အခန်း ၁၀၉၀
Vol. 104 Ch. 1090
အခန်း ၁၀၉၀ စိတ်ချင်းဆက်သွယ်မိခြင်း
မုဆိုးကြယ်သည် ဖြည်းညှင်းစွာ ပြန်လည်နိုးထလာခဲ့သည်။ သူ မည်သည့် နေရာသို့ ရောက်နေကြောင်း တွေးတောရင်း မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ အဝေးတစ်နေရာတွင် လဲလျောင်းနေသည့် ဧကရာဇ်လု၏ ရုပ်အလောင်းအား လှမ်းမြင်လိုက်ရ၏။
သူ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူ သတိမေ့မြောသွားပြီးနောက် မည်သည်များ ဖြစ်ပျက်ခဲ့သနည်း။ ထိုလူက သူ့အလိုအလျောက် သေဆုံးသွားခဲ့ခြင်းလော။ သို့မဟုတ် တစ်စုံတစ်ယောက်က သူ့ကို ကူညီခဲ့ခြင်းလော။
အကူအညီအကြောင်းကို မုဆိုးကြယ် စဉ်းစားလိုက်သည်နှင့် တပြိုင်နက် သူ့အား ကူညီနိုင်မည့်သူဟူ၍ ထိုလူတစ်ယောက်တည်းသာ ရှိကြောင်း ရိပ်မိလိုက်တော့သည်။
...
လုံချန်းနှင့် မျက်လုံးပြာနှင့် လူသားတို့သည် တော်ဝင်မြို့တော်တခွင်တွင် ပျက်စီးခြင်းများစွာကို ချန်ရစ်ခဲ့ရင်း တိုက်ပွဲအား ဆက်လက်ဆင်နွှဲနေကြဆဲ ဖြစ်သည်။
တိုက်ပွဲတလျှောက်လုံးတွင် ထူးဆန်းသော အခြေအနေတစ်ခု ဖြစ်ပေါ်နေခဲ့၏။ လုံချန်း၏ ခန္ဓာကိုယ်သည် သူ့ထံသို့ ကျရောက်လာသော တိုက်ခိုက်မှုတိုင်းကြောင့် ဒဏ်ရာရရှိနေသော်လည်း ဆန်းကြယ်သော အမှောင်စွမ်းအင်တစ်ခုက ပုံမှန်ထက် ပိုမိုမြန်ဆန်စွာဖြင့် သူ့ကို ပြန်လည်ကုသပေးနေခဲ့သည်။
မျက်လုံးပြာနှင့် လူသားမှာမူ သူ့ခန္ဓာကိုယ်က ပိုမိုကြံ့ခိုင်ပေသည်။ သူ့ထံတွင် လုံချန်း၏ တိုက်ခိုက်မှုမှန်သမျှမှ ရိုက်ခတ်မှုများကို လျှော့ချပေးပြီး ပြင်းထန်သော ဒဏ်ရာမရရှိအောင် ကာကွယ်ပေးထားသည့် ဆန်းကြယ်သော အကာအကွယ် တစ်ခု ရှိနေခဲ့၏။
လုံချန်း၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော အမှောင်အငွေ့အသက်များမှာမူ ခန္ဓာကိုယ်အား ကုသရာတွင် အလွန်အမင်း အသုံးချခံနေရသဖြင့် ဖြည်းညှင်းစွာ လျော့နည်းလာခဲ့ပြီး ဤအခြေအနေမှာ အကြာကြီး ခံမည် မဟုတ်ချေ။
အချိန်က ကုန်ဆုံးလုနီးနေပြီ ဖြစ်သည်။ ထိုလူပြောခဲ့သည့်အတိုင်းပင် အမှောင်ယဇ်ပဏ္ဏာ စွမ်းအားသည် အချိန်အကြာကြီး တည်တံ့မနေနိုင်ဘဲ မကြာမီ ကုန်ဆုံးတော့မည် ဖြစ်၏။
