အခန်း ၈၄
Vol. 9 Ch. 84
အခန်း (၈၄) - ဆုလာဘ်
ထိုအမည်းရောင်မီးခိုးငွေ့များက မည်သို့အာနိသင်ရှိမှန်း လင်းဖန် မသိသော်လည်း အန္တရာယ်ကြီးမားကြောင်းကိုမူ သူသေချာပေါက် သိရှိနေလေသည်။
သူ၏ခန့်မှန်းချက်က မှန်ကန်ပေသည်။
အနီးအနားတွင် ရပ်နေသော တပည့်တစ်ဦးမှာ မီးခိုးငွေ့များကို ရှူရှိုက်မိသွားပြီးနောက် လူးလှိမ့်ကာ သွေးများအန်ချလာတော့သည်။
သူ၏ နှာခေါင်း၊ မျက်ရည်ပြွန်များနှင့် နားပေါက်များမှပင် သွေးများ တဖြည်းဖြည်း စိမ့်ထွက်လာချေပြီ။
“ရော့... ဒါလေး ယူထားလိုက်။ နည်းနည်းတော့ အထောက်အကူ ပြုလိမ့်မယ်”
လင်းဖန်က အဆိပ်တစ်ရာဖြေဆေး တစ်လုံးကို ဟိုမင်ထံ ကမ်းပေးလိုက်သည်။
သူကိုယ်တိုင်လည်း တစ်လုံး သောက်သုံးလိုက်လေသည်။
ထိုဆေးလုံးမှာ မတူညီသော အဆိပ်အမျိုးအစားများကို ဖြေရှင်းရာတွင် အထောက်အကူပြုနိုင်စွမ်း ရှိပေသည်။
“ငါတို့ရဲ့ လေ့ကျင့်မှုတွေကို မှတ်မိတယ်မလား”
လင်းဖန်က သူ့ရှေ့ရှိ လူသုံးယောက်ကို ကြည့်ရင်း မေးလိုက်သည်။
“မှတ်မိတယ်”
“ဒါဆိုလည်း စလိုက်ကြစို့”
သူ၏အချက်ပြမှုနှင့်အတူ ဟိုမင်က လေပွေဓားသိုင်းဖြင့် ထိုးနှက်လိုက်ရာ ထိုလူက ဘေးသို့ ထပ်မံရှောင်တိမ်းသွားပြန်သည်။
သူ နောက်ထပ် တစ်ခုခု မလုပ်နိုင်မီမှာပင်။
လင်းဖန်က ထိုလူ၏ခေါင်းဆီသို့ တူဖြင့် ပစ်ပေါက်လိုက်လေသည်။
ဖုန်း…
ထိုလူမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး မြေကြီးနှင့်ရိုက်မိကာ တုန်ခါသော အသံများ ထွက်ပေါ်လာချေသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + ၇၀]
[လက်ရှိ ကလဲ့စားချေအမှတ် ၈၀၀]
ကျန်လူနှစ်ယောက်က ၎င်းကိုမြင်သောအခါ နှစ်ယောက်လုံးသည် လင်းဖန်ထံသို့ ပြေးဝင်လာကြသည်။
သူတို့အနီးသို့ ရောက်လာချိန်တွင် တစ်ယောက်က အဖြူရောင်မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ပြီး အခြားတစ်ယောက်က အနီရောင်မီးခိုးငွေ့အချို့ကို မှုတ်ထုတ်လိုက်လေသည်။
မတူညီသော မီးခိုးငွေ့နှစ်မျိုး ရောနှောသွားကာ စေးကပ်သော အရာတစ်ခုအဖြစ် ပြောင်းလဲသွားချေသည်။
ထို့နောက် ထိုစေးကပ်နေသော အရာကြီးသည် လင်းဖန်ဆီသို့ ရွေ့လျားလာတော့သည်။
လင်းဖန်က ကျန်ရှိနေသော သူ၏တူကို အမြန်အသုံးပြုလိုက်ပြီး ၎င်းအတွင်းသို့ ချီစွမ်းအင်များ ထည့်သွင်းလိုက်ရာ စေးကပ်နေသော အရာကြီးမှာ တဖြည်းဖြည်း အေးခဲလာတော့သည်။
