီး သည်းမခံနိုင်တော့ဘူး... အရမ်းကို ဆင်းရဲဒုက္ခရောက်ရတာပဲ... ငါ ခန္ဓာကိုယ်ရော စိတ်ပါ နာကျင်နေရပြီ..."
စင်္ကြန်လမ်းသည် အပြာနုရောင် ဖုန်ကာဝတ်စုံများ ဝတ်ဆင်ထားသော ပုံရိပ်များဖြင့် ချက်ချင်းပြည့်ကျပ်သွားပြီး အပြာရောင် ဒီရေလှိုင်းတစ်ခုအလား ထွက်ပေါက်ဆီသို့ အုံနှင့်ကျင်းနှင့် သွားနေကြသည်။
သို့သော် ရှေ့ဆုံးမှ လူများက လေးလံသော တံခါးကို အားကုန်သုံး၍ တွန်းလိုက်ချိန်၌ ထိုအရာသည် တစ်လက်မမျှပင် ရွေ့လျားမသွားခဲ့ချေ။
"ဘာဖြစ်တာလဲ... တံခါးက ဖွင့်လို့မရဘူး..."
"ဖယ်စမ်း... ငါ စမ်းကြည့်မယ်..."
"ညပ်နေတာလား..."
ရုတ်ရုတ်သဲသဲဖြစ်မှုနှင့် စိုးရိမ်ပူပန်မှုများ စတင်၍ ပျံ့နှံ့လာပေ၏။
ထိုအချိန်၌ တံခါးအထက်ရှိ စောင့်ကြည့်ကင်မရာမှ အေးစက်ပြီး ထပ်ခါတလဲလဲ မြည်နေသော အီလက်ထရွန်းနစ် အသံတစ်သံ ထွက်ပေါ်လာသည်။
【သတိပေးချက်...အလုပ်ဆင်း အချိန်မှတ်ခြင်း မတွေ့ရှိပါ... ကျေးဇူးပြု၍ သင့်၏ဖုန်ကာဝတ်စုံကို ချွတ်ပြီး အချိန်မှတ်ပြီးနောက် အလုပ်ရုံမှ စနစ်တကျ ထွက်ခွာပါ... ထပ်မံကြေညာပါသည်... ကျေးဇူးပြု၍ သင့်၏ ဖုန်ကာဝတ်စုံကို ချွတ်ပြီး အချိန်မှတ်ပြီးနောက် အလုပ်ရုံမှ စနစ်တကျ ထွက်ခွာပါ...】
ထိုအချိန်မှသာ လူတိုင်း အိပ်မက်မှ လန့်နိုးလာသကဲ့သို့ ဖြစ်သွားကြသည်။
ထွက်သွားဖို့ကလည်း အချိန်မှတ်ဖို့ လိုသေးတာပဲ... ပြီးတော့ အသက်ရှူကျပ်တဲ့ ဒီဖုန်ကာဝတ်စုံတွေကို အရင်ချွတ်ရဦးမယ်...
"မြန်မြန်... ပြန်သွားပြီး အချိန်မှတ်... အဝတ်အစားတွေ ချွတ်..."
"သောက်ကျိုးနည်း... စည်းကမ်းတွေကလည်း များလိုက်တာ..."
လူအုပ်ကြီးသည် ပြန်ကျသွားသော ဒီရေလှိုင်းတစ်ခုကဲ့သို့ နောက်သို့ အပြေးအလွှား ပြန်သွားကြပြီး မြင်ကွင်းမှာ ရှုပ်ယှက်ခတ်သွားလေ၏။
ကစားသမားများသည် သူတို့၏အလုပ်သမားကတ်ပြားများကို အလောတကြီး ရှာဖွေကြပြီး ကတ်ဖတ်စက်ပေါ်တွင် ရူးသွပ်စွာ ပွတ်ဆွဲလိုက်ကြကာ သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ ဖုန်ကာဝတ်စုံများကို ကြမ်းတမ်းစွာ စတင်၍ ဆွဲချွတ်ကြတော့သည်။
ဇစ်များကို ကြမ်းတမ်းစွာ ဆွဲဖွင့်လိုက်ပြီး ဦးထုပ်များကို ဖြစ်သလို ဆွဲချွတ်လိုက်ကြသည်။ လူတချို့ဆိုလျှင် အလွန်အမင်း စိတ်မရှည်လွန်းသဖြင့် ဝတ်စုံများ၏ ချုပ်ရိုးများကိုပင် ဆုတ်ဖြဲလိုက်ကြရာ တိုးညှင်းသော "ဗြိ" ခနဲ အသံတစ်သံ ထွက်ပေါ်လာပေ၏။
"အားလုံးပဲ... ဖုန်ကာဝတ်စုံတွေကို မဖျက်ဆီးကြနဲ့..."
