← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

အခန်း (၆၈) နေရာကနေ ထွက်ဖို့ ခွင့်တောင်းရမယ်... အချိန်ကျော်သွားရင် ဒဏ်ငွေတပ်မယ်တဲ့လား

နယ်မြေကမ္ဘာအတွင်း၌...

နေ့လယ်နှစ်နာရီ...

ကျိုးထျန်ချန်သည် အလုပ်ရုံအထက်ရှိ နာရီကို မသိစိတ်မှ မော့ကြည့်လိုက်သည်။

ထိုအနီရောင် ကိန်းဂဏန်းများကို မြင်လိုက်ရချိန်၌ ဖော်ပြ၍မရနိုင်သော ပင်ပန်းနွမ်းနယ်မှုတစ်ခုက သူ့ကို ဒီရေလှိုင်းတစ်ခုကဲ့သို့ လွှမ်းခြုံသွားပြီး သူ၏မျက်လုံးများကိုပင် မှိတ်ထားချင်စိတ် ပေါက်သွားစေပေ၏။

တစ်နာရီပဲ ကြာသေးတာလား...

နေ့လယ်စာစား​ချိန် ပြီးကတည်းက စက်ယန္တရားများ၏တုန်ခါသံများ ပြည့်နှက်နေသော ဤငရဲခန်းထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်မှာ တစ်နာရီသာ ကြာမြင့်သေးသည်။

သို့သော် သူ၏ စိတ်ပိုင်းဆိုင်ရာ ခံစားချက်အရ နေ့လယ်ပိုင်း အချိန်အများစုကို ဖြတ်သန်းပြီးပြီဟု ထင်မှတ်ရပေ၏။

ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို သည်းခံနိုင်စွမ်း ရှိသေးသော်လည်း စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ မြစ်ဖျားခံလာသော စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုက သူ၏စိတ်စွမ်းအားများအားလုံးကို စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်နေကာ အလွန်အမင်း လေးလံလွန်းလှသဖြင့် သူ အသက်ရှူရန်ပင် ခက်ခဲနေသည်။

သူ၏နားထဲတွင် စက်များ၏ အဆုံးမရှိသော တုန်ခါသံများ ရှိနေသည်။ သူ၏ မျက်စိရှေ့တွင် စက်အစိတ်အပိုင်းများ၏ အဆုံးမရှိသော စီးဆင်းမှု ရှိနေကာ သူ၏ နှာခေါင်းထဲတွင် အရည်အသွေးနိမ့် ကော်များ၏အနံ့များ ရှိနေပေ၏။

အထူးသဖြင့် သူသည် နေရာတွင် ကော်သေနတ်ကို ကိုင်ထားရခြင်းပင်။ တစ်ခါတစ်ရံ ကော်ထွက်မလာသဖြင့် အားစိုက်လိုက်ပါက သူ၏လက်များ သို့မဟုတ် မျက်နှာပေါ်သို့ ပန်းထွက်လာတတ်သည်။ တစ်နေ့တာလုံး ပြီးဆုံးသွားချိန်၌ သူ၏လက်များသည် ပွတ်တိုက်ဆေးကြောလျှင်ပင် မပြောင်နိုင်သော အနံ့အသက်ဆိုးရွားသည့် ကော်များဖြင့် ဖုံးလွှမ်းနေသည်။

"ဘယ်လိုလုပ်ရမလဲ... ငါးရာတောင်... ထမင်းတောင် မစားရဘူး... ဒါကို ပြန်ဆပ်ဖို့ ဘယ်လောက်တောင် ကြာမလဲ..."

ထိုအချိန်၌ သူ၏နံဘေးရှိ အမျိုးသား ကစားသမားက တိုးညှင်းသော အသံဖြင့် ရှိုက်ငိုလိုက်၏။

ဤကစားသမား တစ်ယောက်တည်းသာ မဟုတ်ချေ။ ပြစ်ဒဏ်ပေးခံရသော ကစားသမား အများအပြားသည် ယခုအချိန်၌ မျက်ရည်ကျနေကြပြီး အနာဂတ်အတွက် မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေကြသည်။

"ငါးရက်အတွင်း တစ္ဆေဒင်္ဂါးငါးရာတောင် ရှာနိုင်မှာ မဟုတ်ဘူး... ဒီညတော့ ငါ ငတ်သေတော့မှာပဲ..."

