အခန်း ၈၂
Vol. 9 Ch. 82
အခန်း (၈၂) - ကယ်ဆယ်ရေးခရီးစဉ်
“စွမ်းဆောင်ရည်အမှတ် ငါးဆယ်တောင်။ ဒါက ဓားပြတိုက်နေတာပဲ”
တပည့်ဖြစ်သူက ဒေါသတကြီး ပြောလိုက်ပြီးနောက် အမြန်ထွက်ခွာသွားလေသည်။
အခြားတပည့်များကလည်း ခေါင်းခါယမ်းကာ သူ့နောက်သို့ လိုက်သွားကြသည်။
လင်းဖန်သည် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှဖြစ်ကြောင်း သူတို့ သတိရသွားကြသည်။
ထိုအချက်က မျှော်လင့်ထားပြီးသား ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့၌ တာဝန်များကို ထမ်းဆောင်ရန် လုံလောက်သော တပည့်အရေအတွက် မရှိပေ။
ထို့ကြောင့် ချင်ဖုန်းဂိုဏ်းထံမှ ရရှိသောအရင်းအမြစ်များမှာ နည်းပါးခြင်းပင်။
လင်းဖန်ကမူ ခေါင်းကိုသာ ခါယမ်းလိုက်လေသည်။
‘ငါ့ဆေးလုံးတွေကို နောက်မှ တောင်းတောင်းပန်ပန်နဲ့ လာဝယ်ရင် ပိုပေးရမယ်’
သူက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။
မကြာမီတွင် သူတို့ ထွက်ခွာရမည့်အချိန် ရောက်ရှိလာသည်။
အဆိုပါတာဝန်တွင် စုစုပေါင်း တပည့် ငါးဆယ်ခန့် ပါဝင်ကြလေသည်။
သူတို့သည် တစ်တန်းတည်း တန်းစီလိုက်ကြပြီး အဝင်ဝဆီသို့ ဦးတည်နေသော လှေကားရှည်ကြီးအတိုင်း ဆင်းလာခဲ့ကြသည်။
တောင်ပေါ်သို့ သွားရသောခရီးစဉ်မှာ သာမန်မျှသာဖြစ်ပြီး ထူးထူးခြားခြား မရှိခဲ့ချေ။
သူတို့သည် ညဘက်တွင် ရွာတစ်ရွာ၌ စခန်းချလေသည်။
ထိုရွာသည် သူရောက်ဖူးသော အခြားရွာများနှင့် တူညီနေသည်။
သို့သော် ရွာသားများမှာ အခြားရွာများမှ ရွာသားများနှင့်မတူဘဲ သူတို့အပေါ် နွေးထွေးမှုမရှိသည်ကို လင်းဖန် သတိပြုမိလိုက်လေသည်။
သူတို့သည် အေးစက်စက်နိုင်လှပြီး သူတို့အလုပ်ကိုသာ ဆက်လုပ်နေကြသည်။
ရွာသူကြီးပင် ထွက်မလာချေ။ သူတို့ ဤနေရာသို့ မည်သည့်အရာအတွက် ရောက်လာသည်ကို သိရှိရန်လည်း ကြိုးစားခြင်းမရှိပေ။
ယခုအချိန်တွင် သူတို့သည် ကြာနက်ဂိုဏ်း၏ နယ်မြေထဲသို့ ရောက်ရှိနေပြီ ဖြစ်ရပေမည်။
ကြာနက်ဂိုဏ်းမှာ ပိတ်ပင်တားမြစ်ထားသော ဂိုဏ်းတစ်ခု ဖြစ်သည့်အတွက် ပေါ်ပေါ်ထင်ထင် ထောက်ခံပေး၍ မရနိုင်ချေ။
ဤရွာသားများတွင် ဖုံးကွယ်ထားစရာ တစ်ခုခု ရှိသဖြင့် သူတို့၏ သဘောထားမှာ ကွဲပြားနေခြင်းပင်။
လင်းဖန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
တပည့်သစ်များအားလုံးမှာ သူတို့အချင်းချင်း ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြသည်။
ဂိုဏ်းတူအစ်ကိုများသာလျှင် အခြေအနေကိုသတိပြုမိပြီး နိုးနိုးကြားကြား ရှိနေကြလေသည်။