ဤရှုပ်ယှက်ခတ်နေသော မြင်ကွင်းကို မြင်သောအခါ ကျိုးထျန်ချန်သည် အသံကို မြှင့်၍ သတိမပေးဘဲ မနေနိုင်ခဲ့ချေ။
"အဲ့ဒါတွေကို ဖျက်ဆီးမိရင် လျော်ရတာ ဒါမှမဟုတ် ပြစ်ဒဏ်ပေးခံရတာတွေ ဖြစ်နိုင်တယ်..."
သို့သော် သူ၏အသံသည် ဆူညံသံများနှင့် အလျင်စလိုဖြစ်မှုများအောက်တွင် နစ်မြုပ်သွားသည်။ သူ၏နံဘေးရှိ ဟန်ထျန်ယွီနှင့် အတော်အသင့် တည်ငြိမ်သော တခြားလူဆယ်ယောက်ခန့်သာ ထိုသတိပေးချက်ကို ကြားလိုက်ရသည်။ သူတို့သည် အနည်းငယ် အရှိန်လျှော့လိုက်ပြီး စည်းမျဉ်းများနှင့်အညီ သူတို့၏ ဖုန်ကာဝတ်စုံများကို ဂရုတစိုက် ချွတ်လိုက်ကာ ပျက်စီးမှုရှိမရှိ စစ်ဆေးပြီးနောက် သတ်မှတ်ထားသော စင်များပေါ်တွင် ပြန်ချိတ်ထားလိုက်ကြ၏။
လူအများစုက ဤအချက်ကို လုံးဝလျစ်လျူရှုထားပြီး တွန့်ကြေနေသော သို့မဟုတ် အနည်းငယ် ပျက်စီးနေသော သူတို့၏ ဝတ်စုံများကို စင်များပေါ်သို့ ဖြစ်သလို ပစ်တင်လိုက်သည်။ လူတချို့ဆိုလျှင် ကြမ်းပြင်ပေါ် ပြုတ်ကျသွားပါက ပြန်ကောက်ရန်ပင် ဂရုမစိုက်တော့ဘဲ ဖိနပ်လဲရန် ကပျာကယာ ပြေးသွားကြသည်။ အကယ်၍ သူတို့သာ တစ်စက္ကန့် နောက်ကျသွားပါက အစားအသောက်များ ခြေထောက်ပေါက်ပြီး ထွက်ပြေးသွားတော့မည့်အလားပင်။
ကျိုးထျန်ချန်နှင့် ဟန်ထျန်ယွီတို့သည် အဝတ်လဲခန်းမှ နောက်ဆုံး ထွက်ခွာလာသူများဖြစ်ပြီး အံ့သြစရာကောင်းသည်မှာ သူတို့သည် သူတို့၏ဖုန်ကာဝတ်စုံများကို ကိုင်ဆောင်ထားဆဲပင်။
သူတို့သည် တခြားသူများကဲ့သို့ အဝတ်လဲခန်းထဲတွင် မထားခဲ့ဘဲ ထိုအရာများကို သူတို့၏ဖိနပ်ဗီရိုများထဲသို့ ထည့်လိုက်ကြ၏။ ဤသည်မှာ ကျိုးထျန်ချန်၏ စိတ်ကူးဖြစ်ပြီး တစ်စုံတစ်ဦးက သူတို့၏ ကောင်းမွန်နေသေးသော ဝတ်စုံများကို ဝတ်ဆင်ရန် တမင်သက်သက်ယူသွားမည်ကို သူ ကြောက်ရွံ့သောကြောင့်ပင်။
ဟာလာဟင်းလင်းဖြစ်နေသော ဖိနပ်ဗီရိုဧရိယာနှင့် အဝေးရှိ ကန်တင်းထံမှ ထွက်ပေါ်လာသော ဝိုးတဝါး ဆူညံသံများကို ကြည့်ရင်း ဟန်ထျန်ယွီက လေပူများကို သက်ပြင်းရှည်ကြီးတစ်ခုအဖြစ် မှုတ်ထုတ်လိုက်သည်။ အချိန်အကြာကြီး ပုံသေအနေအထားဖြင့် နေခဲ့ရသဖြင့် တောင့်တင်းနေသော သူ၏လည်ပင်းကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်၏။
"အစ်ကိုကျိုး..."
