← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း (၈၆) - အချိန်ကြာမြင့်သော တိုက်ပွဲ

တုန်…

သူ၏ သံတူများက တောင်တစ္ဆေ၏ ခါးတစ်ဖက်တစ်ချက်စီကို ထိမှန်သွားသည်။

သားမွေးများက ရိုက်ခတ်မှုဒဏ်အချို့ကို သက်သာစေခဲ့သော်လည်း ယင်ယန်ကြက်ခြေခတ်ရိုက်ချက်မှ ချီစွမ်းအင်များက ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားဆဲ ဖြစ်လေသည်။

ဆန့်ကျင်ဘက်ဖြစ်သော ချီစွမ်းအင်နှစ်ခုသည် အတွင်းပိုင်းတွင် ဓာတ်ပြုသွားကြပြီး တောင်တစ္ဆေ၏ ကလီစာများကို မွှေနှောက်ဖျက်ဆီးပစ်လိုက်သည်။

“ဂျီး... ဂျီး...”

၎င်းမှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်နိုင်ရုံသာ ရှိတော့သည်။

ဗြစ်…

ဓာတ်ပြုမှုမှာ အဆုံးစွန်သို့ ရောက်ရှိသွားချိန်တွင် ၎င်း၏ဝမ်းဗိုက်မှာ ပေါက်ကွဲထွက်သွားပြီး ကလီစာများ အရပ်မျက်နှာအနှံ့ လွင့်စဉ်ထွက်သွားချေသည်။

တောင်တစ္ဆေသည် ဒူးထောက်ကျသွားကာ ထိုသို့လုပ်ခြင်းဖြင့် အကျိုးရှိမည်ဟု ထင်မှတ်နေသည့်အလား ၎င်း၏လက်များဖြင့် ကလီစာများကို ဗိုက်ထဲသို့ ပြန်ထည့်ရန် ကြိုးစားနေလေသည်။

လင်းဖန်က သူ၏ယင်ထိုးနှက်ချက်ဖြင့် တောင်တစ္ဆေ၏ခေါင်းဆီသို့ ထိုးစိုက်ချလိုက်သည်။

ချွန်ထက်သော ရေခဲချွန်သည် နဖူးဆီသို့ ပစ်ဝင်သွားပြီး အက်ကွဲသွားလေသည်။

ရေခဲချွန်မှာ တောင်တစ္ဆေ၏ ထူထဲမာကျောသော ဦးခေါင်းခွံကို ဖောက်ထွင်းနိုင်ခြင်း မရှိပေ။

သို့သော် ရိုက်ခတ်မှုကြောင့် တောင်တစ္ဆေမှာ နောက်သို့ လန်ကျသွားတော့သည်။

ဘုန်း…

၎င်းလဲကျသွားချိန်တွင် ကျယ်လောင်ပြီး စိုစွတ်နေသည့် ထိုင်းမှိုင်းမှိုင်း အသံကြီးတစ်ခုမှာ ဂူအတွင်း ပဲ့တင်ထပ်သွားလေသည်။

လင်းဖန်က မတ်တပ်ရပ်ကာ စောင့်ဆိုင်းနေလိုက်သည်။

စနစ်ထံမှ အသိပေးချက် ထွက်ပေါ်လာခြင်း မရှိချေ။

၎င်းမှာ အသက်ရှင်နေဆဲ ဖြစ်ပေသည်။

လင်းဖန်က ၎င်း၏ဦးခေါင်းရှိရာဆီသို့ အလျင်အမြန် ပြေးသွားပြီး သူ၏သံတူနှစ်လက်လုံးကို မြှောက်လိုက်သည်။

ထို့နောက် သံတူများထဲသို့ ချီစွမ်းအင်များထည့်သွင်းလိုက်ရာ သံတူများမှာ မူလထက် နှစ်ဆခန့် ကြီးမားလာလေသည်။

သူက ပြောလိုက်သည်။

“သေစမ်း...”