ထိုလူ၏ ကံကြမ္မာ အကာအကွယ်မှာမူ ထိုကဲ့သို့သော ပြဿနာမျိုး မရှိချေ။
ထိုအချက်တွင် လုံချန်းက အရေးနိမ့်နေခဲ့သည်။ ထို့ကြောင့်လည်း မျက်လုံးပြာနှင့် လူသားသည် ယခင်က လုံချန်းကို ဇွတ်အတင်း ဝင်ရောက်မတိုက်ခိုက်ဘဲ အချိန်ဆွဲနေခဲ့ခြင်း ဖြစ်၏။ မည်သို့ဆိုစေ သူ၏ ကံကြမ္မာ အကာအကွယ်သာ မရှိတော့ပါက သူလည်း အကြီးအကျယ် အခြေအနေမလှဖြစ်မည်ကို သူ သိရှိထားသည်။
အခြားတစ်ဖက်တွင်မူ ယခုအချိန်၌ သူက ပိုမိုသာလွန်သော အနေအထားတွင် ရှိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ပြီး မိမိ၏ အကာအကွယ်ကို ဆုံးရှုံးမခံခဲ့သောကြောင့် ဖြစ်၏။ အကယ်၍ ဆုံးရှုံးခဲ့ပါက သူသည်လည်း ဝူလျာကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရနိုင်သည်။
ယခုလောလောဆယ်တွင်မူ သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ လုံချန်းကို တတ်နိုင်သမျှ ဒဏ်ရာအနာတရဖြစ်အောင် လုပ်ပြီး လုံချန်း၏ စွမ်းအင်များအား ပိုမိုမြန်ဆန်စွာ ကုန်ဆုံးသွားစေရန်သာ ဖြစ်သည်။
သူ စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်နိုင်သရွေ့ ဤတိုက်ပွဲက အဆုံးသတ်သွားမည် ဖြစ်၏။
ပရိယာယ်ဆင်နေသော ရန်သူနှင့်မတူဘဲ လုံချန်းမှာမူ လုံးဝ အစီအစဉ်မရှိဘဲ ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ပါးနပ်သော ပင်ကိုယ်စိတ်က ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိသောကြောင့် ဖြစ်ပေသည်။
လုံချန်းသည် ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သည့်တိုင်အောင် အမှောင်ယဇ်ပဏ္ဏာအား ပထမဆုံးအကြိမ် အသုံးပြုခဲ့စဉ်ကနှင့်မတူဘဲ ယခုအကြိမ်တွင်မူ ပြင်ပ၌ ဖြစ်ပျက်နေသမျှကို အထင်အရှား မြင်တွေ့နေရဆဲ ဖြစ်၏။ ကြည့်ရသည်မှာ သူ့ခန္ဓာကိုယ်သည် လက်ရှိအချိန်တွင် အမှောင်ယဇ်ပဏ္ဏာ၏ စွမ်းအားနှင့် ပိုမိုအသားကျနေပုံရပေသည်။
လုံချန်း၏ စစ်မှန်သော သိစိတ်မှာမူ မှောင်မိုက်ခြင်းမှလွဲ၍ မည်သည်မျှ မမြင်ရသော အမှောင်ထုကမ္ဘာ တစ်ခုအတွင်း၌ လွင့်မျောနေခဲ့၏။
ထိုအမှောင်ထုအတွင်း၌ ထူးဆန်းသော မှန်ချပ် တစ်ချပ်သည် သူ့ရှေ့တွင် လွင့်မျောနေပြီး ၎င်းမှတဆင့် ပြင်ပလောကတွင် ဖြစ်ပျက်နေသမျှကို သူ မြင်တွေ့နေရခြင်း ဖြစ်သည်။
