အခန်း ၁၀၉၃
Vol. 104 Ch. 1093
အခန်း ၁၀၉၃ ပြန်လည်နိုးထလာခြင်း
လုံချန်း၏ သိစိတ် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်နှင့် တပြိုင်နက် သူသည် တစ်စုံတရာမျှ လှုပ်ရှား၍ မရတော့ကြောင်း သတိပြုမိလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ထိပ်ဆုံးမှ ခြေဖျားအထိ လေဖြတ်သကဲ့သို့ ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ် အတွင်း၌ စွမ်းအင်အားလုံး ဆိတ်သုဉ်းသွားခဲ့ပြီ ဖြစ်ရာ ချီစွမ်းအားကိုလည်း အသုံးမပြုနိုင်တော့ပေ။
သူသည် ကောင်းကင်ယံထက်တွင် မြင့်မားစွာ ရှိနေဆဲ ဖြစ်သော်လည်း ခန္ဓာကိုယ်မှာ လှုပ်ရှားနိုင်စွမ်းမရှိတော့သဖြင့် ဆက်လက် မပျံသန်းနိုင်တော့ဘဲ အောက်သို့ စတင် ပြုတ်ကျလာခဲ့တော့သည်။
လုံချန်းသည် မျက်လုံးများကို ဖွင့်ထားနိုင်ဆဲ ဖြစ်သော်လည်း မိမိကိုယ်ကိုယ် အောက်သို့ ထိုးစိုက်ပြုတ်ကျနေသည်ကို ကြည့်နေရုံမှတစ်ပါး အခြား မလုပ်နိုင်ခဲ့ပေ။
သူ ပြုတ်ကျလာသည်နှင့်အမျှ မြေပြင်နှင့် သူ့အကွာအဝေးမှာ မြန်ဆန်စွာ လျော့နည်းလာခဲ့သည်။
စက္ကန့်အနည်းငယ်အတွင်း သူ့ခန္ဓာကိုယ်သည် ခြေထောက်က အရင်ကျလျက် ပျက်စီးနေသော မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တော့၏။
ထိုသို့ ပြုတ်ကျမှုကြောင့် ခြေထောက်အရိုးများမှာ အစိပ်စိပ်အမွှာမွှာ ကြေမွသွားခဲ့သလို ခန္ဓာကိုယ်ရှိ အခြားသော အရိုးအချို့လည်း ကျိုးပဲ့သွားခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူ ဤပြုတ်ကျမှုမှ အသက်ရှင်ကျန်ရစ်ခဲ့၏။
ထို့ပြင် သူသည် မိမိခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမျှ အာရုံမခံနိုင်တော့သဖြင့် မည်သည့်နာကျင်မှုကိုမျှပင် မခံစားရချေ။ နာကျင်မှု မရှိသော်လည်း မိမိ၏ အမြင်အာရုံများ တဖြည်းဖြည်း မှောင်မိုက်လာသည်ကို ကြည့်ခြင်းဖြင့် မိမိကိုယ်ကိုယ် ပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်း လုံချန်း သဘောပေါက်လိုက်သည်။ ဒဏ်ရာရနေသော သူ့ခန္ဓာကိုယ်သည် သွေးများစွာ ထပ်မံဆုံးရှုံးခဲ့ရသဖြင့် ပိုမိုအားနည်းလာခဲ့သည်။
မကြာမီပင် သူ့မျက်လုံးများ ပိတ်ကျသွားခဲ့ပြီး သတိ လုံးဝ မေ့မြောသွားခဲ့တော့သည်။ အရာအားလုံး မှောင်မိုက်သွားချိန်တွင် လုံချန်း၏ နောက်ဆုံးအတွေးမှာ ရိုးရှင်းပေသည်။ သူသည် နောက်တစ်ကြိမ် ပြန်လည်နိုးထလာမည်လောသာ တွေးတောနေမိတော့၏။
...
