အခန်း ၆၆
Vol. 7 Ch. 66
အခန်း (၆၆) ချန်လန်... မင်းရဲ့နေရာက အစစ်အမှန် တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာလား
ငါးရာ....
တစ္ဆေဒင်္ဂါးငါးရာတိတိ....
ဤှသည်မှာ လေးရက်တိုင်တိုင် ထမင်းမစား ရေမသောက်ဘဲ အပြင်းအထန် အလုပ်လုပ်မှသာ သူတို့ စုဆောင်းနိုင်မည့် ပမာဏဖြစ်ပြီး ထိုအရာကို ဒဏ်ငွေအဖြစ် လွယ်လင့်တကူ ဖြတ်တောက်ခြင်းခံလိုက်ရသည်။
"ဟင့်အင်း... ရှင် အဲ့ဒီလို လုပ်လို့ မရဘူး... ကျွန်မတို့ ထမင်းမစားရရင် ငတ်သေကုန်တော့မှာပေါ့..."
"ဒါက ဘယ်လို စက်ရုံထုတ်လုပ်မှုလိုင်းမျိုးလဲ... ဒါက ရှင်းရှင်းလင်းလင်းကို ခေါင်းပုံဖြတ်တဲ့ စက်ရုံပဲ... လူ့အခွင့်အရေး လုံးဝမရှိဘူး..."
"တစ္ဆေဒင်္ဂါးငါးရာတောင်... ငါတို့ ငါးရက် ထမင်းမစားရရင် သေချာပေါက် ငတ်သေမှာပဲ..."
အလုပ်ရုံမှူးသည် ဤမျှထိ ရက်စက်လိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ကြချေ။ ဤသည်က တစ္ဆေဒင်္ဂါးငါးရာ ဖြစ်နေသည်။
အဲ့ဒီလောက်ရဖို့အတွက် ငါတို့က အရည်အသွေးကို စံမီအောင်ထားပြီး နေ့စဉ်ခွဲတမ်းကို ပြည့်မီအောင် လုပ်ရအုံးမှာ...
သူက ငါတို့ရဲ့ အကြွေးဝယ်ခွင့်ကိုတောင် ရုတ်သိမ်းလိုက်သေးတယ်...ငါတို့ ဘယ်လိုလုပ်ပြီး အသက်ရှင်ရမှာလဲ...
"ငါ့ရဲ့စည်းကမ်းတွေကို အရင်ဆုံး စိန်ခေါ်ခဲ့တာက မင်းတို့ပဲလေ..."
အလုပ်ရုံမှူး၏အသံသည် အေးစက်ပြီး သနားညှာတာမှု ကင်းမဲ့နေကာ သူ့နှင့် ဘာမှမဆိုင်သော အမှန်တရားတစ်ခုကို ပြောနေသည့်အလားပင်။
"မင်းတို့ ဘယ်လို အသက်ရှင်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့က..."
သူ လေသံကို ပြောင်းလိုက်ပြီး တွက်ချက်ထားသော ဆိုးယုတ်ပြီး ရက်စက်သည့် လှောင်ပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။
"မင်းတို့ အချိန်ပိုဆင်းလို့ ရတယ်လေ..."
"အချိန်ပို ဆင်းတဲ့ တစ်နာရီတိုင်းက တစ္ဆေဒင်္ဂါး၁၀ ပြား ရအုံးမှာပဲ..."
"တခြားသူတွေ အိပ်ဖို့ ပြန်သွားတဲ့အချိန်မှာ မင်းတို့က ညဘက်မှာ ကျန်ခဲ့ပြီး ဆက်အလုပ်လုပ်ဖို့ ရွေးချယ်လို့ ရတယ်..."
ဤကြိုတင်ကြံစည်ထားသော လှောင်ပြုံးကို မြင်သောအခါ ဒဏ်ရိုက်ခံရသော ကစားသမားများအားလုံးနှင့် အနီးအနားတွင် နားထောင်နေသူများပင်လျှင် အရိုးထိအောင် အေးစိမ့်သွားသော ချမ်းစိမ့်မှုကို ခံစားလိုက်ရသည်။ မျှော်လင့်ချက်မဲ့မှုက ချောက်ကမ်းပါးတစ်ခုအလား သူတို့ကို ဝါးမျိုသွားလေ၏။
သူ အစကတည်းက ဒါကို ကြံစည်ထားခဲ့တာပဲ....
