အခန်း ၁၀၈၃
Vol. 104 Ch. 1083
အခန်း ၁၀၈၃ လက်လျှော့စွန့်လွှတ်ခြင်း
ဝူလျာသည် လက်အား သာသာယာယာပင် ဝေ့ယမ်းလိုက်ပြီး ရွှေရောင်အလင်းတန်းများဖြင့် ဖွဲ့စည်းထားသည့် ဓားတစ်လက်ကို ပစ်လွှတ်ကာ ဧကရာဇ်လု၏ ဇနီးဖြစ်သူ နှလုံးသားတည့်တည့်သို့ ချင်းနင်းဝင်ရောက် စိုက်ဝင်စေခဲ့ပြီး သူမအား ချက်ချင်းပင် အသက်ပျောက်သွားစေခဲ့၏။
မိဖုရားကြီးသည် မျက်လုံးများ ပြူးကျယ်သွားလျက် မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲ ကျသွားခဲ့ရပြီး ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရတော့သည်။
သူမအနေဖြင့် မိမိ၏ သမက်ဖြစ်သူကို ကူညီနိုင်မည်၊ အခြေအနေများကို ဖြေရှင်းနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဝူလျာသည် သူမ၏ စကားများကို နားထောင်ရန်ပင် စိတ်မဝင်စားခဲ့သဖြင့် သူမ၏ တွေးတောချက်မှာ လုံးဝ မှားယွင်းသွားခဲ့ရပေသည်။
သူမသည် လုံချန်းကို သူမ အလိုရှိသကဲ့သို့ တိုက်ရိုက် မကူညီနိုင်ခဲ့သော်လည်း သူမ၏ ကြားဖြတ်နှောင့်ယှက်မှုကြောင့် ဝူလျာ အာရုံလွဲသွားခဲ့ရသဖြင့် လုံချန်းအနေဖြင့် အချိန် ပိုမို ရရှိသွားခဲ့ကာ သွယ်ဝိုက်သောနည်းဖြင့် ကူညီပေးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့အပြင် လုံချန်းသည်လည်း တဖြည်းဖြည်းနှင့် အသိစိတ် ပြန်လည်ရရှိလာခဲ့ပြီ ဖြစ်၏။
...
'မင်းနဲ့ သိတဲ့လူတွေ အားလုံးက ဘာဖြစ်လို့ ဒီလောက်တောင် စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းနေရတာလဲ။ ငါ့ကို တောက်လျှောက် လာပြီး နှောင့်ယှက်နေကြတာပဲ။ မင်းကိုတောင် အေးအေးလူလူ သေခွင့်မပေးနိုင်ကြဘူးပေါ့ ဟုတ်လား' ဝူလျာက စိတ်ပျက်လက်ပျက်ဖြင့် တွေးတောကာ သက်ပြင်းချလိုက်မိသည်။
"ဟင်..."
