အခန်း ၁၀၉၄
Vol. 104 Ch. 1094
အခန်း ၁၀၉၄ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေး
"အဲဒါ အလွန် ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဖြစ်တာနဲ့ ငါက ဘာလို့ ဝမ်းမြောက်ရမှာလဲ။ ငါက နှာဘူးမှ မဟုတ်တာ" လုံချန်းက ပြန်လည် ဖြေကြားရင်း လက်ကို ထပ်မံလှုပ်ရှားရန် ကြိုးပမ်းလိုက်ပြန်သည်။ သို့သော် သူ့လက်က စကားနားမထောင်သဖြင့် နောက်တစ်ကြိမ် ထပ်မံကျရှုံးသွားခဲ့ရ၏။
"နင် တကယ်ပဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာ။ အခုလို အသက်ရှင်နေသေးတာကိုပဲ ကျေးဇူးတင်ရမယ်။ အဲဒီလောက် မြင့်တဲ့ နေရာက ပြုတ်ကျတာတောင် အရိုး နည်းနည်းပဲ ကျိုးသွားတာလေ။ ဒါက နင့်ရဲ့ ခန္ဓာကိုယ် ကျင့်စဉ်နဲ့ ခန္ဓာကိုယ် အစွမ်းကြောင့်လို့ပဲ ပြောရမယ်။ အကြောသေသွားပြီးတဲ့ နောက်မှာတောင် နင့်ရဲ့ခန္ဓာကိုယ်က အဆိုးဆုံး အခြေအနေကနေ လွတ်မြောက်ခဲ့တာပဲ" ရွှင်းက ခုတင်ဘေးတွင် ဝင်ထိုင်ရင်း လုံချန်းကို ပြောလိုက်သည်။
"ဒါဆို ငါပြုတ်ကျပြီးတဲ့နောက် မိန်းကလေးတစ်ယောက်က ငါ့ကိုကူညီပြီး ဒီကိုခေါ်လာပေးခဲ့တာပေါ့။ အခု သူ ဘယ်သွားလဲ" လုံချန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
"နေပါဦး။ ငါ့အဝတ်အစားတွေရော။ ဘယ်မှာလဲ။ ပြီးတော့ ပိုအရေးကြီးတာက အဲဒီမိန်းကလေးက ငါ့အဝတ်အစားတွေကို လဲပေးခဲ့တာလား။ သူ ငါ့ကို အဝတ်အစားမပါဘဲ မြင်သွားတာလား" လုံချန်းသည် မျက်လုံးများ ပြူးကျယ်လျက် မေးမြန်းလိုက်တော့သည်။
"နင် ထင်တဲ့အတိုင်းပဲ။ သူ အဲဒါတွေ အားလုံး လုပ်ပေးခဲ့တာ။ ဒါတင်မကသေးဘူး နင့်ကို အဝတ်အစားမပါဘဲ မြင်လိုက်ရတဲ့အချိန် သူ ဘယ်လို မျက်နှာဖြစ်သွားလဲဆိုတာ ငါ မှတ်မိနေသေးတယ် သိလား။ တစ်ခုခု ပြောပြရမလား။ နင့်ရဲ့ ဟာက ဒဏ်ရာကြောင့်လားတော့ မသိဘူး၊ ပုံမှန်ထက်တောင် ပိုပြီး သေးနေသလိုပဲ။ ဟားဟားဟား" ရွှင်းက လုံချန်း၏ ဒဏ်ရာကို ဆားသိပ်သည့်အလား ကျီစယ်ရင်း အလွန်သဘောကျနေခဲ့သည်။
"ဘာပဲဖြစ်ဖြစ်... ငါ အဲဒီအရာကို စိတ်ထဲ အထိခိုက်ခံမှာ မဟုတ်ဘူး" လုံချန်းက မျက်လုံးပင့်လျက် လွှတ်ခနဲ ပြောလိုက်၏။
