အခန်း ၈၇
Vol. 9 Ch. 87
အခန်း (၈၇) - ဆေးမီးဖို
လင်းဖန်၊ ဟိုမင်နှင့် ပိုင်ထိတို့သည် ၎င်းတို့၏ ချီစွမ်းအင်များကို ပြန်လည်စုစည်းပြီးနောက် ကျန်ရှိသော ဂိုဏ်းတူအစ်ကိုကြီးများအား ကူညီပေးလိုက်ကြသည်။
၎င်းတို့၏ကူညီမှုကြောင့် ကျန်ရှိနေသော တောင်တစ္ဆေများကို ပိုမိုလွယ်ကူစွာ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။
တိုက်ပွဲပြီးဆုံးသွားသောအခါ ဂိုဏ်းတူအစ်ကိုကြီးများမှာ အမောတကောအသက်ရှူရင်း ၎င်းတို့၏ ဒဏ်ရာများကို အမြန်ဆုံး ကုသကြလေသည်။
ကိုယ်ပေါ်တွင် ပါလာသမျှသော ဒဏ်ရာပျောက်ဆေးများကို ထုတ်ယူကာ သောက်သုံးလိုက်ကြသည်။
သို့သော် ၎င်းတို့ထဲမှ သုံးဦးမှာ ဒဏ်ရာပြင်းထန်လွန်းသဖြင့် အပြင်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားရလေသည်။
ထို့ကြောင့် လင်းဖန်နှင့် ဟိုမင်အပါအဝင် ကိုးဦးသာ ကျန်ရှိတော့သည်။
ကျောက်ရွေ့သည် သူမ၏ လက်မောင်းတွင် ပတ်တီးစည်းရင်း ပြောလိုက်သည်။
“အဆင်သင့်ဖြစ်ရင် ဆက်သွားကြမယ်”
ကျန်ရှိသော ဂိုဏ်းသားများက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။
အခြေအနေများမှာ စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ချေ။
ကြုံခဲ့ဖူးသော အတွေ့အကြုံများအရ ရှေ့ဆက်ရမည့်လမ်းမှာ ပိုမိုဆိုးရွားလာလိမ့်မည်ကို သိရှိနေကြသညိ။
ခဏမျှ အနားယူပြီးနောက် သူတို့သည် ဂူအတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်ရန် ပြင်ဆင်လိုက်ကြတော့သည်။
ယခုတစ်ကြိမ်တွင်လည်း ကျဉ်းမြောင်းသော ဂူလမ်းကြောင်းတစ်ခုကို ဖြတ်ကျော်ခဲ့ကြရပြီး ဂူလမ်းကြောင်းအဆုံးသို့ ရောက်သောအခါ လမ်းခွဲသုံးခု ပေါ်လာလေသည်။
ဂိုဏ်းသားတစ်ဦးက မေးလိုက်သည်။
“ဒါဆို ဘယ်လမ်းက သွားကြမလဲ”
ကျောက်ရွေ့သည် လူအားလုံး စုပေါင်းပြီး တစ်လမ်းချင်းစီကို အတူတူ သွားရောက်စစ်ဆေးချင်သော်လည်း အချိန်က သူမဘက်တွင် ရှိမနေခဲ့ချေ။
ကြာနက်ဂိုဏ်းသားများသည် အခြားထွက်ပေါက်တစ်ခုခုမှတစ်ဆင့် ထွက်ပြေးလွတ်မြောက်သွားနိုင်ပေသည်။
သူမသည် အတန်ကြာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။
