အခန်း ၆၇
Vol. 7 Ch. 67
အခန်း (၆၇) အထက်တန်းနောက်ဆုံးနှစ် နယ်မြေကို ခိုးချမလို့လား
"သခင်ဟေးယွီ..."
"သောက်ချေးပဲ..."
ဘန်း...
သခင်ဟေးယွီက ဝိုင်ခွက်ကို ရိုက်ခွဲလိုက်ပြီး အံ့ကြိတ်ကာ ယော်ဆန်ကို အေးစက်တင်းမာစွာ စိုက်ကြည့်လိုက်၏။ ယော်ဆန်သည် ထိုအကြည့်အောက်တွင် သူ၏ဦးရေပြား ထုံကျင်သွားသည်ကို ခံစားလိုက်ရပြီး ခေါင်းငုံ့ထားလိုက်သည်။
"ချန်လန်က ဘယ်လိုလုပ်ပြီး ဒုတိယမြောက် SSSအဆင့် နယ်မြေကို ဖန်တီးနိုင်ရတာလဲ..."
သခင်ဟေးယွီ၏လေသံတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
ပထမဆုံး နယ်မြေ SSSအဆင့် ဖြစ်သွားခြင်းကပင် အံ့အားသင့်ဖွယ်တစ်ခုဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုအချိန်၌ ဒုတိယနယ်မြေ စတင်သည်မှာ နေ့တစ်ပိုင်းသာ ရှိသေးသော်လည်း အနုတ်လက္ခဏာစွမ်းအင် ထောင်ပေါင်းများစွာကို စုဆောင်းရရှိနေပြီဖြစ်ကာ 【အထက်တန်းနောက်ဆုံးနှစ်】 နယ်မြေထက်ပင် များစွာသာလွန်နေလေပြီ။
ဤအခြေအနေအတိုင်းသာ ဆက်သွားပါက သေချာပေါက် SSSအဆင့်နယ်မြေ ဖြစ်လာပေမည်။
လက်ရှိတွင် အထက်တန်းနောက်ဆုံးနှစ်၏ အလားအလာသည် အလွန်ကြီးမားနေပြီး နေ့စဉ်နှင့်အမျှ အနုတ်လက္ခဏာစွမ်းအင် သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ရရှိနေပေ၏။ ထိုနယ်မြေ၏ ဝင်ငွေရှာနိုင်စွမ်းမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ဤသည်က တခြားနယ်မြေများအားလုံးကို ချေမှုန်းလိုက်သည်။ သူ၏ လက်အောက်ရှိ အဆင့်မြင့် ဖန်တီးသူများ ဖန်တီးထားသော ထိတ်လန့်ဖွယ်နယ်မြေ သုံးခုပင်လျှင် 【အထက်တန်းနောက်ဆုံးနှစ်】 နယ်မြေ၏ ဝင်ငွေရှာနိုင်စွမ်းကို လုံးလုံးလျားလျား မမီနိုင်ချေ။
နှစ်ခုလုံးက SSSအဆင့် နယ်မြေများ ဖြစ်သည်တိုင် မည်သည်ကြောင့် ထိုလူသား၏နယ်မြေက ဤမျှထိ အလွန်အကျွံ ဖြစ်နေရသနည်းဟု သူ တွေးတောလိုက်မိသည်။
အကယ်၍ ချန်လန်ကိုသာ ဆက်လက်၍ တိုးတက်ခွင့်ပေးလိုက်ပါက သူသည် အဆင့်မြင့် ဖန်တီးသူတစ်ဦး မလွဲမသွေ ဖြစ်လာပေမည်။ လအနည်းငယ်အတွင်း ချန်လန်သည် အနုတ်လက္ခဏာစွမ်းအင် သန်းရာပေါင်းများစွာကို ပိုင်ဆိုင်လာနိုင်ပြီး ထိုအချိန်သို့ ရောက်ပါက သူ့ကိုပင် တိုက်ရိုက်သတ်ဖြတ်နိုင်စွမ်း ရှိလာပေမည်။
"မင်း စဉ်းစားလို့ ရပြီလား..."