ထို့နောက် တောင်တစ္ဆေ၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဒေါင်…

တောင်တစ္ဆေက ၎င်း၏ လက်မောင်းများကိုမြှောက်ကာ သူ၏ရိုက်ချက်ကို ကာကွယ်လိုက်လေသည်။

လင်းဖန်မှာ လက်ကောက်ဝတ်များနှင့် ပခုံးများဆီသို့ တန်ပြန်ရိုက်ခတ်လာသော အင်အားကို ခံစားလိုက်ရသည်။

ရိုက်ခတ်မှုကြောင့် သူ၏လက်မောင်းမှာ အပေါ်သို့ ပြန်လန်တက်သွားပြီး အရှိန်ကိုထိန်းရန်အတွက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရလေသည်။

လင်းဖန်က အလျင်အမြန်ပင် နောက်သို့ ခုန်ဆုတ်လိုက်သည်။

ဤတောင်တစ္ဆေအား မည်သို့သတ်ရမည်ကို သူ စဉ်းစားရပေမည်။

အနီးကပ်ဝင်၍ သံတူများဖြင့် ရိုက်နှက်ခြင်းက အလုပ်မဖြစ်ပေ။

တောင်တစ္ဆေမှာ အသက်တစ်ချောင်းထက်ပို၍ ရှိနေပုံရလေသည်။

လင်းဖန်က သူ၏သားရဲစွမ်းရည်များကို အသုံးပြု၍ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူက တောင်တစ္ဆေဆီသို့ ချက်ချင်းပင် ထပ်မံပြေးဝင်သွားလေသည်။

ဘယ်ဘက်သံတူဖြင့် ၎င်း၏ခြေထောက်ကို ရိုက်ချလိုက်သည်။

တောင်တစ္ဆေက အောက်သို့ငုံ့ကြည့်ကာ သံတူရိုက်ချက်ကို ရှောင်တိမ်းရန် ခြေထောက်ကို မြှောက်လိုက်လေသည်။

ထိုအခိုက်တွင် လင်းဖန်က သူ၏ညာဘက်သံတူဖြင့် ၎င်း၏ခေါင်းဆီသို့ လွှဲရိုက်လိုက်သည်။

ဒေါင်…

တိမ်ဖြတ်တိုက်ခိုက်မှု ထိမှန်သွားလေသည်။

သို့သော် ဤမျှနှင့် မလုံလောက်သေးကြောင်း လင်းဖန် သိနေပေသည်။

သူသည် ဘယ်ဘက်သံတူကို လွှတ်ချလိုက်ပြီး သံမဏိလက်သည်းစွမ်းရည်ကို အသက်သွင်းကာ တောင်တစ္ဆေ၏ မျက်နှာဆီသို့ လက်သည်းဖြင့် ကုတ်ခြစ်လိုက်သည်။

အပြာရောင်အလင်းတန်းများ တောက်ပနေသော သံမဏိလက်သည်းများပါသည့် သူ၏လက်ချောင်းများမှာ မျက်နှာတစ်ဝက်ခန့်အထိသာ ထိုးဖောက်ဝင်ရောက်နိုင်လေသည်။

၎င်း၏ဦးခေါင်းခွံမှာ သူ၏သံမဏိလက်သည်းများအတွက် အလွန်တရာ မာကျောလွန်းနေပေသည်။

ပြင်းထန်သော နာကျင်မှုကြောင့် တောင်တစ္ဆေမှာ အော်ဟစ်လိုက်ပြီး ၎င်း၏မျက်နှာပေါ်မှ လင်းဖန်၏လက်ကို ဖယ်ရှားရန် ကြိုးစားလေတော့သည်။

၎င်းက လင်းဖန်၏ လက်ကောက်ဝတ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။

လင်းဖန်က သူ၏ ညာဘက်လက်ကိုအသုံးပြုကာ ကာကွယ်မှုကင်းမဲ့နေသော ဝမ်းဗိုက်ဆီသို့ ထိုးသွင်းလိုက်လေသည်။

သူ၏လက်သည် တောင်တစ္ဆေ၏ နှလုံးသားဆီသို့ ရောက်ရှိသွားသည်။

“ဂျီး...”

တောင်တစ္ဆေမှာ နာကျင်မှုကို မခံစားနိုင်တော့ဘဲ သူ၏လက်ကောက်ဝတ်ကို လွှတ်ကာ သူ၏လည်ပင်းကို ပြန်လည်ညှစ်ထားလိုက်လေသည်။

လင်းဖန်၏မျက်နှာမှာ နီရဲလာသော်လည်း တောင်တစ္ဆေ၏ နှလုံးသားကိုသာ ဆက်လက်၍ ဆုပ်နယ်ထားလိုက်သည်။

သူ မသေလျှင် တောင်တစ္ဆေသေရမည့် အခြေအနေပင် ဖြစ်ပေသည်။

ဗြစ်…

နှလုံးမှာ ပေါက်ထွက်သွားပြီး တောင်တစ္ဆေက လင်းဖန်ကို လွှတ်ပေးလိုက်လေသည်။

၎င်းက ရင်ဘတ်ကို နာကျင်စွာ ဖက်ထားရင်း လင်းဖန်နှင့် ဝေးရာသို့ ယိုင်နဲ့နဲ့ဖြင့် ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားလိုက်သည်။