"သူက အချိန်ဆွဲနေတာ သိသာတယ်။ ကောက်ကျစ်တဲ့ကောင်။ သူ့ကို ဒီအတိုင်း တည့်တည့်ဝင်ချနေတာက အချိန်ဖြုန်းတာပဲ။ ကဲပါ... ပုံရိပ်ယောင်နိယာမ ဒါမှမဟုတ် ဟင်းလင်းပြင်နိယာမကို အသုံးချစမ်းပါ"
လုံချန်းသည် သူ့ရှေ့တွင် လွင့်မျောနေသော မှန်ချပ်ကို ကြည့်ရင်း တရစပ် ကျိန်ဆဲနေခဲ့၏။
အရာအားလုံးကို စောင့်ကြည့်နေရင်း သူသည် ရန်သူ၏ အစီအစဉ်အား ရိပ်မိလိုက်သည်။ မိမိ၏ အချိန်မကုန်ဆုံးမီ ရန်သူကို သတ်ပစ်ရန် လိုအပ်ကြောင်းအား သူကိုယ်တိုင်လည်း ကောင်းစွာသိရှိနေခဲ့၏။
ပြဿနာမှာ ထိုသတင်းအချက်အလက်က သူ့အတွက် အသုံးမဝင်ခြင်းပင်။ သူ သိရှိနေသည့်တိုင်အောင် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိသဖြင့် ၎င်းက အရာမထင်ချေ။
သူ မည်သို့ လုပ်ရမည်ကို သိသော်လည်း အမှောင်ယဇ်ပဏ္ဏာ စွမ်းအား မကုန်ဆုံးမချင်း ဤနေရာမှ ထွက်ခွာနိုင်စွမ်းမရှိရာ မည်သို့ လုပ်ဆောင်နိုင်မည်နည်း။
ထို့အပြင် အမှောင်ယဇ်ပဏ္ဏာ စွမ်းအား ကုန်ဆုံးသွားသည့်တိုင်အောင် ၎င်းက အကူအညီဖြစ်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့် အကြိမ်ကအတိုင်း ဖြစ်ပျက်ခဲ့ပါက လုံချန်းသည် ယာယီအားဖြင့် လေဖြတ်သကဲ့သို့ ခန္ဓာကိုယ် မလှုပ်ရှားနိုင်ဘဲ ဖြစ်သွားမည် ဖြစ်သောကြောင့်တည်း။
ထို့ကြောင့်လည်း အမှောင်ယဇ်ပဏ္ဏာသည် သူ နောက်ဆုံးမှသာ အသုံးချချင်သော စွမ်းရည်တစ်ခု ဖြစ်နေခြင်း ဖြစ်၏။ ဤစွမ်းရည်သည် ကြီးမားသော စွမ်းအားကို ပေးစွမ်းသော်လည်း တိုက်ပွဲအတွေ့အကြုံမရှိသော သတ္တဝါတစ်ကောင်ကဲ့သို့ ဇွတ်အတင်း တိုက်ခိုက်ခြင်းမျိုး ကဲ့သို့သော ဆိုးကျိုးများကိုပါ ဆောင်ကြဉ်းလာသောကြောင့် ဖြစ်ပေသည်။
အကယ်၍ အမှောင်ယဇ်ပဏ္ဏာ မကုန်ဆုံးမီ ရန်သူများကို မသတ်နိုင်ခဲ့ပါက သူသည် သေလူ ဖြစ်သွားရုံသာ ရှိတော့သည်။
"ရွှင်း... နင် ငါ့စကားကို ကြားရလား"
လုံချန်းသည် ရွှင်းအနေဖြင့် မိမိစကားကို ကြားနိုင်မည်လော မျှော်လင့်ချက်ဖြင့် ထိုမှောင်မိုက်သော ကမ္ဘာအတွင်း၌ အော်ဟစ်လိုက်သည်။ အကယ်၍ သူမ ကြားရပါက သူ့ကို ကူညီနိုင်မည့် နည်းလမ်းတစ်ခုခုအား စဉ်းစားပေးရန် သို့မဟုတ် အနည်းဆုံးတော့ သူ့ခန္ဓာကိုယ်ကို မည်သို့ လုပ်ရမည်ဟု ပြောပြပေးရန် သူ အလိုရှိနေခဲ့၏။