သူက လေးလံသော ပင်ပန်းနွမ်းနယ်မှုဖြင့် ပြောလိုက်သည်။
"ဒီနယ်မြေက... အထက်တန်းနောက်ဆုံးနှစ်ထက် အများကြီး ပိုပြီးဆင်းရဲဒုက္ခရောက်ရတယ်... အဲ့ဒီ အေးစက်တဲ့ အစိတ်အပိုင်းတွေကို ထပ်ရင်ဆိုင်ရမယ့်အစား စာအုပ်တွေ ကျက်ပြီး စာမေးပွဲမေးခွန်းလွှာတွေ လုပ်ရတာကိုပဲ ငါ ပိုသဘောကျတယ်... ဒါက အရမ်းကို ဟာလာဟင်းလင်း ဖြစ်လွန်းတယ်...အရမ်းကို ထုံကျင်လွန်းတယ်..."
အစောပိုင်းက အလုပ်ပတ်ဝန်းကျင်ကို ပြန်လည်အမှတ်ရရင်း သူ ထပ်ပြောလိုက်သည်။
"ပြီးတော့ အဲ့ဒါက ကြောက်စရာကောင်းလောက်အောင် ဖိနှိပ်ချုပ်ချယ်မှု ရှိတယ်... ဘယ်လို လည်ပတ်ရမလဲဆိုတာ မေးဖို့အတွက်ပဲ ငါ့ရဲ့ဘေးကလူကို စကားတစ်ခွန်းလောက် ပြောဖို့ ငါ ကြိုးစားခဲ့တာ... အဲ့ဒါကို အဲ့ဒီအလုပ်ရုံမှူးက ငါ့ကို မိသွားပြီး စကားဆယ်ခွန်းလောက် ဆူတာပဲ... ငါတို့အချင်းချင်း လုံးဝဆက်သွယ်ပြောဆိုခွင့် မရှိဘူး... ငါတို့က လူတွေမဟုတ်ဘဲ စကားပြောနေတဲ့ စက်တွေလို့ ခံစားရတယ်..."
ကျိုးထျန်ချန်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သူလည်း ထပ်တူထပ်မျှ ခံစားနေရသည်။
"အထက်တန်းနောက်ဆုံးနှစ်"သည် မျှော်လင့်ချက်မဲ့စရာကောင်းသော်လည်း အနည်းဆုံးအနေဖြင့် တွေးခေါ်မှု လုပ်ငန်းစဉ် တစ်ခု ရှိသေးပြီး ဦးနှောက်ကို ဖွံ့ဖြိုးစေကာ အသိပညာများကို ရယူနိုင်စေသည်။
သို့သော် ဤနေရာတွင်မူ ဦးနှောက်ကို ဟာလာဟင်းလင်း ဖြစ်နေစေရန် လိုအပ်ပြီး အဆုံးမရှိဘဲ ကျွမ်းကျင်မှုနိမ့်ပါးသော ထပ်ခါတလဲလဲ လှုပ်ရှားမှုများသာ ကျန်ရှိကာ ဆူပူကြိမ်းမောင်းမှုများနှင့် ပြစ်ဒဏ်များ၏ အမြဲတစေ ခြိမ်းခြောက်မှုက သူတို့၏ ခေါင်းပေါ်တွင် ရစ်ဝဲနေပေ၏။
