အခန်း ၁၀၈၅
Vol. 104 Ch. 1085
အခန်း ၁၀၈၅ ပြန်လည်ရောက်ရှိခြင်း
"ဒါဆို မင်းတွေးထားတာက ငါတို့ အဲဒီနေရာကို သွားတဲ့အခါ အဲဒီကောင်က ဘယ်သူမှ ထပ်ပြီး ထွက်မလာတော့ဘူး၊ သူလည်း ဘယ်ရောက်သွားမှန်း မသိဘူးလို့ ဆင်ခြေပေးလိမ့်မယ်ပေါ့ ဟုတ်လား" တောင်ဘက် ဧကရာဇ်က မေးမြန်းလိုက်၏။
"သေချာတာပေါ့... သူ အဲဒီအတိုင်းပဲ ပြောမှာ" မြောက်ဘက် ဧကရာဇ်က ပြုံးလျက် ဆိုလိုက်သည်။ "သူ့ရဲ့ သတင်းစကားထဲမှာတင် သူက ဒီကိစ္စကို ကြိုတင် ပြင်ဆင်ထားပြီးသားပဲ။ အဲဒီကောင်က ထွက်ပြေးသွားခဲ့ပြီလို့ သူက ရေးထားတယ်လေ"
"အတိအကျပဲ။ ဒါဆို ငါတို့က ဒီလိုအရာမျိုးကို အလေးအနက် ထားနေဖို့ လိုအပ်လို့လား" တောင်ဘက် ဧကရာဇ်က မျက်မှောင်ကုတ်လျက် မေးလိုက်၏။
"ငါ့အမြင်ကတော့ ငါတို့ အလေးအနက် ထားသင့်တယ်လို့ ထင်တယ်။ အဲဒီကောင်က ကောင်းကင်ဘုံမိစ္ဆာလောကက တိုက်ရိုက်လာတဲ့သူ မဟုတ်တာ သေချာသလောက် ရှိပေမဲ့ သူတို့ရဲ့ သွေးမျိုးဆက် ပါတဲ့သူ တစ်ယောက်တော့ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံအားဖြင့် ကောင်းကင်ဘုံ မိစ္ဆာ သွေးမျိုးဆက် ရှိတဲ့သူတွေပဲ ကောင်းကင်ဘုံ မိစ္ဆာအတောင်ပံကို ထုတ်သုံးနိုင်တာမို့လို့ပဲ" မြောက်ဘက် ဧကရာဇ်က ပြန်လည်ဖြေကြားခဲ့သည်။
"တကယ်လို့ သူက အဲဒီသွေးမျိုးဆက်ရဲ့ အစိတ်အပိုင်း နည်းနည်းပဲပါတဲ့ မိစ္ဆာတစ်ဝက် တစ်ယောက်ဆိုရင်တော့ ဒါက အဓိပ္ပာယ်ရှိသွားပြီ။ သူက စစ်မှန်တဲ့ ကောင်းကင်ဘုံ မိစ္ဆာတွေလို မသန်မာပေမဲ့ ဒီလို ပညာရပ် အစွမ်းတွေကိုတော့ ထုတ်သုံးနိုင်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် နောက်မှ ပေါ့ဆတယ်လို့ အပြစ်တင်ခံရတာထက်စာရင် အခုကတည်းက စုံစမ်းစစ်ဆေးလိုက်တာက ပိုကောင်းပါတယ်" သူက ထပ်လောင်းပြောဆိုလိုက်၏။
"ကောင်းပြီလေ... ဒါဆိုရင်တော့ မင်းပဲ စုံစမ်းစစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ လွှတ်လိုက်ပါ။ ငါကတော့ အောက်လောကကို ဆင်းမှာ မဟုတ်ဘူး။ ငါ့မှာ ဖြေရှင်းရမယ့် အခြား ပြဿနာတစ်ခု ရှိသေးတယ်။ အဲဒါက ဖရီရှန်ရဲ့ ကမ္ဘာအကြောင်းပဲ" တောင်ဘက်ဧကရာဇ်က မတ်တပ်ရပ်ရင်း ဆိုလိုက်သည်။
"ဖရီရှန်မှာ ပြဿနာရှိလို့လား။ ဘာဖြစ်လို့လဲ။ အဲဒီနေရာက ငါတို့သိရသလောက် အေးချမ်းသာယာဆုံး ကမ္ဘာမဟုတ်ဘူးလား" မြောက်ဘက် ဧကရာဇ်က စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။