သူသည် ရွှင်း အမည်ကို ထပ်ခါတလဲလဲ ခေါ်ယူရင်း အော်ဟစ်နေခဲ့သော်လည်း မည်သူမျှ ပြန်လည်တုံ့ပြန်ခြင်း မရှိချေ။
လုံချန်းသည် စိတ်ပျက်လက်ပျက်ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ရှေ့တွင် လွင့်မျောနေသော မှန်ချပ်ဆီသို့ ထိုးနှက်လိုက်တော့သည်။ သို့သော် သူ့လက်သီးသည် ထိုမှန်ချပ်မှာ လုံးဝမရှိသည့်အလား ဖြတ်သန်းသွားခဲ့၏။
မှန်ချပ်မှာ လုံချန်း၏ လက်သီးချက်ကြောင့် တုန်လှုပ်ခြင်းမရှိသော ပုံရိပ်ယောင် တစ်ခုမျှသာ ဖြစ်ပုံရပေသည်။
လုံချန်းသည် လက်သီးကို ပြန်လည်ရုပ်သိမ်းရန် ပြုလုပ်စဉ်မှာတင် ရုတ်တရက် ရပ်တန့်သွားခဲ့၏။
သူ့ဦးနှောက်ထဲတွင် အသံ တစ်သံက "သတ်စမ်း... သတ်စမ်း... သတ်စမ်း..." ဟု ထပ်ခါတလဲလဲ အော်ဟစ်နေခဲ့သည်။
"ဟင်..."
သူသည် ဤအသံက မည်သည့် အသံ ဖြစ်သနည်းဟု ဇဝေဇဝါ ဖြစ်သွားခဲ့၏။ ၎င်းက သူကိုယ်တိုင်၏ အသံနှင့် တူနေသော်လည်း တပြိုင်နက်တည်းမှာပင် ကွဲပြားခြားနားနေသကဲ့သို့ ခံစားရသည်။
သူ လက်သီးကို ပြန်လည်ရုပ်သိမ်းလိုက်သောအခါ ထိုအသံက ရပ်တန့်သွားကြောင်း သတိပြုမိလိုက်၏။ ထိုအသံသည် သူ့လက်က ထိုပုံရိပ်ယောင်မှန်ချပ်ကို ထိတွေ့နေသရွေ့ အချိန်အတွင်း၌သာ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
သူသည် မှန်ချပ်အား စိုက်ကြည့်ရင်း ဤအရာအားလုံးကို အဓိပ္ပာယ်ဖော်ရန် ကြိုးပမ်းရင်း မေးစေ့အား ပွတ်သပ်လိုက်မိသည်။
ပုံမှန်အားဖြင့်ဆိုလျှင် သူသည် ထိုမှန်ချပ်က သူ့ကို ရူးသွပ်သွားအောင် ကြိုးပမ်းနေခြင်း သို့မဟုတ် ထိုအသံဖြင့် သူ့အား လွှမ်းမိုးရန် ကြိုးစားနေခြင်းဟု ထင်မှတ်မည် ဖြစ်သော်လည်း ထိုကဲ့သို့သော သက်ရောက်မှုမျိုး ရှိမနေခဲ့ချေ။ ထိုအသံသည် သူ့ဦးနှောက်ကို တစ်စုံတရာ ထိခိုက်မှုမရှိသော သာမန်အသံ တစ်သံ ကဲ့သို့သာ ဖြစ်၏။
သူသည် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် ထိုပုံရိပ်ယောင် မှန်ချပ်ကို နောက်တစ်ကြိမ် ထပ်မံ ထိတွေ့လိုက်ပြန်သည်။ သူ့လက်သည် မှန်ချပ်ကို နောက်တစ်ဖန် ဖြတ်သန်းသွားခဲ့၏။
