အခန်း ၁၀၉၂
Vol. 104 Ch. 1092
အခန်း ၁၀၉၂ အမှောင်ယဇ်ပဏ္ဏာ၏ အဆုံးသတ်
လုံချန်း၏ ပရိယာယ်က အောင်မြင်သွားခဲ့သည်။ သူသည် နောက်ဆုံး၌ မိမိခန္ဓာကိုယ်ကို စိတ်ကြိုက်လှုပ်ရှားစေနိုင်ခဲ့ပြီး ၎င်းကပင် တိုက်ပွဲတွင် အောင်ပွဲဆီသို့ ဆောင်ကြဉ်းပေးခဲ့ခြင်း ဖြစ်၏။
သူ၏ သွေးဆာနေသော အသိဉာဏ်မဲ့ ခန္ဓာကိုယ်သည် သူ၏ သိစိတ် ညွှန်ကြားချက်ကို နားထောင်ကာ အစီအစဉ်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ခဲ့သည်။
အရာအားလုံး၏ ရလဒ်အနေဖြင့် အမှောင်ထု၏ ဝါးမြိုခြင်းကို ခံထားရသော လုံချန်းသည် ဤကဲ့သို့ ထူးခြားဆန်းပြားသည့် အကွက်မျိုး ထုတ်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားသည့် မျက်နှာဖုံးတစ်ဝက်လူသား၏ နှလုံးသားတည့်တည့်သို့ အချိန်ဓားက ထိုးစိုက်မိသွားခဲ့တော့သည်။
ကံကြမ္မာ၏ အကာအကွယ်က သူ့ကို ကြိုတင်သတိပေးခဲ့ပြီး လုံချန်း၏ တိုက်ခိုက်မှု အရှိန်ကို လျှော့ချပေးခဲ့သော်လည်း အချိန်ဓားက ထိုလူ၏ နှလုံးသား အတွင်းသို့ ထိုးစိုက်ထားဆဲ ဖြစ်သဖြင့် ၎င်းကလည်း အရာမထင်တော့ချေ။
ထိုလူ၏ နှုတ်ခမ်းများနှင့် ရင်ဘတ်တို့မှ သွေးများ ပန်းထွက်လာခဲ့သည်။
လုံချန်းက ဓားကို ပြန်လည်နှုတ်ယူလိုက်စဉ် သူသည် တုန်ရင်နေသော လက်များဖြင့် ခန္ဓာကိုယ်ကို ပြန်လည်ကုသရန် ကုသရေး ဆေးလုံး တစ်လုံးအား အသုံးပြုရန် ကြိုးပမ်းခဲ့သော်လည်း ဆေးလုံးကိုပင် မမျိုချနိုင်သေးမီ အချိန်ဓားက နောက်တစ်ကြိမ် ထက်ပိုင်းဖြတ်လျက် ဝှေ့ယမ်းလာပြီး သူ့ဦးခေါင်းကို ဖြတ်တောက်လိုက်သဖြင့် ၎င်းမှာလည်း အချည်းနှီး ဖြစ်သွားခဲ့ရ၏။
ဦးခေါင်း ပြတ်တောက်သွားပြီးနောက် မည်သည့် ကုသရေး ဆေးလုံးမျှ မကယ်တင်နိုင်တော့ပေ။ ပြန်လည်အသက်ရှင်ရန် ဆိုသည်မှာလည်း မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိ၏ သေခြင်း နိယာမကို အခြားသူများအပေါ်၌သာ အသုံးပြုနိုင်ပြီး ၎င်းမှာလည်း မိမိကိုယ်တိုင် အသက်ရှင်နေချိန်၌သာ ဖြစ်သောကြောင့်တည်း။ ယခုမူ သူ့ဦးခေါင်းမှာ အပိုင်းပိုင်းပြတ်သွားခဲ့ပြီ ဖြစ်ရာ သူ့စွမ်းအားများကို အသုံးချရန် အသက်ပင် မရှိတော့ချေ။
ထိုလူ၏ ရုပ်အလောင်းသည် ရွှေရောင်ဓားနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ဓားမှာလည်း ပုံစံပြန်လည် ပြောင်းလဲသွားကာ မူလ အခြေအနေဖြစ်သော ရွှေရောင်စာအုပ်အဖြစ်သို့ ပြန်ရောက်သွားခဲ့သည်။
....
