အခန်း ၆၅
Vol. 7 Ch. 65
အခန်း (၆၅) ငါ့ရဲ့စည်းကမ်းတွေက စည်းကမ်းတွေပဲ... စည်းကမ်းတွေကို လျစ်လျူရှုရင် ဒဏ်ငွေ ၃၀၀ တပ်မယ်
အလုပ်ရုံ၌....
ကစားသမားများသည် အချိန်မှတ်ပြီး အလုပ်ရုံထဲသို့ ဝင်ရောက်လာချိန်၌ ခန်းမအဆုံးတွင် ရပ်နေသော ကျိုးထျန်ချန်နှင့် ဟန်ထျန်ယွီတို့၏ ကျောပြင်များကို မြင်တွေ့လိုက်ရပြီး သူတို့၏ရှေ့တွင် တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ အေးစက်သော အကြည့်များဖြင့် အလုပ်ရုံမှူး ရှိနေလေ၏။
သတ်ဖြတ်ခံရမည့် သိုးငယ်များကဲ့သို့ ကစားသမားများသည် အလုပ်ရုံမှူး၏ အေးစက်သော အကြည့်များဖြင့် မောင်းနှင်ခြင်းခံခဲ့ရသည်။ သူတို့သည် အလုပ်ရုံထဲသို့ တရွတ်တိုက် လျှောက်လှမ်းသွားကြပြီး ကျိုးထျန်ချန်နှင့်ဟန်ထျန်းယွီတို့၏ နံဘေးတွင် လာရပ်ကာ သုံးတန်းတန်းစီလိုက်ကြသည်။
သူတို့ မျှော်လင့်ထားသော နှုတ်ဖြင့် စော်ကားမှုများ ထွက်မလာခဲ့ချေ။ ထို့အစား အခြေအနေသည် ပို၍ပို၍ လေးလံပြီး ဖိနှိပ်ချုပ်ကိုင်လာခဲ့သည်။ သို့သော် ဤအမည်မသိ ကြောက်ရွံ့မှုကသာ သူတို့ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်စေခဲ့ခြင်း ဖြစ်ပေ၏။
အလုပ်ရုံမှူးက သူတို့ကို လက်ညှိုးထိုးပြီး ကျိန်ဆဲခြင်းကို သူတို့ ပိုသဘောကျကြလိမ့်မည်။ ဤအခြေအနေကို သည်းခံနေရခြင်းမှာ သူတို့၏ ရင်ဘတ်များပေါ်တွင် ဧရာမကျောက်တုံးကြီးတစ်ခု ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေပြီး သူတို့ အသက်ရှူရန်ပင် မဖြစ်နိုင်သလောက်နီးပါး ဖြစ်နေတော့သည်။
အလုပ်ရုံမှူးကို သူတို့ မော့မကြည့်ရဲကြချေ။
ထိုအချိန်၌ ပြင်းထန်သော ခြေသံများ ထွက်ပေါ်လာကာ အလုပ်ရုံမှူး လှုပ်ရှားလိုက်လေပြီ။ သူသည် မည်သူ့ကိုမျှ ဆဲဆိုုခြင်းမရှိသလို ရိုက်နှက်ခြင်းလည်း မပြုခဲ့ချေ။ ထို့အစား သူသည် လူတိုင်း၏ရှေ့တွင် လျှောက်သွားပြီး တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်ခန့် ရပ်တန့်နေလေ၏။
သူက တန်းစီနေသူများကြားတွင် ဝင်ထွက်သွားလာနေသည်။ သူတို့သည် ခေါင်းငုံ့ထားကြသဖြင့် အနက်ရောင် သားရေဖိနပ်တစ်ရန်ကို သူတို့ မြင်တွေ့နိုင်သည်။ ပြတ်သားသော ခြေသံများသည် သူတို့၏ နှလုံးသားများကို တိုက်ရိုက်နင်းချနေသကဲ့သို့ ခံစားရပြီး ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းနှင့်အတူ သူတို့၏ နှလုံးခုန်သံများ ရပ်တန့်သွားလုမတတ် ဖြစ်နေသည်။