ကြယ်တာရာ တော်ဝင်မြို့တော်ကြီး တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။ လူတိုင်းက မိမိတို့၏ အိမ်တွင်း၌သာ ပုန်းအောင်းနေကြသဖြင့် မည်သူမျှ စကားမဆိုရဲကြချေ။
ဤမြို့တော်ကြီးသည် တိုက်ခိုက်နေကြသော နတ်ဘုရားနှစ်ပါးအလား ထင်မှတ်ရသည့် လူနှစ်ဦး၏ လက်ချက်ဖြင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
သူတို့ ဖြတ်သန်းသွားခဲ့သည့် နေရာတိုင်းတွင် ပျက်စီးခြင်းများက နောက်ကွယ်မှ ထပ်ချပ်မကွာ လိုက်ပါလာခဲ့ပြီး နောက်ဆုံး၌ မြို့တော်၏ ထက်ဝက်ခန့်မှာ ပျက်စီးသွားခဲ့ရ၏။
တိုက်ပွဲသံများ ရပ်တန့်သွားခဲ့သည့်တိုင်အောင် အရပ်သားပြည်သူများမှာ အခြေအနေကို ထွက်ခွာစစ်ဆေးရန် အိမ်ပြင်သို့ မထွက်ရဲကြသေးပေ။ မြို့တော်ကြီး တစ်မြို့လုံးမှာ မြို့ပျက်ကြီး တစ်မြို့အလား ဖြစ်နေခဲ့သည်။
တော်ဝင်နန်းတော်မှာလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ တော်ဝင်မျိုးနွယ်စုများ အားလုံးနှင့်အတူ မှူးမတ်မျိုးနွယ်များလည်း သေဆုံးသွားခဲ့ကြပြီ ဖြစ်ရာ ကြယ်တာရာ အင်ပါယာ၏ ရန်သူများအနေဖြင့်သာ ဤမြို့ကို သိမ်းပိုက်လိုပါက မည်သည့်အားစိုက်ထုတ်မှုမျှပင် လိုအပ်မည် မဟုတ်ချေ။
မိနစ်များမှ နာရီများသို့၊ နာရီများမှသည် ရက်များသို့ ပြောင်းလဲလာခဲ့သည်။ တော်ဝင်မြို့တော်၏ တိတ်ဆိတ်မှုသည် နှစ်ရက်တိုင်တိုင် ဆက်လက်တည်ရှိနေပြီးနောက်မှသာ အရပ်သားပြည်သူများသည် ဖျက်ဆီးခြင်း နတ်ဘုရားနှစ်ပါး ထွက်ခွာသွားပါစေကြောင်း ဆုတောင်းလျက် အိမ်ပြင်သို့ ထွက်ရန် သတ္တိအချို့ကို နောက်ဆုံး၌ စတင်မွေးမြူနိုင်ခဲ့ကြသည်။
အရပ်သားများ အပြင်သို့ ထွက်လာကြသောအခါ မြို့တော်ကြီးတစ်ခုလုံး ဆိတ်သုဉ်းနေသည်ကို တွေ့ရှိလိုက်ရ၏။ တိုက်ပွဲမှာ အမှန်တကယ်ပင် မရှိတော့ချေ။ ရန်သူမှာလည်း ထွက်ခွာသွားခဲ့ပြီ ဖြစ်ပုံရသည်။
လူတိုင်းက နောက်ထပ် မည်သို့ ဆက်လုပ်ရမည်ကို ဇဝေဇဝါ ဖြစ်နေခဲ့ကြသည်။ မြို့တော်မှာ ပျက်စီးလုနီးပါး ဖြစ်နေပြီး သူတို့ကို လမ်းညွှန်ပြသမည့်သူလည်း မရှိချေ။ အာဏာပိုင် အဆင့်အတန်းရှိသူ အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် အရပ်သားများအား မည်သို့ လုပ်ရမည်ဟု ပြောကြားပေးမည့်သူ တစ်ဦးမျှ မရှိတော့ပေ။
ကျန်ရစ်ခဲ့သော အရပ်သားများထဲမှ အနည်းငယ်သော လူအချို့ကသာ ကိစ္စရပ်များကို မိမိတို့ဘာသာ ဦးဆောင်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။
...
