အခန်း ၈၁
Vol. 9 Ch. 81
အခန်း (၈၁) - ပြင်ဆင်ခြင်း
“မင်းတို့ကောင်တွေ တာဝန်သွားလုပ်မယ်လို့ ငါကြားတယ်”
ကျောက်ချင်းယင်က ပြောလိုက်သည်။
“ဟုတ်ပါတယ် ဘာဖြစ်လို့လဲဗျ”
“ဟီးဟီး၊ ငါလည်း သွားမှာ။ မင်းတို့ကောင်တွေ ငါ့အတွက် ပြဿနာမရှာနိုင်အောင်လို့ ရော့... ဒီမှာ”
ကျောက်ချင်းယင်သည် သူ၏အင်္ကျီလက်အတွင်းသို့ နှိုက်လိုက်ပြီးနောက် ကျောက်စိမ်းဆွဲပြားတစ်ပြားကို ထုတ်ယူလိုက်လေသည်။
ယင်းမှာ ယခင်က ကျောက်ရွေ့မှ လင်းဖန်အား ပေးခဲ့သည့်အရာနှင့် ဆင်တူလှပေသည်။
“ဒီကျောက်စိမ်းဆွဲပြားထဲကို ချီသွင်းလိုက်ရင် ငါတို့အချင်းချင်း ဆက်သွယ်လို့ရပြီ”
“ဒုက္ခရောက်တဲ့အချိန်ကျရင် သုံးလိုက်”
“မင်းတို့ကြောင့် တာဝန်နှောင့်နှေးသွားတာမျိုးတော့ အဖြစ်မခံနိုင်ဘူးလေ”
ကျောက်ချင်းယင်က ကျောက်စိမ်းဆွဲပြား အသုံးပြုပုံကို ရှင်းပြလိုက်သည်။
“စိတ်မပူပါနဲ့။ ကျွန်တော် တာဝန်ကို နှောင့်နှေးအောင်လုပ်မှာ မဟုတ်ပါဘူး”
လင်းဖန်က ကျောက်စိမ်းဆွဲပြားကို လှမ်းယူလိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
ဤဂိုဏ်းတူဦးလေးမှာ သူ့အတွက် စိုးရိမ်နေသော်လည်း နှုတ်မှ ထုတ်မပြောချင်ပေ။
ကျောက်စိမ်းဆွဲပြားကို သိမ်းဆည်းလိုက်ပြီးနောက် လင်းဖန်က စိတ်ထဲမှ တွေးလိုက်လေသည်။
‘အသုံးမပြုတာ အကောင်းဆုံးပဲ။ ကြာနက်ဂိုဏ်းက ဘာတွေကြံစည်ထားလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ’
“ပြီးတော့ မင်း... စားသောက်ပြီးသွားရင် ငါနဲ့ သိုင်းကစားရမယ်”
ကျောက်ချင်းယင်သည် သူ၏တူဖြင့် ဟိုမင်ကို ညွှန်ပြကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းတူဦးလေး”
ဟိုမင်သည် ချက်ချင်းပင် မတ်မတ် ထိုင်လိုက်လေသည်။
ကျောက်ချင်းယင်ထံမှ သင်ကြားခွင့်ရမည့် အခွင့်အရေးကိုတွေးမိကာ သူက ပြုံးဖြီးဖြီး ဖြစ်သွားချေသည်။
“တွေ့လား၊ အဲဒါမှ မှန်ကန်တဲ့ စိတ်နေသဘောထားကွ။ မင်း ကိုယ့်ကိုယ်ကိုယ် ရှက်သင့်တယ်”
ကျောက်ချင်းယင်က လင်းဖန်ဘက်သို့လှည့်ကာ ပြောလိုက်လေသည်။
လင်းဖန်က မဲ့ပြုံး ပြုံးလိုက်သည်။
“ဦးလေး ဆက်ပြီးစကားများနေရင် အသားကျန်တော့မှာ မဟုတ်ဘူး”
သူက စားပွဲပေါ်ရှိ နောက်ဆုံးကျန်နေသော အသားတုံးကို တူဖြင့်ညှပ်ယူလိုက်ရင်း ပြောလိုက်သည်။
“သောက်ကောင်လေး။ ငါ ဗိုက်မဝသေးဘူးကွ”
လင်းဖန်က ချက်ပြုတ်ထားသော အသားတုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်ကို ကြည့်ရင်း ကျောက်ချင်းယင်မှာ ဘာမျှမတတ်နိုင်တော့ချေ။
…