“ငါတို့ သုံးယောက်တစ်ဖွဲ့စီ ခွဲသွားကြမယ်။ ကုက ငါနဲ့ ရှီနောက်ကိုလိုက်ခဲ့၊ ငါတို့ ညာဘက်လမ်းကို စစ်ဆေးမယ်။ ပိုင်ချောင်၊ ဟွင်းနဲ့ ယွမ်တို့က အလယ်လမ်းကနေ သွားကြ။ လင်းဖန်၊ ဟိုမင်နဲ့ ပိုင်ထိတို့ကတော့ ဘယ်ဘက်က ဥမင်လမ်းကို စစ်ဆေးလိုက်”
ကျောက်ရွေ့သည် လင်းဖန်၊ ဟိုမင်နှင့် ပိုင်ထိတို့ကို တစ်ဖွဲ့တည်း ထားရှိရန် ဆုံးဖြတ်ခဲ့သည်။
အစောပိုင်းတွင် ၎င်းတို့ သုံးဦး၏ ပူးပေါင်းဆောင်ရွက်မှုကို သူမ တွေ့မြင်ခဲ့ရသည်။
သူမ တိတ်တဆိတ် တွေးလိုက်သည်။
‘ပိုင်ထိကို သူတို့နဲ့ ထားလိုက်တာက ပိုကောင်းလိမ့်မယ်’
သူ၏ ဒေါသကြီးတတ်သောစရိုက်မှာ အခြားသူများနှင့်ထားပါက ပြဿနာဖြစ်နိုင်ပေသည်။
သို့သော် သူမ သို့မဟုတ် ပိုင်ချောင်တို့နှင့်ထားပါက အင်အားမမျှတဘဲ ဖြစ်သွားပေလိမ့်မည်။
ဤသည်မှာ သူမ စဉ်းစားနိုင်သမျှထဲတွင် အကောင်းဆုံး အစီအစဉ်ပင် ဖြစ်သည်။
လင်းဖန်မှာ ကန့်ကွက်ရန်မရှိသဖြင့် ခေါင်းညိတ်ကာ ဘယ်ဘက်ရှိ လမ်းထဲသို့ စတင်ဝင်ရောက်သွားလေသည်။
ပိုင်ထိက လင်းဖန်နောက်မှ လိုက်လာရင်း စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
“ငါ့ကို စောင့်ဦး။ အဲဒီခွေးမသားတွေကို သတ်ဖို့ အရမ်းလောမနေနဲ့ဦး”
ဟိုမင်သည်လည်း ၎င်းတို့နောက်သို့ အမြန် လိုက်ပါသွားလေတော့သည်။
ဂူလမ်းကြောင်းမှာ အစပိုင်းတွင် အေးမြနေသော်လည်း ၎င်းတို့ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း ပူနွေးလာခဲ့သည်။
လင်းဖန်က ရုတ်တရက် လက်ကိုမြှောက်ကာ ၎င်းတို့ကို ရပ်ရန် အချက်ပြလိုက်သည်။
ထို့နောက် သူသည် ဒူးထောက်ကာ ဂူပေါက်ဝမှတစ်ဆင့် အပြင်ဘက်သို့ တိတ်တဆိတ် ချောင်းကြည့်လိုက်သည်။
ထိုနေရာမှာ အလွန်ကျယ်ဝန်းသော မြေအောက်ခန်းမကြီးတစ်ခုဖြစ်ပြီး အနည်းဆုံး မီတာတစ်ရာခန့် ကျယ်ဝန်းပေသည်။
ခန်းမ၏ အလယ်ဗဟိုတွင် အလျားနှင့် အနံ အနည်းဆုံး ငါးမီတာခန့်ရှိသော ဧရာမ ဆေးမီးဖိုကြီး တစ်လုံး ရှိနေသည်။
ဆေးမီးဖိုအတွင်းမှ မီးတောက်များမှာ တောက်ပစွာ တောက်လောင်နေဆဲဖြစ်ပြီး အပူရှိန်များကို ထုတ်လွှတ်နေသည်။