အမှောင်ထု ကမ္ဘာအတွင်း၌မူ လုံချန်းသည် မှန်ချပ်မှတဆင့် အရာအားလုံးကို စောင့်ကြည့်နေခဲ့သည်။ မှန်ချပ် အတွင်းမှတဆင့် ရွှေရောင်စာအုပ် အောက်သို့ ပြုတ်ကျသွားသည်ကို သူ မြင်တွေ့လိုက်ရ၏။
ရန်သူနှစ်ဦးစလုံးကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သဖြင့် ဝမ်းမြောက်မိသော်လည်း ဤကိစ္စက ပြီးဆုံးသွားခြင်း မရှိသေးကြောင်း သူ သိရှိထားသည်။ သူသည် ရန်သူတစ်ယောက်တည်းသာ ရှိသည်ဟု ထင်မှတ်ခဲ့သော်လည်း ပထမတစ်ယောက်ကို သတ်ပြီးနောက် အခြားတစ်ယောက် ထပ်မံပေါ်ပေါက်လာခဲ့သည်။
ယခုအခါ ဒုတိယရန်သူပါ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ လုံချန်းအနေဖြင့် ဤနေရာတွင် နောက်ထပ်ရန်သူများ ထပ်မံရောက်ရှိလာမည့် အရေးကို စောင့်ဆိုင်းရင်း စွန့်စားခြင်း မပြုလိုတော့ပါချေ။
ဤနေရာမှ အမြန်ဆုံး ထွက်ခွာရန် အရေးကြီးကြောင်း သူ သဘောပေါက်လိုက်သည်။
သူ၏လက်မှာ ပုံရိပ်ယောင် မှန်ချပ်အတွင်း ရှိနေဆဲ ဖြစ်၏။
"စာအုပ်ကို ကောက်ပြီး ထွက်ပြေးစမ်း။ စာအုပ်ကို ကောက်ပြီး ထွက်ပြေးစမ်း။ စာအုပ်ကို ကောက်ပြီး ထွက်ပြေးစမ်း"
သူသည် သူ့ခန္ဓာကိုယ်က မိမိစကားကို နားထောင်စေရန်အတွက် အမိန့်အသစ်အား ထပ်ခါတလဲလဲ စတင်ရွတ်ဆိုလိုက်တော့သည်။
ထူးဆန်းသော အတွေးနှစ်ခုကြောင့် ဇဝေဇဝါ ဖြစ်နေဆဲဖြစ်ပုံရသော ခန္ဓာကိုယ်သည် လုံချန်း၏ အသံကို နောက်တစ်ကြိမ် နားထောင်ရန် ဆုံးဖြတ်လိုက်ပြန်သည်။
သူသည် မြေပြင်ပေါ်သို့ ပျံသန်း ဆင်းသက်သွားပြီး ရွှေရောင်စာအုပ်ကို ကောက်ယူကာ ရှေးဟောင်းလက်စွပ် အတွင်းသို့ ထည့်သွင်းလိုက်ပြီးနောက် အဝေးသို့ စတင်ပျံသန်း ထွက်ခွာသွားခဲ့တော့၏။
လုံချန်း၏ ခန္ဓာကိုယ်ပတ်လည်ရှိ အမှောင်စွမ်းအင်များမှာ တိုက်ပွဲများ အတွင်း၌ အလွန်အမင်း သုံးစွဲခဲ့ရသဖြင့် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်ရာ သူ့ထံတွင် စွမ်းအင် အနည်းငယ်မျှသာ ကျန်ရှိတော့သည်။ လုံချန်းအနေဖြင့် မိမိ၏ ခန္ဓာကိုယ်သည် ဤပုံစံအတိုင်း အကြာကြီး တည်တံ့ မနေနိုင်တော့ကြောင်း သေချာပေါက် သိရှိထား၏။ မကြာမီ ခန္ဓာကိုယ်မှာ လှုပ်ရှားနိုင်စွမ်း မရှိဘဲ ဖြစ်သွားတော့မည်ဖြစ်ကာ သူသည်လည်း ဤအမှောင်ထု ကမ္ဘာအတွင်းမှ ထွက်ခွာ၍ မိမိခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားတော့မည် ဖြစ်သည်။