"ဒီနေရာက တကယ့် ငရဲပဲ... ငါ အိမ်ကို အရမ်းပြန်ချင်နေပြီ..."

"ဒီအလုပ်က အရမ်းပင်ပန်းတာပဲ... ငါ့ရှေ့မှာ မပြီးသေးတာတွေ အများကြီး ကျန်သေးတယ်... ဒီနေ့ ခွဲတမ်းပြည့်မှာ မဟုတ်ဘူး ထင်တယ်..."

တစ်နာရီလစာသည် တစ္ဆေဒင်္ဂါး ၁၀ ပြား ဖြစ်ပြီး တစ်နေ့ကို ၁၂ နာရီ အလုပ်လုပ်ရကာ အခြေခံလစာမှာ ၁၂၀ ဖြစ်ပေ၏။

သို့သော် ဤသည်မှာ အခြေခံ ခွဲတမ်း ပြည့်မီမှသာ ဖြစ်နေသည်။ ဖြစ်လာနိုင်ချေရှိသော ဒဏ်ငွေများကို နှုတ်ယူပြီးနောက် တစ်နေ့လျှင် အသားတင်အမြတ် ၈၀ မှ ၁၀၀ အထိ ရှာဖွေနိုင်ခြင်းကပင် ကန့်သတ်ချက် ဖြစ်နေလေပြီ။

တစ္ဆေဒင်္ဂါးငါးရာပြည့်အောင် အမှန်တကယ် ရှာဖွေရန်အတွက် သူတို့သည် အနည်းဆုံး ငါးရက်တိုင်တိုင် ထမင်းမစား ရေမသောက်ဘဲ တာဝန်များကို ပြီးပြည့်စုံအောင် ပြီးမြောက်ရပေမည်။

သို့သော် ယခုအချိန်၌ သူတို့ အမှန်တကယ်ပင် ထမင်းမစားနိုင်ဘဲ ဗိုက်ဆာဆာဖြင့်သာ အလုပ်လုပ်နေရသည်။ နေ့လယ်က ထမင်းစားထားသဖြင့် ယခလောလောဆယ်တွင် အဆင်ပြေနေသေးသော်လည်း ညရောက်လျှင် သူတို့ ဤကဲ့သို့ ဆက်နေနိုင်မည်လော။

"ဟို... ကျွန်မ အိမ်သာသွားချင်တယ်..."

ထိုအချိန်၌ ပထမလိုင်းမှ မိန်းကလေးတစ်ဦးသည် သူမထံ၌ ရှိသမျှ သတ္တိများအားလုံးကို စုစည်းကာ တီးတိုးပြောလိုက်၏။

သို့သော် စက်များ၏တုန်ခါသံများမှလွဲ၍ တခြားအသံ မရှိသလောက်နီးပါးဖြစိသော ဤအလုပ်ရုံထဲတွင် သူမ၏အားနည်းသော အသံလေးသည် ငြိမ်သက်နေသော ရေကန်ထဲသို့ ပစ်ချလိုက်သည့် ကျောက်ခဲတစ်လုံးအလား လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။

စက်ရုံထုတ်လုပ်မှုလိုင်းပေါ်ရှိ ကစားသမားများသည် သူတို့၏ လှုပ်ရှားမှုများကို မသိစိတ်မှ တပြိုင်နက်တည်းနီးပါးနှေးကွေးလိုက်ကြပြီး သူမကို လှမ်းကြည့်လိုက်ကြသည်။

ဤတခဏကြာရပ်တန့်မှုက အလုပ်ရုံမှူး၏ စွန်ရဲကဲ့သို့သော မျက်လုံးများကို ချက်ချင်းဆွဲဆောင်သွားခဲ့လေ၏။

"မင်းတို့က ဘာကြည့်နေကြတာလဲ... ကြည့်စရာ တစ်ခုခု ရှိနေလို့လား..."