သူ အနောက်ဘက်သို့ ပြန်လည်လှည့်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ထူးဆန်းသော အခြေအနေ တစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်ရ၏။
သူ၏ ခြေဖဝါးအောက်တွင် မည်းနက်သော မြူခိုးငွေ့များ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့က နေရာအနှံ့သို့ တရိပ်ရိပ် ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်ပေသည်။
ထိုမြူခိုးငွေ့များကို မြင်တွေ့လိုက်ရသောအခါ ဝူလျာသည် မည်သို့ ဖြစ်ပျက်နေသည်အား ရိပ်မိသွားခဲ့၏။ သူ၏ ထင်မြင်ချက် မှန်ကန်ခြင်း ရှိမရှိ သေချာစေရန်အတွက် သူသည် နောက်သို့ အလောတကြီး ပြန်လှည့်ကြည့်လိုက်ရာ သူ ထင်မှတ်ထားခဲ့သည့် အတိုင်းပင် ဖြစ်နေခဲ့တော့သည်။
သူသည် လုံချန်း၏ မျက်လုံးများ ပွင့်လာခဲ့သည်ကို မြင်တွေ့လိုက်ရ၏။ သို့သော် လုံချန်း၏ မျက်လုံးအရောင်မှာ ပုံမှန်အတိုင်း မဟုတ်တော့ချေ။ ထိုအစား မျက်လုံးအစုံမှာ ကတ္တရာစေးကဲ့သို့ လုံးဝ ဥဿုံ မည်းနက်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်ဘေးပတ်ပတ်လည်တွင် အမြဲတစေ တည်ရှိနေတတ်သော ပုံမှန် စွမ်းအားအငွေ့အသက်များမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး ထိုနေရာတွင်မူ ပိုမို၍ ယုတ်မာကောက်ကျစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အမှောင်စွမ်းအား အငွေ့အသက်များ ပြည့်နှက်နေခဲ့တော့သည်။
လုံချန်းကို အကြောသေသွားစေရန် ဖောင်းကြွပိတ်ဆို့ထားခဲ့သော မည်းနက်နေသည့် အာရုံကြောကြီးများမှာလည်း တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်း ပြန်လည်ဖြစ်ပေါ်လာခဲ့ပြီး သွေးလည်ပတ်မှုများ ပြန်လည်စတင်လာခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်ထက်က ဖြူလျော်နေသော အရောင်များမှာလည်း ပျောက်ကွယ်သွားခဲ့ရ၏။
သူ၏ အကြောသေနေမှုမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လုံချန်း ပြန်လည်နိုးထလာခဲ့ပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်နှင့် ဝူလျာသည် သူ၏ လှံရှည်ကို ရှေ့သို့ အားကုန် ချက်ချင်း ထိုးစိုက်လိုက်တော့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ အခြေအနေများက ကွဲပြားခြားနားသွားခဲ့ရပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဝူလျာ၏ လှံဖျားသည် လုံချန်း၏ ခန္ဓာကိုယ်ဆီသို့ မချဉ်းကပ်နိုင်မီ ဝူလျာကိုယ်တိုင် အနောက်ဘက်သို့ အရှိန်ပြင်းစွာ လွင့်စင်သွားခဲ့ရသောကြောင့် ဖြစ်ပေသည်။
လုံချန်း၏ ခန္ဓာကိုယ်အတွင်းမှနေ၍ စွမ်းအားလှိုင်းတစ်လှိုင်း ပြင်းထန်စွာ ရိုက်ခတ်ထွက်ပေါ်လာခဲ့ပြီး ၎င်းက ရှုလျန်၏ ထူးခြားသော စွမ်းအားလှိုင်းနှင့် အနည်းငယ် ဆင်တူပေသည်။ တစ်ခုတည်းသော ကွဲပြားခြားနားချက်မှာမူ ရှုလျန်၏ စွမ်းအားလှိုင်းက ပိုမို၍ တောက်ပလင်းလက်နေခဲ့ပြီး ယခု လုံချန်း၏ စွမ်းအားလှိုင်းကမူ ပိုမို၍ မှောင်မိုက်နေခဲ့ခြင်း ဖြစ်၏။
ထိုပြင်းထန်သော စွမ်းအားလှိုင်းက ဝူလျာကို အရှိန်ပြင်းစွာ ရိုက်ခတ်ဖမ်းဆုပ်လိုက်ပြီးနောက် အနောက်ဘက်သို့ လွှင့်ပစ်လိုက်သဖြင့် သူ၏ တိုက်ကွက်မှာ ပျက်စီးသွားခဲ့ရတော့သည်။
မည်သည့် စိတ်ခံစားချက် အရိပ်အယောင်မျှ မရှိဘဲ တည်ငြိမ်အေးစက်နေသော လုံချန်းသည် လေထဲသို့ တရွေ့ရွေ့ ပျံတက်သွားခဲ့ပြီး ကောင်းကင်ယံထက်တွင် ဝဲပျံနေခဲ့တော့သည်။
...