ထိုအချိန်ကျလျှင် သူသည် ဘေးကင်းသော နေရာတစ်ခုတွင် ရှိနေရန် လိုအပ်ပေသည်။
"မုဆိုးကြယ်။ ဟုတ်သားပဲ။ သူ အပြင်မှာ ရှိနေသေးတာပဲ" လုံချန်းသည် နောက်ဆုံး မြင်တွေ့ခဲ့ရစဉ်က မုဆိုးကြယ် သတိမေ့မြောနေခဲ့သည်ကို ရုတ်တရက် သတိရသွားသဖြင့် အော်ဟစ်လိုက်မိသည်။
သူတို့အနေဖြင့် သူ့ကိုပါ ခေါ်ဆောင်သွားရန် လိုအပ်ပေသည်။
သူသည် သူ့ခန္ဓာကိုယ်အား မုဆိုးကြယ်ရှိရာသို့ သွားရောက်၍ သူ့ကိုပါ ခေါ်သွားရန် နောက်တစ်ကြိမ် အမိန့်ပေးလိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ခန္ဓာကိုယ်သည် ယခင်စကားလုံးများ ပြောင်းလဲသွားသဖြင့် ပိုမို ဇဝေဇဝါဖြစ်သွားကာ အနည်းငယ် ငြင်းဆန်ဟန်ပြလာခဲ့၏။ သူ၏ ဦးနှောက်ထဲတွင် အမြဲတစေ ထွက်ပေါ်နေသောအသံက သတ်စမ်းဟု ပြောနေပြီး အခြားအသံတစ်ခုက စာအုပ်ကိုယူပြီး ထွက်ခွာစမ်းဟု ပြောခဲ့ကာ ယခုအခါတွင်မူ အသံက မုဆိုးကြယ်ကိုယူပြီး ထွက်ခွာစမ်းဟု ညွှန်ကြားနေခြင်း ဖြစ်ပေသည်။
လုံချန်းသည် မိမိကိစ္စများကို ပိုမိုရှုပ်ထွေးအောင် လုပ်မိနေပြီဖြစ်ကြောင်း သဘောပေါက်သော်လည်း မုဆိုးကြယ်အား ချန်ထားခဲ့၍ မရနိုင်ကြောင်း သိရှိထားသည်။ သူသည် မုဆိုးကြယ်အား ခေါ်ဆောင်သွားရန် အမိန့်တစ်ခုတည်းကိုသာ ထပ်ခါတလဲလဲ ပေးနေခဲ့၏။
သူ ထပ်ခါတလဲလဲ ရွတ်ဆိုနေမှုကြောင့် ခန္ဓာကိုယ်သည် နောက်ဆုံး၌ ပြန်လည် နားထောင်လာခဲ့ပြီး လမ်းကြောင်းကို ပြောင်းလဲကာ မုဆိုးကြယ်အား နောက်ဆုံး မြင်တွေ့ခဲ့ရသည့် နေရာဆီသို့ နေရာရွှေ့ပြောင်းခြင်းဖြင့် ပျောက်ကွယ်သွားခဲ့တော့သည်။
လုံချန်း ထိုနေရာသို့ ရောက်ရှိသွားသောအခါ ထိုနေရာမှာ လုံးဝ ဆိတ်သုဉ်းနေသည်ကို တွေ့လိုက်ရ၏။ ဧကရာဇ်လု၏ ရုပ်အလောင်းသာ လဲလျောင်းနေပြီး မုဆိုးကြယ်မှာမူ ဤနေရာတွင် ရှိမနေခဲ့ချေ။
"ဒီကောင်... ဘယ်ကို ထွက်သွားတာလဲ" လုံချန်းသည် မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိသည်။