စေးကပ်နေသောအရာကြီး အေးခဲသွားသောအခါ ထိုလူနှစ်ယောက်သည် လှည့်၍ ထွက်ပြေးရန် ပြင်ကြလေသည်။
ဘယ်ဘက်တွင် ရှိနေသော ဟိုမင်က ထိုလူနှစ်ယောက်ကို အခွင့်ကောင်းယူ၍ ချိန်ရွယ်ထားလိုက်သည်။
သူသည် ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်ထံသို့ သူ၏ လေပွေဓားသိုင်းကို အသုံးပြု၍ တိုက်ခိုက်လိုက်သည်။
လေပွေက ထိုလူ၏ ကျောပြင်ကို ထိမှန်သွားပြီး ခန္ဓာကိုယ်အား နှစ်ပိုင်း ပိုင်းဖြတ်သွားချေသည်။
နောက်ဆုံးကျန်ရစ်သူက ၎င်းကိုမြင်သောအခါ ခြေလှမ်းများကို ပိုမိုသွက်လက်စွာ ပြေးလေတော့သည်။
သို့သော် လင်းဖန်က စောင့်ဆိုင်းနေခဲ့လေသည်။
သူသည် အံ့ဖွယ်ခုန်ပျံခြင်းကို အသုံးပြု၍ ထိုလူ၏ကျောပြင်ကို လေထဲမှ ပျံဝဲကာ ကန်ချလိုက်သည်။
ဂျွတ်…
သူက အေးခဲနေသော အရာကြီးကို ဖြတ်ကျော်ကာ ထိုလူ၏ ကျောရိုးကို အရှိန်ပြင်းပြင်း ဝင်ဆောင့်မိသွားသည်။
ကျယ်လောင်သော အရိုးကျိုးသံကြီး ထွက်ပေါ်လာလေသည်။
ကျောရိုးကျိုးသွားသဖြင့် ထိုလူမှာ မြေပြင်ပေါ်သို့ ပုံကျသွားတော့သည်။
ရင်းနှီးနေသော အသံတစ်ခုက လင်းဖန်၏စိတ်ထဲတွင် ထွက်ပေါ်လာပေသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + ၇၀]
[လက်ရှိ ကလဲ့စားချေအမှတ် ၈၇၀]
နောက်ဆုံးတွင် သူ၏ ရုပ်ခန္ဓာကို အဆင့်မြှင့်တင်ရန် လုံလောက်သော ကလဲ့စားချေအမှတ်များ ရရှိသွားပြီ ဖြစ်သည်။
ထို့နောက် သူသည် မိစ္ဆာသားရဲများ၏ စွမ်းရည်များကို ရယူနိုင်တော့မည် ဖြစ်ပေသည်။
ထို့အပြင် သူ၏ သားရဲစွမ်းရည်အတွက် နေရာအသစ် တစ်နေရာကိုပါ ထပ်မံရရှိဦးမည်ပင်။
သို့သော် ယခုအချိန်တွင်မူ သူ ကိုင်တွယ်ဖြေရှင်းရမည့် ပို၍အရေးကြီးသော ကိစ္စများ ရှိနေသေးသည်။
လင်းဖန် အနောက်သို့ လှည့်ကြည့်လိုက်ရာ ထိုလူသုံးယောက် ဖန်တီးခဲ့သော ရှုပ်ထွေးပျက်စီးမှုများကို မြင်လိုက်ရလေသည်။
မတ်တပ်ရပ်နိုင်သည့် တပည့် ငါးယောက်သာ ကျန်ရှိတော့သည်။
သူတို့၏ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် အဝါရောင်မီးခိုးငွေ့ ရှူရှိုက်မိထားသည့် တပည့်များကို သူတို့ကိုယ်တိုင် သတ်ဖြတ်ခဲ့ရခြင်းပင်။
“အခု ဘာဆက်လုပ်ကြမလဲ”
ကျန်ရစ်သော တပည့်များက မေးလိုက်ကြသည်။
