အခန်း ၁၀၈၇
Vol. 104 Ch. 1087
အခန်း ၁၀၈၇ ဆုံးရှုံးပျက်စီးခြင်း
လုံချန်း၏ ဓားထံမှ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်လှိုင်း ထွက်ပေါ်သွားခဲ့ပြီး သူရပ်နေသောနေရာမှ တော်ဝင်နန်းတော်ကြီး တစ်ခုလုံးကို အလယ်တည့်တည့်မှ နှစ်ပိုင်း ပိုင်းဖြတ်ပစ်လိုက်တော့သည်။
ထိုတိုက်ခိုက်မှု၏ ဖျက်ဆီးမှု စွမ်းအားကြောင့် နန်းတော်၏ ဗဟိုအစိတ် အပိုင်းမှာ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ရပြီး ကျန်ရှိသော အစိတ်အပိုင်းများမှာလည်း အဆောက်အအုံ၏ ကြံ့ခိုင်မှု ဆုံးရှုံးသွားခဲ့ရသဖြင့် ပြိုကျပျက်စီးသွားခဲ့ကာ နန်းတော်အတွင်း၌ ပုန်းအောင်းနေကြသော အထက်တန်းလွှာ ပုဂ္ဂိုလ်ကြီးများ အပါအဝင် လူတိုင်းကို ဝါးမြိုပစ်လိုက်လေတော့သည်။
မှူးမတ်အများစုမှာ လုံချန်း တိုက်ခိုက်လိုက်သော ထိုနေရာ၌ပင် ရှိနေခဲ့ကြသဖြင့် အားလုံး သေဆုံးသွားခဲ့ကြရ၏။
တစ်ရက်တည်းအတွင်း ကြယ်တာရာ အင်ပါယာသည် ၎င်းတို့၏ ဧကရာဇ်နှင့် မိဖုရားကြီးကို ဆုံးရှုံးခဲ့ရရုံမျှမက ဤကြီးမြတ်သော အင်ပါယာ၏ အမတ်များနှင့် အထက်တန်းမျိုးနွယ် အားလုံးကိုပါ ဆုံးရှုံးလိုက်ရခြင်း ဖြစ်ပေသည်။ အင်ပါယာကို ဦးဆောင်မည့်သူ တစ်ဦးတစ်ယောက်မျှ ကျန်ရစ်ခြင်းမရှိတော့ဘဲ ကြီးမြတ်သော အင်ပါယာကြီးတစ်ခု ပြိုလဲပျက်စီးသွားခဲ့ရပြီဖြစ်ကြောင်း သတိပေးခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့သည်။
ဤအင်ပါယာမှာ လုံချန်းအနေဖြင့် မင်ယုနှင့်အတူ ကာကွယ်စောင့်ရှောက်ရန် ရောက်ရှိလာခဲ့သော အင်ပါယာ ဖြစ်သည်။ ၎င်းမှာ သူ ကာကွယ်ပေးချင်ခဲ့သော မင်ယု၏ နေအိမ်ဖြစ်ပြီး သူမ၏ မိသားစုကို စစ်မက်ဘေးဆိုးမှ ကူညီကယ်တင်ပေးချင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ သူ့လက်ဖြင့်ပင် အင်ပါယာ ဆက်လက်ရှင်သန်နိုင်မည့် အခွင့်အရေးမှန်သမျှအား ဖျက်ဆီးပစ်လိုက်မိရာ သူ ကယ်တင်ရန် ရောက်ရှိလာခဲ့သော အရာကို သူကိုယ်တိုင်ပင် အဆုံးစီရင်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။
မင်းသား၊ မျိုးနွယ်စုများနှင့် အမတ်များမှာ သူ့ကြောင့် သေဆုံးခဲ့ကြရပြီး ဧကရာဇ်နှင့် မိဖုရားကြီးမှာမူ သူ့ကို ရှာဖွေရန် ရောက်ရှိလာခဲ့သောသူကြောင့် သေဆုံးခဲ့ကြရခြင်း ဖြစ်သည်။ လူတစ်ယောက်တည်းကြောင့် သွယ်ဝိုက်သောနည်းဖြင့် အင်ပါယာကြီး တစ်ခုလုံး ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့ရသော်လည်း ထိုလူမှာ ယခုထိ ရပ်တန့်မသွားသေးချေ။