သခင်ဟေးယွီက ယော်ဆန်ကို ရုတ်တရက် ကြည့်လိုက်၏။
ယော်ဆန် ကြက်သေ သေသွားပြီး သခင်ဟေးယွီ ဘာမေးနေမှန်းမသိ ဖြစ်သွားသည်။
"ငါ မေးနေတာက အထက်တန်းနောက်ဆုံးနှစ် နယ်မြေကို မင်းတို့ သုတေသန လုပ်ပြီးပြီလားလို့... အဲ့ဒီနယ်မြေရဲ့ အနှစ်သာရက ဘယ်မှာလဲ..."
သခင်ဟေးယွီက အော်ငေါက်လိုက်ရာ ယော်ဆန်ကို ထိတ်လန့်သွားစေသည်။
"အ... အရှင်... အဆင့်နိမ့် ဖန်တီးသူငါးယောက် အလယ်အလတ်အဆင့် ဖန်တီးသူ သုံးယောက်နဲ့ အဆင့်မြင့် ဖန်တီးသူ နှစ်ယောက်ကို ကျွန်တော် ဆင့်ခေါ်ခဲ့ပါတယ်... ဖန်တီးသူ ရော်ဂျာကာတောင်မှ အခြေခံအားဖြင့် တူညီတဲ့ အဖြေတစ်ခုကိုပဲ ပေးခဲ့ပါတယ်... အဲ့ဒါကတော့..."
ယော်ဆန် တခဏကြာမျှ ရပ်တန့်သွားပြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချကာ သခင်ဟေးယွီကို တစ်ချက် ကြည့်လိုက်၏။ တစ်ဖက်လူ၏မျက်လုံးများထဲရှိ မေးခွန်းထုတ်နေသော အကြည့်ကို မြင်သောအခါ သူသည် ခေါင်းကို ချက်ချင်းပြန်ငုံ့လိုက်ပြီး ကြောက်ရွံ့စွာ ပြောဆိုလိုက်သည်။
"သူတို့ ပြောတာက အထက်တန်းနောက်ဆုံးနှစ် နယ်မြေကို ပုံတူကူးဖို့ ခက်ခဲပါတယ်တဲ့... အဲ့ဒီနယ်မြေရဲ့ ဇာတ်လမ်းနောက်ခံက ထူးခြားတယ်... တကယ်လို့ ကျွန်တော်တို့က အတင်းအကျပ် ပုံတူကူးမယ်ဆိုရင် ခိုးချတယ်လို့ သတ်မှတ်ခံရနိုင်ချေ များပါလိမ့်မယ်.."
"အသုံးမကျဘူး... အသုံးမကျတဲ့ အရူးအုပ်စု..." သခင်ဟေးယွီက အော်ငေါက်ပြီး စားပွဲကို လက်နှစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ထုရိုက်လိုက်ရာ တဘန်းဘန်းအသံများ ထွက်ပေါ်လာသည်။
ယော်ဆန်သည် မော့ပင်မကြည့်ရဲလောက်အောင် ကြောက်လန့်နေပြီး အမောတကော အသက်ရှူနေလေ၏။
အချိန်အတော်ကြာကတည်းက သခင်ဟေးယွီတွင် သူ၏လက်အောက်ရှိ ဖန်တီးသူများကို တုန်လှုပ်ချောက်ချားဖွယ်နယ်မြေများ ပို၍ဖန်တီးနိုင်စေရန် ခွင့်ပြုပေးသော နည်းလမ်းတစ်ခုရှိခဲ့ပြီး ထိုအရာက သူ၏ အနုတ်လက္ခဏာစွမ်းအင်များကို နေ့စဉ်နေ့တိုင်း တိုးပွားလာစေသည်။
ထိုအရာမှာ ခိုးချခြင်းပင်။
မဟုတ်ပေ...ထိုအရာကို ခိုးချခြင်းဟု မခေါ်ဆိုနိုင်ချေ။ ဤသည်မှာ 'တုပမှု ရယူခြင်း'သာ ဖြစ်ပေ၏။ အမှန်တကယ်ကို တုပမှုရယူခြင်းပင်။
တခြားသော တုန်လှုပ်ချောက်ချားဖွယ်နယ်မြေများမှ တုပမှုများ ရယူပြီး အများအပြားကို ပေါင်းစပ်လိုက်ခြင်း....