သူတို့ဘက်တွင် ထိခိုက်သေဆုံးမှုများ များပြားနေခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ သူတို့၏ ဒုတိယအကြိမ် ရင်ဆိုင်ရခြင်းသာ ရှိသေးသည်။
လင်းဖန် ခဏမျှ စဉ်းစားလိုက်သည်။
“နောက်ဆုတ်ပြီး အစီရင်ခံရမယ်။ စီနီယာတွေဆီက ဘာအမိန့်လာမလဲ စောင့်ကြည့်ရအောင်”
ကျောက်ချင်းယင်တစ်ယောက် မည်သို့ဆက်လုပ်မည်ကို စောင့်ကြည့်ခြင်းက အကောင်းဆုံးဟု သူ ဆုံးဖြတ်လိုက်သည်။
သူနှင့် ဟိုမင်တို့ နှစ်ယောက်လုံး အထိအခိုက်မရှိကြသော်လည်း အခြားသူများက ကြာနက်ဂိုဏ်းကို အာရုံလွှဲပေးထားသည်ကို သူ ပို၍ သဘောကျမိပေသည်။
“အစီရင်ခံဖို့ ဘယ်သူ ပြန်သွားရမှာလဲ”
တစ်စုံတစ်ယောက်က တုန်ရီနေသောအသံဖြင့် မေးလိုက်လေသည်။
တပည့်များမှာ ယခုအခါ ရှေ့ဆက်သွားရန်နှင့် ကြုံတွေ့ရမည်အရာများကိုတွေးကာ ကြောက်ရွံ့နေကြပြီ ဖြစ်သည်။
ကျောက်ချင်းယင်အတွက် အခြေအနေက သိပ်မဟန်လှချေ။
“ဟိုမင်.. မင်း သူတို့ထဲက တစ်ယောက်ယောက်နဲ့ လိုက်သွားလိုက်။ ငါ ဒီမှာ သူတို့နဲ့အတူ စောင့်ပေးခဲ့မယ်”
လင်းဖန်က ဟိုမင်ကို ထိုသူများထဲမှ တစ်ဦးဦးနှင့်အတူ လိုက်သွားရန် အကြံပြုလိုက်သည်။
ထိုသို့ဆိုမှသာ သူတို့လည်း စိတ်ချလက်ချရှိသွားမည် ဖြစ်လေသည်။
တပည့်များက ဤစကားကို ကြားသောအခါ သတင်းသွားပို့ရန် ကိုယ်တိုင် ဆန္ဒပြုလာကြသည်။
“ငါ ဒဏ်ရာရထားတာဆိုတော့.. သတင်းသွားပို့ဖို့ ငါသွားတာ အကောင်းဆုံးပဲ”
“မဟုတ်ဘူး.. ငါ့ဒဏ်ရာက ပိုပြင်းထန်တယ်။ ကြည့်စမ်း”
“တော်ကြစမ်းပါ။ ငါ့လက်က လက်ကောက်ဝတ်ကနေ ပြုတ်ထွက်မတတ် ဖြစ်နေတာတောင် ဘာမှမပြောရသေးဘူး”
“မင်းက အဲ့ဒီလောက်တောင် ဒဏ်ရာပြင်းထန်နေရင် လမ်းခုလတ်မှာတင် သေသွားနိုင်တယ်။ ဒါကြောင့် ငါပဲ သွားတာ အကောင်းဆုံးပဲ”
တပည့်များကြားတွင် အချေအတင် ငြင်းခုံမှုများ ဖြစ်ပွားလာတော့သည်။
သူတို့က မည်သူ့ဒဏ်ရာက ပို၍ပြင်းထန်ကြောင်း အပြိုင်အဆိုင် ပြောဆိုနေကြလေသည်။
“မင်းတို့ သွားချင်တယ်ဆိုရင်လည်း အကုန်လုံးသာ သွားကြတော့”
လင်းဖန်လည်း နောက်ဆုံးတွင် သူတို့ကို သည်းမခံနိုင်တော့ဘဲ အားလုံးကို ထွက်သွားခွင့် ပြုလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကို”
လင်းဖန်၏စကားကို ကြားသည်နှင့် သူတို့က အရိုအသေပေးကာ ဟိုမင်နှင့်အတူ အလျင်အမြန် ထွက်ခွာသွားကြလေသည်။