လုံချန်းအနေဖြင့် အင်ပါယာ တစ်ခုလုံးကို အမှန်တကယ် သောင်းကျန်း ဖျက်ဆီးခြင်းမပြုမီ ဦးစွာပထမ ချေမှုန်းပစ်လိုသည့် လူတစ်ယောက် ကျန်ရှိနေသေးသည်။ ထိုလူမှာ သူ၏တိုက်ခိုက်မှုမှ သီသီလေး လွတ်မြောက်သွားခဲ့သော ထိုလူပင် ဖြစ်၏။
သူသည် လှည့်ပတ်ကြည့်ရှုလျက် ထိုလူအား ရှာဖွေရန် ကြိုးပမ်းလိုက်ပြီး ဝိညာဉ်အာရုံကိုပါ ပတ်ဝန်းကျင် တစ်ခုလုံးသို့ ဖြန့်ကြက်လိုက်တော့သည်။
ပုံမှန်အားဖြင့် လုံချန်း၏ ဝိညာဉ်အာရုံမှာ မိမိနှင့် ကျင့်ကြံခြင်း အဆင့် တူညီသော အခြားကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အာရုံထက် ပိုမိုကျယ်ပြန့်သော နယ်ပယ်ကို လွှမ်းခြုံနိုင်စွမ်း ရှိပြီးသား ဖြစ်၏။
ယခုကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိနေချိန်တွင်မူ သူ၏ ဝိညာဉ်အာရုံမှာ ပုံမှန်ထက် ငါးဆခန့် ပိုမိုကျယ်ပြန့်သော ဟင်းလင်းပြင် နယ်ပယ်ကို လွှမ်းခြုံနိုင်စွမ်း ရှိနေခဲ့သဖြင့် အလွန်ပင် အံ့ဩစရာကောင်းပေသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း အမှောင်ယဇ်ပဏ္ဏာ၏ ပုံစံအတွင်း၌ ကောင်းကင်ဘုံ အလယ်အလတ် အဆင့်မှသည် သူတော်စင် အထွတ်အထိပ် အဆင့်သို့ တိုင်အောင် မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
သူသည် အမျိုးအမည် စုံလင်သော နည်းလမ်းပေါင်းစုံအရ စစ်မှန်သော သူတော်စင် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သော်လည်း စွမ်းအားပိုင်းတွင်မူ သူသည် ယခုအခါ နိယာမများကို အသိစိတ်မဲ့စွာဖြင့် အပြည့်အဝ ထုတ်သုံးနိုင်နေပြီ ဖြစ်သဖြင့် သူ့အစွမ်းမှာ ထိုအဆင့်ထက်ပင် များစွာပိုမိုမြင့်မားနေခဲ့ပြီ ဖြစ်၏။
အမှောင်ယဇ်ပဏ္ဏာက သူ့ကို သာလွန် ထူးကဲသော သက်ရှိတစ်ဦးအဖြစ် အမှန်တကယ် ပြောင်းလဲပေးလိုက်ခြင်းပင်။ မည်သို့ဆိုစေ ဤပညာရပ် အစွမ်းကို ကောင်းကင်ဘုံ မိစ္ဆာများ၏ အကြောက်ရွံ့ရဆုံးသော စွမ်းအားများထဲမှ တစ်ခုဟု ခေါ်ဆိုကြခြင်းတွင် အကြောင်းအရင်း ရှိပေသည်။ ၎င်းက သူတို့၏ ဖျက်ဆီးလိုစိတ် ပြင်းပြမှုကို အဆမတန် မြင့်တက်စေသော အရာ ဖြစ်သောကြောင့်ပင်။