ထိုသို့ဆိုလျှင် သူ၏ကိုယ်ပိုင်နယ်မြေ ဖြစ်လာနိုင်သည် မဟုတ်လော...
ပထမဆုံး အောင်မြင်ပြီးကတည်းက သူသည် ဤနည်းလမ်းကို ဆက်လက်၍ အသုံးပြုခဲ့လေ၏။ ဖန်တီးသူတစ်ဦးဦး အခက်အခဲနှင့် ကြုံတွေ့ရတိုင်း သူသည် ထိုသူတို့ကို တုပမှု ရယူခိုင်းလေ့ရှိပြီး တစ်ကြိမ်တစ်ခါမျှ မကျရှုံးခဲ့ဖူးချေ။
အောင်ပွဲခံ အခမ်းအနားနေ့တွင် ချန်လန်၏ မောက်မာပြီး အလွန်အမင်း ရိုင်းစိုင်းသော အမူအရာကို မြင်ရုံဖြင့် သူ ဒေါသထွက်ခဲ့သည်။
ပြန်ရောက်ပြီးနောက် သူသည် ဖန်တီးသူတချို့ကို 【အထက်တန်းနောက်ဆုံးနှစ်】နယ်မြေအား သုတေသနပြုလုပ်ရန် သူတို့ကို အစွမ်းကုန် ကြိုးစားခိုင်းခဲ့လေ၏။ သူတို့သည် ဤနယ်မြေမှ တုပမှု အမြောက်အမြားကို ရယူရပေမည်။ မည်သို့ပင်ဆိုစေကာမူ ထိုနယ်မြေသည် SSSအဆင့် နယ်မြေတစ်ခုပင်။ တုပမှု ရယူခြင်း အောင်မြင်သွားသည်နှင့် တစ်ပြိုင်နက် SSအဆင့်မဖြစ်လျှင်ပင် အနည်းဆုံးအနေဖြင့် Sအဆင့် ဖြစ်လာပေမည်။
သို့သော် ထိုသို့မဟုတ်ဘဲ ထိုနယ်မြေ၏ ထူးခြားသော နောက်ခံကြောင့် ပုံတူကူး၍ မရနိုင်ကြောင်း သူတို့က သူ့ကို ပြောလာကြသည်။ ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း။
မည်သည့်နယ်မြေမဆို တုပမှု ရယူ၍မရခြင်းမှာ လုံးလုံးလျားလျား မဖြစ်နိုင်ချေ။
"မင်း ဘယ်လိုနည်းလမ်းကို သုံးသုံး ငါ ဂရုမစိုက်ဘူး... 【အထက်တန်းနောက်ဆုံးနှစ်】ကို ငါ့အတွက် မင်း သေချာပေါက် ပုံတူကူးပေးရမယ်... ပြီးတော့ ခိုးချတယ်လို့ သတ်မှတ်မခံရစေနဲ့... ချန်လန်က သေဆုံးမှု သတ်မှတ်ချက် မလိုချင်မှတော့ ငါတို့က သေဆုံးမှု သတ်မှတ်ချက်တွေ ထည့်မယ်... ကစားသမားတွေကို ဆင်းရဲဒုက္ခရောက်အောင် နယ်မြေကို အကြမ်းဖက် အလှတရားတွေနဲ့ ပြည့်နှက်နေအောင် လုပ်မယ်... ဘာပဲဖြစ်ဖြစ် ဒါကို ပြီးအောင် မင်း သေချာပေါက် လုပ်ပေးရမယ်..."
သခင်ဟေးယွီက ယော်ဆန်၏အင်္ကျီကော်လာကို ရုတ်တရက် ဆွဲဖမ်းပြီး အေးစက်စက် အော်ဟစ်လိုက်သည်။
"ဟုတ်... ဟုတ်ကဲ့ပါ အရှင်..."
