အခန်း ၈၅
Vol. 9 Ch. 85
အခန်း (၈၅) - တောင်တစ္ဆေ
ဟိုမင်က နောက်သို့ လှည့်ကြည့်လိုက်ရာ ကျောက်ရွေ့နှင့် ပိုင်ညီအစ်ကိုနှစ်ဦး ဖြစ်နေလေသည်။
အခြားသော တပည့်ငယ်များမှာမူ သူမကို မြင်လိုက်ရချိန်တွင် ခေါင်းငုံ့ကာ တိတ်ဆိတ်သွားကြသည်။
“လင်းဖန်က မုဆိုးဘဝမှာတောင် ငါတို့ကို ရဲရဲဝံ့ဝံ့ ကူညီပေးခဲ့တာပဲ။ အခုရော ဘာလို့ ကွာခြားသွားမှာလဲ”
ကျောက်ရွေ့က တပည့်ငယ်အားလုံးကို အကဲခတ်ကြည့်ရှုရင်း ပြောလိုက်သည်။
“ကျွန်တော်တို့... အာ...”
တစ်စုံတစ်ယောက်က ရှေ့သို့ လှမ်းထွက်လာသည်။
ဖြန်း…
ဖြန်း…
ဖြန်း…
သူတို့ စကားပြော၍ပင် မဆုံးသေးခင် ပိုင်ထိက သူတို့၏ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်လေသည်။
“ဒါ လိမ်ပြောတဲ့အတွက် မင်းတို့ကို ပေးလိုက်တဲ့ သင်ခန်းစာပဲ။ လင်းဖန်သာ မရှိရင် ငါသေနေလောက်ပြီ”
ပိုင်ထိက တပည့်ငယ်များကို စိုက်ကြည့်ကာ ပြောလိုက်သည်။
သူတို့မှာ ခေါင်းများငုံ့ထားကြပြီး ရှက်ရွံ့စွာဖြင့် အောက်သို့သာ စိုက်ကြည့်နေကြကာ ရောင်ရမ်းနေသော ပါးပြင်များပေါ်တွင် လက်တင်ထားကြပေသည်။
ပိုင်ထိက သူ၏ မကျေနပ်မှုကို ထပ်မံပြသသည့်အနေဖြင့် မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်သည်။
“ပိုင်ထိ... တော်လောက်ပြီ”
ပိုင်ချောင်က သူ၏ညီဖြစ်သူကို တားဆီးလိုက်ပြီး တပည့်ငယ်များဘက်သို့ လှည့်လိုက်သည်။
“အခု အထဲမှာ အခြေအနေ ဘယ်လိုရှိလဲ”
သူက မေးလိုက်လေသည်။
ထို့နောက် တပည့်ငယ်များက ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ရှင်းပြလိုက်ကြသည်။
ရှင်းပြမှု ပြီးဆုံးသွားပြီးနောက် ပိုင်ချောင်က ကျောက်ရွေ့ကိုကြည့်ကာ သူမ၏ ညွှန်ကြားချက်များကို စောင့်ဆိုင်းနေလိုက်သည်။
ကျောက်ရွေ့သည် သူမ၏ ကျောက်စိမ်းဆွဲပြားကို အသုံးပြု၍ ကျောက်ချင်းယင်နှင့် ဆက်သွယ်လိုက်လေသည်။
ပြန်လည်ရရှိလာသော အဖြေမှာ စီနီယာတပည့် ဆယ်ဦးနှင့်အတူ ဝင်ရောက်ရန်ပင် ဖြစ်ပေသည်။
အခြားသော ဆယ်ဦးမှာမူ အခြေအနေတစ်ခုခုအတွက် နောက်မှ လိုက်ပါလာရန်ဖြစ်သည်။
ထို့ကြောင့် ကျောက်ရွေ့၊ ပိုင်ညီအစ်ကိုနှစ်ဦး၊ ဟိုမင်နှင့် အခြားသော စီနီယာတပည့် ကိုးဦးတို့သည် ဂူထဲသို့ ပြန်လည်ဝင်ရောက်သွားကြလေသည်။
…
ထိုအချိန်တွင် လင်းဖန်မှာ စောင့်ဆိုင်းရသည်ကို ငြီးငွေ့လာသဖြင့် ဖားပြုပ်ရုပ်တုငယ်ကို စတင်စစ်ဆေးကြည့်လိုက်သည်။
၎င်းက မည်သို့ အလုပ်လုပ်သည်ကိုသိရှိရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သော်လည်း မည်သည့်ရလဒ်မှ ထွက်ပေါ်မလာခဲ့ချေ။
ထို့ကြောင့် ၎င်းထဲသို့ သူ၏ ချီစွမ်းအင် ထည့်သွင်းကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
ထိုသို့ ပြုလုပ်လိုက်ချိန်တွင် အတွင်းမှ တစ်စုံတစ်ရာက သူနှင့် ချိတ်ဆက်သွားပေသည်။
ဖားပြုပ်ရုပ်တုငယ်အတွင်း၌ မည်သည့်အရာများ ရှိနေသည်ကို သူ၏ စိတ်ထဲမှတစ်ဆင့် မြင်တွေ့နိုင်စွမ်း ရှိနေသည်။