ပထမဆုံးအနေနဲ့ ငါတို့ကို ကြီးမားတဲ့ အကြွေးတွေ တင်သွားအောင် ဒဏ်ငွေအကြီးကြီး ရိုက်မယ်... ငါတို့ကို သေရေးရှင်ရေး အကျပ်အတည်းထဲ ပစ်ချမယ်... ပြီးတော့မှ တစ်ခုတည်းသော "ထွက်ပေါက်" အဖြစ် "အချိန်ပို" ကို "ကရုဏာထားပြီး" ကမ်းလှမ်းတာပေါ့...
ဒါပေမဲ့ ဒီ 'အချိန်ပို' ဆိုတာကြီးအတွက် တစ်နာရီ လုပ်အားခက တစ္ဆေဒင်္ဂါး၁၀ ပြားပဲ ရတာလေ.... အချိန်ပိုဆင်းလို့ သူတို့ရမယ့် ပိုက်ဆံအများစု ဒါမှမဟုတ် အားလုံးက အဲ့ဒီ ကြီးမားတဲ့ဒဏ်ငွေကို ဆပ်ဖို့ပဲ သုံးရမှာပေါ့....
သူတို့ တွေးတောလိုက်မိသည်။
ဤသည်မှာ အခြေခံအားဖြင့် အခကြေးငွေမရသော အချိန်ပိုပင်။
မဟုတ်ဘူး... အခကြေးငွေ မရတာထက်တောင် ပိုဆိုးသေးတယ်... ဒါက အတင်းအကျပ် ခိုင်းစေတာပဲ...
"ဒါက သောက်ခေါင်းပုံဖြတ်တဲ့ စက်ရုံပဲ... သူတို့က ငါတို့ကို ကျွန်တွေလို ဆက်ဆံနေတာ..."
ကစားသမားတစ်ဦး၏ မျက်လုံးများမှာ ဒေါသကြောင့် ကျွတ်ထွက်လုမတတ် ဖြစ်နေပြီး အလွန်ဆိုးရွားသော အမှန်တရားကို ဖော်ထုတ်ကာ အော်ဟစ်လိုက်သည်။
"ကျွန်တွေ... ဟက်..."
အလုပ်ရုံမှူးသည် ထိုအသုံးအနှုန်းကို ဂရုစိုက်ပုံမရချေ။ ထိုအစား သူက လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်၏။
"ဒီနေရာမှာ စည်းကမ်းတွေကို ငါက သတ်မှတ်တာ... အလုပ်မလုပ်ချင်ဘူးလား... ကောင်းပြီလေ... ဆာလောင်တဲ့ဒဏ်ကို ခံလိုက်ပေါ့... မမေ့နဲ့... ဒီနယ်မြေမှာ သေဆုံးမှု သတ်မှတ်ချက် မရှိပေမဲ့ ဆာလောင်မှုရဲ့ နာကျင်မှုကိုတော့ မင်းတို့ ခံစားရအုံးမှာပဲ..."
"အရေးအကြီးဆုံး အချက်ကို မမေ့နဲ့..."
သူ၏အသံက လူတိုင်း၏နှလုံးသားများကို ထိုးဖောက်သွားသော ရေခဲဆူးချွန်တစ်ခုကဲ့သို့ ဖြစ်နေသည်။
"ဒီနေရာမှာ သေဆုံးမှု မရှိဘူး..."
"မင်းတို့ သေမှာ မဟုတ်ဘူး... အဲ့ဒီအစား မင်းတို့က ဆာလောင်မှုက ပေးတဲ့ နာကျင်မှုတိုင်းကို အချိန်အကြာရှည်ကြီး....မိနစ်တိုင်း စက္ကန့်တိုင်း ရှင်းရှင်းလင်းလင်း ခံစားရလိမ့်မယ်..."
"ကျွတ်... ကျွတ်... ကျွတ်... အဲ့ဒီ ခံစားချက်က သာယာမှာ မဟုတ်ဘူး...ဗိုက်တွေ ပူလောင်မယ်... ခြေလက်တွေ အားနည်းမယ်... ခေါင်းတွေ မူးမယ်... တစ်ကိုယ်လုံး တုန်ယင်မယ်... ဆာလောင်မှုရဲ့ အရသာပေါင်းစုံက မင်းတို့နဲ့အတူ ရှိနေလိမ့်မယ်..."
"သေချာတာပေါ့..."
သူက တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ထပ်မံ၍ ပြောလိုက်သည်။
"တကယ်လို့ ဆာလောင်မှုကြောင့် အလုပ်စွမ်းဆောင်ရည် ကျသွားပြီး တာဝန်တွေကို မပြီးမြောက်ဘူးဆိုရင်... ဟက်... ပြစ်ဒဏ်ကတော့ အတူတူပဲ..."