"သူ တည်ရှိလာခဲ့တဲ့ တစ်လျှောက်လုံးမှာ ဘာပြဿနာမှ မရှိခဲ့ဖူးဘူးလေ" သူက ထပ်ပြောလိုက်သည်။
"ဒီတစ်ကြိမ်မှာတော့ ပြဿနာရှိနေပြီ။ ပြီးတော့ သေးငယ်တဲ့ ပြဿနာလည်း မဟုတ်ဘူး။ အဲဒီနေရာက အင်ပါယာတွေထဲက တစ်ခုက ပျောက်ကွယ်သွားခဲ့ပြီ။ ပြီးတော့ အဲဒါက အစွမ်းထက်ဆုံး အင်ပါယာလည်း ဖြစ်နေတယ်။ အဲဒါက ဘာလဲဆိုတာကို ငါကိုယ်တိုင် သွားကြည့်ရှုရမှာမို့ မင်းအတွက် ဒီကောလာဟလကို လိုက်ပြီး စုံစမ်းပေးဖို့ အချိန်ရှိမှာ မဟုတ်ဘူး"
"နောက်ပြီး... ငါ မပါလည်း မင်းအတွက် လုံလောက်နေတာပဲ မဟုတ်လား။ တကယ်လို့ အဲဒီကောင်က သာမန် သူတော်စင် အဆင့် ဧကရာဇ်တစ်ယောက်ကိုတောင် ယှဉ်မတိုက်ရဲဘဲ ထွက်ပြေးခဲ့ရတဲ့ ကောင်ဆိုရင် သူက ဘယ်လောက်တောင် စွမ်းအားကြီးနိုင်မှာမို့လို့လဲ။ တော်ဝင်စစ်သည်တော် တစ်ယောက်ယောက်ကိုပဲ လွှတ်ပြီး ရှင်းခိုင်းလိုက်ပါ" တောင်ဘက်ဧ ကရာဇ်က ပြန်လည် ဖြေကြားပြီးနောက် အနောက်ဘက်သို့ လှည့်၍ ထွက်ခွာသွားခဲ့တော့သည်။
တောင်ဘက်ဧကရာဇ် ထွက်ခွာသွားပြီးနောက်တွင်မူ မြောက်ဘက် ဧကရာဇ် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပြီး သူ့လက်ထဲတွင် စာလွှာကို ကိုင်ဆောင်လျက် ထိုင်နေခဲ့၏။
"သူ ပြောတာ မှန်တယ်။ ငါကိုယ်တိုင် ဆင်းသွားဖို့ မလိုဘူး။ ငါ့ရဲ့ ကိုယ်ရံတော်တွေကပဲ ဒီလိုကိစ္စမျိုးကို ကိုင်တွယ်နိုင်ပါတယ်" ဧကရာဇ်က မတ်တပ်ရပ်ရင်း တိုးတိုးရေရွတ်လိုက်သည်။
"ပြီးတော့ ဒီဧကရာဇ်လုက အလိမ်အညာ စကားတွေ ပြောနေတာကို ရှာတွေ့မယ်ဆိုရင် ငါ့လူတွေက အဲဒီကောင်ကိုပါ တစ်ပါတည်း သတ်ပစ်နိုင်တယ်။ တကယ်လို့ ဒီကောင်က ငါတို့ဆီကနေ အသိအမှတ်ပြုမှုတစ်ခုခု ရချင်လို့ လာပြီး ကစားနေတာဆိုရင်တော့ သူ ခံစားသင့်တာတွေကို ခံစားရစေရမယ်"
...
မြောက်ဘက် ဧကရာဇ်သည် သူ၏ နန်းတော်သို့ ပြန်လည် လျှောက်လှမ်းလာခဲ့ပြီးနောက် တော်ဝင် ကိုယ်ရံတော်များကို စုဝေးရန် ဆင့်ခေါ်လိုက်တော့သည်။ ကိုယ်ရံတော်များ စုဝေးရောက်ရှိလာပြီးနောက်တွင်မူ သူသည် သူတို့ထဲမှ ငါးဦးကို ရွေးချယ်လိုက်၏။
"မင်းတို့ ငါးယောက်က ဖုန်းရှု ကမ္ဘာကို သွားပြီး ကြယ်တာရာရဲ့ ဧကရာဇ်လုနဲ့ ဆက်သွယ်ရမယ်။ ပြီးတော့..."