ဟော့ပေါ့ ညစာစားပွဲ ပြီးဆုံးသွားပြီးနောက် ဟိုမင်နှင့် ကျောက်ချင်းယင်တို့မှာ မျက်နှာချင်းဆိုင် ရပ်နေကြလေသည်။
လင်းဖန်က ဘေးမှနေ၍ ကြည့်ရှုနေသည်။
ဟိုမင်အနေဖြင့် မိမိကိုယ်ကိုတိုးတက်စေမည့် ဤအခွင့်အရေးမျိုး ရရှိသည့်အတွက် သူ ဝမ်းသာမိပေသည်။
“လာစမ်း။ မင်းမှာရှိတဲ့ စွမ်းရည်အကုန်လုံး ထုတ်သုံးလိုက်”
ကျောက်ချင်းယင်က ပြောလိုက်သည်။
ဟိုမင်က ထုံးစံအတိုင်း သူ၏ လေပွေဓားသိုင်းကို အသုံးပြုလိုက်ပြီးနောက် မြွေကဲ့သို့ရွေ့လျားခြင်းတိုက်ကွက်ကို ဆက်လက် အသုံးပြုလိုက်သည်။
ကျောက်ချင်းယင်ကို မထိမှန်နိုင်သည့်အခါ သူ၏ဓားကိုပါ ပစ်ပေါက်လိုက်လေသည်။
ထိုတိုက်ကွက်ပါ ကျရှုံးသွားသောအခါ ဟိုမင်သည် ကျောက်ချင်းယင်ကို ခေါင်းဖြင့်တိုက်ရန် ကြိုးစားလိုက်ပြန်သည်။
အငိုက်ဖမ်းတိုက်ခိုက်ရန်အတွက် သူ အစွမ်းကုန် ကြိုးပမ်းနေခြင်းပင်။
ထိုသို့ဖြစ်လာချိန်တွင် ကျောက်ချင်းယင်က လင်းဖန်ကို လှမ်းကြည့်လိုက်သည်။
ဟိုမင်ကို ဤသို့ ညစ်ပတ်စွာတိုက်ခိုက်တတ်ရန် လင်းဖန်က သင်ပေးထားခြင်းဖြစ်မည်ဟု သူ ကောက်ချက်ချလိုက်သည်။
လင်းဖန်က ခေါင်းခါယမ်းကာ ပခုံးတွန့်ပြရင်း ငြင်းဆန်လိုက်လေသည်။
“ကဲ... တော်ပြီ။ မင်း ဘာတွေ တိုးတက်ဖို့ လိုအပ်နေလဲဆိုတာကို အခု ငါသိပြီ”
ကျောက်ချင်းယင်သည် ဟိုမင်ကို တားလိုက်ပြီးနောက် နည်းစနစ်ပိုင်းနှင့် ပတ်သက်၍ ဆက်လက် လမ်းညွှန်ပြသပေးလေသည်။
သူက ဟိုမင်၏လက်ကို ကိုင်ထားရင်း အရှေ့သို့ တွန်းထုတ်လိုက်သည်။
ဟိုမင်၏ လက်ကောက်ဝတ်ကို သင့်လျော်သော အားဖြင့် လှည့်ပတ်နိုင်ရန် ဂရုတစိုက် လမ်းညွှန်ပေးလိုက်သည်။
ဟိုမင် အကျွမ်းတဝင် ဖြစ်သွားသည်အထိ ထိုလုပ်ဆောင်ချက်ကို သူတို့ အကြိမ်ကြိမ် ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ကြသည်။
“ကဲ... အခု ဟိုဘက်က သစ်ပင်ဆီကို လေပွေဓားသိုင်း သုံးကြည့်စမ်း”
ဟိုမင်က ခေါင်းညိတ်ပြလိုက်သည်။
သူသည် မျက်စိကိုမှိတ်ကာ ယခင်က သင်ယူခဲ့သည်များကို ပြန်လည်အမှတ်ရရင်း စိတ်ထဲ၌ လုပ်ဆောင်ချက်များကို ပြန်လည် ပုံဖော်ကြည့်လိုက်သည်။
ခဏအကြာတွင် သူ မျက်စိဖွင့်လာချေသည်။
ဟိုမင်က သူ၏ဓားကို သစ်ပင်ဆီသို့ ထိုးသွင်းလိုက်ပြီး မှန်ကန်သော အချိန်၌ သူ၏လက်ကောက်ဝတ်ကို သင့်လျော်သော အားဖြင့် လှည့်လိုက်လေသည်။
ထိုအရာက သူ၏ချီစွမ်းအင်ကို ပိုမိုချောမွေ့စွာ စီးဆင်းသွားစေသည်။
သူ ဖန်တီးလိုက်နိုင်သောလေပွေမှာ ယခုအခါ နှစ်ဆခန့် ပိုမိုကြီးမားနေချေပြီ။
၎င်းက မြေပြင်ပေါ်ရှိ သစ်ရွက်များနှင့် ဖုန်မှုန့်များကိုပါ စုပ်ယူသွားလေသည်။
