အခန်း ၈၃
Vol. 9 Ch. 83
အခန်း (၈၃) - မီးခိုးလွှမ်းသောနယ်မြေ
အခြားတပည့်များက လင်းဖန်အနောက်သို့ ပြေးဝင်လာရင်း အော်ဟစ်လိုက်ကြသည်။
“ငါတို့ကို ကယ်ကြပါဦး... ဒီအကောင်တွေက တအားရွံဖို့ကောင်းတာပဲ...”
သူတို့အားလုံးမှာ အဆိပ်ကြောင့် ဒဏ်ရာအနည်းငယ်စီ ရရှိထားကြသည်။
အချို့မှာမူ ဒဏ်ရာပြင်းထန်လွန်းလှသဖြင့် သူတို့၏အရေပြားနှင့် ဝတ်ရုံများမှာ ကပ်ငြိနေပြီး လှုပ်ရှားလိုက်တိုင်း နာကျင်စွာ အော်ဟစ်နေကြရပေသည်။
တပည့်များက သူ၏လမ်းမှ ဖယ်ပေးသွားသည်နှင့်တစ်ပြိုင်နက် လင်းဖန်က တူအတွင်းသို့ ချီစွမ်းအင်များကို ထည့်သွင်းလိုက်သည်။
မီးတောက်ဝံပုလွေ၏ အမြုတေမှာ လင်းလက်လာပြီး တူတစ်ချောင်းလုံးကို မီးတောက်များ လွှမ်းခြုံသွားလေသည်။
လင်းဖန်သည် မီးတောက်များလွှမ်းနေသော တူကိုကိုင်ဆောင်ကာ ဖားဖြူများဆီသို့ ခုန်အုပ်လိုက်သည်။
ဝှစ်…
သူ၏ ယန်ရိုက်ချက်နှင့်အတူ ဖားဖြူများရှိရာ နေရာတစ်ခုလုံးကို မီးဟုန်းဟုန်းတောက်လောင်သွားစေလေသည်။
ထိုအကောင်များသည် အပူဒဏ်ကိုမခံနိုင်ကြဘဲ အကောင်အများအပြားမှာ အရှင်လတ်လတ် မီးလောင်ကျွမ်းခံလိုက်ရသည်။
မီးစွဲနေသော အချို့အကောင်များမှာ ခုန်၍ထွက်ပြေးရန် ကြိုးစားကြရာ ဂူအတွင်း၌ မီးပွားလေးများ ခုန်ပေါက်နေသည့်အလား ထင်မှတ်ရပေသည်။
သို့သော်လည်း မီးလောင်သေဆုံးသွားချိန်တွင်မူ သူတို့၏လှုပ်ရှားမှုများမှာ ရပ်တန့်သွားကြတော့သည်။
ကျန်ရှိနေသော ဖားဖြူများ ထွက်မပြေးနိုင်မီ လင်းဖန်က အခြားတူတစ်ချောင်းအတွင်းသို့ ချီစွမ်းအင်များကို ချက်ချင်း ထည့်သွင်းလိုက်ပြန်သည်။
ရေခဲအစွယ်ကျားဖြူ၏ အမြုတေမှာ အပြာရောင်အလင်းတန်းများ တောက်ပလာလေသည်။
ထို့နောက် အပူချိန်မှာလည်း စတင်ကျဆင်းလာချေပြီ။
သွေးအေးသတ္တဝါများဖြစ်ကြသော ဖားဖြူများသည် ထိုင်းမှိုင်းလေးလံလာကာ သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြသည်။
အချို့က အမျိုးသမီးများ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရန်ကြိုးစားကြသော်လည်း လင်းဖန်က ရေခဲချွန်များဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်၏။
ရွှစ်…
ရေခဲချွန် ထိမှန်သွားပြီး ရေခဲစအက်ကွဲထွက်မှုကြောင့် အနီးနားရှိ ဖားဖြူများကိုပါ သေဆုံးသွားစေလေသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်များကို သုတ်သင်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + ၂၈၀]
[လက်ရှိ ကလဲ့စားချေအမှတ် ၇၀၀]
လင်းဖန်သည် သူရရှိလိုက်သော ကလဲ့စားချေအမှတ်များကို ကြည့်ကာ ကျေနပ်သွားပေသည်။
ကျန်ရှိနေသော ဖားဖြူများကို လက်လွတ်လိုက်ရသည်မှာ နှမြောစရာပင်။
၎င်းတို့မှာ ထွက်ပြေးသွားကြခြင်း သို့မဟုတ် အခြားတပည့်များ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ပေမည်။
လင်းဖန်က နောက်သို့လှည့်ကြည့်ကာ မေးလိုက်သည်။
“ဟိုမင်... မင်း အဆင်ပြေရဲ့လား...”