ဤစိတ်ပိုင်းဆိုင်ရာ ဟာလာဟင်းလင်းဖြစ်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှုသည် ရိုးရှင်းသော ပညာရေး ဖိအားများထက် လူတစ်ဦး၏စိတ်ဆန္ဒကို ပို၍ပျက်စီးစေသည်မှာ အမှန်ပင်။
သူတို့နှစ်ဦးသည် ဖိနပ်များကို တိတ်ဆိတ်စွာ စီးလိုက်ပြီး ကန်တင်းဆီသို့ လျှောက်လှမ်းသွားကြ၏။
သူတို့သည် အချိန်တခဏကြာ အနားယူခွင့် ရရှိခဲ့သော်လည်း နေ့လယ်တွင် ထိုနေရာသို့ ပြန်သွားပြီး မနက်ကအရာများကို ထပ်မံလုပ်ဆောင်ရပေမည်။ ထို့ပြင် ပင်ပန်းနွမ်းနယ်မှုကြောင့် သူတို့၏စွမ်းဆောင်ရည်များ ပို၍ဆိုးရွားနိုင်ပြီး လစာဖြတ်တောက်မှုများ ပို၍ဖြစ်ပေါ်လာနိုင်သည်ကို တွေးတောလိုက်မိသည်။ ဤသည်ကြောင့် သူတို့သည် ပြင်းထန်သော စွမ်းအားမဲ့မှု ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ဤသည်က သူတို့အပေါ် အလွန်အမင်း ဖိနှိပ်နေသဖြင့် သူတို့ အသက်ရှူရန်ပင် ခက်ခဲလုနီးပါး ဖြစ်နေပေ၏။
...
ကန်တင်း အဝင်ဝတွင်....
သူတို့နှစ်ဦး ကန်တင်းထဲသို့ မဝင်ရသေးမီမှာပင် အတွင်းမှ အငြင်းပွားသံများကို သူတို့ ကြားလိုက်ရသည်။
"သောက်ကျိုးနည်း... အစားအသောက်တွေက ဒီလောက် ဈေးကြီးနေတာ... မင်းတို့ သွားပြီးလုယက်ကြပါလား..."
"အဲ့ဒါပြောတာ... ငါတို့က အလုပ်ကို ၁၂ နာရီ လုပ်မှ တစ္ဆေဒင်္ဂါး၁၂၀ပဲ ရတာကို... မင်းတို့က ဒီလောက် ဈေးကြီးကြီးနဲ့ ရောင်းနေတယ်... မင်းတို့က ငါတို့ကို လိမ်ဖို့ တမင်တကာ ကြိုးစားနေတာ အသိသာကြီးပဲ..."
"ပြီးတော့ ဒါက ဘယ်လို အမှိုက်အစားအစာတွေလဲ... မင်းတို့က ဒီဈေးနဲ့ ရောင်းရဲတယ်ပေါ့... ငါတို့ လာတဲ့နေရာမှာသာ မင်းတို့ ဒီလိုဆိုင်ဖွင့်ရဲရင် ဆိုင်ရော လူတွေကိုပါ ငါတို့ ရိုက်ခွဲပစ်ပြီးပြီ..."
"ငါ အခု ဒေါသမထွက်ချင်ဘူး... ဒီအစားအသောက်တွေရဲ့ ဈေးကို အခုချက်ချင်းပြောင်း... မဟုတ်ရင် အရာအားလုံးကို ငါတို့ ရိုက်ခွဲပစ်မယ်..."