လုံချန်း၏ မျက်လုံးများ ပိတ်ကျသွားခဲ့ပြီး သူ့ခန္ဓာကိုယ် အာရုံခံစားမှု အားလုံး ကုန်ဆုံးသွားခဲ့သော်လည်း နောက်ဆုံး၌ သူသည် တစ်စုံတစ်ခုကို စတင် ခံစားလာရပြီ ဖြစ်သည်။
အလွန်အမင်း ပြင်းထန်သော နာကျင်မှုပင်။ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ အရိုးများ ကျိုးပဲ့နေသည့်အလား နာကျင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် ထိုနာကျင်မှုများကြားထဲကပင် သူသည် ဝမ်းမြောက်မိနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤအရာက သူ အသက်ရှင်နေသေးကြောင်း သက်သေပြနေသောကြောင့် ဖြစ်ပေသည်။
သူ မျက်လုံးများကို ဖွင့်ရန် ကြိုးပမ်းလိုက်သော်လည်း ၎င်းကပင် ခက်ခဲလွန်းနေခဲ့သည်။ ကြီးမားသော အားစိုက်ထုတ်မှု ပြုလုပ်ပြီးနောက်မှသာ ဝေဝါးနေသော အမြင်အာရုံများနှင့်အတူ သူ့မျက်လုံးများကို နောက်ဆုံး၌ ဖွင့်လှစ်နိုင်ခဲ့တော့သည်။
သူ၏ အမြင်အာရုံ တစ်ခုလုံး ဝေဝါးနေသဖြင့် သူ မည်သည့်နေရာသို့ ရောက်နေသည်ကို မသိရှိသော်လည်း ပတ်ဝန်းကျင်မှ သစ်သားနံ့ကိုမူ သူ ရရှိနေခဲ့သည်။ ထို့ပြင် သူသည် လေဟာပြင် တစ်ပြင်တွင် ရှိမနေကြောင်းလည်း အာရုံခံမိ၏။ ၎င်းက တဲအိမ်လေး တစ်လုံးနှင့် တူနေပေသည်။
သူ မည်သည့် နေရာသို့ ရောက်ရှိနေကြောင်း သိရှိနိုင်ရန်အတွက် ဝိညာဉ်အာရုံကို ဖြန့်ကျက်ရန် ကြိုးပမ်းလိုက်သည်။ သူ၏ ချီစွမ်းအားမှာ ကမောက်ကမ ဖြစ်နေဆဲ ဖြစ်သော်လည်း ဝိညာဉ်အာရုံကိုမူ အသုံးပြုနိုင်ဆဲ ဖြစ်၏။
သူ၏ ဝိညာဉ်အာရုံသည် ပတ်ဝန်းကျင်သို့ ဖြန့်ကျက်သွားခဲ့ပြီး သူ အမှန်တကယ် ရောက်ရှိနေသည့် နေရာကို မြင်တွေ့နိုင်စေခဲ့သည်။
သူ ခန့်မှန်းထားခဲ့သည့် အတိုင်းပင် ဖြစ်၏။ သူသည် သစ်သား တဲအိမ်လေး တစ်လုံးအတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။ တဲအိမ်လေးမှာ အလွန်အမင်း ကြီးမားပုံ မရချေ။ တဲအိမ်အတွင်း၌ ခုတင်တစ်လုံးသာ ရှိပြီး ၎င်းမှာ လုံချန်း လဲလျောင်းနေသော ခုတင်ပင် ဖြစ်သည်။
တဲအိမ်တစ်ခုလုံးမှာ လုံးဝ ဆိတ်သုဉ်းနေခဲ့သည်။ သူကလွဲ၍ အခြား မည်သည့် လူသားတစ်ဦးမျှ တဲအိမ်အတွင်း၌ မြင်တွေ့ရခြင်း မရှိချေ။