"ငါ့ရဲ့ ဖီးနစ်သွေးဝတ်ရုံနဲ့ တခြား ရတနာတွေရော။ အဲဒီမိန်းကလေး ဘယ်မှာ သိမ်းထားလဲ။ ဒါမှမဟုတ် သူ အဲဒါတွေကို သွားရောင်းလိုက်ပြီလား" သူက မေးလိုက်သည်။
"သူ အရာ အားလုံးကို အပြင်ကို ယူသွားတာတော့ တွေ့လိုက်တယ်။ ဒါကြောင့် ငါလည်း သေချာမသိဘူး။ တကယ်ပဲ သွားရောင်းလိုက်တာလည်း ဖြစ်နိုင်တာပဲ။ သူတော်စင် အဆင့် ရှိတဲ့ ဖီးနစ်သွေးဝတ်ရုံကို ဆုံးရှုံးရမှာကတော့ နှမြောစရာကြီးပဲနော်" ရွှင်းက လုံချန်းကို ပြောလိုက်၏။
"အဲဒီမိန်းကလေး... ဘာပဲဖြစ်ဖြစ်လေ၊ သူ တစ်ယောက်ယောက်ကို သွားရောင်းလိုက်ရင်တောင် အကြောင်း မဟုတ်ပါဘူး။ ဝယ်တဲ့ လူဆီကနေ အင်အားသုံးပြီးတော့ပဲဖြစ်ဖြစ် ငါ ပြန်လုယူရမှာပဲ" လုံချန်းက မျက်လုံးများကို ပိတ်ရင်း ဆိုလိုက်သည်။
"လောလောဆယ်တော့ ငါ့ကိုယ်ငါ ပြန်ကုသဖို့ပဲ စဉ်းစားရမယ်။ တခြားလူတွေရဲ့ ကရုဏာအောက်မှာ မနေချင်ဘူး။ ငါ့အတွက် တစ်ခုခု လုပ်ပေးစမ်းပါ" သူက ဆိုလိုက်၏။
"ဘာလုပ်ပေးရမလဲ" ရွှင့်က မေးသည်။
"ငါ သက်စောင့်ဆေးလုံးကို အပြင်ထုတ်ဖို့ ကြိုးစားကြည့်မယ်။ နင် ငါ့လက်ကို ထိလို့ရနေတာပဲ။ ငါ့လက်ကို သုံးပြီး ငါ့ကို ဆေးလုံး တိုက်ပေးစမ်းပါ" လုံချန်းက ပြန်ဖြေသည်။ "တကယ်လို့ အလုပ်ဖြစ်ရင် ငါ့ဒဏ်ရာတွေ ပိုပြီး မြန်မြန်သက်သာလာလိမ့်မယ်"
"အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲဒါကို မေ့လိုက်စမ်းပါ" ရွှင်းက ခေါင်းခါရင်း ဆိုလိုက်၏။
"ဘာလို့လဲ" လုံချန်းက ဇဝေဇဝါ ဖြစ်လျက် မေးလိုက်သည်။
"နင် အမှောင်ယဇ်ပဏ္ဏာကို သုံးခဲ့တာ မကြာသေးဘူး။ နင့်ရဲ့ ခန္ဓာကိုယ်က ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုသဖို့ အမှောင်စွမ်းအင်တွေကို အကြိမ်ကြိမ် အသုံးချခဲ့ရတာ။ အဲဒီစွမ်းအင်တွေရဲ့ အကြွင်းအကျန်တွေက နင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေသေးတယ်။ နင့်ခန္ဓာကိုယ်က အဲဒါတွေကို အကုန်အစင် မောင်းထုတ်ဖို့ ရက်နည်းနည်းလောက် ကြာလိမ့်မယ်။ အဲဒီလို မဖြစ်မချင်းတော့ ဘယ်ကုသရေး ဆေးလုံးမှ နင့်အပေါ် အာနိသင်ရှိမှာ မဟုတ်ဘူး" သူက လုံချန်း၏ မျှော်လင့်ချက်ကို ဖြတ်တောက်လျက် ပြန်လည်ဖြေကြားလိုက်သည်။