ပုံရိပ်ယောင်မှန်ချပ်က သူ့လက်ကို ဝန်းရံထားစဉ် ထိုအသံက ပြန်လည် ထွက်ပေါ်လာကြောင်း သူ သိရှိလိုက်ရသည်။
သူသည် စကားလုံး တစ်လုံးတည်းကိုသာ ထပ်ခါတလဲလဲ ရွတ်ဆိုနေသော ထိုအသံအား နောက်တစ်ကြိမ် ကြားလိုက်ရပြန်၏။ "သတ်စမ်း"
"ဒီမှန်ချပ်က ငါ့ခန္ဓာကိုယ် မြင်တွေ့နေရတဲ့ အရာကို ငါ့ကို ပြသပေးနေတာ။ ဒါဆိုရင် ဒီအသံက မှန်ချပ်ကတဆင့် ငါကြားနေရတဲ့ ငါ့ခန္ဓာကိုယ်ရဲ့ စိတ်ကူးအတွေးအမြင်တွေ ဖြစ်နေမလား။ ဒါက အဓိပ္ပာယ်ရှိတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအချိန်မှာ ငါ့ခန္ဓာကိုယ်က အဲဒီလူကို သတ်ပစ်ဖို့ပဲ စဉ်းစားနေမှာ သေချာတယ်" သူက ထိုသို့တွေးတောရင်း သူ့လက်ကို နောက်တစ်ကြိမ် ပြန်လည်ရုပ်သိမ်းလိုက်သည်။
ထိုသည်က အသစ်တွေ့ရှိချက် တစ်ခု ဖြစ်သော်လည်း သူ့အတွက် အသုံးမဝင်ကြောင်းကိုလည်း သူ သိရှိသွားခဲ့၏။ သူ့ခန္ဓာကိုယ် အတွေးများကို သူ ကြားနိုင်ရုံမျှဖြင့် မည်သို့မျှ ထူးခြားမလာချေ။
"တကယ်လို့ ဒီမှန်ချပ်က ပြောင်းပြန် အလုပ်လုပ်မယ်ဆိုရင်တော့ ပိုပြီး အသုံးဝင်မှာပဲ။ ငါ့ရဲ့ အတွေးတွေကို ငါ့ခန္ဓာကိုယ်က ပြန်ကြားနိုင်မယ်ဆိုရင်ပေါ့"
လုံချန်းသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
"နေပါဦး... အဲဒီလို လုပ်ဖို့လည်း ဒါကနေတဆင့် ဖြစ်နိုင်ရင်ကော" သူသည် မိမိထံတွင် အခွင့်အရေးတစ်ခု ရှိနေကြောင်း ရုတ်တရက် သတိပြုမိလိုက်သဖြင့် ရေရွတ်လိုက်မိသည်။
"ငါ သေချာပေါက် ကြိုးစားကြည့်ရမယ်။ တကယ်လို့ ငါ မကြိုးစားရင် ဒီကောင်က အရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်"
လုံချန်းသည် ကြီးမားသော ဆုံးဖြတ်ချက်ဖြင့် သူ့လက်ကို မှန်ချပ်အတွင်းသို့ နောက်တစ်ကြိမ် ပြန်လည်ထည့်သွင်းလိုက်တော့သည်။
"ငါ့စကားကို နားထောင်စမ်း။ ဒီအတိုင်း ဇွတ်အတင်း ဝင်မချနဲ့တော့။ ဇွတ်အတင်း ဝင်မချနဲ့တော့။ ငါ့စကားကို နားထောင်စမ်း"
လုံချန်းသည် သူ့ခန္ဓာကိုယ်ကသာ မိမိစကားကို ကြားနိုင်ပါက လိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အတွေးများကို ထပ်ခါတလဲလဲ စတင်ရွတ်ဆိုလိုက်တော့သည်။