တစ်နေရာရာဆီသို့သွားရန် ကြိုးစားနေခြင်းပင်။

သို့သော် ဤတစ်ကြိမ်တွင်မူ ဒဏ်ရာများက ၎င်းအတွက် ပြင်းထန်လွန်းနေချေပြီ။

ဖုန်း…

၎င်းသည် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

ဖြည်းညင်းစွာဖြင့် ၎င်းသည် သန္ဓေသားတစ်ဦးကဲ့သို့ ကွေးကွေးလေးဖြစ်သွားအောင် ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်သည်။

ထို့နောက် ၎င်းက လက်မကို ပါးစပ်ထဲသို့ထည့်ရန် ကြိုးစားနေသည်ကို လင်းဖန် မြင်လိုက်ရသည်။

လင်းဖန်၏ စိတ်ထဲတွင် အတွေးတစ်ရပ် ဝင်လာလေသည်။

သူ ထင်သည်သာ မှန်ပါက သူတို့၏ရှေ့တွင် ခက်ခဲကြမ်းတမ်းသော တိုက်ပွဲတစ်ရပ် ရှိလာပေတော့မည်။

ထိုအခိုက်တွင် သူ၏စိတ်ထဲ၌ ရင်းနှီးနေသော အသံတစ်သံ ပဲ့တင်ထပ်လာလေသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

[ကလဲ့စားချေအမှတ် + ၁၃၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၁၀၀၀]

“ဟိုမင်… မင်း အဆင်ပြေရဲ့လား”

လင်းဖန်က အော်မေးလိုက်ပြီး သူ၏တူများကို ကောက်ကိုင်လိုက်သည်။

သူက ဘေးဘီသို့ ဝေ့ကြည့်လိုက်ရာ အခြားသူများလည်း အခြေအနေ သိပ်မကောင်းလှသည်ကို မြင်လိုက်ရသည်။

ဂိုဏ်းတူအစ်ကိုအများစုမှာ တောင်တစ္ဆေများကို ခက်ခဲစွာ ရင်ဆိုင်နေရလေသည်။

“ဘာလို့ မသေကြတာလဲကွ”

အနီးအနားမှ ပိုင်ထိမှာ ကျယ်လောင်စွာ ဆဲရေးတိုင်းထွာနေသည်ကို လင်းဖန် ကြားလိုက်ရသည်။

သူ၏ ဓားနှစ်လက်သိုင်းဖြင့် ဟိုမင်မှာ သူ့ထံ ပြေးဝင်လာသော တောင်တစ္ဆေကို ခုခံကာကွယ်ရုံသာ တတ်နိုင်ပေသည်။

လင်းဖန်သည် သူ၏တူများကို ကိုင်ဆောင်ကာ တိုက်ပွဲထဲသို့ အမြန်ဝင်ရောက် ပူးပေါင်းလိုက်သည်။

တောင်တစ္ဆေက ဟိုမင်၏ လေပွေဓားသိုင်းကို ရှောင်တိမ်းလိုက်ချိန်တွင် လင်းဖန်က ယင်ယန်ကြက်ခြေခတ် ရိုက်ချက်ဖြင့် ဝင်ရောက်ထုနှက်လိုက်သည်။

ထိုရိုက်ချက်က တောင်တစ္ဆေ၏ ဘယ်ဘက်လက်မောင်းကို ထိမှန်သွားလေသည်။

ယင်ယန်ကြက်ခြေခတ်ရိုက်ချက်မှ ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကြောင့် ၎င်း၏လက်မောင်းမှာ ပခုံးမှ တွဲလွဲခိုနေလျက်သား ဖြစ်သွားချေသည်။

“ဂျီး”

၎င်းသည် ဒေါသတကြီးဖြင့် လှည့်လာကာ လင်းဖန်ထံသို့ ခုန်အုပ်လိုက်သည်။

ဟိုမင်က ထိုအခွင့်အရေးကို အသုံးချကာ မြွေကဲ့သို့ရွေ့လျားခြင်းတိုက်ကွက်ဖြင့် ချီစွမ်းအင်ကို အသုံးပြု၍ သူ၏ဓားသွားကို တောင်တစ္ဆေ၏ ကိုယ်ပေါ်သို့ ကပ်သွားစေလိုက်သည်။

တောင်တစ္ဆေက ဓားကို ပုတ်ထုတ်ရန် ကြိုးစားလေသည်။

သို့သော် ချီစွမ်းအင်ကြောင့် ဓားမှာ ၎င်း၏ကိုယ်ပေါ်၌ ကပ်နေခဲ့သည်။

ဟိုမင်က ဓားကို ၎င်း၏ခေါင်းဆီသို့ ရွေ့လျားသွားစေကာ ဓားကို လှည့်၍ မျက်လုံးထဲသို့ ထိုးစိုက်လိုက်လေသည်။