ဟိုမင်က လှည့်၍ အခြားတပည့်များကိုကြည့်ရင်း ပြောလိုက်သည်။
“ငါအဆင်ပြေပါတယ်... ဒါပေမဲ့...”
ထိုသူများမှာ နာကျင်စွာဖြင့် အော်ဟစ်ညည်းညူနေကြလေသည်။
ပြန်လည်သက်သာစေသော ဆေးလုံးများပါရှိသူတို့က ထုတ်ယူ၍ သောက်သုံးလိုက်ကြသည်။
သို့သော် ထိုသို့ပါရှိသူမှာ လူနည်းစုသာ ဖြစ်သည်။
အခြားသူများမှာမူ သာမန်ပတ်တီးများကိုသာ ရစ်ပတ်ထားနိုင်ကြလေသည်။
၎င်းက နာကျင်မှုကို ပိုဆိုးသွားစေသည်။
အဝတ်စ၏ မျက်နှာပြင်က ဒဏ်ရာရနေသော အရေပြားနှင့် ပွတ်တိုက်မိသောအခါ နာကျင်မှုကို ပိုမိုခံစားလိုက်ကြရပေသည်။
တပည့်တစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။
“ကျစ်... အဲဒီမိန်းမကို မြင်မြင်ချင်း သတ်ပစ်ခဲ့သင့်တာ...”
အခြားတစ်ဦးကလည်း ပြောလိုက်သည်။
“နောက်ကျသွားပြီကွာ... ဒါက အစပဲ ရှိသေးတာ...”
နောက်တစ်ဦးကလည်း နာကျင်စွာ အော်ဟစ်လိုက်သည်။
“အား... နာလိုက်တာ... ဒီကြာနက်ဂိုဏ်းက တော်တော်ကို ကောက်ကျစ်တာပဲ...”
ယခုအချိန်တွင်မူ ဤတပည့်သစ်များသည် မည်သည့်အရာနှင့် ရင်ဆိုင်နေရသည်ကို သိရှိသွားကြချေပြီ။
ကြာနက်ဂိုဏ်းသည် သူတို့ယခင်က ရင်ဆိုင်ခဲ့ဖူးသော အရာများနှင့် လုံးဝ ကွာခြားလှပေသည်။
ယုတ်မာပြီး ကောက်ကျစ်လှသည်။
သူတို့က ‘ကိုယ်ဝန်ဆောင်’ အမျိုးသမီးများအပေါ် မည်သူမဆို ထားရှိတတ်သည့် ကရုဏာတရားကို ပထမဦးစွာ အသုံးချခဲ့သည်။
ထို့နောက် ဖားဖြူများဖြင့် အလစ်အငိုက်တိုက်ခိုက်ကာ ဒဏ်ရာရစေခဲ့သည်။
ဒဏ်ရာများမှာ အသက်အန္တရာယ်ရှိလောက်သည်အထိ မပြင်းထန်သော်ငြား သူတို့၏ စိတ်ဓာတ်ခွန်အားကိုမူ ကြီးမားစွာ ထိခိုက်သွားစေလေသည်။
ကြာနက်ဂိုဏ်းက ရှေ့ဆက်၍ မည်သည့်အရာများ စောင့်ကြိုနေစေမည်ကို ရှာဖွေလိုသော စိတ်အားထက်သန်မှုများမှာလည်း ပျောက်ဆုံးသွားကြတော့သည်။
ဒဏ်ရာရထားသော တပည့်တစ်ဦးမှာ နာကျင်မှုကို မခံစားနိုင်တော့ဘဲ သွေးနဲ့ချီ ပြန်လည်အားဖြည့်ဆေးလုံးကို တောင်းဆိုလိုက်သည်။
“ငါ့ကို ကယ်ပါဦး... သွေးနဲ့ချီ ပြန်လည်အားဖြည့်ဆေးလုံး တစ်လုံးကို စွမ်းဆောင်ရည်အမှတ် တစ်ရာပေးပါ့မယ်...”
လင်းဖန်က ထိုစကားကို ကြားလိုက်သောအခါ ကူညီပေးလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။
ဤသည်မှာ ချင်ဖုန်းဂိုဏ်း၏ တပည့်များ လုပ်ဆောင်သင့်သည့်အရာပင်။ ဒုက္ခရောက်ချိန်တွင် အချင်းချင်း ကူညီရိုင်းပင်းရမည် မဟုတ်ပါလော။
ဆေးလုံးတောင်းဆိုသူကို မြင်လိုက်ရသောအခါ လင်းဖန်က အံ့အားသင့်စွာ ပြောလိုက်သည်။
“အာ... မင်းကိုး...”