ဆေးမီးဖို၏ ဘေးပတ်လည်တွင် သံလှောင်အိမ်များစွာရှိနေပြီး လှောင်အိမ်များထဲတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များစွာ ပိတ်လှောင်ခံထားရလေသည်။
လင်းဖန်၏ စိတ်ထဲတွင် ရွံရှာဖွယ်ရာကောင်းလှသော အတွေးတစ်ခု ဝင်ရောက်လာသဖြင့် ပျို့အန်ချင်စိတ်ပင် ဖြစ်ပေါ်လာရသည်။
သူသည် သူ၏ တောယုန်အကြားအာရုံ စွမ်းရည်ကို အသက်သွင်းကာ နားစွင့်လိုက်သည်။
တောက်လောင်နေသော မီးတောက်သံများနှင့် သုံ့ပန်းများ၏ ရှိုက်ကြီးတငင် ငိုကြွေးသံများမှလွဲ၍ အခြား ထူးခြားသော အသံကို မကြားရချေ။
လင်းဖန်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“လာ၊ သွားကြစို့”
ဟိုမင်နှင့် ပိုင်ထိတို့သည် ခန်းမအတွင်းရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ ဒေါသတကြီး ဆဲရေးလိုက်ကြသည်။
ပိုင်ထိက သွားကြိတ်ကာ ဓားကို တင်းတင်းဆုပ်ကိုင်ရင်း ဒေါသတကြီး ပြောလိုက်သည်။
“ဒီ ကြာနက်ဂိုဏ်းကကောင်တွေ ဒါအတွက် ပြန်ပေးဆပ်ရမယ်”
လင်းဖန်သည် သုံ့ပန်းများကို သွားရောက်လွှတ်ပေးရန် ပြင်နေသော ဟိုမင်ကို မြင်သောအခါ လှမ်းတားလိုက်သည်။
“ဟိုမင်၊ မလုပ်နဲ့ဦး”
ဟိုမင်က စိုးရိမ်တကြီးဖြင့် ပြန်မေးလိုက်သည်။
“ဘာလို့လဲ။ ငါတို့ သူတို့ကို ကယ်တင်ရမှာ မဟုတ်ဘူးလား”
လင်းဖန်သည် ပိတ်လှောင်ခံထားရသော အမျိုးသား၊ အမျိုးသမီးများနှင့် ၎င်းတို့၏ ကလေးများကို ဖက်ကာ နှစ်သိမ့်ရန် ကြိုးစားနေသူများကို စိုက်ကြည့်လိုက်သည်။
သူသည် သက်ပြင်းတချက် ချလိုက်ပြီးနောက် ပြောလိုက်သည်။
“ငါတို့ သူတို့က ဘယ်သူတွေလဲဆိုတာမသိဘူး။ ကြာနက်ဂိုဏ်းသားတွေက သူတို့ထဲမှာ ပုန်းကွယ်နေတာလည်း ဖြစ်နိုင်တယ်။ တကယ်လို့ မရှိဘူးဆိုရင်တောင် သူတို့က အရမ်းကြောက်လန့်ပြီး ငါတို့ကို ထွက်ခွာခွင့်မပေးဘဲ ဆွဲထားလိမ့်မယ်”
ရွာသားများနှင့်ပတ်သက်၍ သူ၏ ယခင်အတွေ့အကြုံများမှာ အလွန်ပင် ဆိုးရွားခဲ့ဖူးသည်။
ထို့ကြောင့် လင်းဖန်သည် ၎င်းတို့ကို လွှတ်ပေးလိုက်ပါက မိမိတို့အပေါ် တတွဲတွဲ ဖက်တွယ်လာကြမည်ကို သိရှိနေသည်။
ထိုအချိန်မျိုးမှာ ကြာနက်ဂိုဏ်းသားများက အလစ်ငိုက်တိုက်ခိုက်မည့်အချိန်ပင် ဖြစ်ပေတော့သည်။
ဟိုမင်နှင့် ပိုင်ထိတို့က ခေါင်းညိတ်လိုက်ကြသည်။