၎င်းမှာ ဆန်းကြယ်သော သိုလှောင်ရေးပစ္စည်းတစ်ခု ဖြစ်နေလေသည်။
သူ့အတွက် ရှားပါးပြီး အသုံးဝင်သော အရာတစ်ခုပင်။
ယခုအခါ သူ အလိုရှိသလောက် ပစ္စည်းများကို ပြန်လည်အသုံးချနိုင်ပြီ ဖြစ်သည်။
ထို့အပြင် သူ၏ တူများကို ဖားပြုပ်ရုပ်တုငယ်အတွင်း၌ ဖျောက်ထားနိုင်ပေသည်။
သူ၏ တူများ အနားတွင်မရှိသည့် အခြေအနေမျိုးကို နောက်ထပ် ကြုံတွေ့ရတော့မည် မဟုတ်ချေ။
လင်းဖန်က ရုပ်တုအတွင်းရှိ ငွေများကို မြန်မြန်ဆန်ဆန် ထုတ်ယူရန် ကြိုးစားလိုက်သည်။
သူသည် ချီစွမ်းအင်ကို ထည့်သွင်းလိုက်ပြီး ထိုအကြောင်းကို တွေးတောလိုက်သည်။
ဝှစ်…
ငွေများသည် ရုပ်တုဘေးတွင် ထွက်ပေါ်လာလေသည်။
လင်းဖန်က သူ၏ တူများကို ရုပ်တုအတွင်းသို့ ထည့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ပထမဦးစွာ တူများကို ရုပ်တုဘေးတွင် ချထားလိုက်သည်။
ထို့နောက် ချီစွမ်းအင် ထည့်သွင်းလိုက်ရာ အဖြူရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီး ဝှစ်ခနဲ အသံနှင့်အတူ ရုပ်တုက တူများကို သိမ်းယူသွားလေသည်။
သူသည် တူများကို ပြန်ထုတ်ရန် ကြိုးစားကြည့်ရာ ငွေများထုတ်ယူစဉ်ကကဲ့သို့ပင် အလုပ်လုပ်ပေသည်။
သူ စမ်းသပ်မှုများ ပြုလုပ်၍ ပြီးဆုံးသွားချိန်တွင် ကျောက်ရွေ့နှင့် အခြားသူများ ရောက်ရှိလာကြသည်။
“ဂိုဏ်းတူအစ်မကြီး...။”
လင်းဖန်က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်လေသည်။
သူမက ခေါင်းညိတ်ပြကာ အသိအမှတ်ပြုလိုက်ပြီး ပြောလိုက်သည်။
“အင်း… ဒါပေမဲ့ ကြာနက်ဂိုဏ်းသားတွေ လွတ်မသွားခင် ငါတို့ ရှေ့ဆက်သွားရမယ်”
သူတို့သည် ဂူအတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက်သွားကြသည်။
အခြားသော ကျဉ်းမြောင်းသည့် ဥမင်လိုဏ်ခေါင်းတစ်ခုကို ဖြတ်သန်းသွားပြီးနောက် အခြား ကျောက်ဂူခန်းမတစ်ခုဆီသို့ ရောက်ရှိသွားကြသည်။
၎င်းမှာ အကျယ်အဝန်းအားဖြင့် မီတာငါးဆယ်ခန့်ရှိပြီး မျက်နှာကြက်မှာ မီတာနှစ်ဆယ်ခန့် မြင့်မားလေသည်။
အတွင်းဘက်တွင်မူ ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက်မိုးမျှော်များဖြင့် ပြည့်နှက်နေသည်။
၎င်းတို့သည် ဧရာမကျောက်တိုင်ကြီးများအဖြစ် ပေါင်းစပ်သွားကာ ကျောက်ဂူခန်းမကို ဝင်္ကပါတစ်ခုသဖွယ် ဖြစ်ပေါ်စေသည်။
ကျောက်တိုင်များပေါ်တွင် ချိတ်ဆွဲထားသော မီးတုတ်များမှ မီးတောက်များကြောင့် ကျောက်တိုင်များ၏ အရိပ်များသည် အသက်ဝင်လှုပ်ရှားနေသကဲ့သို့ ကခုန်နေကြပေသည်။
“နိုးနိုးကြားကြား ရှိကြပြီး သတိထားကြပါ”
ကျောက်ရွေ့က သူမ၏ ဓားကို ဆွဲထုတ်လိုက်ရင်း သတိပေးလိုက်လေသည်။
အခြားသူများကလည်း သူမနည်းတူ လိုက်လံလုပ်ဆောင်ကြသည်။
လင်းဖန်က သူ၏ တူများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်လေသည်။
‘ဒီလို ပတ်ဝန်းကျင်က ခြုံခိုတိုက်ခိုက်ဖို့ အကောင်းဆုံးပဲ’
သူ တွေးလိုက်သည်။