လင်းဖန်က ခေါင်းခါလိုက်ပြီးနောက် သူ၏ ကိုယ်ပိုင်ကိစ္စဆီသို့ အာရုံလွှဲလိုက်သည်။
ထိုလူသုံးယောက်၏ ကိုယ်ပေါ်တွင် ပါလာသည့် ပစ္စည်းများကို လိုက်လံရှာဖွေလိုက်သည်။
ပထမဆုံးလူထံမှ ကြေးဒင်္ဂါးအနည်းငယ်ကိုသာ တွေ့ရပြီး အခြားဘာမျှ မရှိချေ။
ကျန်နှစ်ယောက်ထံတွင်မူ ပစ္စည်းအချို့ ရှာတွေ့လေသည်။
ငွေတစ်တေးလ်၊ ကြေးနီဖြင့် ပြုလုပ်ထားသော ဖားပြုတ်ရုပ်တုငယ် တစ်ခုနှင့် မှတ်တမ်းစာအုပ် တစ်အုပ်တို့ပင် ဖြစ်သည်။
လင်းဖန်မှာ ထိုဖားပြုတ်ရုပ်တုငယ်လေးက တန်ဖိုးကြီး ရှေးဟောင်းပစ္စည်း ဟုတ်၊ မဟုတ်ကို သေချာမသိပေ။
အခြေအနေအမျိုးမျိုးအတွက် အသင့်ဖြစ်စေရန် ထိုအရာကို သိမ်းထားရန် ဆုံးဖြတ်လိုက်သည်။
မှတ်တမ်းစာအုပ်၏ မျက်နှာဖုံးတွင်မူ “ချီကိုဝါးမျို၍ အဆိပ်အသွင်ပြောင်းခြင်း နည်းစနစ်” ဟူ၍ ရေးသားထားလေသည်။
လင်းဖန်သည် စိတ်ဝင်စားသွားကာ ၎င်းကိုလည်း သိမ်းဆည်းလိုက်သည်။
…
“ဂိုဏ်းတူအစ်ကိုတို့...”
တပည့်များ ပြန်လည်ပြေးဆင်းလာပြီး စီနီယာတပည့်များနှင့် တွေ့ဆုံချိန်တွင် ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
စီနီယာတပည့်များက သူတို့တွင် ဒဏ်ရာများ ရထားသည်ကို မြင်သောအခါ မည်သို့ဖြစ်ခဲ့ကြောင်း မေးမြန်းကြလေသည်။
သူတို့ ဘာကြောင့် ပြန်ထွက်လာရသလဲဆိုသည့် အကြောင်းပြချက်ကို ရောက်သောအခါ သူတို့မှာ စကားများ ထစ်ငေါ့ကုန်တော့သည်။
သူတို့က ရှေ့သို့ဆက်မသွားဝံ့တော့သဖြင့် ပြန်လာကြောင်းကို ဖုံးကွယ်ရန် အစွမ်းကုန် ကြိုးစားကြလေသည်။
တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကာ အကြည့်ချင်းဖလှယ်ပြီးနောက် လိမ်ညာပြောဆိုရန် ဆုံးဖြတ်လိုက်ကြသည်။
“လင်းဖန်ကြောင့်ပါ။ သူနဲ့အတူ ခရီးဆက်ဖို့က သိပ်ခက်ခဲလွန်းလို့ပါ”
“ဟုတ်ပါတယ်။ သူက ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ကျွန်တော်တို့ကိုပါ အန္တရာယ်ဖြစ်အောင် လုပ်နေတာပါ”
“သူက တခြားတစ်ယောက်ဆီကို ဆေးလုံးတစ်လုံးကို စွမ်းဆောင်ရည်အမှတ် တစ်ရာနဲ့ ရောင်းချဖို့တောင် ကြိုးစားခဲ့ပါသေးတယ်”
“ဒါက သူ့အကြောင်းကို အများကြီး သက်သေပြနေတာပါပဲ”
သူတို့က လင်းဖန်နှင့်ပတ်သက်၍ တွေးတောမိသမျှ မကောင်းကြောင်းများကို အသံကျယ်ကျယ်ဖြင့် ဝင်ရောက်ပြောဆိုကြတော့သည်။
ဖုန်း...