'လုံချန်း... သတိရစမ်းပါဦး၊ နင်က တကယ့် ငတုံးပဲ။ ဒီကောင်က နင့်ကို သတ်တော့မယ်'
လုံချန်း အသိစိတ်လွတ်သွားခဲ့စဉ်အတွင်း ရွှင်းသည် သူ့ကို အမြန်ဆုံး အသိစိတ်ပြန်လည်ရရှိစေရန်အတွက် စိတ်ထဲတွင် အဆက်မပြတ် အော်ဟစ်အကူအညီတောင်းနေခဲ့သော်လည်း ယင်းက အလုပ်မဖြစ်ခဲ့ချေ။
ဝူလျာ၏ လှံဖျားသည် လုံချန်း၏ လည်ပင်းနားသို့ ကပ်ပါလာသည်ကို မြင်တွေ့လိုက်ရသောအခါ အရာအားလုံး နောက်ကျသွားခဲ့ပြီဖြစ်ကြောင်း လုံချန်း သေဆုံးသွားခဲ့ရပြီဖြစ်ပြီး အရာရာတိုင်း ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း သူမ သဘောပေါက်လိုက်မိသည်။
ကံကောင်းစွာဖြင့် ထိုအခိုက်အတန့်တွင် လုံချန်း၏ ယောက္ခမက ကြားဖြတ်ဝင်ရောက် တားဆီးပေးခဲ့ခြင်း ဖြစ်ပေသည်။
လုံချန်းအတွက် နောက်ထပ် အခွင့်အရေးကောင်းတစ်ခု ရရှိလာသည်ကို မြင်တွေ့လိုက်ရသောအခါ ရွှင်းသည် ထပ်မံ၍ အားကုန် အော်ဟစ်လိုက်ပြန်၏။
'ထစမ်းပါဦး နင်က တကယ့် လူယုတ်မာပဲ။ ကျေးဇူးပြုပြီး သတိရစမ်းပါ။ တကယ်လို့ နင်သာ သတိမရလာရင် ငါတို့ နှစ်ယောက်စလုံး သေရလိမ့်မယ်' သူမသည် ရှိသမျှ အားအင်အကုန်သုံး၍ အော်ဟစ်လိုက်တော့သည်။
အံ့ဩစရာကောင်းစွာ ယခုတစ်ကြိမ်တွင်မူ သူမ၏ အော်ဟစ်သံက အလုပ်ဖြစ်သွားခဲ့ရပြီး လုံချန်း၏ မျက်တောင်များ လှုပ်ခတ်လာခဲ့ကာ သူ အသိစိတ် ပြန်လည်ရရှိလာခဲ့ပြီ ဖြစ်၏။
'ကောင်းပြီ... အမြန်ဆုံး သတိရစမ်း။ မဟုတ်ရင် နင် သေလိမ့်မယ်။ မြန်မြန်လုပ်' ရွှင်းက လုံချန်းကို သတိပေးလိုက်သည်။
လုံချန်း၏ စိတ်အာရုံများ ပြန်လည် အသက်ဝင်လာခဲ့ပြီ ဖြစ်သဖြင့် သူသည် သူမ၏ စကားများကို ကြားသိနားလည်နိုင်ခဲ့ပြီ ဖြစ်၏။
သူသည် သူ၏ မျက်လုံးများကို အလျင်အမြန် ဖွင့်လိုက်ပြီး ရန်သူနှင့် အကွာအဝေးတစ်ခု ဖြစ်ပေါ်စေရန်အတွက် မတ်တပ်ရပ်ရန် ကြိုးပမ်းလိုက်တော့သည်။
'ရွှင်း... ငါ လှုပ်ရှားလို့ မရဘူး။ ဒီသောက်ကျိုးနည်း အကြောသေတာက ငါ အသက်ကယ်ဆေးလုံးတွေကိုတောင် ထုတ်ပြီး မမျိုနိုင်ဘူး ဖြစ်နေတယ်' သူက စိတ်ချင်းဆက်သွယ်မှုမှ တစ်ဆင့် ရွှင်းကို ပြောပြလိုက်၏။