သူသည် တောယုန်၏ အကြားအာရုံစွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်သည်။
လောင်ကျွမ်းကာ ယိမ်းနွဲ့နေသော မီးတောက်သံများက သူ၏နားထဲသို့ ဦးစွာ ဝင်ရောက်လာလေသည်။
ထို့နောက် ဂူမျက်နှာကြက်မှ ရေစက်ကျသံများ ဖြစ်ပေသည်။
ထိုအခိုက်တွင် သူ ကြားလိုက်ရချေပြီ။
မြန်ဆန်စွာ ခုန်ပေါက်နေသော နှလုံးခုန်သံနှင့်အတူ “ဂျီး” ဆိုသည့် ထူးဆန်းသော ဟိန်းဟောက်သံပင်။
ရှေ့တွင် သူတို့ကို စောင့်ကြိုနေသည့် အရာများ ရှိနေလေသည်။
“ခဏနေဦး”
လင်းဖန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် ကျောက်ရွေ့ဘက်သို့ လှည့်ကာ ၎င်းတို့ ပုန်းအောင်းနေသည့် တိုင်လုံးကြီးများဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
ထိုအခါ ကျောက်ရွေ့က အခြားတပည့်များကို သက်ဆိုင်ရာ တိုင်လုံးများဆီသို့ နေရာချပေးလိုက်လေသည်။
ထို့နောက် သူတို့သည် ဖြည်းညှင်းစွာဖြင့် ရှေ့သို့ တက်သွားကြသည်။
ပိုမိုနီးကပ်သွားချိန်တွင် ကျောက်ရွေ့က အမိန့်ပေးလိုက်သည်။
“အခုပဲ”
ချင်ဖုန်းဂိုဏ်းမှ တပည့်များသည် ခုန်ပျံကာ တိုင်လုံးများနောက်သို့ ဝင်ရောက်သွားကြလေသည်။
၎င်းမှာ ပုန်းအောင်းနေသူများကို အငိုက်မိသွားစေတော့သည်။
“ဘာကြီးလဲဟ”
ပိုင်ထိက သူ၏ဓားကို လေပွေဓားသိုင်းဖြင့် ထိုးသွင်းလိုက်သော်လည်း၊ လက်တစ်ဖက်က သူ၏ဓားကို ဖမ်းဆုပ်ထားချေသည်။
သူ မော့ကြည့်လိုက်သောအခါ၊ သူနှင့် အရပ်အမောင်းတူညီပြီး တစ်ကိုယ်လုံး အမွေးဖြူများ ဖုံးလွှမ်းကာ နောက်ခြေနှစ်ဖက်ဖြင့် မတ်တတ်ရပ်နေသော သတ္တဝါတစ်ကောင်ကို မြင်လိုက်ရသည်။
၎င်း၏ ဖြူရော်ရော်မျက်နှာမှာ မျောက်ဝံတစ်ကောင်နှင့်တူပြီး မျက်လုံးများကမူ လုံးဝမည်းနက်နေလေသည်။
တောင်တစ္ဆေ…
ပိုင်ထိသည် ကိုယ်တိုင် မမြင်တွေ့ရမီအချိန်ထိ တောင်တစ္ဆေဆိုသည်မှာ လူကြီးသူမများ၏ ပုံပြင်သက်သက်သာဖြစ်ကြောင်း အမြဲတွေးထင်ထားခဲ့ဖူးသည်။
သို့သော် ယခုအချိန်တွင်မူ သူသည် တောင်တစ္ဆေတစ်ကောင်၏ ရှေ့မှောက်၌ ရပ်ကာ ရင်ဆိုင်နေရပြီ ဖြစ်ပေသည်။
ထို့နောက် တောင်တစ္ဆေက ပိုင်ထိအား လက်သီးဖြင့် ထိုးချလိုက်ရာ၊ စိုစွတ်ချွဲကျိနေသော မြေပြင်ပေါ်၌ လိမ့်ကျသွားစေတော့သည်။
“သောက်ကျိုးနည်း”
ပိုင်ထိ မတ်တတ်ရပ်လိုက်ချိန်တွင် သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေလေသည်။
လင်းဖန်မှလွဲ၍ ကျန်ရှိသော ဂိုဏ်းတူအစ်ကိုများမှာလည်း ထိုနည်းတူပင် ဖြစ်ပျက်နေကြသည်။
လင်းဖန် တိုင်လုံးနောက်သို့ ခုန်ဝင်သွားချိန်တွင် ရင်းနှီးနေသော အသံတစ်ခုက သူ၏စိတ်ထဲ၌ ပေါ်ထွက်လာချေသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၁၃၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]
ကလဲ့စားချေအမှတ်များကို မြင်လိုက်ရသောအခါ သူသည် အလျင်အမြန်ပင် နောက်သို့ ပြန်ခုန်ဆုတ်လိုက်သည်။
‘ဒါက ခက်ခဲတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာတော့မှာပဲ’
သူ တွေးလိုက်သည်။
“ဂျီး...”