ဖြတ်သန်းသွားရာ တစ်လျှောက်တွင် လမ်းကြောင်းတစ်ခု ချန်ရစ်ထားခဲ့တော့သည်။
၎င်းသည် သစ်ပင်ပင်စည်ကို ထိမှန်သွားချိန်တွင် လေပွေက သစ်ပင်ပင်စည်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ အပိုင်းပိုင်းအစစ ဖြစ်သွားစေလေသည်။
ဒုန်း…
သစ်ပင်ကြီး မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
“ဝိုး.. ကျေးဇူးတင်ပါတယ် ဂိုဏ်းတူဦးလေး”
ဟိုမင်သည် ပြောင်းလဲသွားမှုကို မယုံနိုင်စွာဖြင့် သူ၏ဓားကို ကြည့်လိုက်သည်။
ကျောက်ချင်းယင်က လင်းဖန်ကို မျက်စောင်းထိုးကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒါလေးက ဘာမှမဟုတ်ဘူး။ သင်ယူချင်တဲ့သူတွေကို ငါက အမြဲတမ်း သင်ပေးနေကျပါ”
‘ဒီလူက ငြင်းပယ်ခံရတာကို လက်မခံနိုင်ဘူးဆိုတာ သိသာလွန်းတယ်’
လင်းဖန်က တွေးလိုက်ရင်း ခေါင်းယမ်းလိုက်လေသည်။
သို့သော်ငြား ဟိုမင်၏ စွမ်းရည်များ တိုးတက်လာသည့်အတွက် သူ ဝမ်းသာမိပေသည်။
ဤသည်က သူတို့၏ တာဝန်အတွက် အခွင့်အရေးကို ပိုမိုကောင်းမွန်လာစေသည်။
ညစာစားပြီးနောက် လေ့ကျင့်သင်ကြားပေးခြင်းများ ပြီးဆုံးသွားသည့်အခါ သူတို့ အနားယူလိုက်ကြသည်။
တာဝန်အတွက် ပြင်ဆင်ရန် စောစောအနားယူခြင်းပင်။
တာဝန်စတင်ရန် နှစ်ရက် လိုသေးသဖြင့် လင်းဖန်သည် ဤအားလပ်ချိန်ကို အသုံးချကာ သူ၏ အဆင့်မြှင့်တင်ထားသောတူများနှင့် ရင်းနှီးကျွမ်းဝင်စေရန် လေ့ကျင့်လေသည်။
ထိုအရာက သိပ်မခက်ခဲလှဘဲ လင်းဖန်သည် အလွန်လျင်မြန်စွာပင် ကျွမ်းကျင်သွားခဲ့သည်။
…
နှစ်ရက်ကြာပြီးနောက်…
လိုအပ်သည်များကို ထုပ်ပိုးပြီးနောက် လင်းဖန်သည် သစ်သားတဲလေးထဲမှ ထွက်ခွာလာကာ စုရပ်ဆီသို့ သွားလိုက်သည်။
စုရပ်ဖြစ်သော အလယ်ဗဟိုကွင်းပြင်ကြီးတွင် တပည့်များဖြင့် ပြည့်နှက်နေပေသည်။
လင်းဖန်သည် မရင်းနှီးသော မျက်နှာများစွာနှင့် ရင်းနှီးနေသော မျက်နှာအချို့ကို တွေ့လိုက်ရသည်။
ကျောက်ရွေ့နှင့် ပိုင်ညီအစ်ကိုများလည်း ယခုတာဝန်တွင် ပါဝင်လေသည်။
သူတို့က လင်းဖန်ကို လက်ပြနှုတ်ဆက်သော်လည်း ဂျူနီယာတပည့်များနှင့် အလုပ်ရှုပ်နေသောကြောင့် အနားသို့ မလာနိုင်ကြချေ။
ကြာနက်ဂိုဏ်းနှင့် ရင်ဆိုင်ဖူးသည့်အတွက် ကြာနက်ဂိုဏ်းမှာ မည်မျှပါးနပ်ပြီး ယုတ်မာကောက်ကျစ်ကြောင်းကို သူတို့ ကောင်းကောင်း သိထားကြသည်။
ယခုမှ ဝင်ရောက်လာသော ဂျူနီယာတပည့်များမှာမူ ထိုအချက်ကို သတိမထားမိကြဘဲ အခြားသော တာဝန်များကဲ့သို့ပင် သဘောထားနေကြသည်။
“လင်းဖန်၊ မင်း ဒီမှာရှိနေတာကိုး”
ဟိုမင်က လင်းဖန်ကို ရှာတွေ့သွားပြီး သူ၏ဘေးတွင် ဝင်ရပ်လိုက်သည်။