ထိုအနက်ရောင် သားရေဖိနပ်များက တစ်စုံတစ်ဦး၏ ရှေ့တွင် ရပ်တန့်သွားတိုင်း ထိုလူ၏နှလုံးသား ဆတ်ခနဲ တုန်ရီသွားပြီး ချွေးစေးများ ထွက်လာပေ၏။
နေ့လယ်ပိုင်းလေးအတွင်းမှာပင် သူတို့သည် ဤအလုပ်ရုံမှူးနှင့် ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းတစ်ခု ဖြစ်ပေါ်နေလေပြီ။ တစ်ဖက်လူသည် အာဏာရှင်ဆန်ပြီး ရက်စက်ကြမ်းကြုတ်ကာ ဤနေရာသည် တုန်လှုပ်ချောက်ချားဖွယ်နယ်မြေ ဖြစ်နေခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့ကို ထိတ်လန့်သွားစေခဲ့သည်။
တရားမစီရင်မီ ဤသေလုမတတ် တိတ်ဆိတ်နေသော အကြိုအစီအစဉ်သည် မည်သည့်အော်ငေါက်သံထက်မဆို ပို၍ကြောက်စရာကောင်းနေပေ၏။
နောက်ဆုံးတွင် အလုပ်ရုံမှူးက စကားပြောဆိုလိုက်သည်။ သူ၏အသံသည် မကျယ်လောင်သော်လည်း ရေခဲတမျှ အေးစက်မှုကို သယ်ဆောင်လာကာ ငရဲဘုံမှ ထွက်ပေါ်လာသည့်အလားပင်။
"နေ့လယ်က ကန်တင်းမှာ မင်းတို့ ပြဿနာရှာနေကြတယ်လို့ ငါ ကြားတယ်..."
ဤစကားများကို ပြောလိုက်သည်နှင့် တပြိုင်နက် သူတို့၏စိတ်ထဲတွင် မိုးကြိုးပစ်ခတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားလေ၏။ လူတိုင်းသည် သူတို့၏ ခြေဖဝါးများမှ အေးစိမ့်သော ခံစားချက်တစ်ခု မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ ဤသည်က သူတို့၏ ကျောရိုးများမှတဆင့် ငယ်ထိပ်အထိ ပြေးတက်သွားကာ သူတို့၏ဆံပင်များကို ထောင်ထသွားစေသည်။
သူ အကုန်သိနေတာပဲ...
ကန်တင်းမှာ ဖြစ်ခဲ့သမျှ အရာအားလုံးက သူ့ရဲ့မျက်စိရှေ့ကနေ လုံးဝမလွတ်ကင်းခဲ့ဘူး...
နောက်ကျနေသော တရားစီရင်မှုသည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေပြီ။
အလုပ်ရုံမှူး၏ သွေးရောင်လွှမ်းနေသော မျက်လုံးများသည် ရှာဖွေရေးမီးမောင်းကြီးတစ်ခုအလား အောက်ဘက်ရှိ ဖြူရော်နေသော မျက်နှာတိုင်းကို ဖြည်းညှင်းစွာ ဝေ့ကြည့်သွားလေ၏။ နောက်ဆုံးတွင် ခေါင်းငုံ့ထားသော လူအုပ်ကြီးထဲမှ အမျိုးသား ကစားသမားတစ်ဦးအပေါ်တွင် ရပ်တန့်သွားသည်။
သူသည် အရှေ့ဆုံးသို့ ပြန်သွားပြီး ဝန်ထမ်းနံပါတ်တစ်ခုကို အမူအရာကင်းမဲ့စွာ ပြောဆိုလိုက်သည်။ သူ၏ လေသံသည် အရေးမပါသော အမှတ်စဉ်တစ်ခုကို ဖတ်နေသကဲ့သို့ အလွန်တည်ငြိမ်နေသော်လည်း တခြားသူများအတွက်မူ ငရဲမှ ဆင့်ခေါ်သံတစ်သံနှင့် တူညီနေသည်။
"နံပါတ်ငါး..."