တဲအိမ်၏ ပတ်ဝန်းကျင်တွင်ပင် လူသူကင်းမဲ့နေပုံရသည်။ တဲအိမ်လေးမှာ ပတ်ပတ်လည်၌ သစ်ပင်များ ဝန်းရံထားသော တောအုပ် တစ်အုပ်၏ အလယ်တွင် ရှိနေခြင်း ဖြစ်၏။ အနီးအနားတွင် ရေကန်ငယ်လေးတစ်ကန်လည်း ရှိနေပုံရပေသည်။
"ငါ ဘယ်ရောက်နေတာလဲ" လုံချန်းသည် ဇဝေဇဝါ ဖြစ်လျက် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သူသည် တစ်စုံတစ်ယောက်၏ အိမ်အတွင်း ရောက်နေပုံရသော်လည်း မည်သူ့အိမ်နည်း။ ဤနေရာတွင် မည်သူမျှ ရှိမနေချေ။ တစ်စုံတစ်ယောက်က သူ့ကို ကူညီပြီး အသက်ကယ်တင်ပေးခဲ့ခြင်းလော။
သူ မျက်တောင် အနည်းငယ် ဖြတ်ခတ်လိုက်ရာ ဝေဝါးနေသော အမြင်အာရုံမှာ ဖြည်းညှင်းစွာ လျော့နည်းလာခဲ့ပြီး နောက်ဆုံး၌ ပုံမှန်အတိုင်း ပြန်လည် ရှင်းလင်းသွားခဲ့တော့သည်။
သူသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး ပတ်တီးများဖြင့် လုံးပတ်ပတ်ထားသော မိမိ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်မိသည်။ ဤအရာက အဓိပ္ပာယ်ရှိပေသည်။ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံး ကျိုးပဲ့နေခဲ့သည် မဟုတ်လော။ သူ့ကို ကူညီပေးခဲ့သူက ဒဏ်ရာများ ပိုမိုမြန်ဆန်စွာ သက်သာလာစေရန်အတွက် သူ့အား ပတ်တီးများ စနစ်တကျ ပတ်ပေးထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
တစ်စုံတစ်ယောက်က သူ့ကို ကူညီခဲ့သည်မှာ သေချာသလောက်ပင် ရှိနေပြီ ဖြစ်သည်။
"ငါ့အတွက် ဒီပတ်တီးတွေ မလိုတော့ပါဘူး။ ငါ့ဘာသာငါ ကုသနိုင်ပါတယ်" သူသည် လက်ကို မြှောက်ရန် ကြိုးပမ်းရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သူသည် မိမိကိုယ်ကိုယ် ချက်ချင်း ပြန်လည်ကုသနိုင်ရန်အတွက် သက်စောင့်ဆေးလုံးကို သုံးစွဲချင်သော်လည်း လက်က လှုပ်ရှား၍ မရနိုင်ကြောင်း သိရှိလိုက်ရသည်။
သူ့အနေဖြင့် ခေါင်းကို လှုပ်ရှားနိုင်ပြီး ခန္ဓာကိုယ်၏ နာကျင်မှုအား ခံစားနေရဆဲဖြစ်သော်လည်း သူ့ခန္ဓာကိုယ်မှာ လှုပ်ရှား၍မရဘဲ အကြောသေနေဆဲပင် ဖြစ်၏။
"ဒီအစုတ်ပလုတ် အမှောင်ယဇ်ပဏ္ဏာ စွမ်းရည်" သူသည် ခန္ဓာကိုယ်အား လှုပ်ရှား၍မရသဖြင့် ကျိန်ဆဲလိုက်မိသည်။ ဤစွမ်းရည်က သူ့ကို ကူညီခဲ့မှန်း သူ သိရှိထားသော်လည်း နောက်ဆက်တွဲဆိုးကျိုးကြောင့် စိတ်ပျက်နေရဆဲ ဖြစ်၏။