သေဆုံးမှု သတ်မှတ်ချက် မရှိခြင်းက လူအများအပြားကို တုန်လှုပ်ချောက်ချားဖွယ်နယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းပုံကို မေ့ပျောက်သွားစေခဲ့ပြီး သူတို့ကို ဆဲဆိုရန်နှင့် ရန်ဖြစ်ရန် ရဲတင်းလာစေခဲ့သည်။
ကျိုးထျန်ချန်နှင့်ဟန်ထျန်ယွီတို့ ဝင်သွားချိန်၌ ကစားသမားများသည် ဝန်ဆောင်မှု ပြတင်းပေါက်ရှေ့တွင် စုရုံးနေကြသည်ကို သူတို့ မြင်တွေ့မိလေ၏။ ယောကျာ်းလေး ကစားသမားတချို့ဆိုလျှင် တစ္ဆေများကို ခြိမ်းခြောက်ရန် ကြိုးစားသည့်အနေဖြင့် တက်တူးများကို ပြသရန် သူတို့၏အင်္ကျီများကိုပင် ချွတ်ထားကြသည်။
မည်သည့်ကိစ္စများ ဖြစ်နေသည်ကိုကြည့်ရန် သူတို့နှစ်ဦးသား ရှေ့သို့ အလျင်အမြန် တိုးဝင်လိုက်သည်။ မကြာမီ ပြတင်းပေါက်၏ရှေ့တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်တစ်ခုကို သူတို့ မြင်တွေ့လိုက်ရပြီး ထိုအရာတွင် ထမင်းတစ်နပ်အတွက် ဈေးနှုန်းများကို ရှင်းလင်းစွာ ဖော်ပြထားပေ၏။
【ထမင်း....တစ္ဆေဒင်္ဂါး ၅ ပြား】
【ဟင်းရွက်ဟင်း: တစ္ဆေဒင်္ဂါး ၁၀ ပြား】
【အသားဟင်း: တစ္ဆေဒင်္ဂါး ၁၅ ပြား】
【ဟင်းရည်ကြည်: တစ္ဆေဒင်္ဂါး ၃ ပြား】
ဤအရာအတွက် စျေးကြီးတယ်ဟူသော စကားတစ်ခွန်းတည်းသာ ပြောနိုင်ပေမည်။
ဤထမင်းဟင်းများသည် အမှန်တကယ်ကို မယုံနိုင်လောက်အောင် ဈေးကြီးလွန်းပေ၏။ အသားဟင်း တစ်ခွက်ကို တစ္ဆေဒင်္ဂါး ၁၅ ပြားကျသင့်ပြီး သူတို့သည် တစ်နာရီ အလုပ်လုပ်လျှင်ပင် ဟင်းရွက်ဟင်းတစ်ခွက်သာ ဝယ်စားနိုင်ပေမည်။ ဝင်ငွေနှင့်ထွက်ငွေသည် လုံးလုံးလျားလျား အချိုးမညီချေ။
ဗိုက်ဝအောင်စားရန်ဆိုလျှင် သူတို့အတွက် ထမင်းနှင့်အသားဟင်းတစ်ခွက် လိုအပ်ပြီး အသားဟင်းတစ်ခွက်မှာ မည်မျှပါသည်ကို သူတို့ သေချာမသိနိုင်ချေ။ အကယ်၍ နည်းလွန်းပါက သူတို့သည် ဟင်းရွက်ဟင်း တစ်ခွက် ထပ်ဝယ်ရပေမည်။
ဤသို့ဖြင့် ထမင်းတစ်နပ်ဆိုပင် တစ္ဆေဒင်္ဂါး၃၀ပြားကျသင့်နေပြီဖြစ်ရာ ဤသည်မှာ သူတို့ သုံးနာရီကြာ အလုပ်လုပ်မှ ရရှိသောငွေပင်။ ထို့ပြင် ဤသည်က သူတို့သည် မည်သည့်အမှားမျှ မလုပ်ဘဲ လစာအပြည့်အဝကို ရရှိမှသာ ဖြစ်ပေ၏။
အကယ်၍ သူတို့ အမှားတစ်ခုလုပ်မိပြီး နေ့စဉ်ခွဲတမ်းကို မပြည့်မီပါက သူတို့ ဒဏ်ငွေများနှင့် ရင်ဆိုင်ရနိုင်သည်။ ထိုအချိန်ကျလျှင် သူတို့သည် ရိုးရှင်းသော ထမင်းတစ်နပ်ကိုပင် ဝယ်စားနိုင်မည် မဟုတ်တော့ချေ။
ဒီလူတွေ ဆဲဆိုနေတာ မဆန်းပါဘူး... ဒါက တကယ့်ကို လိမ်လည်မှုကြီးပဲ... ဒါက လုယက်တာထက်တောင် ပိုလွယ်တဲ့ ပိုက်ဆံရှာနည်းပဲ...
အပြာရောင်ကြယ်မှာသာဆိုရင် ကုန်စုံဆိုင်သွားပြီး ကိုယ့်ဘာသာကိုယ် ဟင်းချက်စားမယ်ဆိုရင် ဒီလောက်ပိုက်ဆံက လူတစ်ယောက် တစ်နေကုန် ထမင်းစားဖို့ လုံလောက်တယ်... ဒါမှမဟုတ် လူနှစ်ယောက်စာတောင် လုံလောက်နိုင်တယ်...