သေဆုံးမှု မရှိသော်လည်း အဆုံးမရှိသော နာကျင်မှုများ ရှိနေပေမည်။
ဤသည်မှာ တိုက်ရိုက်သေဒဏ်ပေးခြင်းထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းပေ၏။
ဤသည်က ကစားသမားများထံမှ အမြန်ဆုံး လွတ်မြောက်နိုင်မည့် တွေးခေါ်မှုကို ဖယ်ရှားလိုက်ပြီး သူတို့၏ ခန္ဓာကိုယ်နှင့်စိတ်ပိုင်းဆိုင်ရာ နှစ်ထပ်ကွမ်းညှဉ်းပန်းနှိပ်စက်မှုကို အဆုံးအစမရှိ အသိစိတ်ဖြင့် သည်းခံရန် အတင်းအကြပ် တွန်းအားပေးနေခြင်းပင်။
သူတို့ ငတ်သေမည် မဟုတ်ချေ။ ထို့အစား ဤဆာလောင်မှုသည် လွတ်မြောက်၍မရနိုင်သော ညှဉ်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်လာပေမည်။
ခေါင်းမာနေသေးသော ကစားသမားတစ်ဦး၏ မျက်လုံးများသည် လုံးလုံးလျားလျား မီးခိုးရောင်သို့ ပြောင်းလဲသွားပြီး တီးတိုးရေရွတ်လိုက်သည်။
"သေဆုံးမှု မရှိတာက... တကယ်တော့ အကြောက်ရဆုံးပဲ..."
ဤစကားများသည် ကစားသမားများအားလုံး၏နှလုံးသားများတွင် နောက်ဆုံး သေမင်းခေါင်းလောင်းသံကဲ့သို့ မြည်ဟည်းသွားလေ၏။
နားလည်သွားပြီ....
နောက်ဆုံး၌ သူတို့ နားလည်သွားကြလေပြီ။
ဤနယ်မြေတွင် သေဆုံးမှုသတ်မှတ်ချက် မရှိခြင်း၏ အကြောင်းအရင်းမှာ ကရုဏာကြောင့် မဟုတ်ဘဲ အဆုံးစွန်သော ရက်စက်မှုကြောင့်ပင်။
အဘယ်ကြောင့်ဆိုသော် မသေရခြင်းက အနာကျင်ရဆုံး ဖြစ်သောကြောင့်ပင်။
သေခြင်းတရားဆိုသည်မှာ အဆုံးသတ်တစ်ခု၊ လွတ်မြောက်မှုတစ်ခု နာကျင်မှု၏အဆုံးသတ်ပန်းတိုင်တစ်ခု ဖြစ်ပေ၏။
သို့သော် ဤနေရာတွင် သူတို့သည် ထိုနောက်ဆုံး အခွင့်အရေးကိုပင် ဆုံးရှုံးခဲ့ကြရသည်။
သူတို့သည် နာကျင်မှုများအားလုံး၏ စက္ကန့်တိုင်းကို အသိစိတ်ဖြင့် သည်းခံကြရပေမည်။
ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုနှင့် ထိခိုက်ဒဏ်ရာများ၊ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှုနှင့် အရှက်ရမှုများတို့အပြင် အနာဂတ်တွင် ကြာရှည်ပြီး အဆုံးအစမရှိသော ဆာလောင်မှု ညှဉ်းပန်းနှိပ်စက်ခြင်းများ....