ကျောက်ချင်းယင်ကမူ မိမိဘာသာ ပြင်ဆင်ထားသော ဟော့ပေါ့ကို အရက်နှင့်အတူ ပျော်ရွှင်စွာ စားသောက်နေသည်။
“ဟိုမင်၊ ဂူထဲရောက်ရင် ဒီတပည့်သစ်တွေနဲ့ ဝေးဝေးနေတာ ပိုကောင်းမယ်”
လင်းဖန်က ပြောလိုက်သည်။
“ကောင်းပြီ၊ ငါ ဝေးဝေးနေပါ့မယ်”
ဟိုမင်က ပြန်ဖြေလိုက်ပြီးနောက် လင်းဖန်ထံသို့ မုန့်ခြောက်တစ်ခုကို ကမ်းပေးလိုက်လေသည်။
လင်းဖန်အနေဖြင့် သူတို့နှင့် ခပ်ဝေးဝေးတွင်နေခြင်းက အကောင်းဆုံးဖြစ်ကြောင်း ခံစားမိလိုက်သည်။
သူတို့မှာ ပြဿနာကောင်များ ဖြစ်နိုင်ခြေရှိသည်။
ညအချိန်သည် လျင်မြန်စွာ ကုန်လွန်သွားပြီး နောက်တစ်နေ့တွင် ခရီးဆက်ခဲ့ကြလေသည်။
တောင်ခြေတွင်မူ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရန် စေလွှတ်ထားသော ကင်းထောက်များက သူတို့ကို စောင့်ကြိုနေကြသည်။
ထို့နောက် ကင်းထောက်များသည် သူတို့ကို ဂူရှိရာသို့ ဦးဆောင်ခေါ်သွားကြသည်။
ဂူအနီးသို့ ရောက်သောအခါ သူတို့ရပ်တန့်လိုက်ကြပြီး မီတာတစ်ရာအကွာတွင် ပုန်းကွယ်နေလိုက်ကြလေသည်။
ဧရာမဂူပေါက်ဝကြီးအပြင်ဘက်တွင် အနီရင့်ရောင် ဝတ်ရုံဝတ်ဆင်ထားသော လူနှစ်ဦး အစောင့်ကျနေသည်ကို လင်းဖန်မြင်တွေ့လိုက်ရသည်။
ထိုဂူကြီး၏ အကျယ်နှင့် အမြင့်မှာ အနည်းဆုံး မီတာငါးဆယ်ခန့် ရှိပေမည်။
ဂူအတွင်းပိုင်းမှာလည်း နက်ရှိုင်းပြီး ရှုပ်ထွေးနေမည်မှာ သေချာလှသည်။
ခုခံကာကွယ်ရန်အတွက် အလွန်ပြည့်စုံကောင်းမွန်သော နေရာတစ်ခုပင်။
ထိုစဉ် ကျောက်ချင်းယင်၏ အသံက တပည့်တိုင်း၏ စိတ်ထဲသို့ ဝင်ရောက်လာချေသည်။
“ငါ့အမိန့်ရတာနဲ့ တပည့်သစ်တွေ အကုန်လုံးက ပထမဆုံးအသုတ်အနေနဲ့ ဝင်သွားရမယ်”
“မင်းတို့ရဲ့ ဂိုဏ်းတူအစ်ကိုတွေက အနောက်ကနေလိုက်လာပြီး အရေးပေါ်အခြေအနေရှိရင် ကူညီပေးဖို့ အဆင်သင့် ရှိနေလိမ့်မယ်”
လင်းဖန်သည် သူ၏ သံတူများကို ဆွဲထုတ်ကာ အသင့်ပြင်လိုက်လေသည်။
ဟိုမင်ကလည်း သူ၏ဓားများကို ဆွဲထုတ်လိုက်သည်။
အချိန်တန်ပြီပင်။
မကြာမီမှာပင် ဂိုဏ်းတူအစ်ကိုနှစ်ဦးမှာ ရုတ်တရက် ထွက်ပေါ်လာပြီး အစောင့်နှစ်ဦးကို ခေါင်းဖြတ်သတ်လိုက်ကြလေသည်။
ထို့နောက် ကျောက်ချင်းယင်က အချက်ပြလိုက်သည်။
တပည့်သစ် နှစ်ဆယ်ခန့်မှာ သူတို့ပုန်းကွယ်ရာမှ ထွက်လာကာ ဂူထဲသို့ ပြေးဝင်သွားကြလေသည်။
လင်းဖန်က သူတို့ရှေ့ရောက်သွားသည်အထိ စောင့်ဆိုင်းနေလိုက်သည်။
သူနှင့် ဟိုမင်ကမူ သူတို့၏အနောက်မှ ခပ်ခွာခွာ လိုက်ပါသွားကြသည်။
ဘေးကင်းစေရန်အတွက် လင်းဖန်က အနောက်သို့ လှည့်ကြည့်လိုက်လေသည်။
ဂိုဏ်းတူအစ်ကိုများမှာ အလွန်ဝေးကွာသော နေရာတွင် ရှိမနေကြချေ။