ယော်ဆန်က ထိတ်လန့်တကြား ပြောဆိုလိုက်၏။
"ဒါနဲ့... တခြားကိစ္စ စုံစမ်းတာ ဘယ်လိုအခြေအနေ ရှိနေပြီလဲ..."
"စုံစမ်းလို့ ပြီးပါပြီ... ချန်လန်က လက်ရှိမှာ လူသားတစ်ယောက်ပါ... သူက အိပ်ဖို့နဲ့ စားဖို့ သုံးရက်တစ်ခါ လူသားကမ္ဘာကို ပြန်ရပါတယ်... သူ ပြန်လာတဲ့အချိန် လူသားကမ္ဘာမှာ သူ့ကို ကျွန်တော်တို့ ရှင်းပစ်လို့ ရပါတယ်..."
"အရမ်းကောင်းတယ်...အသေခံတစ္ဆေတချို့ကို ရှာပြီးတော့ တစ္ဆေဘုရင်ကိုပါ ခေါ်သွားဖို့ မမေ့နဲ့..."
ဤစကားကို ကြားသောအခါ ယော်ဆန် အံ့အားသင့်သွားသည်။
"အရှင်... တစ္ဆေဘုရင်ဆိုတာ တစ္ဆေဘုရင်တစ်ပါးလေ... သူ့ကို ခေါ်သွားတာ နည်းနည်းတရားလွန်မနေဘူးလား... တကယ်လို့ လူမိသွားရင် တစ္ဆေဘုရင် သေသွားနိုင်တယ်..."
"ချန်လန်ဆီမှာ ကြောက်ရွံ့မှုသတ်ဓား ရှိနေတာကို မမေ့နဲ့... တစ္ဆေဘုရင်တစ်ပါးပဲ သူ့ကို ရင်ဆိုင်နိုင်ပြီးတော့ နယ်မြေလွှဲပြောင်းရေးစာချုပ်ကို လက်မှတ်ထိုးအောင် အတင်းအကြပ် လုပ်နိုင်မှာ... တကယ်လို့ တစ္ဆေဘုရင် သေသွားရင်လည်း သေပါစေပေါ့... 【အထက်တန်းနောက်ဆုံးနှစ်】နယ်မြေကို ငါ ရသွားတာနဲ့ ငါ လိုချင်သလောက် တစ္ဆေဘုရင်တွေကို ပြုစုပျိုးထောင်လို့ ရပြီ..."
သခင်ဟေးယွီက အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။
ယော်ဆန်၏ခန္ဓာကိုယ် တုန်ယင်သွားသည်။ သူ၏ အရှင်သခင်သည် အမှန်တကယ်ပင် သွေးအေးပြီး ရက်စက်ကြမ်းကြုတ်လှ၏။ တစ်ချိန်တည်းမှာပင် သူသည် ဝမ်းနည်းမှု ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး သခင်ဟေးယွီနောက်သို့ လိုက်နေခြင်းဖြင့် သူ အသက်ရှင်နိုင်ပါမည်လောဟု တွေးတောမိသည်။ သို့သော် ယခုအချိန်၌ သူ့ထံတွင် နောက်ပြန်လှည့်ရန် လမ်းမရှိတော့ချေ။
"မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ... သွားတော့..."
"ဟုတ်ကဲ့ပါ အရှင်..."
...
နယ်မြေ ဟင်းလင်းပြင်၌...
ချန်လန်နှင့်ဆာရာတို့သည် ကစားသမားများ စက်ရုံထုတ်လုပ်မှုလိုင်းအလုပ်ကို ဆက်လက်လုပ်ဆောင်နေသည်အား စောင့်ကြည့်နေကြဆဲပင်။ ဤရိုးရှင်းသော်လည်း ထပ်ခါတလဲလဲဖြစ်ပြီး ပျင်းစရာကောင်းသော အလုပ်သည် ကြည့်ရသည်မှာပင် အလွန်အမင်း ပျင်းစရာကောင်းလှ၏။
သို့သော် ထိုအချိန်၌ သူတို့၏ နယ်မြေ ဟင်းလင်းပြင်တွင် လျှို့ဝှက်ဆန်းကြယ်သော ဧည့်သည်တစ်ဦး ရုတ်တရက် ထွက်ပေါ်လာသည်။
ရုတ်တရက် ထွက်ပေါ်လာသော ပုံရိပ်ကြောင့် လန့်ဖျပ်သွားသော ချန်လန်နှင့် ဆာရာတို့သည် မတ်တပ်ရပ်၍ လမ်းလျှောက်နေသော ယုန်တစ်ကောင် အမှောင်ထုထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်ကို ကြည့်လိုက်ကြသည်။
"မစ္စတာ ယုန်..."