သူ၏ရှေ့ရှိ တောင်တစ္ဆေက ထိုထူးဆန်းသော အသံကြီးဖြင့် သူ့ကို ဟိန်းဟောက်လိုက်လေသည်။
တောင်တစ္ဆေတွင် အမွေးများရှိနေသည်ကို မြင်လိုက်ရသဖြင့် လင်းဖန်သည် ၎င်း၏ ခေါင်းဆီသို့ ယန်ရိုက်ချက်ဖြင့် ပြေးဝင်တိုက်ခိုက်လိုက်သည်။
ဝှစ်…
၎င်းက ဘေးဘက်သို့ ငုံ့ရှောင်လိုက်သော်လည်း လင်းဖန်၏ နောက်ထပ် တူတစ်လက်က ဝင်ရောက်လာပြန်သည်။
ဒေါင်…
တောင်တစ္ဆေသည် ပင်ကိုအသိစိတ်ဖြင့် ၎င်း၏လက်ကို အသုံးပြုကာ လင်းဖန်အား တွန်းထုတ်လိုက်လေသည်။
လင်းဖန်က ထိုအခွင့်အရေးကို အသုံးချကာ ယန်ရိုက်ချက်ဖြင့် ထိုလက်ဆီသို့ ချိန်ရွယ်လိုက်တော့သည်။
ဖုန်း…
ရိုက်ချက်က ထိမှန်သွားပြီး တောင်တစ္ဆေမှာ နာကျင်စွာ အော်ဟစ်လိုက်ချေသည်။
“ဂျီး”
ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ၊ အမွေးများက မီးတောက်ကို ကူးစက်သွားပြီး စတင်လောင်ကျွမ်းလာလေသည်။
ထိုအရာက တောင်တစ္ဆေအား ၎င်း၏လက်များကို ရမ်းခါပစ်စေတော့သည်။
လင်းဖန် အနီးသို့ ရောက်မလာစေရန်အတွက် တားဆီးရန် ကြိုးပမ်းနေခြင်းပင်။
တောင်တစ္ဆေသည် ရေအိုင်ငယ်တစ်ခုဆီသို့ အလျင်အမြန် ပြေးသွားပြီး ၎င်း၏လက်များကို ရေထဲသို့ နှစ်ချလိုက်လေသည်။
ရှဲ…
၎င်းမှာ အမွေးများပေါ်ရှိ မီးတောက်များကို ငြိမ်းသတ်ရန် အထောက်အကူ ဖြစ်သွားစေသည်။
‘ဒီသတ္တဝါတွေက ဉာဏ်ရည်မြင့်မားတာပဲ’
လင်းဖန်က ၎င်း၏လုပ်ရပ်ကို လေ့လာကြည့်ရှုရင်း တွေးလိုက်သည်။
သို့သော် ဆက်လက်စူးစမ်းနေရန် အချိန်မရှိတော့ပေ။
လင်းဖန်က သူ၏တူထဲသို့ ချီစွမ်းအင်များ ထည့်သွင်းလိုက်ပြီး ယန်ရိုက်ချက်နှင့်အတူ တောင်တစ္ဆေဆီသို့ မီးတောက်တစ်ခုကို ပစ်လွှတ်လိုက်လေသည်။
မီးတောက် နီးကပ်လာချိန်တွင် ၎င်း၏မျက်နှာမှာ တောက်ပသော လိမ္မော်ရောင်အဖြစ် လင်းထိန်သွားသည်။
တောင်တစ္ဆေသည် ပွတ်ကာသီကာ အချိန်လေးအတွင်းမှာပင် လိမ့်ချကာ မီးတောက်ကို ရှောင်တိမ်းသွားလေသည်။
လင်းဖန်က အသင့်စောင့်ဆိုင်းနေပြီး သူ၏ ယင်ယန်ကြက်ခြေခတ် ရိုက်ချက်ဖြင့် ၎င်းဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။