'အသက်ကယ် ဆေးလုံးတွေကလည်း နင့်ကို ကူညီနိုင်လိမ့်မယ်လို့ ငါမထင်ဘူး။ နင် နောက်ထပ် တစ်စက္ကန့် အတွင်းမှာ ချက်ချင်းထနိုင်ရမယ်။ မဟုတ်ရင် သူ နင့်ကို သတ်လိမ့်မယ်' ရွှင်းက ဝူလျာတစ်ယောက် လုံချန်း၏ ယောက္ခမကို သွားရောက် တိုက်ခိုက်နေသည်အား ကြည့်ရင်း အလောတကြီး တိုက်တွန်းလိုက်သည်။
ထိုအမျိုးသမီး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သူမ သဘောပေါက်လိုက်မိ၏။ ထို့နောက်တွင်မူ လုံချန်း၏ အလှည့် ရောက်ရှိလာတော့မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကောင်သည် လုံချန်းကို ထွက်ပြေးရန် သို့မဟုတ် ဒဏ်ရာကုသရန်အတွက် တစ်စက္ကန့်မျှပင် အချိန်ပေးမည် မဟုတ်သောကြောင့် ဖြစ်၏။
သူတို့တွင် အခြားရွေးချယ်စရာ လမ်းမရှိတော့ပေ။ အချိန်ဓားသည် ယခုတစ်ကြိမ်တွင်လည်း သူ့ကို ကူညီနိုင်ခြေ ရှိသော်လည်း ၎င်းက ခန့်မှန်းချက်တစ်ခုသာ ဖြစ်ပေသည်။ ကံဆိုးစွာဖြင့် ထိုဓားမှာလည်း အဝေးတစ်နေရာတွင် လဲလျောင်းနေခဲ့ပြီး ရွှင်းကိုယ်တိုင်လည်း သွားရောက်ထိတွေ့နိုင်ခြင်း မရှိပေ။
ဤအကြောသေနေမှုမှ လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခု ရှိနေဆဲဖြစ်ကြောင်း သူမ သိရှိသော်လည်း ထိုလမ်းစဉ်ကမူ ယခုအခြေအနေထက်ပင် ပိုမို၍ ဆိုးရွားသွားနိုင်ခြေ ရှိပေသည်။ လုံချန်းအနေဖြင့် ထိုအရာအား သဘောတူလက်ခံခြင်း ရှိ မရှိကိုပင် သူမ မသေချာပေ။
သို့သော် ကံဆိုးစွာဖြင့် ဝူလျာသည် စကားပြောဆိုပြီးနောက် အနောက်ဘက်သို့ ချက်ချင်း ပြန်လှည့်လာတော့မည်ဖြစ်သဖြင့် သူမတွင် အစီအစဉ်တစ်ခုခု ကြံဆရန်အတွက် တစ်စက္ကန့်မျှပင် အချိန်မရှိတော့ပေ။
'အခုချက်ချင်း လုပ်လိုက်တော့။ အမှောင်ယဇ်ပဏ္ဏာကို အခုချက်ချင်း ထုတ်ဖော်လိုက်။ ဒုတိယအကြိမ် ထပ်ပြီး မတွေးနဲ့တော့' သူမက လုံချန်းကို ပြောလိုက်သောအခါ လုံချန်းသည်လည်း ဤအရာကသာ တစ်ခုတည်းသော အဖြေဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူသည်လည်း အနည်းငယ် ဝေခွဲမရ ဖြစ်နေခဲ့သော်လည်း အကယ်၍ မိမိ မည်သည့်အရာမျှ မလုပ်ဆောင်ပါက သေချာပေါက် သေဆုံးသွားရတော့မည်ဖြစ်ကြောင်း သိရှိနေခဲ့၏။