အလုပ်ရုံမှူး၏အော်ငေါက်သံသည် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်လာပြီး လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့ ချက်ချင်း ခေါင်းငုံ့လိုက်ကြပြီး ထပ်မံ၍ အာရုံမလွင့်ရဲတော့သဖြင့် သူတို့၏ လှုပ်ရှားမှုများကို အလျင်အမြန် လုပ်ဆောင်လိုက်ကြ၏။

"အလုပ်ပြန်လုပ်ကြ... ဘယ်သူမဆို ဟိုကြည့်ဒီကြည့် လုပ်ရဲရင် အပျင်းထူပြီး အချောင်ခိုတယ်လို့ သတ်မှတ်မယ်..."

သူ အော်ဟစ်နေစဉ် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားကာ ခြေလှမ်းအနည်းငယ်ဖြင့် ထိုမိန်းကလေးထံသို့ ရောက်ရှိသွားသည်။ သူ၏ အရပ်ရှည်သော ပုံရိပ်သည် ပြင်းထန်သော ဖိနှိပ်မှုတစ်ခုကို သယ်ဆောင်လာပြီး သူမကို လုံးလုံးလျားလျား လွှမ်းခြုံလုမတတ် ဖြစ်နေလေ၏။

"ဒါက အလုပ်ချိန်ပဲ..."

အလုပ်ရုံမှူးက သူမကို စိုက်ကြည့်ကာ အေးစက်သောအသံဖြင့် ပြောလိုက်သည်။

"မင်း ထွက်သွားရင် မင်းနေရာမှာ ဘယ်သူ ဝင်လုပ်မလဲ... စက်ရုံထုတ်လုပ်မှုလိုင်းက မင်းတစ်ယောက်တည်းကြောင့် ရပ်သွားမှာလား... ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေကို ဘယ်သူက တာဝန်ယူမလဲ..."

သူ၏ ဆက်တိုက်မေးခွန်းထုတ်မှုများသည် မိန်းကလေး၏နှလုံးသားကို ထုနှက်နေသော လေးလံသည့် တူတစ်လက်အလားပင်။

သူမ၏မျက်နှာ ဖြူရော်သွားပြီး သူမ၏နှုတ်ခမ်းများ တုန်ယင်နေကာ ငိုကြွေးလုမတတ် ဖြစ်နေလေ၏။

"နေ့လယ်နားချိန်တုန်းက ဘာလို့ မသွားခဲ့တာလဲ..."

"ကျွန်မ... ကျွန်မ မေ့သွားလို့ပါ..."

မိန်းကလေးက ထိတ်လန့်တကြား ပြန်ဖြေလိုက်ရာ သူမ၏ အသံတွင် ရှိုက်ငိုသံလေး ပါဝင်နေသည်။

ထိုအချိန်က သူမ အိမ်သာသွားချင်စိတ် မရှိခဲ့ချေ။ သူမသည် ထမင်းကို အမြန်စားရန်သာ အာရုံစိုက်နေခဲ့သည်။ ရလဒ်အနေဖြင့် သူမ အလုပ်ချိန် နောက်ကျလုနီးပါး ဖြစ်သွားပြီး အိမ်သာသို့ မသွားဖြစ်ခဲ့ချေ။ ယခုအချိန်၌ သူမ အမှန်တကယ်ကို အိမ်သာသွားချင်နေလေပြီ။

"နေရာကနေ ထွက်ဖို့အတွက် ကြိုတင်ခွင့်တောင်းရမယ်... ဒါ့ပြင် မင်း ထွက်သွားပြီးရင် မင်းနေရာက လွတ်နေမှာပဲ... မင်းနေရာမှာ ဝင်လုပ်ပေးမယ့်သူကို မင်းဘာသာမင်း ရှာရမယ်... အချိန်ကန့်သတ်ချက်က နှစ်မိနစ်ပဲ... တစ်မိနစ် ကျော်သွားတိုင်း တစ္ဆေဒင်္ဂါး၅ ပြား ဖြတ်မယ်..."