ထိုသူမှာ စောစောက တပည့်ပင် ဖြစ်ပေသည်။
သူက သူ့ကို နေ့ခင်းကြောင်တောင် လုယက်နေခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သူ ဖြစ်သည်။
သူ၏မျက်နှာမှာ အဆိပ်ကြောင့် ပြင်းထန်စွာ လောင်ကျွမ်းနေပြီး နားရွက်တစ်ဖက်မှာလည်း ပျောက်ဆုံးနေလေသည်။
ထိုတပည့်က လင်းဖန်ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် ရှက်ရွံ့သွားသော်လည်း အခြားရွေးချယ်စရာ မရှိတော့ချေ။
သူက နာကျင်မှုများ ပျောက်ကင်းသွားရန်သာ အလိုရှိနေတော့သည်။
လင်းဖန်က သွေးနဲ့ချီ ပြန်လည်အားဖြည့်ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ထိုတပည့်အား ပေးရင်း ပြောလိုက်သည်။
“ရော့... ဒါကို ယူလိုက်...”
ထိုတပည့်က ဆေးလုံးကို ယူလိုက်ပြီး သူ၏စွမ်းဆောင်ရည်အမှတ်များ ပါဝင်သော သစ်သားပြားကို လင်းဖန်အား ပေးအပ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် တပည့်ဖြစ်သူ၏ မျက်နှာပေါ်မှ အရေပြားများ ပြန်လည်ပေါက်ဖွားလာကာ ဒဏ်ရာ ပိတ်သွားလေသည်။
သို့သော်ငြား သူ၏နားရွက် ပြန်လည်ထွက်ပေါ်လာရန်အတွက်မူ မလုံလောက်ခဲ့ပေ။
တပည့်ဖြစ်သူက လက်ကိုယှက်ကာ လင်းဖန်ကို ဦးညွှတ်အရိုအသေပေးရင်း ပြောလိုက်သည်။
“ကျေးဇူးပါပဲ...”
နာကျင်မှုများ ပျောက်ကွယ်သွားသည့်အတွက် သူ ဝမ်းသာနေမိခြင်းပင်။
“ဒါဆို ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ...”
တစ်စုံတစ်ဦးက မေးလိုက်ရာ တပည့်များအားလုံး လင်းဖန်ကို ကြည့်လိုက်ကြသည်။
လင်းဖန်က ပြောလိုက်သည်။
“မင်းတို့ထဲက တချို့က ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့သူတွေကို ဂူအပြင်ဘက် ခေါ်သွားကြ... ကျန်တဲ့သူတွေက ငါတို့နဲ့အတူ ရှေ့ဆက်သွားမယ်...”
လူတိုင်းက သဘောတူလိုက်ကြသည်။
သူတို့ထဲတွင် ချင်ဖုန်းဂိုဏ်း၌ ကောင်းမွန်သော ဘဝတစ်ခုကိုသာ ရရှိလိုသူများလည်း ပါဝင်လေသည်။
ဤတစ်ကြိမ်တွင် ဤမျှ အန္တရာယ်များလိမ့်မည်ကို သူတို့ မျှော်လင့်မထားခဲ့ကြချေ။
အသက်အန္တရာယ်ကို စွန့်စားမည့်အစား ဒဏ်ရာရသူများကို အပြင်သို့ သယ်ဆောင်သွားရခြင်းက သူတို့အတွက် ဝမ်းသာစရာ ဖြစ်ပေသည်။
ထို့ကြောင့် ဒဏ်ရာရသူများကို ဂူအပြင်ဘက်သို့ သယ်ဆောင်ရန် သူတို့ အမြန်လက်စသတ်လိုက်ကြသည်။
လင်းဖန်နှင့် ကျန်ရှိနေသော တစ်ဆယ့်နှစ်ယောက်မှာမူ ဂူအတွင်းသို့ ဆက်လက် ဝင်ရောက်သွားလေသည်။
သူတို့သည် ကျဉ်းမြောင်းသော ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းသွားပြီးနောက် နောက်ထပ် ခန်းမတစ်ခုအတွင်းသို့ ဝင်ရောက်လာချေသည်။
ဤခန်းမကိုလည်း မီးတုတ်များဖြင့် လင်းထိန်နေအောင် ထွန်းညှိထားသည်။
မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လူသုံးယောက် ရှိနေသည်။
သူတို့သည် ရင်ဘတ်တွင် ကြာဖြူပွင့်ပုံစံ ပါရှိသော အနီရင့်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။
တပည့်တစ်ယောက်က ဓားကို ဆွဲထုတ်ကာ ထိုလူများဆီသို့ ချိန်ရွယ်ရင်း အော်ပြောလိုက်သည်။
“မင်းတို့က ကြာနက်ဂိုဏ်းက တပည့်တွေလား... မှန်မှန်ပြော... မဟုတ်ရင်တော့...”