သူတို့ တွေးတောလိုက်မိကြသည်။
သို့သော် လူအုပ်ကြီး၏ဆဲဆိုမှုများနှင့် ခြိမ်းခြောက်မှုများသည် မည်သည့် အကျိုးကျေးဇူးမျှ မရရှိခဲ့ချေ။ တစ်နည်းအားဖြင့် ပြောရလျှင် ပြတင်းပေါက်နောက်တွင် အဖြူရောင်အေပရွန်များကို ဝတ်ဆင်ထားပြီး ဇွန်းကြီးများကို ကိုင်ဆောင်ထားသော ထိုကန်တင်းအဒေါ်ကြီး တစ္ဆေများသည် သူတို့ကို အနည်းငယ်မျှပင် ဂရုမစိုက်ကြချေ။ ထို့အစား သူမတို့သည် လူအုပ်ကြီးကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေကြပြီး 'စားစား မစားစား ငါ ဂရုမစိုက်ဘူး'ဟု ပြောနေသည့်အလားပင်။
"အားလုံးပဲ ညည်းညူတာကို ရပ်လိုက်ကြတော့... ငါတို့ အချိန်ကုန်တော့မယ်..."
တစ်စုံတစ်ဦးက အော်ဟစ်လိုက်ရာ လူတိုင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြပြီး ကန်တင်းနံရံရှိ နာရီကို အမှန်တကယ် မြင်တွေ့သွားသည်။
၁၁နာရီ ၄၀မိနစ်...
သူတို့ သတိမထားမိလိုက်ခင်မှာပင် ဆယ်မိနစ် ကုန်လွန်သွားခဲ့လေပြီ။
"သောက်ကျိုးနည်း... အထဲမှာတုန်းက အချိန်က အရမ်းကြာတယ်လို့ ခံစားရတာကို... ဘာလို့ ဒီမှာကျတော့ အရမ်းမြန်နေရတာလဲ... ငါ ခုလေးတင် အလုပ်ဆင်းလာသလို ခံစားရတာကို ဆယ်မိနစ်တောင် ကုန်သွားပြီတဲ့လား..."
"ငါ့ရဲ့လမ်းကို လာမပိတ်နဲ့... ဈေးဘယ်လောက်ပဲဖြစ်ဖြစ် ငါ့ကို အရင်ဆုံး ထမင်းပေး... ငါ အကြွေးနဲ့ ဝယ်စားချင်တယ်..."
"ဦးနှောက်မရှိတဲ့ အရူးအုပ်စု... မင်းတို့က ဘာလို့ ဆဲဆိုနေကြတာလဲ... ဒါက တုန်လှုပ်ချောက်ချားဖွယ်နယ်မြေတစ်ခုလေ... မင်းတို့ ဒေါသထွက်နေရင်လည်း မျိုသိပ်ထားလိုက်... မင်းတို့ရဲ့မိဘတွေက ဒီမှာ မရှိဘူး... ဘယ်သူကမှ မင်းတို့ကို ဂရုစိုက်နေမှာ မဟုတ်ဘူး..."
မိနစ်နှစ်ဆယ်သာ ကျန်ရှိတော့ကြောင်း မြင်သောအခါ လူအုပ်ကြီးသည် လုံးလုံးလျားလျား ပေါက်ကွဲသွားပြီး အစားအသောက် ရရှိရန် လုယက်ကြတော့သည်။ လူတချို့ဆိုလျှင် ထိုကိစ္စအတွက် စတင်၍ ရန်ဖြစ်ကြ၏။
ကျိုးထျန်ချန်နှင့် ဟန်ထျန်ယွီတို့သည် တန်းစီရန် လူနည်းသော နေရာတစ်ခုကို အလျင်အမြန် ရှာဖွေလိုက်ကြသည်။ သို့သော် အစားအသောက်များ သူတို့၏လက်ထဲ ရောက်လာချိန်၌ သူတို့နှစ်ဦးလုံး ကြက်သေသေသွားသည်။