သူသည် တော်ဝင် ကိုယ်ရံတော်များအား သူတို့လုပ်ဆောင်ရမည့် တာဝန်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။ သူက သူတို့အား ဧကရာဇ်နှင့် ဆက်သွယ်ရန်နှင့် သူ ပေးပို့ထားသော သတင်းစကားမှာ အမှန်တရား ဖြစ်ခြင်း ရှိ မရှိ စမ်းသပ်စစ်ဆေးရန် ညွှန်ကြားလိုက်၏။
အကယ်၍ ၎င်းက အလိမ်အညာ တစ်ခု ဖြစ်နေခဲ့မည်ဆိုပါက ဧကရာဇ်လုကို အင်မော်တယ် လောကသို့ ခေါ်ဆောင်လာရန် မလိုအပ်ဘဲ ထိုနေရာ၌ပင် ချက်ချင်း ကွပ်မျက်ပစ်ရန် မိန့်ကြားလိုက်ပေသည်။
"ရော့... ဒီရတနာကို ယူသွားကြ။ ဒါက အလိမ်အညာတွေကို ဖော်ထုတ်ပေးနိုင်တဲ့ ရတနာပဲ" မြောက်ဘက်ဧကရာဇ်က သေမျိုးလောကသို့ ဆင်းသက်ရမည့် အဖွဲ့ခေါင်းဆောင်ထံသို့ ရတနာတစ်ခုကို လွှဲပြောင်းပေးအပ်ရင်း ဆိုလိုက်၏။
"အမိန့်တော် အတိုင်းပါ အရှင်မင်းကြီး"
...
အောက်လောကသို့ ဆင်းသက်ရန် အဖွဲ့ကို အမိန့်ပေးနေသည့် အချိန်တွင် လုံချန်းသည် မိမိ၏ ဦးခေါင်းထက်သို့ ကျရောက်လာတော့မည့် ဘေးအန္တရာယ်ကို မသိရှိခဲ့သည့်အပြင် သူသည် အရာရာအား ကောင်းမွန်စွာ တွေးတောနိုင်စွမ်းပင် မရှိတော့ချေ။
ဤသည်က... သူ့ခန္ဓာကိုယ်မှာ အလိုအလျောက် လှုပ်ရှားနေသည့်အလား ဖြစ်နေခဲ့သည်။ သူ့ဝိညာဉ်မှာ အိပ်ပျော်နေခဲ့ပြီး ခန္ဓာကိုယ်ကမူ အရာအားလုံးကို ဖျက်ဆီးပစ်ရန်ဟူသော တိုက်တွန်းသည့် စိတ်အာရုံ တစ်ခုတည်းဖြင့်သာ လှုပ်ရှားနေခဲ့ခြင်း ဖြစ်၏။
အချိန်ဓားမှာမူ အဝေးတစ်နေရာက မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲ ဖြစ်ပေသည်။
လုံချန်းသည် ထိုဓား တည်ရှိရာ အရပ်ဆီသို့ အနောက်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူ့အကြည့်များမှာ ဓားထက်သို့ ကျရောက်သွားသောအခါ ထိုဓားသည် အလွန်ပင် ဆွဲဆောင်မှုရှိနေကြောင်း သူ တွေ့ရှိလိုက်ရသည်။ သူ့အတွင်းစိတ်ထဲတွင် တစ်စုံတစ်ခုက ထိုအမှောင်ဓားဆီသို့ ဆွဲငင်ခြင်း ခံနေရသည့်အလား ဖြစ်နေခဲ့ပြီး ၎င်းက ထိုဓားမြှောင်မှာ သူ့လက်ထဲတွင်သာ တည်ရှိရမည်ဟူသော အသိစိတ်မျိုး ဖြစ်ပေသည်။
ထူးဆန်းသော အကြောင်းအရင်း တစ်ခုကြောင့် လုံချန်းအနေဖြင့် အမှောင်ယဇ်ပဏ္ဏာကို အသုံးပြုပြီးနောက် ထွက်ပေါ်လာသော စွမ်းအားအငွေ့အသက်များမှာ အမှောင်ဓား၏ စွမ်းအားအငွေ့အသက်များနှင့် ဆင်တူနေခဲ့ခြင်း ဖြစ်၏။ ထိုဆင်တူသော စွမ်းအား အငွေ့အသက်များကြောင့်ပင် လုံချန်းသည် အရာရာကို ကောင်းမွန်စွာ မတွေးတောနိုင်သည့်တိုင်အောင် ထိုဓား၏ ဆွဲဆောင်မှုအား ခံနေရခြင်း ဖြစ်ပေသည်။
...