ချန်လန်သည် ဧည့်သည်ကို မြင်တွေ့ချိန်၌ ပြုံးလိုက်၏။
"ကျွန်တော့်ကို မစ္စတာ မာဆက်ခ်လို့ပဲ ခေါ်လို့ရပါတယ်..."
ယုန်သည် ချန်လန်ထံသို့ လျှောက်လှမ်းလာပြီး သူ၏ အင်္ကျီထဲမှ သွေးနီရောင် ဖိတ်စာတစ်စောင်ကို ထုတ်ယူလိုက်သည်။
"ဒါက တုန်လှုပ်ချောက်ချားဖွယ် ဆန့်ကျင်ရေး အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ငါ့ရဲ့ သခင် မစ္စတာဖီအိုဆီက ဖိတ်စာပါ... ဒီည တစ္ဆေအချိန် သန်းခေါင်ယံမှာ မင်းကို အလည်အပတ် လာရောက်ဖို့ သူ ဖိတ်ကြားထားပါတယ်... အချိန်ကျလာရင် တံခါးပေါက်က သူ့အလိုလို ပွင့်လာပါလိမ့်မယ်..."
ဤစကားကို ကြားသောအခါ ချန်လန်နှင့်ဆာရာတို့ ကြက်သေသေသွားကြသည်။ တုန်လှုပ်ချောက်ချားဖွယ် ဆန့်ကျင်ရေး အဖွဲ့အစည်းဟု ဆိုသလော။
ထိုအမည်မှာ အမှန်တကယ်ကို အထင်ကြီးစရာ ကောင်းနေပေ၏။
"မစ္စတာ ဖီအို ဟုတ်လား..."
ဆာရာ ခေါင်းကုတ်လိုက်သည်။ ထိုအမည်ကို ရင်းနှီးနေသော်လည်း သူမ မှတ်မိနိုင်ခြင်း မရှိချေ။
"ကျေးဇူးတင်ပါတယ် မစ္စတာ မာဆက်ခ်... ကျွန်တော်တို့ သေချာပေါက် လာခဲ့ပါ့မယ်..."
ချန်လန်သည် ဖိတ်စာကို လက်ခံလိုက်ပြီး ထပ်မံ၍ပြောဆိုလိုက်သည်။
"ဒါပေမဲ့ မစ္စတာ မာဆက်ခ်... ခင်ဗျား ဒီလိုလာတာကို တုန်လှုပ်ချောက်ချားနတ်ဘုရား သိသွားမှာ မကြောက်ဘူးလား..."
တစ်ဖက်လူသည် သူ့ကို အကူအညီများစွာ ပေးခဲ့ပေ၏။ သူတို့သည် ဘက်တစ်ဘက်တည်း ဖြစ်နိုင်ချေ ရှိနေသည်။ သူတို့ မည်သူမည်ဝါဖြစ်သည်ကို တွေ့မြင်ခွင့်ရမည့် အခွင့်အရေးရှိနေသဖြင့် သူ သေချာပေါက် သွားရပေမည်။
မစ္စတာ မာဆက်ခ်က ခေါင်းယမ်းလိုက်သည်။
"ငါ့မှာ 'တိတ်ဆိတ်ခြင်း' လို့ခေါ်တဲ့ တားမြစ်ပညာရပ်တွေထဲက တစ်ခုဖြစ်တဲ့ တစ္ဆေသိုင်းပညာတစ်ခု ရှိတယ်... ငါတို့ ပြောသမျှ အသံအားလုံးကို တိတ်ဆိတ်ခြင်းအဖြစ် ကြိုတင်ပြီး သတ်မှတ်ထားတယ်... အဲ့ဒါက စကားမပြောတာနဲ့ အတူတူပဲ... နာရီဝက်လောက် ခံတယ်..."