သူမ၏ စကားများကို ကြားရသောအခါ လုံချန်းမှာ စိတ်ပျက်သွားခဲ့သော်လည်း ဇွတ်အတင်း ပြောသည်။ "အနည်းဆုံးတော့ ငါ့ကို တစ်ကြိမ်လောက် စမ်းကြည့်ခွင့်ပေးပါ။ အလုပ်ဖြစ်ရင် ဖြစ်မှာပေါ့"
"ကောင်းပြီလေ။ နင် စမ်းချင်တယ်ဆိုရင်လည်း စမ်းကြည့်ပေါ့။ ဒါပေမဲ့ မျှော်လင့်ချက် အများကြီးတော့ မထားနဲ့" ရွှင်းက သဘောတူလျက် လုံချန်းကို ပြောလိုက်သည်။
လုံချန်းသည် လက်ချောင်း တစ်ချောင်းအား လှုပ်ရှားရန် ကြိုးပမ်းရင်း လက်စွပ်ထံသို့သာ အာရုံအားလုံးကို ပို့ဆောင်လိုက်တော့သည်။
လက်စွပ်လေး လင်းလက်သွားသည်နှင့် သူ့လက်ညှိုးမှာ အနည်းငယ် လှုပ်ရှားသွားခဲ့၏။ ကုသရေး ဆေးလုံး တစ်လုံးမှာ လက်စွပ်အတွင်းမှ ထွက်ပေါ်လာပြီး လက်ဖဝါးပေါ်သို့ ကျရောက်သွားခဲ့သည်။
ရွှင်းသည် လုံချန်း၏ လက်ပေါ်သို့ မိမိလက်ကို တင်လိုက်ပြီး လက်အား ဖြည်းညှင်းစွာ မြှောက်ပေးလိုက်၏။
"အား... အား... နာတယ်၊ နာတယ်" ရွှင်းက သူ့လက်ကို လှုပ်ရှားလိုက်သဖြင့် လုံချန်းက အော်ဟစ်ညည်းတွားလိုက်မိသည်။
"ကလေးလို ဂျီမကျစမ်းနဲ့။ အောင့်ခံလိုက်စမ်းပါ။ နင် ဒီထက်မကတဲ့ နာကျင်မှုတွေကိုလည်း ကြုံတွေ့ဖူးတာပဲဥစ္စာ" ရွှင်းက ကလေးတစ်ယောက်လို ညည်းတွားနေသော လုံချန်းကို ကြည့်ကာ ပြစ်တင်မောင်းမဲလိုက်သည်။
သူမသည် လုံချန်း၏ လက်ချောင်း နှစ်ချောင်းကြားတွင် ဆေးလုံးကို ညှပ်မိစေရန် ကူညီပေးပြီးနောက် ဆေးလုံးအား ပါးစပ်အတွင်းသို့ ထည့်ပေးလိုက်၏။
လုံချန်းသည် ဆေးလုံးကို မျိုချလိုက်ပြီး ဆေးအာနိသင် ပြလာမည့်အချိန်အား စတင် စောင့်ဆိုင်းနေခဲ့သည်။
ဆေးလုံး အာနိသင်ရှိ၊ မရှိကို အားလုံးက စောင့်ကြည့်နေကြစဉ် မိနစ်နှစ်ဆယ်ကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ တဲအိမ်လေးအတွင်း တိတ်ဆိတ်မှုများ လွှမ်းမိုးသွားခဲ့သလို လုံချန်း၏ မျက်နှာတွင်လည်း စိတ်ပျက်ရိပ်များ ထင်ဟပ်လာခဲ့၏။
"အလုပ်မဖြစ်ဘူး" သူက သက်ပြင်းချရင်း ဆိုလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ထူးခြားမှုမျှ ရှိမလာခဲ့ချေ။ နာကျင်မှုမှာ ရှိနေဆဲဖြစ်ပြီး သူ့လက် သို့မဟုတ် ခန္ဓာကိုယ်ကိုလည်း လှုပ်ရှား၍ မရနိုင်သေးပေ။