ကျောက်ချင်းယင်သည် ဤအရာက ထောင်ချောက်တစ်ခု ဖြစ်နေမည်ကို သတိထားနေလေသည်။
ထို့ကြောင့် တပည့်သစ်များကို အရင်သွားခိုင်းပြီး ဂိုဏ်းတူအစ်ကိုများကို အနောက်တွင် ထားရှိခဲ့ခြင်း ဖြစ်ပေသည်။
သူတို့ ဂူထဲသို့ ဝင်ရောက်သွားသောအခါ ပထမဆုံးတွေ့ရသည့်ခန်းမကြီးမှာ ဧရာမအရွယ်အစား ရှိလေသည်။
အလယ်ဗဟိုတွင်မူ ယဇ်ပလ္လင်တစ်ခု ရှိနေပေသည်။
၎င်းနေရာတွင် ကြာပန်းပုံ ထွင်းထုထားသည့် သစ်သားကမ္ပည်းပြားတစ်ခု ရှိနေလေသည်။
ထိုကမ္ပည်းပြားရှေ့ရှိ အမွှေးတိုင်အိုးထဲတွင် အမွှေးတိုင်ရှည်အချို့မှာ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်သည်။
ဤနေရာတွင် ရှိနေသူများ ထွက်သွားခဲ့သည်မှာ မကြာသေးပုံပင်။
“မြေပြင်ပေါ်ကို ကြည့်လိုက်”
တပည့်သစ်များက ရုတ်တရက် ရပ်တန့်သွားကြသည်။
မြေပြင်ပေါ်တွင် မိန်းမများစွာ လဲလျောင်းနေကြသည်။
သူတို့အားလုံး၏ ဗိုက်များမှာ ဖောင်းကားကြီးမားနေကြပြီး ကိုယ်ဝန်ဆောင်ထားရသကဲ့သို့ ဖြစ်နေသည်။
“အဆင်ပြေရဲ့လား”
“ဒီမှာ ရေလေး နည်းနည်းသောက်လိုက်ပါ”
တပည့်ငယ်များက ထိုမိန်းမများကို စတင်စစ်ဆေးကြည့်ရှုကြလေသည်။
ဟိုမင်က သွားရောက်ကူညီချင်သော်လည်း လင်းဖန်က သူ့ကို ဆွဲထားလိုက်သည်။
“မသွားနဲ့။ တစ်ခုခုတော့ မှားနေပြီ”
လင်းဖန်၏ ခေါင်းထဲတွင် စနစ်အသိပေးချက်များက ရူးသွပ်မတတ် မြည်ဟည်းနေချေပြီ။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ၃၀၀ ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၃၀၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် အဆိပ်ဖားဖြူများကို သုတ်သင်ပါ]
၎င်းက အဆိပ်ဖားဖြူများနှင့် ပတ်သက်၍ သူ့ကို သတိပေးနေခြင်းပင်။
သို့သော် ဖားများကို မည်သည့်နေရာတွင်မှ မတွေ့ရချေ။
လင်းဖန်သည် ခြေအနည်းငယ် နောက်ဆုတ်လိုက်ပြီး အသင့်ပြင်ထားလိုက်လေသည်။
“အား... ကယ်ကြပါဦး...”
မိန်းမများအားလုံး ရုတ်တရက် နိုးလာကြပြီး နာကျင်စွာ အော်ဟစ်လိုက်ကြသည်။
သူတို့ကို ပြုစုပေးနေသော တပည့်များမှာ လန့်ဖျပ်သွားပြီး ဆွဲထူပေးရန် ကြိုးစားလိုက်ကြသည်။
သို့သော် ထိုမိန်းမများက သူတို့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မလွှတ်ပေးကြောင်း တွေ့လိုက်ရလေသည်။
“အဆင်ပြေပါတယ်၊ ခင်ဗျားတို့ ဘေးကင်းသွားပါပြီ...”
တပည့်တစ်ယောက်က သူ၏ လက်မောင်းထဲရှိ မိန်းမကို နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။
“ဟား... ဟား... ဟား...”