သူသည် သူ့ခန္ဓာကိုယ်အား မုဆိုးကြယ်ကို ရှာဖွေရန် ထပ်မံ အမိန့်ပေးလိုက်ပြန်၏။
လုံချန်း၏ ခန္ဓာကိုယ်သည် တော်ဝင်မြို့တော်အတွင်း မုဆိုးကြယ်ကို ရှာဖွေရန်အတွက် ကောင်းကင်ယံထက်သို့ မြင့်မားစွာ ပျံသန်းတက်ရောက်သွားခဲ့သည်။
မုဆိုးကြယ်သည် လုံချန်းနှင့် စိတ်ချင်းဆက်သွယ်မှု ရှိပြီးသားဖြစ်သဖြင့် လုံချန်းအနေဖြင့် သူ့ထံသို့ ရောက်ရှိရန် အချိန်အကြာကြီး မပေးလိုက်ရချေ။
မုဆိုးကြယ်သည်လည်း လုံချန်းထံသို့ လာရောက်ရန် ထွက်ခွာလာခဲ့ပြီးသား ဖြစ်သည်။
သူတို့နှစ်ဦး လမ်းခုလတ်တွင် ဆုံတွေ့ခဲ့ကြ၏။ လုံချန်း၏ ခန္ဓာကိုယ်သည် မုဆိုးကြယ်ကို မယူဆောင်ဘဲ စာအုပ်ကို ရှေးဟောင်းလက်စွပ်အတွင်း ထည့်သွင်းခဲ့သည့် တုံ့ပြန်မှုအတိုင်း မုဆိုးကြယ်ကို သားရဲနယ်ပယ် အတွင်းသို့ ပို့ဆောင်ပစ်လိုက်တော့သည်။
"နေပါဦး... မဟုတ်ဘူးလေ"
လုံချန်း၏ သိစိတ်သည် ဤအရာက မှားယွင်းသွားကြောင်း သဘောပေါက်လိုက်သည်။ သူသည် မုဆိုးကြယ်ကို သားရဲနယ်ပယ် အတွင်းသို့ မပို့လိုချေ။ မိမိ ခန္ဓာကိုယ်မှာ မကြာမီ လှုပ်ရှားနိုင်စွမ်း မရှိဘဲ ဖြစ်သွားတော့မည်ဖြစ်ရာ ထိုအချိန်တွင် မုဆိုးကြယ်က သူ့ကို ကူညီနိုင်စေရန်အတွက် မုဆိုးကြယ်အား မိမိ ခန္ဓာကိုယ်နှင့်အတူ ရှိနေစေလိုခြင်း ဖြစ်သည်။ မုဆိုးကြယ်ကို အနောက်သို့ ပို့ဆောင်လိုက်ခြင်းအားဖြင့် သူ့ခန္ဓာကိုယ်သည် သူ့အား ကိုးကိုးကန်ကန် ဖြစ်သွားစေသည်။
မုဆိုးကြယ်ကို ပြန်လည်ပို့ဆောင်ပြီးနောက် ခန္ဓာကိုယ်သည် မြို့တော်မှ ထွက်ခွာရန်ဟူသော ယခင် အမိန့်ဟောင်းကို နာခံလျက် အဝေးသို့ ဆက်လက် ပျံသန်းသွားခဲ့သည်။
ခန္ဓာကိုယ်သည် ပိုမိုလျင်မြန်စွာ သွားလာနိုင်ရန်အတွက် ဆက်လက်ပျံသန်းရင်း နေရာရွှေ့ပြောင်းခြင်းကိုပါ အသုံးချနေခဲ့၏။
စက္ကန့်အနည်းငယ်အတွင်း သူ့ခန္ဓာကိုယ်သည် တော်ဝင်မြို့တော်၏ အပြင်ဘက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထို့မျှမကသေးဘဲ သူ့ခန္ဓာကိုယ်သည် အဝေးပို့ နေရာရွှေ့ပြောင်းခြင်းကိုပါ အသုံးချလျက် သူဖန်တီးလိုက်သော ဟင်းလင်းပြင် ဝင်ပေါက်အတွင်းသို့ ဝင်ရောက်သွားခဲ့တော့သည်။
"မှားနေပြီ။ သူ့ကို ပြန်ထုတ်စမ်း"
"မုဆိုးကြယ်ကို ပြန်ထုတ်စမ်း"