ဤသည်မှာ ဝန်ထမ်းနံပါတ်တစ်ခု ဖြစ်သော်လည်း ဤအချိန်အခိုက်အတန့်တွင် သေစာရင်းတွင် ရေးထားသော နာမည်တစ်ခုနှင့် ပို၍တူညီနေပေ၏။
သူ၏ ဝန်ထမ်းနံပါတ် အခေါ်ခံရသည်ကို ကြားလိုက်ရသော ချန်ချီအမည်ရှိ အမျိုးသား ကစားသမားသည် လျှပ်စစ်ရှော့ခ်ရသကဲ့သို့ တုန်ယင်သွားသည်။ သူသည် ထိတ်လန့်တကြား မော့ကြည့်လိုက်ရာ အလုပ်ရုံမှူး၏ တွင်းနက်ကြီးကဲ့သို့ အေးစက်သော အကြည့်နှင့် ဆုံတွေ့သွားသည်။
သူ၏ နှလုံးခုန်နှုန်းမှာ ကန့်သတ်ချက်အထိ ချက်ချင်းမြင့်တက်သွားပြီး သူ၏သွေးများ အေးခဲသွားသကဲ့သို့ ဖြစ်သွားကာ လည်ချောင်းများ တင်းကြပ်သွားလေ၏။ သူ ပါးစပ်ဟလိုက်သော်လည်း အလွန်အမင်း ကြောက်ရွံ့မှုကြောင့် အသံမထွက်နိုင်ဖြစ်နေသည်။
တိတ်ဆိတ်မှု....
အလုပ်ရုံမှူး၏ အမြင်တွင် ဤတခဏကြာ တိတ်ဆိတ်မှုသည် အကြီးမားဆုံးသော ရန်စမှုတစ်ခု ဖြစ်ကြောင်း သေချာသည်။
"ချန်ချီ..."
ရုတ်တရက် အလုပ်ရုံမှူးသည် ရှေ့သို့ ကိုင်းလာပြီး ဒဏ်ရာရနေသော သားရဲတစ်ကောင်ကဲ့သို့ အော်ငေါက်လိုက်သည်။
ထိုအသံမှာ အလွန်ရုတ်တရက်ဆန်ပြီး ကြမ်းတမ်းလွန်းသဖြင့် အမိုးများပင် ပွင့်ထွက်သွားမတတ် ခံစားရကာ လူတိုင်း၏ နှလုံးသားများကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။
"အား..."
"အင့်..."
ဖိနှိပ်ထားသော ထိတ်လန့်တကြားအော်သံများ လူအုပ်အကြားမှ ချက်ချင်းထွက်ပေါ်လာသည်။ ဤရုတ်တရက် မိုးကြိုးပစ်ခတ်လိုက်သကဲ့သို့ ဒေါသတကြီး အော်ငေါက်သံကြောင့် လူတိုင်း လန့်ဖျပ်သွားပြီး တုန်ယင်ကာ သူတို့၏မျက်လုံးသူငယ်အိမ်များ ကျုံ့သွားပြီး အသက်ရှူရပ်မတတ် ဖြစ်သွားကြ၏။
အဓိက ပစ်မှတ်ဖြစ်သော ချန်ချီကမူ ကြောက်လန့်လွန်းသဖြင့် အသိစိတ်များပင် လွတ်ထွက်သွားသည်။ မသိစိတ်မှ သူသည် အားကုန်သုံး၍ ရှေ့သို့ခြေတစ်လှမ်း တိုးလာပြီး အက်ရှရှအသံဖြင့် အော်ဟစ်လိုက်သည်။
"ကျွန်... ကျွန်တော် ဒီမှာပါ..."
အလုပ်ရုံမှူးသည် သူ့ကို စူးစိုက်ကြည့်နေပြီး သူ၏ အကြည့်များသည် စိတ်ဝိညာဉ်တစ်ခုကို ကွဲအက်သွားစေလောက်အောင် အေးစက်နေကာ စကားလုံးတစ်လုံးချင်းစီ အော်ဟစ်လိုက်သည်။
"ဒီနေရာက... အလုပ်ရုံပဲ... မင်းရဲ့အိမ်က နွေးထွေးတဲ့ ကုတင် မဟုတ်ဘူး... မင်းနာမည် ဒါမှမဟုတ် ဝန်ထမ်းနံပါတ်ကို ခေါ်ရင် မတ်မတ်ရပ်ပြီး အသံကုန် 'ဒီမှာပါ' လို့ အော်ရမယ်..."
"မင်း တုံ့ပြန်တာ နှေးကွေးပြီး အမိန့်တွေကို မနာခံခဲ့ဘူး... မင်းကို တစ္ဆေဒဂါး ၁၀၀ ဒဏ်ငွေတပ်တယ်..."
"အခု... တန်းထဲက ထွက်ခဲ့စမ်း..."
တစ္ဆေ ဒင်္ဂါး ၁၀၀...
ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းတည်းဖြင့် ချန်ချီသည်ဒဏ်ငွေတပ်ခြင်း ခံလိုက်ရလေပြီ။
အဲ့ဒါက အလုပ်ဆယ်နာရီလုပ်မှ ရမယ့် လစာလေ....
သူတို့ တွေးတောလိုက်ကြသည်။
ချန်ချီ၏မျက်နှာ သေလုမတတ် ဖြူရော်နေသည်။ သူသည် တစ်စက္ကန့်မျှပင် မတွေဝေရဲတော့ဘဲ တန်းထဲမှ ယိမ်းယိုင်စွာ ထွက်လာပြီး နံဘေးတွင် တစ်ယောက်တည်း မတ်တတ်ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်သည် ကြောက်ရွံ့မှုနှင့်ထိတ်လန့်မှုများကြောင့် အထိန်းအကွပ်မဲ့စွာ တုန်ယင်နေလေ၏။
ဤတစ္ဆေဒင်္ဂါးတစ်ရာဒဏ်ငွေသည် သူ၏ နောက်ဆုံးကျန်ရှိနေသော မျှော်လင့်ချက်လေးကို ဆွဲခွာသွားသကဲ့သို့ ဖြစ်နေပြီး တခြားသူများအားလုံးကိုလည်း ရှင်းလင်းစွာ ပြောပြနေသည့်အလားပင်။
ဒီနေရာမှာ စည်းကမ်းတွေက အသေးစိတ်အထိ တင်းကျပ်တယ်... ဖီဆန်မှုနဲ့ တွေဝေမှုတွေရဲ့ တန်ဖိုးက ချက်ချင်းသက်ရောက်ပြီး အရမ်းရက်စက်တာပဲ....
အလုပ်ရုံမှူးသည် ချန်ချီကို ကြည့်ခြင်းမှ ရပ်တန့်လိုက်ပြီး သူ၏ အေးစက်သော အကြည့်များက တုန်ယင်နေသော လူအုပ်ကြီးထံသို့ ပြန်လည်ရောက်ရှိသွားကာ နောက်ထပ် နာမည်တစ်ခုကို ဆက်ခေါ်လေ၏။
"တုန်းဝမ်..."
"ဒီမှာပါ..."
ဤတစ်ကြိမ်တွင် မိန်းကလေးတစ်ဦးပင်။ သူမသည် တွေဝေမနေရဲဘဲ ချက်ချင်းအော်ဟစ်ကာ ပြန်ဖြေလိုက်သည်။
"ထွက်ခဲ့စမ်း..."
မိန်းကလေးသည် ချန်ချီ၏နံဘေးသို့ သွားရပ်လိုက်ပြီး သူမ၏ခန္ဓာကိုယ် တုန်ယင်နေသည်။
"ဝမ်တာဝေ..."
"ဒီမှာပါ..."
"ချန်ချင်းဝေ..."
"ဒီမှာပါ..."