သူမက ယင်းအစား ရူးသွပ်စွာ စတင်ရယ်မောလာခဲ့သည်။
“ဘာဖြစ်လို့လဲ။ ဘာလို့ ရယ်နေတာလဲ”
တပည့်ဖြစ်သူမှာ သူမ၏ လုပ်ရပ်ကြောင့် စိတ်ရှုပ်ထွေးသွားရသည်။
“ဟား... ဟား... အမှောင်သခင်ကြီး အဓွန့်ရှည်ပါစေ”
သူမက နောက်ဆုံးစကားများကို အော်ဟစ်လိုက်ပြီးနောက် သူမ၏ဗိုက်ကြီးမှာ အသက်ဝင်လှုပ်ရှားလာလေတော့သည်။
အထဲမှ အရာတစ်ခုခုမှာ အပြင်သို့ ထွက်လာရန် ကြိုးစားနေသည့်အလားပင်။
သူမ၏ ဗိုက်ထဲမှ ထွက်ပေါ်လာသော ကြီးမားလှသည့် အားအင်ကြောင့် သူမ၏ ကျောပြင်မှာ အထက်အောက် ကော့တက်သွားလေသည်။
ဗလွတ်…
ဖွပ်…
ဖုန်း…
သူမ၏ ဗိုက်ကြီးမှာ ပေါက်ကွဲပွင့်ထွက်သွားပြီး အတွင်းမှ အဆိပ်ဖားဖြူများ ခုန်ထွက် တွားသွားလာကြလေသည်။
ထိပ်လန့်တုန်လှုပ်သွားသော တပည့်ဖြစ်သူက ရှောင်ပြေးရန် ကြိုးစားသော်လည်း မိန်းမ၏ လက်များက အလွှတ်မပေးခဲ့ချေ။
ထို့နောက် အဆိပ်ဖားဖြူများက ထိုတပည့်ထံသို့ စေးကပ်သော အရည်များကို ပန်းထုတ်လိုက်ကြသည်။
“အား... ငါ့အရေပြားတွေ...”
၎င်းက အဆိပ်ပြင်းပြီး အရေပြားကို လောင်ကျွမ်းစေသည်။
ကျန်တပည့်များမှာလည်း အလားတူပင် ဖြစ်ပျက်နေလေသည်။
မကြာမီမှာပင် အခန်းတွင်း၌ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
အဆိပ်ဖားဖြူများက လင်းဖန်ထံ အဆိပ်ရည်များ ပန်းထုတ်လိုက်ချိန်တွင်မူ သူ့အား မည်သို့မျှ မထိခိုက်စေနိုင်ခဲ့ပေ။
သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှုမှာ အဆိပ်ကို ခံနိုင်ရည်ရှိလောက်သည်အထိ သူ၏ အရေပြားကို မာကျောစေခဲ့ပြီ ဖြစ်သည်။
ဘုန်း…
လင်းဖန်သည် သူ၏ရှေ့ရှိ အဆိပ်ဖားဖြူကို နင်းချေလိုက်ရာ အသားနှစ်များအဖြစ် ကြေမွသွားလေသည်။
စေးကပ်နေသော အရေပြား၏ အထိအတွေ့က ရွံရှာဖွယ် ကောင်းလှသည်။
သို့သော် စိတ်ထဲတွင် ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာချိန်၌ လင်းဖန်မှာ ဂရုမစိုက်တော့ပေ။
[ဒင်။ ယုတ်မာသော ရည်ရွယ်ချက်ကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + ၁၀]
[လက်ရှိ ကလဲ့စားချေအမှတ်: ၄၂၀]
အဆိပ်ဖားဖြူတစ်ကောင်အတွက် ကလဲ့စားချေအမှတ် ၁၀ မှတ်ဆိုသည်မှာ သူ့အတွက် အလကားရနေသည့် အမှတ်များကဲ့သို့ပင်။
လင်းဖန်သည် အဆိပ်ဖားဖြူများကို စိတ်အားထက်သန်စွာ စတင်သတ်ဖြတ်လေတော့သည်။
သူ၏ သံတူများဖြင့် ပြားချပ်သွားအောင် ရိုက်ချေလိုက်ပြီး သူ၏ ခြေထောက်ဖြင့်လည်း သေဆုံးသွားသည်အထိ နင်းချေပစ်လိုက်သည်။
ဟိုမင်ကလည်း သူ၏ ဓားနှစ်လက်ဖြင့် အဆိပ်ဖားဖြူများကို ပြောင်မြောက်စွာ ကာကွယ်တိုက်ခိုက်နေလေသည်။
အခြားတပည့်များမှာမူကား ထိုမျှလောက် အခြေအနေ မကောင်းကြချေ။
သူတို့က အချင်းချင်း အရမ်းနီးကပ်နေကြပြီး သိုင်းကွက်များသုံးရန် ကြိုးစားချိန်တွင် အချင်းချင်း ပြန်လည်ထိခိုက်မိနေကြသည်။
လင်းဖန်က သူ၏အနီးရှိ အဆိပ်ဖားဖြူများကို ရှင်းလင်းပြီးနောက် အော်ပြောလိုက်သည်။
“မင်းတို့အားလုံး နောက်ဆုတ်နေကြ။ အဆိပ်ဖားဖြူတွေကို ငါ့ဆီ လွှဲထားခဲ့လိုက်”
ထိုအရာများက သူ၏ တန်ဖိုးကြီးလှသော ကလဲ့စားချေအမှတ်များ ဖြစ်နေခြင်းကြောင့်ပင်။
မည်သို့ပင်ဖြစ်စေ နောက်တစ်ဆင့်သို့ရောက်ရန် ကလဲ့စားချေမှတ်အမြောက်အမြား လိုအပ်နေသေးသည် မဟုတ်လော။