"နေပါဦး။ နောက်ဆက်တွဲ ဆိုးကျိုး။ ငါ အကြောသေတာကိုတော့ ကြုံတွေ့နေရပြီ။ ဒါပေမဲ့ နောက်ထပ် ဆိုးကျိုးတစ်ခု ရှိသေးတယ်မဟုတ်လား။ စိတ်ခံစားချက်တစ်ခု ဆုံးရှုံးသွားတာ။ ငါ ဘယ်စိတ်ခံစားချက်ကို ဆုံးရှုံးသွားတာလဲ" သူသည် နားလည်သဘောပေါက်ရန် ကြိုးပမ်းရင်း မိမိကိုယ်ကိုယ် ပြန်လည်မေးမြန်းလိုက်သည်။
သူ့ထံတွင် ဒေါသစိတ် ရှိနေသေးကြောင်း သူ သိရှိထားသည်။ မဟုတ်ပါက ဤစွမ်းရည်ကို သူ ကျိန်ဆဲနေလိမ့်မည် မဟုတ်ချေ။ ထို့ပြင် အလွန်ကံကောင်းသည်မှာ သူ့ထံတွင် ချစ်ခြင်းမေတ္တာ စိတ်ခံစားချက်လည်း ရှိနေသေးခြင်းပင်။ သူ၏ မိသားစုအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာကို သူ ခံစားနေရဆဲ ဖြစ်သည်။
"ငါ ဘာစိတ်ခံစားချက် ပျောက်ဆုံးသွားတာလဲ။ ငါ ဘာကို ဆုံးရှုံးလိုက်ရတာလဲ" သူသည် ယင်းက မည်သည့်အရာ ဖြစ်မည်ကို မရိပ်မိဘဲ တွေးတောနေမိတော့သည်။
"ငါ စဉ်းစားလို့မရဘူးဆိုတော့ ဒါက သိပ်ပြီး အရေးကြီးတဲ့ အရာတော့ မဟုတ်တန်ပါဘူး" သူသည် ဆက်လက် တွေးတောခြင်းကို လက်လျှော့လိုက်ရင်း ဆိုလိုက်သည်။ မကြာမီ သေချာပေါက် ပြီးဆုံးသွားတော့မည့် အကြောသေခြင်း ဝေဒနာမှလွဲ၍ သူ၏ ခန္ဓာကိုယ်မှာ ပုံမှန်နီးပါး ဖြစ်နေသည်ကို သူ တွေ့ရှိလိုက်ရသည်။
"နင် နောက်ဆုံးတော့ နိုးလာပြီပဲ။ ဘယ်လို ခံစားရလဲ"
လုံချန်း မျက်လုံးများကို ပိတ်လိုက်ပြီး ခေတ္တအနားယူရန် ပြင်လိုက်စဉ်မှာပင် အသံတစ်သံအား ကြားလိုက်ရ၏။
"ရွှင်း... နင်က ငါ ဘယ်လိုခံစားရလဲလို့ တကယ်ကြီး မေးနေတာလား။ ငါ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကျိုးပဲ့နေပြီး လှုပ်လို့တောင် မရဘူး။ နင့်အထင် ငါ ဘယ်လိုခံစားနေရမယ် ထင်လဲ" လုံချန်းက ခနဲ့တဲ့တဲ့ဖြင့် ပြန်လည်မေးမြန်းလိုက်သည်။
"ဒါနဲ့ ငါ့ကို တစ်ခုလောက် ပြောပြပါဦး။ ငါ သတိမေ့နေတာ ဘယ်လောက်တောင် ကြာသွားပြီလဲ။ ပြီးတော့ ငါ့ကို ဘယ်သူ ကူညီပေးခဲ့တာလဲ" သူက စုံစမ်းမေးမြန်းလိုက်၏။
"နင် သတိမေ့နေတာ ဘယ်လောက်ကြာပြီလဲ ဟုတ်လား။ သုံးရက် ဒါမှမဟုတ် လေးရက်လောက် ရှိပြီ ထင်တာပဲ။ နင့်ကို ဘယ်သူ ကူညီခဲ့လဲဆိုတဲ့ ကိစ္စအတွက်တော့ ဝမ်းမြောက်လိုက်စမ်းပါ။ အဲဒါ အလွန် ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဟ" ရွှင်းက လုံချန်းကို ကြည့်ကာ ရယ်မောရင်း ပြောပြလိုက်တော့သည်။