လုံချန်း၏ ဝိညာဉ်အာရုံမှာ ပိုမိုကျယ်ပြန့်သော နေရာများကို လွှမ်းခြုံနိုင်စွမ်း ရှိနေခဲ့သဖြင့် သူသည် ပစ်မှတ်အား ချက်ချင်း ပြန်လည် ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူသည် ထိုလူကို ထပ်မံ၍ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း တစ်စုံတစ်ခုသော ထူးဆန်းသည့် အငွေ့အသက်ကို ခံစားလိုက်ရသည့်အလား အခြားသော အရပ်မျက်နှာ တစ်ဖက်သို့ လှည့်ကြည့်ရင်း ရုတ်တရက် ရပ်တန့်သွားခဲ့၏။
လုံချန်း ကြည့်ရှုနေသော ထိုအရပ်မျက်နှာက အခြားမဟုတ်ဘဲ မုဆိုးကြယ် နှင့် ဧကရာဇ်လုတို့ လက်ရှိတွင် တိုက်ခိုက်နေကြဆဲ ဖြစ်သော နေရာပင် ဖြစ်သည်။
မုဆိုးကြယ်သည် အမှောင်ထု၏ ကူညီပံ့ပိုးမှုကို ရရှိထားသော်လည်း သူရရှိထားသော စွမ်းအားမြှင့်တင်မှုမှာ လုံချန်းကဲ့သို့ မကြီးမားချေ။ ထိုသို့ စွမ်းအား မြှင့်တင်ထားသည့်တိုင်အောင် သူသည် မုဆိုးကြယ်၏ လည်ပင်းကို ညှစ်လျက် မြေပြင်ပေါ်သို့ အားကုန်ရိုက်ချနေသော ဧကရာဇ်လုအား ချေမှုန်းနိုင်ခြင်း မရှိသေးချေ။
လုံချန်းသည် အမှောင်ယဇ်ပဏ္ဏာ အတွင်းသို့ ရောက်ရှိနေခဲ့ပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်တော့သည့်တိုင်အောင် သူ၏ အတွင်းစိတ်ထဲ၌ မုဆိုးကြယ်အား ကူညီပေးလိုသော သိမ်မွေ့သည့် တွန်းအားတစ်ခု ထွက်ပေါ်လာခဲ့ရာ ယင်းမှာ အလွန်ပင် ဆန်းပြားသောအရာ ဖြစ်ပေသည်။
သူသည် ယခုအခါတွင် ဗီဇစိတ်အာရုံများ အတိုင်းသာ လှုပ်ရှားနေသည့် သက်ရှိတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သဖြင့် မျက်နှာတစ်ဝက်ဖုံး လူသားကို တိုက်ခိုက်မည့်အစား မိမိ၏ ရိုးရှင်းသော ဗီဇစိတ်အတိုင်း လိုက်နာလျက် ဧကရာဇ်လုအား တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူသည် ဓားနှင့်အတူ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး မြေပြင်ပေါ်တွင် သတိမေ့မြောလျက် လဲလျောင်းနေသော မုဆိုးကြယ် အနားတွင် ထွက်ပေါ်လာခဲ့၏။
လုံချန်း ထိုနေရာသို့ ရောက်ရှိလာချိန်တွင် ဧကရာဇ်လုမှာ မုဆိုးကြယ်၏ ဦးခေါင်းခွံကို ရိုက်ခွဲပစ်ရန် ပြင်ဆင်နေချိန် ဖြစ်ပေသည်။
သူသည် ဧကရာဇ်လုအား တိုက်ခိုက်ရန်အတွက် ဓားကိုပင် ထုတ်မသုံးခဲ့ချေ။ ထိုအစား တစ္ဆေတစ်ကောင်ပမာ သူ့ရှေ့တွင် ထွက်ပေါ်လာခဲ့ပြီး ဧကရာဇ်လု၏ လည်ပင်းကို ဖမ်းဆုပ်ကာ အနောက်ဘက်သို့ အရှိန်အဟုန်ဖြင့် လွှင့်ပစ်လိုက်တော့သည်။
လုံချန်း၏ လွှင့်ပစ်လိုက်မှုကြောင့် ဧကရာဇ်လုမှာ လေထဲတွင် ဝဲပျံသွားခဲ့ရ၏။ သူ မြေပြင်ပေါ်သို့ပင် ပြန်မကျရောက်သေးမီ လုံချန်းသည် နောက်ဆုံးတွင် ဓားကို လွှဲယမ်းလိုက်တော့သည်။