ဖြောင်း…
ဖြောင်း…
ဖြောင်း…
ရုတ်တရက် တစ်စုံတစ်ယောက် လက်ခုပ်တီးလိုက်သည့်အသံကို သူတို့ ကြားလိုက်ရလေသည်။
လင်းဖန်က သူ၏တူများကို ဆုပ်ကိုင်ထားရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
“ငါတို့ရဲ့ ရိုးရှင်းတဲ့ လှည့်ကွက်ကို ရိပ်မိသွားတာ တော်တော်လေး တော်တာပဲ”
သူတို့ဝင်လာခဲ့သော အပေါက်ဝဆီမှ ချင်ဖုန်းဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦး ထွက်ပေါ်လာလေသည်။
သူမက လင်းဖန်ကိုကြည့်ကာ နှုတ်ခမ်းသပ်လိုက်သည်။
ထို့နောက် သူမ၏အနောက်မှ လူတစ်ယောက် ထွက်ပေါ်လာချေသည်။
ထိုသူမှာ ထန်ရွေ့ပင် ဖြစ်ပေသည်။
“သေစမ်း... လင်းဖန်”
သူသည် အချိန်မဆွဲတော့ဘဲ လင်းဖန်ဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်လေသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၁၅၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]
လင်းဖန်က သူ၏တူကိုအသုံးပြုကာ မိမိ၏လည်ပင်းဆီသို့ ဦးတည်လာသော ထန်ရွေ့၏ ဓားကို ပိတ်ဆို့ကာကွယ်လိုက်သည်။
ဟိုမင်နှင့် ပိုင်ထိတို့က လာရောက်ကူညီချင်ခဲ့သော်လည်း ထိုအမျိုးသမီးငယ်၏ တားဆီးခြင်းကို ခံလိုက်ရသည်။
ချွမ်…
လင်းဖန်က သူ၏ ညာဘက်တူဖြင့် ထန်ရွေ့၏ ခါးဆီသို့ ရိုက်ချလိုက်သော်လည်း ဓားဖြင့် ကာကွယ်ခြင်း ခံလိုက်ရလေသည်။
ထို့နောက် သူ၏ ဘယ်ဘက်တူက ထန်ရွေ့၏ ခေါင်းဆီသို့ ထပ်မံရိုက်ချလိုက်သည်။
ထန်ရွေ့က ကိုယ်ကိုလှည့်ကာ ထိုရိုက်ချက်ကို ရှောင်တိမ်းလိုက်ပြီးနောက်၊ လှည့်လိုက်သည့် အားကို အသုံးချကာ လင်းဖန်အား နောက်ပြန်ဓားကွက်ဖြင့် ထိုးစိုက်လိုက်သည်။
လင်းဖန်က အရှေ့သို့ ကိုင်းညွတ်လိုက်ပြီး ထိုတိုက်ကွက်ကို ရှောင်တိမ်းလိုက်လေသည်။
သူက ထိုအဟုန်ကိုအသုံးပြု၍ ရှေ့သို့လိမ့်သွားကာ ထန်ရွေ့နှင့် ခပ်ခွာခွာနေလိုက်သည်။
ထန်ရွေ့က ကြက်ခြေခတ်ဓားကွက်ကို အသုံးပြုလိုက်ရာ ကြက်ခြေခတ်ပုံစံ ဓားလေလှိုင်းက လင်းဖန်ဆီသို့ ပစ်လွှတ်လာချေသည်။
လင်းဖန်က သူ၏တူများကို အရှေ့တွင်ကာထားလျက် နောက်သို့လှည့်ကာ ထန်ရွေ့ကို ရင်ဆိုင်လိုက်သည်။
ချွမ်…