လက်ထဲတွင် ရွှေရောင် စာအုပ်ကြီးကို ကိုင်ဆောင်ထားသော ထိုလူသည် တော်ဝင်နန်းတော်၏ အမိုးထက်တွင် ရပ်တန့်နေဆဲဖြစ်ပြီး လုံချန်းအား စိုက်ကြည့်နေခဲ့၏။
ဝူလျာမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် ယခုချက်ချင်း ကြားဖြတ်ဝင်ရောက် တိုက်ခိုက်ခြင်းက မည်သည့် အကျိုးကျေးဇူးမျှ ရှိမည် မဟုတ်ချေ။ ယခုအခါ သူတစ်ဦးတည်းသာ ကျန်ရစ်တော့သော်လည်း သူသည် မိမိကိုယ်ကိုယ် အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့သည်။ ကံကြမ္မာ အကာအကွယ် ဆုံးရှုံးသွားခဲ့သော ဝူလျာနှင့်မတူဘဲ သူကမူ ထိုစွမ်းအားများကို ပိုင်ဆိုင်ထားဆဲ ဖြစ်၏။ ထို့အပြင် သူသည် မိမိရရှိထားသော နိယာမများကိုလည်း ကောင်းမွန်စွာ ထုတ်သုံးနိုင်သေးသည်။
ဝူလျာသည် ကံကြမ္မာ အကာအကွယ် ဆုံးရှုံးသွားခဲ့သည့်အချိန်မှာပင် နိယာမ စွမ်းအားများပါ ဆုံးရှုံးသွားခဲ့ရသဖြင့် ထိုအခိုက်အတန့်တွင် သူသည် ကောင်းမွန်သော ကျင့်ကြံခြင်းအဆင့် ရှိရုံမျှသာ ရှိတော့သည့် သာမန်ကျင့်ကြံသူ တစ်ဦးထက် မပိုတော့ချေ။
သူကမူ ထိုအခြေအနေများနှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။
သူသည် လက်ထဲက စာအုပ်ကြီးကို သတ်မှတ်ထားသော စာမျက်နှာ တစ်ရွက်သို့ လှန်လိုက်၏။
"ငါ နာမည် ပျောက်ကွယ်သွားခဲ့တဲ့ သူက မင်းကို ဆင့်ခေါ်လိုက်တယ်။ ဟေ့... သေခြင်းနိယာမ ။ ဝူလျာရဲ့ အသက်ကို ငါ့အတွက် ပြန်လည်ရှင်သန်စေစမ်း"
ထိုလူ၏ စကားသံ ဆုံးသွားသည်နှင့် တပြိုင်နက် ဝူလျာ၏ ခန္ဓာကိုယ်မှာ စာအုပ်ကြီးနှင့်အတူ တောက်ပစွာ လင်းလက်လာခဲ့ပြီး သဘာဝတရား အတွင်း၌ တည်ရှိနေသော ချီစွမ်းအားများမှာ လက်သီးဆုပ်ခန့် အပေါက်ကြီး ဖြစ်ပေါ်နေသော ဝူလျာ၏ ခန္ဓာကိုယ်ဆီသို့ တရဟော တိုးဝင်သွားခဲ့တော့သည်။
ဝူလျာသည် အလွန်အစွမ်းထက်သူ ဖြစ်သဖြင့် သူ့ကို ပြန်လည်နှိုးထစေရန်အတွက် ပိုမိုကြီးမားသော စွမ်းအားများ လိုအပ်ပေသည်။ ထိုအကြောင်းကြောင့်ပင် မျက်နှာတစ်ဝက်ဖုံး လူသား၏ ကိုယ်ပိုင်စွမ်းအားမှာ မလုံလောက်ပေ။ ထို့အပြင် သူသည် မိမိ၏ ကိုယ်ပိုင်စွမ်းအားများကို နောက်ပိုင်းအတွက် ချန်ထားလိုသဖြင့် သဘာဝတရား၏ စွမ်းအားများကို မိမိအား ကူညီပေးရန်အတွက် အသုံးချလိုက်ခြင်း ဖြစ်၏။