ဓားထံမှ အမှောင်လှိုင်း တစ်လှိုင်း ထပ်မံ ထွက်ပေါ်သွားခဲ့ပြီး ဧကရာဇ်လုဆီသို့ ဦးတည်လျက် သူ့ကို တစ်ကိုယ်လုံး ဝါးမြိုပစ်ရန်အတွက် ရှေ့သို့ တိုးဝင်သွားခဲ့ချေပြီ။
အမှောင်လှိုင်းမှာ ဧကရာဇ်လုထံသို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်မှာ အမှောင်ထုအတွင်းသို့ နစ်မြုပ်သွားခဲ့တော့သည်။ မည်သည့် အော်ဟစ်သံ သို့မဟုတ် ဆူညံသံမျှ ထွက်ပေါ်မလာခဲ့ချေ။
စက္ကန့်ပိုင်းမျှအတွင်း အမှောင်ထုမှာ ပျောက်ကွယ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ကျရောက်သွားသော အရိုးစုတစ်စုကိုသာ ဖွင့်ဟ ပြသလိုက်တော့သည်။
လုံချန်း၏ ကတ္တရာစေးကဲ့သို့ မည်းနက်သော မျက်ဝန်းများမှာ ထိုအရိုးစုရှိရာ အရပ်ဆီသို့ အကြည့်တစ်ချက်မျှပင် မပေးခဲ့ဘဲ ယင်းအစား သတိမေ့မြောနေသော မုဆိုးကြယ်ဆီသို့သာ ကြည့်ရှုလိုက်၏။
ယခုအခါ မုဆိုးကြယ်မှာ ဘေးကင်းသွားခဲ့ပြီ ဖြစ်သဖြင့် သူ့ကို ကယ်တင်လိုသော လုံချန်း၏ ဗီဇစိတ်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး မျက်နှာတစ်ဝက်ဖုံး လူသားအား ဖျက်ဆီးပစ်လိုသော ဗီဇစိတ်ဖြင့် အစားထိုး ဝင်ရောက်လာခဲ့သည်။ မုဆိုးကြယ်ကို ကူညီရန် သို့မဟုတ် သူ့အား နှိုးရန် မကြိုးပမ်းတော့ဘဲ သူသည် နောက်တစ်ကြိမ် ထပ်မံပျောက်ကွယ်သွားခဲ့ပြီး မျက်နှာထက်တွင် သိမ်မွေ့သော အပြုံးတစ်ခု ထွက်ပေါ်နေသည့် မျက်နှာတစ်ဝက်ဖုံး လူသား၏ ရှေ့တွင် ထွက်ပေါ်လာခဲ့တော့သည်။
"အချိန်ကိုက်ပဲ။ ငါလည်း ကောင်းချီးပေးတာကို အခုပဲ လက်ခံလို့ ပြီးသွားတာ" ထိုလူသည် ကောင်းကင်ယံသို့ ရွှေရောင်စာအုပ်ကြီးကို မြှောက်တင်ရင်း လုံချန်းအား ပြောကြားလိုက်၏။
"အို... ကံကြမ္မာ စာအုပ်ကြီး။ မင်းကို ပိုင်ဆိုင်ထားတဲ့သူရဲ့ စကားသံတွေကို နားထောင်စမ်း။ ငါ့ကို အမှောင်ထု အားလုံးကို ဖျက်ဆီးပစ်နိုင်ပြီး ကံကြမ္မာရဲ့ ညီမျှမှုကို ပြန်သယ်ဆောင်လာနိုင်မယ့် စွမ်းအားတွေကို ပေးသနားစမ်း။ မင်းရဲ့ စွမ်းအားတွေကို ငါ့ဆီ လွှဲအပ်စမ်း"
ထိုလူ၏ မန္တန် ပညာရပ် ပြီးဆုံးသွားခဲ့သည်နှင့် တပြိုင်နက် ရွှေရောင်စာအုပ်ကြီးမှာ တောက်ပစွာ လင်းလက်လာခဲ့ပြီး ပုံသဏ္ဌာန် စတင်ပြောင်းလဲလာခဲ့တော့သည်။ စတုရန်းပုံ သဏ္ဌာန်မှသည် ပိုမိုရှည်လျားပြီး ပါးလွှာသော ပုံစံတစ်ခုသို့ ပြောင်းလဲသွားခဲ့၏။