အကယ်၍ မိမိအနေဖြင့် ငရဲပြည်သို့ သွားရမည်ဆိုပါက ဝူလျာကိုပါ တစ်ပါတည်း ဆွဲခေါ်သွားရမည် ဖြစ်ပေသည်။ ဤကောင်သည် မင်ယု၏ ဖခင်အား သတ်ဖြတ်ခဲ့သူဖြစ်ပြီး ၎င်းအား လုံချန်းအနေဖြင့် အရေးမစိုက်ခဲ့သော်လည်း ယခုမူ သူမ၏ မိခင်ကိုပါ ထပ်မံသတ်ဖြတ်ခဲ့သဖြင့် မင်ယုအား မိဘမဲ့တစ်ဦး ဖြစ်သွားစေခဲ့ပြီ ဖြစ်၏။
လူနှစ်ဦးမှာ သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ နောက်ထပ်အနေဖြင့်မူ မုဆိုးကြယ်၏ အသက်အန္တရာယ်မှာလည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ကို သူ မြင်တွေ့နေရ၏။ အရာရာတိုင်းက မိမိကို ဆန့်ကျင်နေခဲ့ပြီ ဖြစ်သည်။
မိမိအနေဖြင့် ဤစွန့်စားမှုကို ပြုလုပ်ရခြင်းက တန်ဖိုးရှိကြောင်း သူ သဘောပေါက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုစွန့်စားမှုကြောင့် ဘေးအန္တရာယ်များ လျော့ပါးသွားနိုင်ပြီး မိမိတွင် ကံကောင်းမှုအချို့ ရှိနေသေးပါက အန္တရာယ်များကို ကျော်လွှားနိုင်လိမ့်မည်ဟု မျှော်လင့်နိုင်သေးသောကြောင့် ဖြစ်၏။
သူသည် သူ၏ မျက်လုံးများကို တင်းတင်းပိတ်လိုက်ရင်း ခန္ဓာကိုယ် အတွင်းက အမှောင်စွမ်းအားများကို ဆင့်ခေါ်ကာ စကားလုံးနှစ်လုံးအား စိတ်ထဲကနေ ရေရွတ်လိုက်တော့သည်။
"အမှောင်ယဇ်ပဏ္ဏာ..."
သူသည် မိမိကိုယ်ကို အမှောင်ထု အတွင်းသို့ လုံးဝ ဥဿုံ စွန့်လွှတ် ပေးအပ်လိုက်တော့သည်။ မည်သို့ပင်ဖြစ်စေ သူသည် ဤအခြေအနေ အတွင်း၌ ထာဝရ ရှိနေမည် မဟုတ်ပေ။ ထိုအခြေအနေနှင့် ပညာရပ် အစွမ်းမှာ သတ်မှတ်ထားသော အချိန်တစ်ခု ကုန်လွန်သွားပါက ပြီးဆုံးသွားမည်သာ ဖြစ်၏။ ထိုအရာ ပြီးဆုံးသွားသည့် အချိန်တွင် မိမိအနေဖြင့် တစ်စုံတစ်ခုကို သေချာပေါက် ဆုံးရှုံးရမည် ဖြစ်သော်လည်း အသက်ဆုံးရှုံးရခြင်းနှင့်စာလျှင် ထိုဆုံးရှုံးမှုက များစွာ သက်သာပေသည်။
သူ့ကို တားဆီးနေခဲ့သည့် တစ်ခုတည်းသော အချက်မှာမူ မိမိအနေဖြင့် အမှောင်ယဇ်ပဏ္ဏာ အဆင့်အတွင်းသို့ ရောက်ရှိသွားပါက မိမိ၏ အတွေးအခေါ်များနှင့် လုပ်ဆောင်ချက်များကို ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ကြောင်း သိရှိနေခြင်း ဖြစ်၏။ သို့သော် ယခုအခြေအနေမှာမူ ထိုအချက်ကို စိုးရိမ်ပူပန်နေရမည့် အချိန် မဟုတ်တော့ချေ။
...