ဓားတောင်ထွတ်မှ တပည့်များမှာမူ သိပ်ပြီးမကျေနပ်ကြချေ။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့အတွက် ဟိုမင်နှင့် ရင်းနှီးမှုတည်ဆောက်ရန် အခွင့်ကောင်းတစ်ခု ဖြစ်သောကြောင့်ပင်။
သို့သော် ယခုအခါ ထန်ရွေ့ပင်လျှင် ရွေးချယ်စရာ တစ်ခု မဟုတ်တော့ချေ။
ထန်ရွေ့ ပေါ်လာချိန်တွင် သူ၏ပုံစံမှာ ယခင်ကထက်ပင် ပို၍ ဆိုးရွားနေလေသည်။
သူ့ပုံစံတွင် တစ်စုံတစ်ခု ထူးခြားနေသည်။
အသားအရေမှာ ဖြူဖျော့နေပြီး မျက်လုံးတစ်ဝိုက်တွင် အမည်းရောင်ကွင်းများ ဖြစ်ပေါ်နေသည်။
သူ့ထံမှ သေခြင်းတရား၏ အငွေ့အသက်များ ထွက်ပေါ်နေပေသည်။
လင်းဖန်က သူ့ကိုလှမ်းကြည့်လိုက်ရာ ထန်ရွေ့ကလည်း ပြန်ကြည့်လာသည်။
ထန်ရွေ့က သူ၏လက်ချောင်းကို အသုံးပြုကာ လည်ပင်းကို လှီးဖြတ်ပြလိုက်သည်။
လင်းဖန်ကို သတ်ပစ်မည်ဖြစ်ကြောင်း အမူအရာဖြင့် ပြသလိုက်ခြင်းပင်။
လင်းဖန်က မဲ့ပြုံးပြုံးလိုက်ကာ အသံမထွက်ဘဲ ပြောလိုက်လေသည်။
“စိတ်မပူပါနဲ့၊ ခံစားချက်ချင်း အတူတူပါပဲ။”
နောက်ဆုံးတွင် ကျောက်ချင်းယင် ပေါ်လာပြီး အော်ပြောလိုက်သည်။
“အချိန်မစောတော့ဘူး။ ထျန်းရှန်းတောင်ကို ရောက်ဖို့အတွက် တစ်ရက်လောက် ခရီးသွားရဦးမယ်”
“လိုအပ်တာတွေ အကုန်ပါ မပါ စစ်ဆေးကြ၊ ငါတို့ ချက်ချင်း ထွက်ခွာကြမယ်”
တပည့်များက သူတို့၏ ပစ္စည်းများကို အလျင်အမြန် စစ်ဆေးလိုက်ကြသည်။
လင်းဖန်လည်း သူယူဆောင်လာသည်များကို စစ်ဆေးလိုက်သည်။
သူ၏ တူတစ်စုံ၊ သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေး ငါးပုလင်း၊ အဆိပ်တစ်ရာဖြေဆေး တစ်ပုလင်းနှင့် မူလအဆီအနှစ် ဆေးတစ်ပုလင်းတို့ ဖြစ်သည်။
အခြားတပည့်များသည် လင်းဖန်ထံတွင် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးပုလင်း မည်မျှရှိနေကြောင်းကို မြင်တွေ့သွားသောအခါ မျက်မှောင်ကြုတ်သွားကြလေသည်။
ကြာနက်ဂိုဏ်းက အလွန်အန္တရာယ်များလွန်း၍လား၊ သို့မဟုတ် လင်းဖန်က အလွန်အမင်း သတိကြီးလွန်းနေသည်လား မပြောတတ်ပေ။
မည်သည့်အဖြေက မှန်ကန်ကြောင်းကို သူတို့ မတွေးတတ်ကြချေ။
သူတို့သွားခဲ့ဖူးသော မစ်ရှင်များအားလုံးတွင် ခြစ်ရာတစ်ခုပင် ထိရှခဲ့ဖူးခြင်း မရှိကြပေ။
ခွန်အားနှင့် စွမ်းအင်များရှိသော လင်းဖန်က အဘယ်ကြောင့် ဤမျှ သတိကြီးနေရသည်ကို နားမလည်နိုင်ကြပေ။
“မင်းတို့ ဒါတွေ လိုချင်လို့လား။ လိုချင်ရင် ငါ တစ်ပုလင်း ပေးလို့ရတယ်။ စွမ်းဆောင်ရည်အမှတ် ငါးဆယ်ပဲ”
လင်းဖန်သည် တပည့်များက သူ့ကို ထူးဆန်းစွာ ကြည့်နေကြသည်ကို မြင်သောအခါ ပြောလိုက်လေသည်။