"အခု... မင်း သွားချင်သေးလား..."

သာမန် အသိတရားထက် လုံးလုံးလျားလျား ကျော်လွန်နေပြီး အနိုင်ကျင့်မှုနှင့် နီးစပ်နေသော ဤအခြေအနေများကို ကြားရသောအခါ မိန်းကလေးသည် လုံးလုံးလျားလျား ထိတ်လန့်သွားလေ၏။

ကြိုတင်ခွင့်တောင်းရုံသာမက သူမနေရာ၌ ဝင်လုပ်ပေးမယ့်သူကို သူမကိုယ်တိုင် ရှာရမည်ဟု ဆိုသလော....

လူတိုင်း အန္တရာယ်ရှိနေပြီး ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ပင် ခက်ခဲနေသော ပတ်ဝန်းကျင်တွင် မည်သူက ကိုယ့်အလုပ်ကို ချထားခဲ့ပြီး တခြားသူအတွက် ဝင်လုပ်ပေးကာ ကျွမ်းကျင်မှုမရှိသည့်အတွက် ဒဏ်ငွေအဖြတ်ခံရမယ့် အန္တရာယ်ကို ယူရဲမည်နည်း...

ဒါက လုံးဝကို မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပဲ ..

အချိန်ကန့်သတ်ချက်က နှစ်မိနစ်လား...တစ်မိနစ် ကျော်သွားတိုင်း တစ္ဆေဒင်္ဂါး ၅ ပြား ဖြတ်မယ်လား...

မိန်းကလေး၏ဦးနှောက်သည် အလျင်အမြန် တွက်ချက်လိုက်၏။ သူမ၏နေရာ၌ ဝင်လုပ်ပေးမယ့်သူ တစ်ယောက်ယောက် ရှိနေလျှင်ပင် နေရာကနေ ထွက်ပြီး အလုပ်ရုံကိုဖြတ်ကာ အဝတ်လဲခန်းထဲဝင်ရပေမည်။ ထို့နောက် ရှုပ်ထွေးပြီး တစ်ဆက်တည်းဖြစ်နေတဲ့ ဖုန်ကာဝတ်စုံကိုချွတ်ကာ အိမ်သာသုံးပြီး ဝတ်စုံ ပြန်ဝတ်၍ လေမှုတ်ခန်းထဲဝင်ရ​ပေမည်။ ထို့ပြင် သူမ အလုပ်ရုံထဲ ပြန်ပြေးကာ အစားထိုးသူကို ပြန်ရှာပြီး နေရာပြန်လဲရမည်။ ဤလုပ်ငန်းစဉ်တစ်ခုလုံးသည် လေးငါးမိနစ်အောက်ဖြင့် မည်သို့မျှ မပြီးနိုင်ချေ။

ဆိုလိုသည်မှာ သူမသည် အစားထိုးမည့်သူကို ရှာတွေ့ခဲ့လျှင်ပင် အနည်းဆုံး တစ္ဆေဒင်္ဂါး၁၀ ပြားမှ ၁၅ ပြားအထိ ဖြတ်တောက်ခံရပေမည်။

ဒါက ဘယ်လို စည်းကမ်းမျိုးလဲ... ဒါက ရှင်းရှင်းလင်းလင်းကို ဓားပြတိုက်နေတာပဲ...

ဒါက အကြွင်းမဲ့ အာဏာကို အသုံးပြုပြီး ဗြောင်ကျကျ ခေါင်းပုံဖြတ်နေတာပဲ...

"ကျွန်မ... ကျွန်မ..."