"ငါ တကယ်မုန်းတာပဲ" လုံချန်းက ဆိုလိုက်သည်။
"ငါ ဘာပြောနိုင်မှာလဲ။ ကောင်းတဲ့ ဘက်ကပဲ တွေးကြည့်ပါဦး။ စိတ်ဓာတ်ကျမယ့် အစား အကောင်းမြင်စိတ် မွေးစမ်းပါ" ရွှင်းက လုံချန်းကို ပြောလိုက်၏။
"နင် အဲဒီလောက် သန်မာတဲ့ ရန်သူတွေကို ရင်ဆိုင်ခဲ့ရတာတောင် သေမင်းရဲ့ တံခါးဝကနေ အောင်နိုင်သူအဖြစ် ပြန်လာနိုင်ခဲ့တာပဲ။ ဒဏ်ရာ နည်းနည်း ရရုံတင်မကလို့လား။ နင် ဘယ်ကုသရေး ဆေးတွေကိုမှ သုံးစွဲလို့မရရင်တောင် နင့်ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း ပြန်လည် ကုသနိုင်စွမ်းကတော့ အရင်အတိုင်း အလုပ်လုပ်နေဦးမှာပဲ။ အချိန်တော့ ပိုကြာရင် ကြာလိမ့်မယ်။ ဒါပေမဲ့ နင် ပြန်ကောင်းလာမှာပါ" သူမက ဆိုလိုက်သည်။
"အဲဒါကိုပဲ ငါ စိုးရိမ်နေတာ။ ငါက သက်စောင့်ဆေးလုံးတွေနဲ့ အမြန် ပြန်ကောင်းလာပြီးတော့။ ကမ္ဘာတုထဲက တခြားလူတွေကို အပြင်ခေါ်ထုတ်မယ်လို့ တွေးထားတာ။ ငါ အခုလို အစိပ်စိပ်အမွှာမွှာ ပျက်စီးနေတာကို သူတို့ကို မမြင်စေချင်ဘူး။ အခုတော့ ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူးထင်တယ်။ သူတို့ကို အကာအကွယ်အဖြစ် အပြင်ခေါ်ထားတာကပဲ ပိုကောင်းလိမ့်မယ်" လုံချန်းက ဆိုလိုက်၏။
"သေချာလို့လား။ နင် အဲဒီဆွဲဆောင်မှုရှိတဲ့ မိန်းကလေးနဲ့ နှစ်ယောက်တည်း မနေချင်ဘူးပေါ့လေ" ရွှင်းက သရော်ပြုံးဖြင့် မေးလိုက်သည်။
"ငါ လှုပ်တောင် မလှုပ်နိုင်တဲ့ အခြေအနေမှာ အဲဒီလိုမိန်းကလေးနဲ့ ဘာလုပ်နိုင်မှာမလို့လဲ" လုံချန်းက ပြန်မေးလိုက်သည်။ "ဟမ်း... ဆိုလိုတာက ငါက ဖြူစင်တဲ့ ယောက်ျားတစ်ယောက်ပါ။ ငါ့မှာ ဘာမကောင်းတဲ့ အတွေးမှ မရှိပါဘူး"
"ဟားဟားဟား... ကောင်းပါပြီ။ အခု နင် လုပ်နိုင်တုန်းပဲမို့ နင့်ရဲ့ မိသားစုကို အပြင်ခေါ်လိုက်တော့လေ" ရွှင်းက ဆိုလိုက်သည်။
လုံချန်းသည် ထူးဆန်းသော သင်္ကေတတစ်ခု ပြုလုပ်ရန် လက်ချောင်းကို ထပ်မံလှုပ်ရှားလိုက်ပြန်သည်။
သူ ပြုလုပ်ပြီးသည်နှင့် တပြိုင်နက် ကမ္ဘာတု လက်စွပ်မှာ လင်းလက်လာခဲ့ပြီး လူတစ်စုမှာ ထိုထူးဆန်းသော လက်စွပ်အတွင်းမှ ထွက်ပေါ်လာခဲ့တော့သည်။