မျက်နှာတစ်ဝက် ဖုံးအုပ်ထားသော ထိုလူသည် လုံချန်း၏ သေဆုံးမည့် အချိန်ကို စောင့်ဆိုင်းရင်း ဝိုင်များအား သောက်သုံးနေစဉ် သူ့လက်ထဲမှ ဝိုင်ခွက်မှာ ရုတ်တရက် အောက်သို့ လွတ်ကျသွားခဲ့ရသည်။ သူသည် အလန့်တကြားဖြင့် မတ်တပ်ရပ်လိုက်ရင်း သူ၏ ဘယ်ဘက်ဘေးသို့ လှမ်းကြည့်လိုက်မိ၏။
"ဒီကောင်ကတော့ တကယ်ပဲ။ သူက အမျိုးသမီးတစ်ယောက်ကြောင့်နဲ့ အာရုံလွဲသွားရတယ်လို့လား။ သူက ဒီလောက်အထိ လွယ်ကူတဲ့ ကိစ္စတစ်ခုကို တကယ့်ကို ရှုပ်ထွေးအောင် လုပ်ပစ်လိုက်တာပဲ"
"လုံချန်းက စွမ်းအားတွေ ရရှိဖို့အတွက် အမှောင်ထုဆီ ကိုယ့်ကိုယ်ကို စွန့်လွှတ်ပေးလိုက်ပြီ။ ဝူလျာအနေနဲ့ ဒါကို လုံးဝ ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး။ အနည်းဆုံးတော့... ငါက ကံကြမ္မာ အကာအကွယ် ဆုံးရှုံးမသွားဘဲနဲ့ အခုအချိန်မှာ တိုက်ရိုက် ဝင်ရောက်လုပ်ဆောင်လို့ ရသွားပြီပေါ့" ထိုလူက ဆိုလိုက်ရင်း သက်ပြင်းချလိုက်မိသည်။
သူသည် စားပွဲပေါ်တွင် လဲလျောင်းနေသော ရွှေရောင်စာအုပ်ကြီးကို ကောက်ယူလိုက်ပြီးနောက် ထိုနေရာမှ ချက်ချင်းပင် ဖျောက်ကွယ် ပျောက်ဆုံးသွားခဲ့တော့သည်။
...
အခြားတစ်ဖက်တွင်မူ မုဆိုးကြယ်သည် ဧကရာဇ်လုကို ထိပ်တိုက်ရင်ဆိုင်နေခဲ့သော်လည်း သူသည်လည်း အလွန်အစွမ်းထက်သော အမှောင်ထုစွမ်းအားများ နေရာအနှံ့သို့ တရိပ်ရိပ် ပျံ့နှံ့လာနေသည်အား အာရုံခံမိလိုက်ရ၏။
သူကိုယ်တိုင်ကလည်း အမှောင်ထုက မွေးဖွားပေးထားသည့် သားရဲတစ်ကောင် ဖြစ်သည့်အပြင် ဤအမှောင်ထု စွမ်းအားမှာ သူ့သခင်၏ ကိုယ်ပိုင်စွမ်းအား ဖြစ်သဖြင့် သူသည်လည်း ၎င်းထံမှနေ၍ စွမ်းအားများကို ရရှိလာခဲ့ပြီ ဖြစ်သည်။ သူသည် သူ့ခန္ဓာကိုယ် ပိုမို သန်မာလာပြီး လှုပ်ရှားမှုအရှိန်အဟုန်များလည်း ပိုမို လျင်မြန်လာသည်ကို ထင်ရှားစွာ ခံစားလိုက်ရတော့သည်။
သူသည် မွေးရာပါ အမှောင်ထု သတ္တဝါတစ်ကောင် ဖြစ်သဖြင့် ဤစွမ်းအားများကို ရရှိရန်အတွက် မိမိကိုယ်ကိုယ် လှည့်စားရန် သို့မဟုတ် မိမိ၏ အသိစိတ်များအား လက်လွှတ် စွန့်လွှတ်ရန်မူ လုံးဝ မလိုအပ်ခဲ့ပေ။