ဤနာကျင်မှုသည် သေခြင်းတရားဖြင့် အဆုံးသတ်သွားမည် မဟုတ်ချေ။ ထိုအရာများသည် တစတစ စုဆောင်းမိလာမည်ဖြစ်ပြီး အသားကို ဖြတ်တောက်နေသော တုံးတိတိ ဓားတစ်လက်ကဲ့သို့ တစ်ရက်ပြီးတစ်ရက် ထပ်တလဲလဲ ဖြစ်ပေါ်နေပေမည်။ ဤသည်က သူတို့၏ခန္ဓာကိုယ်များကို ဖြည်းဖြည်းနှင့် အဆက်မပြတ် ဖျက်ဆီးပြီး သူတို့၏ စိတ်ဝိညာဉ်များကို လုံးလုံးလျားလျား လက်မြှောက်အရှုံးပေးကာ ထုံကျင်နေသော ကျွန်များ ဖြစ်လာသည်အထိ သို့မဟုတ် ဤထာဝရ ညှဉ်းပန်းနှိပ်စက်မှုအတွင်း တစတစ ရူးသွပ်သွားသည်အထိ တိုက်စားသွားပေမည်။
ကစားသမားများ၏မျက်လုံးများမှ အလင်းရောင်များနှင့် သူတို့၏နှလုံးသားထဲရှိ မျှော်လင့်ချက်များ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။
ဤအဆုံးမရှိသော ငရဲမှ ထွက်ခွာရန်အတွက် သူတို့သည် သူတို့၏ စွမ်းဆောင်ရည် ရည်မှန်းချက်များကို ပြည့်မီအောင် လုပ်ဆောင်ရုံသာ တတ်နိုင်ပေမည်။
ရှေ့ရှိ စိတ်ဝိညာဉ်ကင်းမဲ့နေသော ကစားသမားများကို ကြည့်ရင်း ကျိုးထျန်ချန်နှင့် ဟန်ထျန်ယွီတို့သည် သူတို့၏ ယခင်ပုံစံများကို မြင်တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်တုန်လှုပ်သွားကြလေ၏။
သို့သော် သူတို့ကို ပို၍ပင် ကြောက်ရွံ့သွားစေသောအရာမှာ ဤနယ်မြေသည် ပထမဆုံးနေ့မှာပင် လူအများအပြားကို အသက်ရှင်ရန် မျှော်လင့်ချက်မဲ့သွားစေခဲ့ခြင်းပင်။ ဤသည်မှာ အထက်တန်းနောက်ဆုံးနှစ်ထက် အဆတစ်သောင်း ပို၍ကြောက်မက်ဖွယ် ကောင်းနေသည်။
...
"နယ်မြေရဲ့ ပထမဆုံးနေ့မှာတင် အနုတ်လက္ခဏာစွမ်းအင်က ခြောက်ထောင် ရောက်နေပြီ... ပြီးတော့ ဆက်တက်နေတုန်းပဲ... တစ်သောင်းတောင် ပြည့်တော့မယ်... တချို့လူတွေရဲ့ စိတ်ခံစားမှု တန်ဖိုးက ၉၀ ရာခိုင်နှုန်းတောင် ရောက်နေပြီ... နင့်ရဲ့ ဒီနယ်မြေက တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်... ဒါက အရမ်းကို ပြီးပြည့်စုံလွန်းတယ်..."
ဆာရာက နယ်မြေမျက်နှာပြင်ကို ကြည့်ကာ ချန်လန်ကို ချီးကျူးလိုက်ပြီး သူမ အလွန်အမင်း အံ့အားသင့်နေကာ လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
ချန်လန်က ဒီနယ်မြေကို ဘယ်လိုများ စဉ်းစားမိခဲ့တာလဲ....အဲ့ဒါက အထက်တန်းနောက်ဆုံးနှစ်ထက်တောင် ပိုပြီးပြီးပြည့်စုံသေးတယ်...
အစကတည်းက အခုချိန်အထိ အနုတ်လက္ခဏာစွမ်းအင်တွေက အဆက်မပြတ် မြင့်တက်နေတာပဲ.... နေ့လယ်တစ်ပိုင်းလေးပဲ ရှိသေးတာကို ခြောက်ထောင် ရောက်နေပြီ... ပြီးတော့ ဂဏန်းတွေက ဆက်တက်နေတုန်းပဲ....ဒီအတိုင်းသာ ဆက်သွားရင် တစ်နှစ်အတွင်းမှာ အနုတ်လက္ခဏာစွမ်းအင် တစ်သောင်း ဒါမှမဟုတ် နှစ်သောင်းလောက် စုဆောင်းနိုင်မှာပဲ....
ငါးလ ကြာပြီးတဲ့နောက်မှာ ငါတို့ အနုတ်လက္ခဏာစွမ်းအင် တစ်သန်းလောက် စုဆောင်းနိုင်လောက်တယ်... ဒါက အထက်တန်းနောက်ဆုံးနှစ်နယ်မြေထက် သုံးဆပိုပြီး အစွမ်းထက်တယ်....
သူမက တွေးတောလိုက်မိသည်။
သို့သော် သူမ အနည်းငယ် စိုးရိမ်နေမိသည်။ သူမတို့ ဤမျှထိ အများကြီး ရှာဖွေနေသည်ကို တုန်လှုပ်ချောက်ချားနတ်ဘုရား သိသွားပါက သေလုမတတ် မနာလိုဖြစ်ပြီး သူမတို့အပေါ် တိုက်ခိုက်မှုကို အရှိန်မြှင့်တင်လာနိုင်သလော။
"ဟုတ်လား..."