နာမည်များ တစ်ခုပြီးတစ်ခု အခေါ်ခံရပြီး နောက်ဆုံးတွင် လူ ၈၄ ယောက် ထွက်လာခဲ့လေ၏။
ကျိုးထျန်ချန်နှင့် ဟန်ထျန်ယွီတို့သည် သူတို့၏နဲဘေးတွင် ကျန်ရစ်ခဲ့သော လူဆယ်ယောက်ခန့်ကို ကြည့်လိုက်ပြီး သူတို့၏မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။ ဤတစ်ကြိမ်တွင် လူရှစ်ဆယ်ကျော် အခေါ်ခံရလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။
ဤသည်မှာ အထက်တန်းနောက်ဆုံးနှစ်တွင် နာမည်ခေါ်ခြင်းထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် အစစ်အမှန် ပြစ်ဒဏ်များ ရှိနေပြီး အလွန်အမင်း ပြင်းထန်သောကြောင့်ပင်။
'ကြက်ကိုသတ်ပြီး မျောက်ကိုခြောက်သော' ပြဇာတ် စတင်တော့မည်ကို သူတို့ သိလိုက်ကြ၏။
ဘန်း...
မည်သည့် သတိပေးချက်မျှမရှိဘဲ အလုပ်ရုံမှူးသည် ပြင်းထန်သော လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ရှေ့ဆုံးတွင် ရပ်နေပြီး ယခုလေးတင် တစ္ဆေဒင်္ဂါးတစ်ရာ ဒဏ်ရိုက်ခံထားရသော ချန်ချီ၏ဗိုက်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။
"အင့်..."
ချန်ချီသည် လူသားများနှင့်မတူသော နာကျင်သည့် ညည်းသံတစ်သံကို ထုတ်လွှတ်လိုက်သည်။ သူ၏ မျက်လုံးများ ပြူးကျယ်လာပြီး သူ၏ ခန္ဓာကိုယ်သည် ကျိုးပဲ့နေသော စပါးပင်တစ်ပင်အလား ခေါက်ခနဲလဲကျသွားကာ ပုစွန်တစ်ကောင်ကဲ့သို့ ကွေးကွေးလေး ဖြစ်သွားလေ၏။ သူသည် ဒူးထောက်ကျသွားပြီး သူ၏ဗိုက်ကို တင်းကြပ်စွာ ဖက်ထားသည်။ သူ၏ ပါးစပ် ကျယ်လောင်စွာပွင့်ဟနေသော်လည်း အလွန်အမင်း နာကျင်မှုကြောင့် မည်သည့် အသံမျှ ထွက်မလာနိုင်ချေ။ သူ၏နှပ်များနှင့် မျက်ရည်များ ချက်ချင်းပန်းထွက်လာသည်။
ဤရုတ်တရက်ဆန်ပြီး ရက်စက်ကြမ်းကြုတ်သော လက်သီးချက်က ရှေ့ထွက်လာသူများအပြင် ထွက်မလာရသူများကိုလည်း လိပ်ပြာလွင့်လုမတတ် ကြောက်လန့်သွားစေခဲ့သည်။
သတ္တိနည်းသော မိန်းကလေးအနည်းငယ်သည် အသံထွက်၍ အော်ဟစ်လိုက်မိပြီးနောက် ထိုကဲ့သို့ ကံဆိုးမှုမျိုး သူမတို့အပေါ် ကျရောက်လာမည်ကို ကြောက်ရွံ့သဖြင့် သူမတို့၏ပါးစပ်များကို ချက်ချင်း တင်းကြပ်စွာ ဖုံးအုပ်ထားလိုက်ကြ၏။
"ချန်ချီ... ပြဿနာကို ဦးဆောင်ပြီး ဖန်တီးတယ်...ကန်တင်းမှာ ကန်တင်းအဒေါ်ကြီးကို စော်ကားတယ်...အစားအသောက်တွေအကြောင်း ညည်းညူတယ်... ပြီးတော့ စည်းကမ်းတွေကို မလိုက်နာဘူး... ဒါက ငါ့ကို စိန်ခေါ်နေတာပဲ..."
အလုပ်ရုံမှူးက သူ့ကို ဆွဲထူလိုက်သည်။ ချန်ချီ၏ နာကျင်နေသော အမူအရာကို ကြည့်ရင်း သူ၏ အကြည့်များမှာ ရေခဲကဲ့သို့ အေးစက်နေပြီး သူက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ငါပြောခဲ့တယ်... ငါ့ရဲ့စည်းကမ်းတွေက စည်းကမ်းတွေပဲ... မင်းက ငါ့ရဲ့စည်းကမ်းတွေကို စိန်ခေါ်ရဲမှတော့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို မင်း ခံရမယ်..."