သူတို့နှစ်ဦးက မိမိ၏ မိသားစုထဲတွင် အသန်မာဆုံးဖြစ်သည်ဟု လုံချန်း ယုံကြည်ထားသဖြင့် မင်ယုနှင့် ကျိချင်းတို့ကိုသာ လုံချန်း အပြင်သို့ ခေါ်ထုတ်ခဲ့ခြင်း ဖြစ်၏။ ၎င်းမှာ လုံလောက်ပေသည်။
"လုံချန်း... နင် ဒဏ်ရာရထားတာပဲ။ ဘာဖြစ်ခဲ့တာလဲ"
လုံချန်း ဒဏ်ရာရကာ ပတ်တီးများ ပတ်ထားရသည်ကို မြင်လိုက်ရသဖြင့် ကျိချင်းမှာ စိုးရိမ်ပူပန်သွားခဲ့ပြီး အပြေးအလွှား သွားရောက်ကာ သူ့လက်အား ကိုင်ဆွဲလိုက်တော့သည်။
"အား... အား... နာတယ်။ ငါ့လက်ကို မလှုပ်နဲ့ဦး။ နာလို့" လုံချန်းက သူ့လက်ကို ရုတ်တရက် လှုပ်ရှားလိုက်သော ကျိချင်းအား သတိပေးလိုက်ရ၏။
"ဘာဖြစ်ခဲ့တာလဲ" ကျိချင်းက မေးမြန်းလိုက်သည်။
အခြားတစ်ဖက်တွင်မူ မင်ယုက သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ သက်စောင့်ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်ပြီး လုံချန်းအား ပါးစပ်ဖွင့်ရန် ပြောလိုက်သည်။
"ဆေးလုံးတွေက အလကားပဲ။ ငါ စမ်းကြည့်ပြီးပြီ" လုံချန်းက ဆေးလုံးစားရန် ငြင်းဆန်ရင်း ပြန်လည်ဖြေကြားလိုက်၏။
"ဘာဖြစ်ခဲ့တာလဲ ဟုတ်လား။ ထူးထူးခြားခြားတော့ မရှိပါဘူး။ ရန်သူဟောင်းတချို့ ငါ့ကို လာသတ်ဖို့ ကြိုးစားတာ။ ပြီးတော့ သူတို့လည်း အရင် လူတွေလိုပဲ အဆုံးသတ်သွားကြတာပေါ့" လုံချန်းက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။
"ပြီးတော့ အဲဒီဖြစ်စဉ်မှာ ငါ နည်းနည်း ဒဏ်ရာရသွားတာ။ သက်စောင့်ဆေးလုံးက ငါ့အတွက် အသုံးမဝင်ဘူး။ ဒီနေရာမှာ ငါ့ရဲ့ သဘာဝအတိုင်း ပြန်လည် ကုသနိုင်စွမ်းကပဲ ကူညီပေးဖို့ လိုလိမ့်မယ်။ နင်တို့နှစ်ယောက် ငါ့ကို ကာကွယ်ပေးနိုင်ဖို့အတွက် ငါ အပြင်ခေါ်လိုက်တာပါ" သူက ဆိုလိုက်၏။
လုံချန်း စကားပြော၍ ပြီးဆုံးသွားသည်နှင့် တပြိုင်နက် တဲအိမ်၏ အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး တံခါးပွင့်ဟသွားခဲ့တော့သည်။
မင်ယုနှင့် ကျိချင်းတို့သည် တံခါးဝဆီသို့ ဦးတည်လျက် သူတို့၏ ဓားများကို အလျင်အမြန်ပင် ဆွဲထုတ်ကာ ချိန်ရွယ်လိုက်ကြတော့သည်။