သူသည် ဆင့်ခေါ်ခြင်း အမိန့်စာသားများကို ရွတ်ဆိုပြီးနောက် စာအုပ်အား အခြားသော စာမျက်နှာ တစ်ရွက်သို့ ထပ်မံ လှန်လိုက်ပြန်သည်။
"ဟေ့... ကြီးမြတ်တဲ့ ဟင်းလင်းပြင် နိယာမ၊ အဲဒီဓားကို မင်းရဲ့ ရင်ခွင်ထဲမှာ သိမ်းပိုက်ပြီး ထာဝရ ပျောက်ကွယ်သွားအောင် လုပ်ဆောင်စမ်း" သူက အခြားစာမျက်နှာ တစ်ရွက်ကို ဖွင့်လျက် အမိန့်ပေးလိုက်၏။
သူ့အမိန့်အတိုင်းပင် စာအုပ်ကြီးမှာ ထပ်မံ၍ တောက်ပစွာ လင်းလက်လာပြန်ပြီး ယခုတစ်ကြိမ်တွင်မူ ၎င်းက ဖြူလွလွ အလင်းရောင်များဖြင့် တောက်ပနေခဲ့ခြင်း ဖြစ်သည်။
သူ၏ မန္တန် ပညာရပ် ပြီးဆုံးသွားခဲ့ရုံရှိသေး အချိန်ဓား၏ ဘေးပတ်ပတ်လည်တွင် ဟင်းလင်းပြင် အက်ကွဲကြောင်းများ စတင်ထွက်ပေါ်လာခဲ့ပြီး ဓားကို အခြားသော ကမ္ဘာတစ်ခုသို့ ပို့ဆောင်ရန်အတွက် ဝါးမြိုရန် ပြင်ဆင်လိုက်တော့သည်။
ထိုလူသည် ဤဓားမှာ မိမိတို့ နားလည်ထားသည်ထက် များစွာ ပိုမိုထူးခြားကြောင်း ကြိုတင်မြင်တွေ့ထားခဲ့ပြီး ဖြစ်၏။ သူတို့သည် ဤဓားနှင့် ပတ်သက်၍ အရာအားလုံးကို ယခုချိန်ထိ မသိရှိသေးချေ။ သူတို့ သိရှိထားသည့် တစ်ခုတည်းသော အချက်မှာမူ မိမိတို့အနေဖြင့် ဤဓားကို သွားရောက်ထိတွေ့နိုင်ခြင်း မရှိခြင်း ဖြစ်၏။ ယခုအခါ လုံချန်းတစ်ဦးတည်းသာ ဤဓားကို ထိတွေ့နိုင်စွမ်း ရှိပေသည်။
ထို့ကြောင့် လုံချန်း၏ လက်ထဲတွင် အချိန်ဓား ရောက်ရှိသွားမည့် မြင်ကွင်းမျိုးကို သူတို့ သေချာပေါက် မမြင်တွေ့လိုကြသဖြင့် သူသည် ထိုဓားအား လုံချန်း မည်သည့်အခါမျှ ရှာမတွေ့နိုင်မည့် နေရာတစ်နေရာသို့ ပို့ဆောင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် အချိန်ဓား အနားသို့ တဖြည်းဖြည်း တိုးကပ်လာသည်နှင့် ၎င်းတို့မှာ လူတစ်ကိုယ်လုံးကို ဝါးမြိုနိုင်လောက်သည်အထိ တဖြည်းဖြည်းနှင့် ပိုမိုကြီးမားလာခဲ့တော့သည်။
"ဝူး..."
ထိုအက်ကွဲကြောင်းများအား မြင်တွေ့လိုက်ရသောအခါ လုံချန်းသည် ဤဟင်းလင်းပြင် အက်ကွဲကြောင်းများက မည်သည်ကို လုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း နားလည်သွားသည့်အလား အလွန်အမင်း ဒေါသတွက်လျက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်မိတော့သည်။