"တစ္ဆေဒင်္ဂါး ၃၀၀ ဒဏ်ငွေတပ်တယ်... အခုကစပြီး မင်း အကြွေးနဲ့ အစားအသောက် ဝယ်ခွင့် မရှိတော့ဘူး... မင်း မစားရင်လည်း စားမယ့်သူတွေ အများကြီး ရှိတယ်..."
တစ္ဆေဒင်္ဂါး သုံးရာ...
အကြွေးဝယ်ခွင့် ရုပ်သိမ်းခြင်း....
ဤတရားစီရင်မှု နှစ်ခုသည် လျှပ်စီးကြောင်းနှစ်ခုအလား ချန်ချီ၏ခေါင်းကိုသာမက ကစားသမားများအားလုံး၏ နှလုံးသားများကိုလည်း ရိုက်ခတ်သွားလေ၏။
တစ္ဆေဒင်္ဂါး သုံးရာတဲ့လား...အဲ့ဒါက သုံးရက်လုံးလုံး ထမင်းမစား ရေမသောက်ဘဲ အပြင်းအထန် အလုပ်လုပ်မှရမယ့် အခြေခံလစာလေ... စကားတစ်ခွန်းတည်းနဲ့တင် အဲ့ဒါတွေ ပျောက်သွားပြီပေါ့...
ပြီးတော့ အကြွေးဝယ်ခွင့် ဆုံးရှုံးသွားတယ်ဆိုတာက ချန်ချီရဲ့ အလုပ်သမားကတ်ထဲမှာ လက်ကျန်ငွေ မရှိဘူးဆိုရင် သူက အဲ့ဒီ ဝက်စာလို အစားအသောက်တွေကိုတောင် ဝယ်စားနိုင်မှာ မဟုတ်တော့ဘူးလို့ ဆိုလိုတာပဲ....သူက ဗိုက်ဟောင်းလောင်းနဲ့ အလုပ်လုပ်ရတော့မှာပေါ့..
ဤကဲ့သို့ အလုပ်လုပ်ရသော ပတ်ဝန်းကျင်တွင် ထိုသို့အလုပ်လုပ်ရခြင်းမှာ တဖြည်းဖြည်း ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် လုံးလုံးလျားလျား ခြားနားမှု မရှိချေ။
"ဟင့်အင်း... ခင်ဗျား အဲ့ဒီလို လုပ်လို့မရဘူး..."
ချန်ချီသည် နာကျင်မှုနှင့် ကြောက်ရွံ့မှုများကြားမှ အသိစိတ်လေးတစ်ခုကို ရှာဖွေရန် ကြိုးစားနေပြီး သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေကာ ရှင်းပြရန် ကြိုးစားနေလေ၏။
သို့သော် အလုပ်ရုံမှူးက သူ့ကို အခွင့်အရေး မပေးခဲ့ချေ။ ရုတ်တရက် သူ၏လက်ကို လွှတ်လိုက်ပြီး ချန်ချီကို အမှိုက်တစ်စအလား ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ထို့နောက် သူက တခြားသူများကို ကြည့်လိုက်သည်။
"မင်းတို့အားလုံးလည်း သူနဲ့ အတူတူ အမှားလုပ်ခဲ့တာပဲ... ငါ မမြင်ဘူးလို့ မထင်နဲ့..."
"စည်းကမ်းတွေကို လျစ်လျူရှုပြီး ကန်တင်းမှာ ပြဿနာရှာတဲ့အတွက်... မင်းတို့အားလုံးကို တစ္ဆေဒင်္ဂါး ၃၀၀ ဒဏ်ငွေတပ်ပြီး ကန်တင်းမှာ အကြွေးဝယ်ခွင့် ရုပ်သိမ်းလိုက်တယ်... ပြီးတော့ ဖုန်ကာဝတ်စုံတွေကို ဖျက်ဆီးပြီး လုယက်တဲ့အတွက်... အသစ်ဝယ်ဖို့ နောက်ထပ် ဒဏ်ငွေနှစ်ရာ တပ်မယ်..."