ထိုလူများက ရုတ်တရက် မျက်လုံးဖွင့်လာကြသည်။
သွေးရောင်လွှမ်းနေသော မျက်လုံးများက အမှောင်ထဲတွင် အနီရောင်တောက်လောင်နေသည့်အလား ထင်မှတ်ရပေသည်။
သူတို့ ပါးစပ်ဟလိုက်ချိန်တွင် အဝါရောင်မီးခိုးငွေ့တစ်အုပ် လေထဲသို့ လွင့်ပျံသွားလေသည်။
လင်းဖန်က သူ၏နှာခေါင်းကို ချက်ချင်း အုပ်လိုက်သည်။
ဟိုမင်ကိုလည်း ထိုအတိုင်းလုပ်ရန် သူက တံတောင်ဆစ်ဖြင့်တွန်းကာ သတိပေးလိုက်သည်။
ထိုလူများနှင့် အနီးဆုံးတွင် ရပ်နေသော တပည့်ဖြစ်သူက စကားပြောနေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏လက်များမှာ ပျော့ခွေကျသွားချေသည်။
ခလွမ်း…
သူ၏ဓားမှာ အောက်သို့ ကျသွားလေသည်။
ထို့နောက် ထိုတပည့်က လှည့်လာကာ သူနှင့် အနီးဆုံးရှိသူထံသို့ ခုန်အုပ်လိုက်သည်။
သူ၏လည်ပင်းကို ကိုက်ရန် ကြိုးစားနေခြင်းပင်။
အခြားတပည့်တစ်ဦးက အော်ဟစ်လိုက်သည်။
“မင်း ဘာလုပ်နေတာလဲ... ငါ့အပေါ်က ဖယ်စမ်း...”
သို့သော် နောက်ကျသွားချေပြီ။ ထိုတပည့်က လည်ပင်းကို ကိုက်ဖြတ်လိုက်ရာ အသားတစ်တုံး ပြတ်ထွက်လာလေသည်။
လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။
အကြိမ်အနည်းငယ် တွန့်လိမ်သွားပြီးနောက် ခန္ဓာကိုယ်မှာ လှုပ်ရှားမှု ကင်းမဲ့သွားတော့သည်။
ထို့နောက် တပည့်ဖြစ်သူက ရှေ့ဆက်တိုးလာပြီး အခြားသူများဆီသို့ ခုန်အုပ်လိုက်ပြန်သည်။
မီးခိုးငွေ့ကို ရှူရှိုက်မိသော အခြားတပည့် အနည်းငယ်မှာလည်း အလားတူပင် ပြုမူလာကြလေသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၃၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ။]
တပည့်တစ်ယောက် လင်းဖန်ဆီသို့ ခုန်အုပ်လာချိန်တွင် စနစ်က ၎င်း၏ ပုံမှန်သတိပေးချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
လင်းဖန်က သနားညှာတာမှု ကင်းမဲ့စွာဖြင့် တပည့်ဖြစ်သူ၏ ခေါင်းကို သူ၏တူဖြင့် ရိုက်ချလိုက်သည်။
ဖောင်း…
တပည့်ဖြစ်သူ၏ ခေါင်းမှာ ပေါက်ကွဲထွက်သွားလေသည်။
[ဒင်။ ယုတ်မာသော ရည်ရွယ်ချက်ရှိသူအား သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + ၃၀]
[လက်ရှိ ကလဲ့စားချေအမှတ် ၇၃၀]
လင်းဖန်က အနီရင့်ရောင် ဝတ်ရုံဝတ်ထားသည့် အခြားလူနှစ်ယောက်ဆီသို့ ပြေးသွားရင်း အော်ပြောလိုက်သည်။
“ဟိုမင်... ငါ့နောက်လိုက်ခဲ့... ဘယ်ဘက်ကလူကို ရှင်းလိုက်...”
သူတို့သည် တပည့်များကို အဝါရောင်မီးခိုးငွေ့ဖြင့် ထိန်းချုပ်နေခြင်း ဖြစ်ရပေမည်။
ဟိုမင်က ခေါင်းညိတ်လိုက်ပြီး သူ၏ဓားဖြင့် လူတစ်ယောက်ဆီသို့ လေပွေဓားသိုင်း သုံးကာ ထိုးနှက်လိုက်သည်။
ထိုလူက ဘေးသို့ရှောင်ကာ လေပွေဓားသိုင်းကို တိမ်းရှောင်လိုက်သည်။
ထို့နောက် သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အနက်ရောင် မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်လေသည်။
အနက်ရောင် မီးခိုးငွေ့များ ဟိုမင့်အနီးသို့ ရောက်လုနီးပါး ဖြစ်သွားချိန်တွင် လင်းဖန်က သူ့ကို အမြန်ဆွဲယူရင်း အော်လိုက်သည်။
“သတိထား...”