လုံချန်းသည် မုဆိုးကြယ်ကို ပြန်ထုတ်ရန် အမိန့်အား ထပ်ခါတလဲလဲ ရွတ်ဆိုနေခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ့ခန္ဓာကိုယ်က ရှေ့နောက်မညီသော အမိန့်များကြောင့် တစ်စုံတရာ လုပ်ဆောင်ရန် ငြင်းဆန်နေသည့်အလား နားမထောင်တော့ဘဲ ရှေ့သို့သာ ဆက်လက်ပျံသန်းနေခဲ့တော့၏။
"မင်း ရူးနေလား။ ငါ့မှာ အချိန်အများကြီးမရှိဘူး။ မုဆိုးကြယ်ကို ပြန်ထုတ်စမ်း။ တကယ်လို့ မုဆိုးကြယ်ကို မထုတ်နိုင်ရင် ရှား ဒါမှမဟုတ် တခြားလူတွေကို ထုတ်စမ်း။ ငါ့စကားကို နားထောင်စမ်း"
လုံချန်း၏ သိစိတ်သည် ပုံရိပ်ယောင် ကမ္ဘာအတွင်း အားကုန် အော်ဟစ်နေခဲ့သော်လည်း သူ့ခန္ဓာကိုယ်မှာမူ နားမထောင်တော့ချေ။
လုံချန်းသည် အနာဂတ်အတွက် စတင်စိုးရိမ်ပူပန်လာခဲ့ပြီ ဖြစ်သည်။ သူ့ပတ်ဝန်းကျင်တွင် မည်သူမျှ ရှိမနေပေ။ သူ လှုပ်ရှားနိုင်စွမ်း မရှိတော့သော မိမိခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်နှင့် တပြိုင်နက် သူ့ကို ကူညီမည့်သူ မရှိဘဲ ပတ်ဝန်းကျင်၏ ဘေးအန္တရာယ် ပြုနိုင်စွမ်းအောက်တွင် ဒူးထောက်ရတော့မည် ဖြစ်သည်။
"မင်း ရူးနေလား။ ငါ့အမိန့်ကို နားထောင်စမ်းပါ။ တောင်းပန်ပါတယ်" လုံချန်း အော်ဟစ်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်၏။
နောက်ဆုံး၌ သူ၏ခန္ဓာကိုယ်ထံမှ အမှောင်စွမ်းအင်များ အားလုံး ကုန်ဆုံးသွားပြီ ဖြစ်သည်။
သူ့ရှေ့တွင် လွင့်မျောနေသော ပုံရိပ်ယောင် မှန်ချပ်မှာ အပိုင်းပိုင်းအစစ ကွဲအက်သွားသည်နှင့် လုံချန်း၏ သိစိတ်ပတ်လည်ရှိ အမှောင်ထု ကမ္ဘာသည်လည်း ပျောက်ကွယ်သွားခဲ့တော့သည်။
သူ၏ သိစိတ်သည် လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် ပျံသန်းနေဆဲဖြစ်သော မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။
သူ၏ သိစိတ် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်နှင့် တပြိုင်နက် သူသည် တစ်စုံတရာမျှ လှုပ်ရှား၍ မရတော့ကြောင်း သတိပြုမိလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ လှုပ်ရှားနိုင်စွမ်း မရှိတော့ဘဲ လေဖြတ်သကဲ့သို့ ဖြစ်သွားလေသည်။