မိန်းကလေး၏ နှုတ်ခမ်းများ တုန်ယင်နေသည်။ အလုပ်ရုံမှူး၏ အေးစက်ပြီး အလျှော့မပေးသော မျက်လုံးများကိုကြည့်ကာ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းမှ ထိုးကိုက်နေသော နာကျင်မှုများကို ခံစားနေရရင်း ကြီးမားသော မတရားခံရမှု၊ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့က သူမကို ချက်ချင်းဖုံးလွှမ်းသွားလေ၏။

သူမ ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ "ဝါး" ခနဲ အသံနှင့်အတူ အသံထွက်၍ ငိုချလိုက်ရာ သူမ၏ မျက်ရည်များသည် ကျိုးပေါက်သွားသော ရေကာတာတစ်ခုအလား အဆက်မပြတ် စီးကျလာတော့သည်။

"ကျွန်မ မသွားတော့ဘူး အလုပ်ရုံမှူး... ကျွန်မ အောင့်ထားနိုင်ပါတယ်..."

သူမသည် ပြိုလဲနေရင်း ရှိုက်ငိုကာ သူမ၏ ခြေထောက်များကို တင်းကျပ်စွာ စုထားလိုက်သည်။

မသက်မသာဖြစ်မှုနှင့် သူမ၏ ပြင်းထန်သော စိတ်ခံစားမှုများကို ဖိနှိပ်ထားရသဖြင့် သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေလေ၏။ သူမ၏ လှုပ်ရှားမှုများမှာလည်း ရှုပ်ထွေးသွားပြီး နောက်ထပ် အစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးမိလုနီးပါး ဖြစ်သွားခဲ့သည်။

"ဒါဆိုရင် အလုပ်ကို သေချာအလေးအနက်ထားပြီး လုပ်စမ်း..."

အလုပ်ရုံမှူးက အေးစက်စက် အော်ငေါက်လိုက်ပြီး ပြိုလဲကာ ငိုကြွေးနေသော မိန်းကလေးကို ဂရုမစိုက်တော့ဘဲ သူ၏ ကင်းလှည့်မှုကို ဆက်လက်လုပ်ဆောင်ရန် လှည့်ထွက်သွားသည်။

လူတိုင်း တံတွေးများကို ခက်ခဲစွာ မျိုချလိုက်ကြပြီး ထိုစကားများကြောင့် သူတို့၏ နှလုံးသားများ မုန်တိုင်းတစ်ခုကဲ့သို့ လှုပ်ခတ်သွားသည်။

ဤနေရာတွင် အိမ်သာသုံးခြင်းကဲ့သို့ အခြေခံအကျဆုံး လူသားများ၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များပင်လျှင် ဤမျှထိ စိတ်ပျက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းတမ်းသော အခြေအနေများနှင့် လာလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။

ကြိုပြီး ခွင့်တောင်းရမယ်လား...အစားထိုးမယ့်သူကို ကိုယ်တိုင် ရှာရမယ်လား...အချိန်ကန့်သတ်ချက်က နှစ်မိနစ်လား...အချိန်ကျော်သွားရင် ပိုက်ဆံဖြတ်မယ်လား....

ဤစည်းကမ်းချက်တစ်ခုချင်းစီတိုင်းသည် အေးစက်သော သံကြိုးတစ်ချောင်းကဲ့သို့ ဖြစ်နေပြီး သူတို့ကို သူတို့၏နေရာများတွင် တင်းကြပ်စွာ ချည်နှောင်ထားလေ၏။

"တကယ်လို့ ရွေးချယ်စရာ မရှိတော့တဲ့ အခြေအနေကို ရောက်လာခဲ့ရင်... ငါ ဘောင်းဘီထဲမှာပဲ ပါချရတော့မလား မသိဘူး..."