"ဒီည တွေ့ကြတာပေါ့"
ထိုသို့ပြောဆိုပြီးနောက် မစ္စတာမာဆက်ခ်၏ ခန္ဓာကိုယ်သည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး သူ ရောက်ရှိခဲ့ကြောင်း သက်သေအဖြစ် ချန်လန်၏ လက်ထဲရှိ ဖိတ်စာတစ်စောင်သာ ကျန်ရစ်ခဲ့တော့သည်။
"မစ္စတာ ဖီအို... မစ္စတာ ဖီအို..."
ဆာရာသည် မျက်မှောင်ကြုတ်ကာ သူမ၏မေးစေ့ကို ပွတ်သပ်ရင်း ထိုအမည်ကို ထပ်ခါတလဲလဲ တီးတိုးရေရွတ်နေလေ၏။
ချန်လန်က ဆာရာ့ကို ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ... ဒီမစ္စတာ ဖီအိုက ဘယ်သူလဲ... မင်း သူ့ကို သိလို့လား..."
"ငါ အရင်က ကြားဖူးသလိုပဲ... အရမ်းရင်းနှီးနေတယ်... ငါ့ကို စဉ်းစားခွင့်ပေးဦး..."
ချန်လန်က ပခုံးတွန့်လိုက်ပြီး နယ်မြေ မျက်နှာပြင်ကို ဆက်လက်ကြည့်ရှုရန် ပြန်ထိုင်လိုက်ချိန်၌ ဆာရာ ရုတ်တရက် အော်ဟစ်လိုက်သည်ကို ကြားလိုက်ရသည်။
"ငါ အခု မှတ်မိပြီ..."
သူမက ချန်လန်ကို ကြည့်လိုက်သည်။
"မစ္စတာ ဖီအို... သူ ဘယ်သူလဲဆိုတာ ငါ မှတ်မိပြီ... သူက တုန်လှုပ်ချောက်ချားနတ်ဘုရားရဲ့ ဂျူနီယာ ညီလေးပဲ... သူတို့နှစ်ယောက်စလုံးက အဆင့်မြင့် ဖန်တီးသူ 'လိုဆာ' ဆီမှာ ပညာသင်ခဲ့ကြတာ..."
"သူတို့နှစ်ယောက်က အရမ်းကောင်းတဲ့ ဆက်ဆံရေး ရှိခဲ့ကြတယ်... ဒါပေမဲ့ တုန်လှုပ်ချောက်ချားနတ်ဘုရားက သူ့ရဲ့ ပဉ္စမမြောက် ထိတ်လန့်ဖွယ်နယ်မြေကို ဖန်တီးပြီး တုန်လှုပ်ချောက်ချားနတ်ဘုရားအသစ် ဖြစ်လာပြီးတဲ့နောက်မှာတော့ မစ္စတာ ဖီအိုက ဘယ်တော့မှ ထပ်မပေါ်လာတော့ဘူး... လူတချို့က သူ သေသွားပြီလို့ ပြောကြပြီး တချို့ကကျတော့ သူ့ရဲ့ စီနီယာ အစ်ကိုက တုန်လှုပ်ချောက်ချားနတ်ဘုရား ဖြစ်သွားလို့ မနာလိုဖြစ်ပြီး တုန်လှုပ်ချောက်ချားနတ်ဘုရားကို လာတွေ့ဖို့ ငြင်းဆန်ခဲ့တာလို့ ပြောကြတယ်..."
"ဒါပေမဲ့ လူအများစုက အမှန်တရားလို့ အယုံကြည်ဆုံး ဇာတ်လမ်းကတော့ တုန်လှုပ်ချောက်ချားနတ်ဘုရားက မစ္စတာ ဖီအိုကို သတ်ပစ်လိုက်တယ် ဆိုတာပဲ..."