ထို့နောက် ပို၍နာကျင်စေရန် ဓားကို လိမ်ချိုးလိုက်သည်။

လင်းဖန်ကလည်း ယင်ထိုးနှက်ချက်ဖြင့် တောင်တစ္ဆေ၏ မေးစေ့ကို ထိုးသွင်းလိုက်သည်။

ချွန်ထက်သော ရေခဲစွယ်မှာ အောက်ခြေမှနေ၍ ဦးနှောက်အထိ ဖောက်ထွင်းဝင်ရောက်သွားလေသည်။

တောင်တစ္ဆေမှာ ခဏတာမျှ လူးလှိမ့်ရုန်းကန်နေပြီးနောက် ခွေကျသွားပေတော့သည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

[ကလဲ့စားချေအမှတ် + ၁၃၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၁၁၃၀]

လင်းဖန်က သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံး တစ်လုံးကို အမြန်ထုတ်ယူကာ ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။

ယင်ယန်ကြက်ခြေခတ် ရိုက်ချက်ကို အသုံးပြုခြင်းက သူ၏ချီစွမ်းအင်အများစုကို ကုန်ခမ်းသွားစေခဲ့သည်။

သူက ဆေးတစ်လုံးကို ဟိုမင်ထံ ကမ်းပေးလိုက်သည်။

ဟိုမင်၏ အခြေအနေမှာလည်း သူနှင့် အတူတူပင် ဖြစ်လေသည်။

ကြာရှည်သောတိုက်ပွဲကြောင့် သူ၏ ချီစွမ်းအင်များ ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။

ဆေးလုံးများမှတစ်ဆင့် ချီစွမ်းအင်များ ပြန်လည်ပြည့်ဝလာသောအခါ သူတို့နှစ်ဦးလုံးသည် အခြားသော ဂိုဏ်းတူအစ်ကိုများကို သွားရောက်ကူညီကြလေသည်။

“သတိထားကြ။ ဒီကောင်တွေက သေကိုမသေဘူးကွ”

လင်းဖန်နှင့် ဟိုမင်တို့ကူညီရန် ရောက်လာသည်ကိုမြင်သောအခါ ပိုင်ထိက အော်ပြောလိုက်သည်။

သုံးယောက်တစ်ယောက် တိုက်ခိုက်ခြင်းဖြစ်သဖြင့် အလွန်မြန်ဆန်စွာပင် ပြီးဆုံးသွားလေသည်။

ပိုင်ထိသည် ကြက်ခြေခတ်တိုက်ကွက်ဖြင့် ခုတ်ပိုင်းလိုက်ရာ ကြက်ခြေခတ်ပုံစံ လေပြင်းတစ်ဟုန်မှာ တောင်တစ္ဆေထံသို့ ပစ်လွှတ်လိုက်သကဲ့သို့ ပြေးဝင်သွားသည်။

တောင်တစ္ဆေက ဘေးဘက်သို့ လိမ့်ကာ ရှောင်တိမ်းလိုက်သည်။

ဟိုမင်က သူ၏ လေပွေဓားသိုင်းဖြင့် အသင့်စောင့်နေပြီး တောင်တစ္ဆေကို ချိန်ရွယ်လိုက်သည်။

လေပွေဓားသိုင်းက ၎င်း၏ပခုံးကို ထိမှန်သွားလေသည်။

“ဂျီး… ဂျီး”

တောင်တစ္ဆေထံမှ နာကျင်မှုကြောင့် ဆဲရေးတိုင်းထွာနေသည့်အလား အသံများ ထွက်ပေါ်လာသည်။

ထို့နောက် လင်းဖန်က ယင်ယန်ကြက်ခြေခတ် ရိုက်ချက်ဖြင့် ဝင်ရောက်ကာ လည်ပင်းကို ရိုက်ချလိုက်သည်။

ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကြောင့် ၎င်း၏ခေါင်းမှာ လွင့်ထွက်သွားပေတော့သည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

[ကလဲ့စားချေအမှတ် + ၁၃၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၁၂၆၀]

လင်းဖန်သည် သူ၏စိတ်ထဲရှိ အချက်အလက်ပြဇယားကို ကြည့်ရင်း တွေးလိုက်သည်။

‘ဒီတာဝန်က တော်တော်လေး တွက်ခြေကိုက်တာပဲ’

All Chapters