ကစားသမားတစ်ဦး၏မျက်နှာ ဖြူရော်သွားပြီး ဤအတွေးသည် သူ၏ခေါင်းထဲသို့ အထိန်းအကွပ်မဲ့စွာ ဝင်ရောက်လာကာ ကြီးမားသော အရှက်ရမှုနှင့် ရွံရှာမှုတို့က နောက်မှလိုက်ပါလာသည်။

သို့သော် ရာနှင့်ချီသော တစ္ဆေဒင်္ဂါးပြားများဟူသည့် ဧရာမအကြွေးများကို ထမ်းပိုးထားရပြီး သူတို့၏ နောက်ထပ်ထမင်းတစ်နပ်ကို စားနိုင်မစားနိုင်ယူသည်မှာ ပြားစေ့တိုင်းအပေါ် မူတည်နေသူများအတွက်မူ ရှင်သန်မှုရှေ့တွင် ဂုဏ်သိက္ခာဆိုသည်မှာ အလွန်ဖြူရော်ပြီး စွမ်းအားမဲ့နေပုံရလေ၏။

အိမ်သာသို့ တစ်ခေါက် အပြင်ထွက်ခြင်းသည် အသွားအပြန်အတွက် တစ္ဆေဒင်္ဂါး ဒါဇင်ပေါင်းများစွာ ဖြတ်တောက်ခံရမည်ဖြစ်ပြီး ဤသည်မှာ တစ်နေ့တာလုံးနီးပါး အလကား အလုပ်လုပ်လိုက်ရခြင်းနှင့် ညီမျှသည်။

အကြွေးရွှံ့ညွန်ထဲတွင် နက်ရှိုင်းစွာ နစ်မြုပ်နေသော ထိုကစားသမားများအတွက် ဤသည်မှာ သေချာပေါက် ဒဏ်ရာဟောင်းကို အသစ်ပြန်ဖြစ်စေခြင်းဖြစ်ပြီး သူတို့ကို ပြိုလဲသွားစေမည့် နောက်ဆုံး ကောက်ရိုးတစ်မျှင်ပင် ဖြစ်လာနိုင်သည်။

အိမ်သာသွားချင်ကြောင်း ပထမဆုံး ပြောခဲ့သော မိန်းကလေးသည် ယခုအချိန်၌ သူမ၏ အောက်နှုတ်ခမ်းကို တင်းကျပ်စွာ ကိုက်ထားပြီး သူမ၏ မျက်နှာမှာ စက္ကူတစ်ရွက်ကဲ့သို့ ဖြူရော်နေလေ၏။

သူမ သည်းခံနေစဉ် သူမ၏ခန္ဓာကိုယ် အနည်းငယ် ညွှတ်ကွေးနေပြီး သူမ၏လှုပ်ရှားမှုများ အလွန်အမင်း တောင့်တင်းပြီး နှေးကွေးနေသည်။ ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်မှုသည် သူမ၏အလုပ်အခြေအနေကို ဆိုးရွားစွာ ထိခိုက်စေခဲ့ကြောင်း သိသာထင်ရှားသည်။

သူမသည် ယနေ့ သူမ၏တာဝန်ခွဲတမ်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖွယ် မရှိကြောင်းနှင့် နောက်ထပ် ဒဏ်ငွေများက သူမကို စောင့်ကြိုနေကြောင်း ကြိုတင်ခန့်မှန်းနိုင်သည်။

ထို့ပြင် ဤအခက်အခဲသည် သူမ တစ်ယောက်တည်း၌သာ ဖြစ်ပွားနေခြင်း သေချာပေါက် မဟုတ်ချေ။

အချိန်များ တရွေ့ရွေ့ ကုန်လွန်လာသည်နှင့်အမျှ နေ့လယ်ပိုင်း၏ ပင်ပန်းနွမ်းနယ်မှုများ တဖြည်းဖြည်း စုဆောင်းမိလာခဲ့သည်။ ရေဓာတ်လိုအပ်မှုနှင့် အချိန်ကြာမြင့်စွာ ထိုင်ရခြင်း၏ စိတ်မသက်မသာဖြစ်မှုတို့က လူအများကို တိတ်တဆိတ် စတင်၍ ညှဉ်းပန်းနှိပ်စက်လာခဲ့ပေ၏။

သို့သော် မည်သူမျှ ထပ်မံ၍ အသံမထွက်ရဲကြတော့ချေ။

All Chapters