ဟိုမင်က ဆက်၍ သည်းမခံနိုင်တော့ဘဲ သူတို့ထဲမှ တစ်ယောက်၏မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်သည်။
ထိုတပည့်မှာ လေထဲသို့ လွင့်ထွက်သွားကာ အကြိမ်အနည်းငယ် လည်ထွက်သွားပြီးမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
“ဟိုမင်.. မင်း ဘာလုပ်တာလဲ”
စီနီယာများက အော်ဟစ်ကာ ဟိုမင်ကို တားဆီးလိုက်ကြသည်။
“သူတို့ လိမ်နေတာ။ အဲဒီလူသုံးယောက်ကိုသတ်ဖို့ ကျွန်တော်တို့ ကူညီပေးခဲ့တယ်။ ပြီးတော့ ဆေးလုံးတွေကိုလည်း သဘောတူညီမှုနဲ့ ရောင်းခဲ့တာပါ။ လင်းဖန်က ဘယ်သူ့ကိုမှ အတင်းအကျပ် မလုပ်ခိုင်းခဲ့ပါဘူး”
ဟိုမင်က လဲကျနေသော တပည့်များကို စိုက်ကြည့်ကာ အော်ဟစ်လိုက်လေသည်။
သူတို့က ခဏတာမျှ တုံ့ဆိုင်းသွားကြသည်။
သို့သော်လည်း စကားပြန်ရုပ်သိမ်းရန်မှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူတို့က အောက်ပါအတိုင်း ပြောဆိုလိုက်သည်။
“သူ လိမ်နေတာ။ သူက လင်းဖန်နဲ့ တစ်ဖွဲ့တည်းလေ။ ကျွန်တော်တို့ ငါးယောက်တောင် ရှိတာ။ သူ့စကားကို မယုံပါနဲ့”
သူတို့က လက်ကို ယှက်ကာ အရိုအသေပေးလိုက်ကြသည်။
“ဂိုဏ်းတူအစ်ကိုတို့အနေနဲ့ ကျွန်တော်တို့ကသာ အမှန်ကို ပြောနေတာဆိုတာကို သိမြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“မင်းတို့ကောင်တွေ...”
ဟိုမင်က သွားကို ကျိတ်လိုက်ပြီး သူ၏ဓားအိမ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။
လူတစ်ယောက်၏မျက်နှာက ဤမျှမြန်ဆန်စွာ ပြောင်းလဲသွားသည်ကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
ထိုသူများမှာ သူသိကျွမ်းထားသည့် လူများပင် ဖြစ်နေလေသည်။
လင်းဖန်က အဘယ့်ကြောင့် လူတိုင်းနှင့် ခပ်ခွာခွာနေလေ့ရှိသည်ကို ယခုမှပင် သူ နားလည်သွားတော့သည်။
ရုတ်တရက် သူ၏ပခုံးပေါ်သို့ လက်တစ်ဖက် လာရောက်ပုတ်လိုက်ပြီး ရင်းနှီးနေသော အသံတစ်သံကို ကြားလိုက်ရသည်။
“စိတ်မပူပါနဲ့ ဟိုမင်။ ငါက မင်းနဲ့ လင်းဖန်ကို ယုံကြည်ပါတယ်”