စက္ကန့်ပိုင်းမျှအတွင်း ၎င်း၏ နောက်ဆုံး ပုံသဏ္ဌာန်မှာ ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့ပြီး ၎င်းမှာ အခြားမဟုတ်ဘဲ ပြင်းထန်သော အလင်းရောင်များနှင့် စွမ်းအား အငွေ့အသက်များကို ထုတ်လွှတ်နေသည့် ရွှေရောင် ဓားတစ်လက်ပင် ဖြစ်ပေသည်။
ထိုဓားက နေမင်းကြီးဖြစ်ပြီး အလင်းစက် အချို့မှာ ဓား၏ ဘေးပတ်ပတ်လည်တွင် လှည့်ပတ်စီးဆင်းနေကြသည်ကား နေမင်းကြီးကို လှည့်ပတ်နေသော ဂြိုဟ်များကဲ့သို့ပင်။
"မင်းရဲ့လက်နက်က ငါ့ရဲ့ ခန့်မှန်းချက် မမှားဘူးဆိုရင် နတ်ဘုရား အဆင့် လက်နက် တစ်လက်ပဲ။ နတ်ဘုရား အဆင့် လက်နက်ဆိုတာ ကန့်သတ်ချက်ရှိလွန်းလို့ ငါ့အနေနဲ့ တစ်လက်မှ ပိုင်ဆိုင်ခွင့်မရှိဘူး။ မင်းရဲ့လက်နက်ကိုလည်း ငါ သွားပြီး ထိတွေ့လို့မရဘူး။ ဒါပေမဲ့ ငါ ထိတွေ့ဖို့လည်း မလိုပါဘူး။ ဒီဓားက နတ်ဘုရား အဆင့် လက်နက် မဟုတ်ရင်တောင် သူ့ရဲ့အစွမ်းက အဲဒီအဆင့်ထက် အများကြီး လျော့နည်းမနေဘူး" ထိုလူသည် သူ့လက်ထဲတွင် ရွှေရောင်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဆိုလိုက်၏။
...
အင်မော်တယ် လောကတွင်မူ တမန်တော် အဖွဲ့ဝင်များမှာ ထွက်ခွာရန် ပြင်ဆင်နေကြပြီ ဖြစ်သော်လည်း သူတို့ကို ဦးဆောင်မည့်သူမှာ လုပ်ဆောင်ရမည့် ကိစ္စတစ်ခု ရှိနေသေးသဖြင့် ကြန့်ကြာနေခဲ့ရသည်။
အဖွဲ့ကို ဦးဆောင်မည့်သူအား မြောက်ဘက် ဧကရာဇ်က လူတစ်ဦးသည် အလိမ်အညာ ပြောဆိုခြင်း ရှိမရှိ ဖော်ထုတ်ပေးနိုင်သော ရတနာတစ်ခုကို ပေးအပ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့်ပင် အဖွဲ့ကြီး အမှန်တကယ် မထွက်ခွာမီ အဖွဲ့ခေါင်းဆောင်သည် ထိုရတနာ ပျောက်ဆုံးနေကြောင်း သတိပြုမိလိုက်ရ၏။
"မင်းက ရတနာကို ပြန်ရှာဖို့ လိုသေးတယ်လို့ ပြောတာ ဘာအဓိပ္ပာယ်လဲ။ အရှင်မင်းကြီးက မင်းကို ပေးပြီး မိနစ်ပိုင်း အတွင်းမှာ ဒီလောက် အရေးကြီးတဲ့ အရာမျိုးကို ဘယ်လိုလုပ်ပြီး ပျောက်သွားအောင် လုပ်နိုင်ရတာလဲ"
"ဘုရားရေ... ငါ့ကို ယုံစမ်းပါ။ ငါက အဲဒါကို ပျောက်သွားအောင် လုပ်မယ့် ကလေးတစ်ယောက် မဟုတ်ဘူး။ တစ်ယောက်ယောက်က အဲဒါကို ခိုးသွားတာ။ ငါက တာဝန်တစ်ခုနဲ့ ခဏလောက် အပြင်သွားရတော့မယ် ဆိုတာကို ငါ့ဇနီးကို အသိပေးဖို့ အိမ်ကို ခဏပြန်ခဲ့တာ။ ပြီးတော့ ဒီနေရာကို ပြန်ရောက်လာတဲ့ အချိန်ကျမှ အဲဒါ ပျောက်နေမှန်း သိလိုက်ရတာပဲ။ တစ်ယောက်ယောက်ကတော့ ငါ့ဆီကနေ သေချာပေါက် ခိုးသွားခဲ့ပြီ။ အရှင်မင်းကြီး မသိခင်မှာ ငါ အဲဒါကို အမြန်ဆုံး ရှာဖွေတွေ့ရှိဖို့ လိုအပ်တယ်။ မဟုတ်ရင်တော့ ငါ သေချာပေါက် အသက်ပျောက်ရလိမ့်မယ်"