သူ၏တူများက ကြက်ခြေခတ်ဓားကွက်မှ ထွက်ပေါ်လာသော ဓားလေလှိုင်းကို ကာကွယ်ပေးလိုက်လေသည်။
“မင်းက ဘာလို့ မသေရတာလဲ”
လင်းဖန်တွင် အနာအဆာကင်းနေသည်ကို မြင်လိုက်ရသောအခါ ထန်ရွေ့မှာ ဒေါသထွက်သွားချေသည်။
သူက လင်းဖန်ဆီသို့ ထပ်မံပြေးဝင်လာပြန်သည်။
လင်းဖန်က မြေကြီးပေါ်မှ မြေမှုန့်အချို့ကို ဆုပ်ယူလိုက်ပြီး ထန်ရွေ့၏ မျက်လုံးများဆီသို့ ပက်လိုက်လေသည်။
မြေမှုန့်များက ထန်ရွေ့၏ မျက်လုံးထဲသို့ ဝင်သွားသဖြင့် သူက အော်ဟစ်လိုက်သည်။
“ခွေးမသား”
အမြင်အာရုံ ပျောက်ကွယ်သွားသဖြင့် ထန်ရွေ့မှာ လင်းဖန်ကို ကာကွယ်ရန်ကြိုးစားရင်း ရမ်းသန်းကာ ခုတ်ပိုင်းနေလေတော့သည်။
လင်းဖန်က သူ၏တူတစ်လက်ကို ထန်ရွေ့၏ ခြေထောက်ဆီသို့ ပစ်ပေါက်လိုက်သည်။
ဘုန်း…
တူက သူ့ကိုထိမှန်သွားပြီးနောက် ထန်ရွေ့မှာ မြေကြီးပေါ်သို့ လဲကျသွားချေသည်။
လင်းဖန်က ထန်ရွေ့၏ လက်ကို ကန်ထုတ်လိုက်ရာ ဓားမှာ လက်ထဲမှ လွင့်ထွက်သွားလေသည်။
လင်းဖန်က သူ၏ ကျန်ရှိနေသော တူဖြင့် ထန်ရွေ့၏ ခေါင်းဆီသို့ ရိုက်ချလိုက်သည်။
ဖုန်း…
ထန်ရွေ့က အချိန်မီပင် လည်ပင်းကို လှည့်ရှောင်လိုက်နိုင်သဖြင့် တူမှာ တစ်လက်မခန့် လွဲချော်သွားလေသည်။
သူက လင်းဖန်ကို လှမ်းကန်လိုက်သော်လည်း လင်းဖန်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။
လင်းဖန်က လက်ထဲတွင် ဖမ်းဆုပ်ထားသော ထန်ရွေ့၏ ခြေထောက်ကို ဆွဲလျက် မီးလောင်ကျွမ်းနေသော ဆေးမီးဖိုကြီးဆီသို့ ဆွဲခေါ်သွားလေတော့သည်။
ထန်ရွေ့ကဲ့သို့သော လူမျိုးအတွက် ထိုအရာထက် ပိုမိုသင့်တော်သော အဆုံးသတ်မျိုးကို သူ စဉ်းစားမရနိုင်ခဲ့ပေ။
သူက ထန်ရွေ့၏ ခြေထောက်ကို ဆွဲမကာ ဆေးဖိုကြီးထဲသို့ ထည့်ရန် ကြိုးစားလိုက်ချိန်တွင်...
ထန်ရွေ့က ရုန်းကန်ကာ လွတ်မြောက်ရန် ကြိုးစားလေသည်။
သို့သော် သူ၏လက်များက ဆေးမီးဖိုကြီးနှင့် ထိမိသွားပြီးနောက် လက်များ မီးလောင်သွားသော တရှဲရှဲအသံများကို လင်းဖန် ကြားလိုက်ရလေသည်။
“အား...”
ထန်ရွေ့က နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။
အမျိုးသမီးငယ်က ထန်ရွေ့၏ အော်ဟစ်သံကို ကြားလိုက်ရပြီးနောက် ကူညီရန် အပြေးရောက်လာချေသည်။