ချန်လန်က ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်သည်။ "ဒါပေမဲ့ ငါ့ရဲ့ကမ္ဘာမှာ တချို့လူတွေက တကယ်ကို ဒီလို ငရဲမျိုးမှာ နေနေကြရတာပဲလေ..."
သူ၏ အတိတ်ဘဝတွင် ဤကဲ့သို့ ခေါင်းပုံဖြတ်သည့် စက်ရုံပေါင်း မရေမတွက်နိုင်အောင် ရှိခဲ့ပေ၏။ နောက်ပိုင်းတွင် ဥပဒေများ ပို၍တင်းကျပ်လာချိန်၌ပင် စက်ရုံတချို့က ထိုအရာများကို ဖီဆန်ကာ နေရာတချို့တွင် ခေါင်းပုံဖြတ်သည့် စက်ရုံများကို လျှို့ဝှက်စွာ ဖွင့်လှစ်ထားဆဲပင်။
ထိုစက်ရုံများသည် ပို၍ပင် အာဏာရှင်ဆန်ပြီး ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ထပ်ညှဉ်းပန်းနှိပ်စက်မှုများကို သက်ရောက်စေသည်။ အဆုံးမရှိသော ညှဉ်းပန်းနှိပ်စက်မှုအောက်တွင် ထိုလူသားဆန်မှု အနည်းငယ်သည် ယဉ်ပါးသွားပြီး သူတို့သည် ကျွန်များ ဖြစ်လာကြ၏။
နှိုင်းယှဉ်ကြည့်လျှင် နယ်မြေတွင် ပါဝင်နေသော ဤလူများသည် သေ၍မရဘဲ တစ်နေ့တွင် ထွက်သွားနိုင်မည်ဖြစ်သောကြောင့် ကံကောင်းသည်ဟု သတ်မှတ်နိုင်သည်။ သို့သော် ထိုနေရာရှိ လူအများအပြားကမူ သေသည်အထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး လူတချို့ဆိုလျှင် ရှာဖွေတွေ့ရှိခြင်းပင် မရှိတော့ချေ။
သူတို့ကို ကယ်တင်ရန်အတွက် တစ်ကိုယ်တော် ဝင်ရောက်စုံစမ်းမည့် ဖြောင့်မတ်သော သတင်းထောက်တချို့ ရှိနေအုံးမည် ဖြစ်သော်လည်း ထိုကဲ့သို့ လူများမှာ အလွန်နည်းပါးလွန်းပေ၏။
ဆာရာ အသက်ရှူမှားသွားသည်။
"အဲ့ဒါက အရမ်း ကြောက်စရာကောင်းတာပဲ... အထက်တန်းနောက်ဆုံးနှစ်က လုံလောက်အောင် ကြောက်စရာကောင်းနေပြီကို... ဒါက လက်တွေ့ဘဝမှာ တကယ်ကြီး ရှိနေတယ်ပေါ့... နင့်ရဲ့နေရာက အစစ်အမှန် တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာများလား..."
တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာသည် လုံလောက်အောင် ကြောက်စရာကောင်းသည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း ချန်လန်၏ကမ္ဘာက ပို၍ကြောက်စရာကောင်းလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။ အထက်တန်းနောက်ဆုံးနှစ် ရှိနေရုံသာမက စက်ရုံထုတ်လုပ်မှုလိုင်းကဲ့သို့ လူမဆန်ဘဲ မျှော်လင့်ချက်မဲ့နေသည့် နေရာများလည်း ရှိနေပေ၏။
ထို့ပြင် ထိုညှဉ်းပန်းနှိပ်စက်သော နေရာများကို မညါသူကမှ စီမံခြင်း မရှိသလော...
အပြာရောင်ကြယ်၏ဥပဒေများက အလွန်တင်းကြပ်လာသည် မဟုတ်လော...
ဆာရာ၏စကားများကို ကြားသောအခါ ချန်လန်က ပြုံးလိုက်သည်။
ဤသည်မှာ စွမ်းအားမဲ့မှုနှင့် စိတ်သက်သာရာရမှုတို့ ရောယှက်နေသော အပြုံးတစ်ခုပင်။ သူ ပြုံးရုံသာ ပြုံးနေပြီး မချေပနိုင်ခဲ့ချေ။
ဘာလို့လဲဆိုတော့ သူ ဘယ်လို ချေပရမလဲဆိုတာ မတွေးတတ်လို့ပဲ...
ဘာလို့လဲဆိုတော့ ဆာရာ ပြောခဲ့တာက လုံးဝမမှားဘူးလို့ သူ ခံစားရလို့ပဲ... သူ့ရဲ့ကမ္ဘာက အစစ်အမှန် တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာပဲလေ....